cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

စီးပွားဖြစ် ကြက်သွန်နီ စိုက်ပျိုးမှု

. စိုက်ပျိုးနည်းစနစ်များ
မြန်မာ တစ်နိုင်ငံလုံး၏ လစဉ် ကြက်သွန်နီ စားသုံးမှုမှာလည်း ကြက်သွန်နီ ပိဿာချိန် သိန်း ၅၀ ဝန်းကျင်ဖြစ်၍ တစ်နှစ်ပတ်လုံးအတွက်ဆိုလျှင် ပိဿာချိန် သိန်း ၆၀၀ ခန့် လိုအပ်နေမည် ဖြစ်ပါသည်။ ကြက်သွန်နီ စိုက်ပျိုးမှုများ၏ တစ်ဧက အထွက်နှုန်းမှာပိဿာချိန် ၂၀၀၀ မှ ၂၅၀၀-၃၀၀၀ ပိဿာ အကြားတွင် ရှိပါသည်။

  • မြန်မာ တစ်နိုင်ငံလုံး၏ လစဉ် ကြက်သွန်နီ စားသုံးမှုမှာလည်း ကြက်သွန်နီ ပိဿာချိန် သိန်း ၅၀ ဝန်းကျင်ဖြစ်၍ တစ်နှစ်ပတ်လုံးအတွက်ဆိုလျှင် ပိဿာချိန် သိန်း ၆၀၀ ခန့် လိုအပ်နေမည် ဖြစ်ပါသည်။ ကြက်သွန်နီ စိုက်ပျိုးမှုများ၏ တစ်ဧက အထွက်နှုန်းမှာပိဿာချိန် ၂၀၀၀ မှ ၂၅၀၀-၃၀၀၀ ပိဿာ အကြားတွင် ရှိပါသည်။

    တစ်နိုင်ငံလုံး ကြက်သွန်နီ စားသုံးမှု ဖူလုံစေရေးတို့အတွက်ဧက သိန်းနှင့်ချီ စိုက်ပျိုး ထုတ်လုပ်သွားရမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် ကြက်သွန်နီ တစ်ပိဿာလျှင် ၃၀၀၀ ကျပ် ဈေးနှုန်းအထိ ဈေးအမြင့်ဆုံး ဖြစ်ခဲ့ပါသည်။

    မြန်မာနိုင်ငံတွင် ကြက်သွန်နီကို မြေလတ်ဒေသများ ဖြစ်သည့် ပခုက္ကူ၊ ဆိတ်ဖြူ၊ ဆင်ဖြူကျွန်း၊ စလင်း၊ ရေနံချောင်း၊ကျောက်ပန်းတောင်း၊ တောင်တွင်းကြီး၊ မြင်းခြံ၊ တောင်သာ၊ မြစ်သား၊

    ကျောက်ဆည် ဒေသများတွင် စီးပွားဖြစ် စိုက်ပျိုးလျက် ရှိပါသည်။

    ကြက်သွန်နီကို စီးပွားဖြစ် စိုက်ပျိုးကြရာတွင် မျိုးကောင်း၊ မျိုးသန့်ဖြစ်သည့် ရွှေဖလား၊ ဘောင်စောက်၊ သပိတ်လုံး၊ မင်းတုန်းဥမွှာ စသည့်မျိုးများမှ ရွှေဖလားမျိုးကို အဓိကထား ရွေးချယ်စိုက်ပျိုးပါ။ ကြက်သွန်နီသည် မြေ အမျိုးအစားမရွေး စိုက်ပျိုးနိုင်သည် ဆိုသော်လည်း အလွန် ချဉ်သောမြေများကို မနှစ်သက်သဖြင့်အောက်မြန်မာနိုင်ငံတွင် ကြက်သွန်နီစိုက်ပျိုးမှု နည်းပါးပါသည်။

    မြေသြဇာ ကောင်းမွန် ထက်သန်သောနုန်းမြေများတွင် ပိုမိုဖြစ်ထွန်းပါသည်။ မြေ၏ ချဉ်ငန်ဓာတ်မှာ ၆ မှ ၇ အထိ ဖြစ်ပါသည်။လိုအပ်သော ချဉ်ငန်ဓာတ် ရရှိစေရန် ထုံးဓာတ်ထည့်ပေးရပါသည်။ ကြက်သွန်နီသည် ရာသီဥတု အပူ၊အအေး သင့်တင့်သောရာသီဥတုကို ကြိုက်နှစ်သက်ပါသည်။

    အပင်ကြီးထွားချိန်တွင်၂၀ ဒီဂရီစင်တီဂရိတ်မှ ၂၁ ဒီဂရီစင်တီဂရိတ်နှင့် ကြက်သွန်ဥ ဖြစ်ပေါ်ချိန်တွင် ၂၀ ဒီဂရီစင်တီ ဂရိတ်မှ ၂၇ ဒီဂရီစင်တီဂရိတ်၊ နေ့တာရှည်ရန်လည်း လိုအပ်ပါသည်။ သာမန်အားဖြင့် အပူချိန်အသင့်အတင့် ဖြစ်နေပြီး နေ့တာရှည်က ဥဖြစ်ပေါ်မှုကို အားပေးပါသည်။

    အပူချိန် မြင့်မားခြင်းသည် ပွင့်တံထွက်ခြင်းများကို စိုးမိုးပါသည်။ ၁၀ ဒီဂရီစင်တီ ဂရိတ်မှ ၁၆ ဒီဂရီ စင်တီဂရိတ်များတွင် နေ့တာတိုမှုကိုးနာရီမှ ၁၂ နာရီသာ ရရှိပါက ပန်းပွင်များကို များစေ၍ အစေ့တည်စေပါသည်။

    ကြက်သွန်နီ စိုက်ပျိုးရာတွင် တစ်ဧက ပျိုးထောင်ရန် ကြက်သွန်မျိုးစေ့ နှစ်ပြည်မှ လေးပြည်ခန့် လိုပါသည်။ ကြက်သွန်နီ တစ်ဧက စိုက်ပျိုးရန် ပျိုးခင်း သုည ဒသမ ၀၅ ဧကအရွယ် ရှိရပါမည်။ မျိုးစေ့များကို ညီညာစွာကြဲပက်၍လည်းကောင်း၊ အတန်းလိုက်လည်းကောင်း စိုက်ရပါမည်။

    ပျိုးခင်းအတွင်း ပေါင်းလိုက်ခြင်းလွယ်ကူစေရန် အတန်းလိုက် စိုက်သင့်ပါသည်။ ပျိုးဘောင်ပေါ်ရှိ မျိုးစေ့များကို နွားချေးမှုန့်ပါးပါးဖြူး၍ သဲကြမ်းများဖြင့် လုံအောင်ဖုံးအုပ်ပေးပါ။

    အောက်တိုဘာလမှ နိုဝင်ဘာလလယ် အထိ ပျိုးထောင်စိုက်ပျိုးနိုင်ပါသည်။ မျိုးစေ့များကို သစ်ခက်၊ ကောက်ရိုး၊ မြက်ခြောက်များဖြင့် ဖုံးအုပ်ပေးရပါမည်။ သုံးပေ_ ၁၈ ပေ တစ်ဘောင် မျိုးစေ့(တစ်)ဖူး လိုအပ်ပါသည်။ပျိုးသက် တစ်လသားတွင် ပျိုးဘောင်တစ်ဘောင် ယူရီးယား နို့ဆီဘူးနှစ်ဘူး မြေသြဇာကျွေးရပါမည်။

    ကြက်သွန်နီ သီးနှံသည် အပင်ကြီးထွားမှုနှေးသော သီးနှံဖြစ်ပါသည်။ ပေါင်းမြက်ကင်းစင်ရန် လိုအပ်ပါသည်။ ပေါင်းမြက်ရှိနေပါက စိုက်ခင်းပျက်စီးစေပါသည်။ စိုက်ခင်းများ ပေါင်းမြက်ကာကွယ်ရန်၊ ထယ်ထိုး၊ ထွန်မွေ၊ ကြမ်းတုံးရိုက်ပြီး မိမိတို့စိုက်လိုသည့် နည်းစနစ်များ အတိုင်းပြုပြင် စိုက်ပျိုးနိုင်ပါသည်။

    ကြက်သွန်နီ စိုက်စနစ်များမှာ မျိုးဥအသေးမှ စိုက်ပျိုးခြင်း၊ မျိုးစေ့ယူရန်အတွက် စိုက်ပျိုးခြင်းတို့ပင် ဖြစ်ပါသည်။ စိုက်ခင်း မြေပြင်စဉ်တစ်ဧကလျှင် နွားချေးလှည်း ငါးစီးမှ ရှစ်စီးအထိ ထည့်သွင်းပေးပါ။ ဓာတ်မြေသြဇာ တီစူပါ ၅၀ကီလိုဝင်နှစ်အိတ်၊ ယူရီးယား ၅၀ကီလိုဝင်နှစ်အိတ်၊ ပိုတက်ရှ် ၅၀ ကီလိုဝင် တစ်အိတ် လိုအပ်ပါသည်။

    ယူရီးယားမှလွဲ၍ ကျန်ဓာတ်မြေသြဇာများကို မြေပြင်ချိန်တွင်ထည့်ပေးပါ။ ယူရီးယားကို ပျိုးပင်များ ပြောင်းစိုက်ချိန်တွင် တစ်ဝက်၊ စိုက်ပြီးတစ်လအကြာတွင် တစ်ဝက်ထည့်ပေးပါ။စိုက်ခင်းမြေပြင်ပြီးပါက နှစ်ပေအကျယ် ထယ်ကြောင်းဖော်ပြီး ဘောင်ပြုလုပ်ရပါမည်။

    ထယ်ကြောင်းထဲတွင် ကျနေသော မြေစာများကို ဘောင်တင်ပေးရပါမည်။ ကန်သင်းအကန့် ဖော်ပါက ကိုးပေ_ခြောက်ပေအကန့်(သို့) ခြောက်ပေ_ခြောက်ပေ အကန့်များ ဖွဲ့ရပါသည်။ ရေသွင်းစိုက်စနစ်ဖြစ်သည့်အတွက် နှစ်ကျင်းကျော်ရေပေးမြောင်းတစ်မြောင်း၊ ဖော်ပေးပါ။

    ကြက်သွန်နီကို ပင်ကြား သုံးလက်မ၊ တန်းကြား လေးလက်မထား၍ တစ်ဧကအပင်ဦးရေ နှစ်သိန်းခွဲမှ သုံးသိန်းအထိ ရရှိအောင် စိုက်ပျိုးရပါသည်။ကြက်သွန်နီအပင် ပြုစုရာတွင် ပေါင်းမြက်ကင်းစင်နေစေရန် လိုအပ်ပါသည်။ မြေကြပ်နေပါက နွားချေးမြေဆွေး ထပ်မံထည့်ပေးပါ။

    ကြက်သွန်နီပန်းဖူးများကို အပတ်စဉ်ချိုးပေးပါ။ ကြက်သွန်ခင်းမှာ မစိုလွန်း၊ မခြောက်လွန်းသော အခြေအနေတွင် အမြဲရှိနေရန် လိုအပ်ပါသည်။ ရေသွင်းချိန်ရောက်၊ မရောက် ကြက်သွန်ပင်ကို ကြည့်၍သိနိုင်ပါသည်။ ကြက်သွန်ပင် ရေငတ်ပါကအရွက်များ ပြာမှိုင်းပြီး နွမ်းခွေလာသည်။

    ပုံမှန်အားဖြင့် ခုနစ်ရက်လျှင် တစ်ကြိမ် ရေပေးသွင်းရသည်။ အရွက်များ စတင်ကျနေချိန်မှ စတင်၍ ရေသွင်းခြင်းကို ရပ်ရမည်။မြေအစိုဓာတ်အပေါ် မူတည်၍ ရေသွင်းချိန်ငါးကြိမ်မှ ရှစ်ကြိမ်အထိ ရှိရပါမည်။

    ကြက်သွန်နီတွင် ရောဂါကျရောက်ပါက ပင်လုံးပြန့်အာနိသင်ရှိသော ပိုးသတ်ဆေးများကိုအညွှန်းအတိုင်း ဖျန်းပါ။ မှိုရောဂါများ ကျရောက်ပါက လာဘီလိုက် (သို့) ကိုဆိုက် စသည့် မှိုသက်ဆေးများကို အညွှန်းအတိုင်းသုံးစွဲပါ ကြက်သွန်နီ စိုက်ပျိုးမှု အဆင်ပြေပါက တစ်ဧက အထွက်နှုန်း ပိဿာချိန် ၂၀၀၀ ကျော်မှ ၃၀၀၀ ကျော်အထိ ရရှိနိုင်ပါသည်။

    ကြက်သွန်အရွက်များ ခြောက်လာလျှင် နုတ်သိမ်းနိုင်ပါသည်။ ဥများကို အရိပ်အောက် တစ်ပတ်ခန့်ထားပြီး နှစ်လက်မခန့်ချန်ပြီးဖြတ်ရပါမည်။ စားသုံးသူများအတွက် လိုအပ်လျှက်ရှိနေသော “ကြက်သွန်နီသီးနှံကို တိုးချဲ့စိုက်ပျိုးပေးကြပါ”ဟု တိုက်တွန်းအပ်ပါသည်။

    ရွှေမင်းအောင် (ကျောက်ပန်းတောင်း)

    မြန်မာတောင်သူကြီးများ ဂျာနယ်

    ----

    ဆောင်းပါးသစ်များအတွက် ထွက်တိုးကို Like, follow, share လုပ်ထားပါ။

    ကြက်သွန်နီ စိုက်ပျိုးနည်း၊ အခြား သီးနှံစိုက်ပျိုးနည်းများ အတွက်

    ထွက်တိုးကို Download လုပ်ပါ - https://l.htwettoe.com/v2


  • article
likes16comments2
views3300views4735