cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

စျေးကောင်းရ ပန်းများစိုက်ပျိုးနည်းများ

. စိုက်ပျိုးနည်းစနစ်များ
နှင်းဆီပန်းစိုက်ပျိုးနည်း

  • နှင်းပန်းဟာ မြန်မာများ ဘုရား ပန်းအဖြစ် အသုံးပြု ကြတဲ့ ပန်းတစ်မျိုးပါ။ စိုက်ပျိုးရ လွယ်ကူ သလို အကြမ်းခံတဲ့ အပင်လည်း ဖြစ်ပါတယ်။

    သို့သော် နိုင်ငံ တစ်နံ တစ်လျား အသုံးပြု နေတဲ့ ပန်းအဖြစ် မတွေ့ရဘဲ၊ မြန်မာနိုင်ငံ အထက်ပိုင်း ဒေသများ မှာသာ အသုံး များတာကိုတွေ့ရ ပါတယ်။

    နှင်းပန်းကို အင်္ဂလိပ်လို (Tuberose) လို့ခေါ်ပြီး၊ မျိုးစု အမည်မှာ (Polianthes) ဖြစ်ကာ မျိုးစိတ် အမည်မှာ (tuberosa) ဖြစ်ပါတယ်။ ဒါ့ကြောင့် သိပ္ပံ အမည်မှာ (Polianthes tuberose L.) ဖြစ် ပါတယ်။ မျိုးရင်းကတော့ (Polianthes tuberose L.) ဖြစ်ပါတယ်။

    နှင်းပန်းရဲ့ မူရင်း ဒေသဟာ မက္ကစီကို နိုင်ငံ ဖြစ်ပြီး ၁၆ ရာစုနှစ်များ အတွင်း ကမ္ဘာ့ နေရာအနှံ့ကို ပြန့်နှံ့သွားခဲ့ ပါတယ်။ မြန်မာနိုင်ငံကိုတော့ ၁၆ ရာစု နှစ်များ အတွင်း ရောက်ရှိလာ ခဲ့တယ်လို့ ယူဆရ ပါတယ်။

    အသုံးပြုမှု

    နှင်းပန်းကို ဘုရားပန်း တင်ခြင်း၊ ပန်းစည်း၊ ပန်းခိုင်များ ပြုလုပ်ခြင်း၊ ကုတ် အင်္ကျီတွင် ပန်းထိုးခြင်း စသည် တို့တွင် သုံးကြသည်။ စားပွဲတင်ပန်း အဖြစ်လည်း သုံးသည်။ နှင်းပန်းတွင် သင်းပျံ့သည့် ရနံ့ရှိသည့် အတွက် နှင်းပန်းဆီ ထုတ်လုပ်ကာ ရေမွှေး ဖော်စပ် ရာတွင် အသုံးပြု ကြပါသည်။ တခြားသော အလှကုန် များတွင်လည်း ထည့်သွင်း အသုံးပြုနိုင် ပါသည်။ ထို့ပြင် ချောကလက် အခြေခံ ထုတ်လုပ်သည့် အားဖြည့် ဖျော်ရည်များ၊ စိတ်ဓာတ် လှုံ့ဆော်သည့် ဆေးများတွင် ပန်းရနံ့ကို ထည့်သွင်း အသုံးပြုနိုင် ပါသည်။

    နှင်း ပန်းဥတွင် (Lycorine) ဓာတ်ပါဝင် သည့်အတွက် စားသုံး မိပါက အော့အန် တတ်သည်။ ကလေးများ၏ အသားပေါ်တွင် ပေါက်တတ်သည့် အနီဖုများ ပျောက် ကင်းစေရန် နှင်းပန်းဥကို ထောပတ်၊ နနွင်း တို့နှင့် လူးနယ်ကာ သုတ်လိမ်း ပေးနိုင်သည်။ အခြောက်ခံ ထားသည့် နှင်းပန်းဥကို အမှုန့်ပြုလုပ်၍ ဂနိုရောဂါ ပျောက်ကင်း စေရန် သုံးသည်။ ဂျာဗား ကျွန်းတွင် နှင်းပန်း ပွင့်များကို ဟင်းသီး ဟင်းရွက်ရည်များနှင့် အတူ စားသုံး ကြသည်။

    စိုက်ပျိုးထုတ်လုပ်မှု

    ကမ္ဘာ ပေါ်တွင် နှင်းပန်းကို ပြင်သစ် နိုင်ငံ၊ တောင်အာဖရိက နိုင်ငံ၊ အမေရိကန် ပြည်ထောင်စု၏ ကာရို မြောက်ကာရိုလိုင်း နားပြည်နယ်နှင့် အိန္ဒိယနိုင်ငံ အပါအဝင် အပူပိုင်းနှင့် အပူလျော့ပိုင်း နိုင်ငံများတွင် စီးပွားဖြစ် စိုက်ပျိုး ထုတ်လုပ်ကြောင်း တွေ့ရ ပါသည်။

    အိန္ဒိယနိုင်ငံ သည် နှင်းပန်းကို များစွာ အသုံးပြု ကြပြီး စီးပွား ဖြစ်လည်း စိုက်ပျိုး ကြပါသည်။ မြန်မာ နိုင်ငံတွင် နှင်းပန်းကို စိုက်ပျိုးကြသော် လည်း ကျယ်ပြန့်စွာအသုံး ပြုမှု မရှိသေးပါ။ စီးပွားဖြစ် စိုက်ပျိုး ထုတ်လုပ်ကာ နှင်းပန်းဆီ ထုတ်လုပ်၍ အလှကုန် လုပ်ငန်းသုံးကုန်ကြမ်း အဖြစ်ပါ ရောင်းချ နိုင်သည့် အတွက် အိန္ဒိယ နိုင်ငံတွင် စိုက်ပျိုး ပြုပြင် ရောင်းချ နေမှုများကို အခြေခံကာ နှင်းပန်း စိုက်ပျိုးမှုကို ဖော်ပြလိုက် ပါသည်။

    အပင်သွင်ပြင်လက္ခဏာများ

    နှင်းပန်းပင်သည် အသင့်အတင့် အကြမ်းခံ နိုင်သည့် နှစ်ရှည်ခံ ဥပင်မျိုး ဖြစ်သည်။ နှင်းပန်း ဥသည် ကြက်သွန်ဖြူဥ ကဲ့သို့သော် အကြေးရွက် များပါသည့် ဥ အမျိုးအစား ဖြစ်ကာ၊ ပင်စည်ကို အကြေးရွက် များဖြင့် ဖုံးအုပ် ထားသည်။ အမြစ်များ မှာမူ ခြားမြစ်များ ဖြစ်ကြကာ၊ မြေပေါ် ပိုင်းတွင် ရှိနေပြီး မြေထဲသို့ နက်နက် ထိုးဆင်းမှု မရှိကြပါ။ ပန်းပွင့် များသည် ကန်တော့ပုံ ပွင့်ဖတ်များ ပါပြီး၊ အမွှေးရနံ့ ရှိသည်။ ပန်းပွင့် အဖြူရောင်တွင် ဖယောင်းလွှာ ဖုံးအုပ်နေပြီး၊ ပန်းပွင့် အရှည်မှာ ၂၅ မီလီမီတာ ခန့်ရှိသည်။ အဖို ဝတ်မှုန်ခြောက်ခု ပါပြီး အစေ့အိမ်သုံးခု ပါသည်။ အစေ့လောင်း များစွာပါဝင် နပြီး၊ အသီးမှာ ကက်ပဆူး ဖြစ်သည်။ပန်းပွင့် များသည် အခိုင်လိုက်ပွင့် ကြပြီး ပန်းခိုင် တစ်ခိုင်လျှင် ပန်းပွင့် ၃၀ ခန့်ထိပါနိုင်သည်။

    ဖြစ်ထွန်းသည့်ရာသီဥတု

    နှင်းပန်းသည် ပူနွေး စွတ်စိုသည့် ရာသီကို ကြိုက်နှစ်သက်ကာ အပူချိန် ၁၆ ဒီဂရီ ဆဲလ်စီးယပ်မှ ၃၀ ဒီဂရီ ဆဲလ်စီးယပ် အတွင်း စိုက်ပျိုး ဖြစ်ထွန်း နိုင်သည်။ ပင်လယ်ပြင်မှ အမြင့် ၁,၂၀၀ မီတာမှ ၁,၅၀၀ မီတာ အမြင့်ထိ စိုက်ပျိုး နိုင်သည်။ နှင်းပန်း ပန်းခိုင် အထွက်အနည်း အများမှာ အစိုဓာတ်နှင့် ရေငွေ့ဓာတ်များပေါ် မူတည်နေ ပါသည်။ အပူချိန် ၄၀ ဒီဂရီဆဲလ် စီးယပ် ထက်မြင့်ပါက ပန်းခိုင် အရည်အသွေး ညံ့ကာ၊ ပန်းခိုင် မရှည်ဘဲ တိုနေ တတ်သည်။ ထို့အတူ အပူချိန် နိမ့်ကာ ဆီးနှင်းကျပါ ကလည်း အပင်နှင့် ပန်းပွင့် များကို ထိခိုက် ပျက်စီးစေ ပါသည်။ နှင်းပန်းသည် နေရောင် ကောင်းစွာ ရရှိမှုကို ကြိုက်နှစ်သက် ပါသည်။ ထို့ကြောင့် အရိပ် ကျသည့် နေရာ၊ အလင်းရောင် ကောင်းစွာ မရနိုင်သည့် နေရာ များတွင် စိုက်ပျိုး ပါက ပန်းခိုင် အထွက် သိသာစွာ လျော့နည်း ကျဆင်း ပါသည်။

    နှင်းပန်း ပင်သည် အလင်းရောင် အတိုအရှည် အပေါ် သိသာစွာတုန့်ပြန် မှုမရှိသော်လည်း နေ့တာရှည်မှုက အပင် ပိုင်းကြီးထွားမှု ပိုမို ကောင်းမွန်စေ သကဲ့သို့ ပန်းခိုင်စောထွက်စေကာ ပန်းခိုင်ပိုမိုရှည် လာစေပါသည်။ တစ်နေ့လင်းတာ ၁၆ နာရီ ရရှိပါက အပင်ကြီးထွား မှုနှင့် ပန်းပွင့်စေမှု ကို အားပေးစေပါသည်။

    မျိုးများ

    နှင်းပန်း တွင် မျိုးလေးမျိုး ခွဲခြား ထားသည်

    ၁။ တစ်ထပ်ပန်းမျိုး (Single) ပန်းပွင့်ဖတ် တစ်ထပ် သာရှိပြီး ရနံ့အထူး မွှေးသည့် မျိုး၊ ဤမျိုးကို နှင်းပန်း အဆီ ထုတ်လုပ် ရာတွင်အသုံး ပြုသည်။ အဆီ သုည ဒသမ ၀၈ ရာခိုင်နှုန်းမှ သုည ဒသမ ၁၁ ရာခိုင်နှုန်းထိ ပါဝင်သည်ဟု ပြောသည်။ ပန်းတစ် ပွင့်ခြင်း ခြွေ၍ ပန်းအလှ ဆင်ရာတွင်လည်း သုံးကြသည်။

    ၂။ နှစ်ထပ် ပန်းမျိုး (Semi-double)၊ ပွင့်ဖတ် နှစ်ထပ်မှ သုံးထပ်ထိ ရှိသည်။ နှင်းပန်းဆီ ထုတ်လုပ် ရန်နှင့် ဖြတ်ပန်း အဖြစ် သုံးသည်။

    ၃။ ပွင့်ဖတ် အထပ် များစွာ ရှိသည့် မျိုး (Double)၊ ဤ မျိုးတွင် ပွင့်ဖတ် သုံးခုထက် ပါဝင်သည်။ ဖြတ်ပန်းနှင့် ပန်းခိုင်၊ ပန်းကုံးများ ပြုလုပ်သည်။

    ၄။ အရွက်တွင် ရောင်စုံစင်းများ ပါသည့်မျိုး (Variegatedvariety)၊ ဤ မျိုး၏ အရွက် များတွင် အစိမ်းနှင့် အဝါရောင် ဒေါင်လိုက်အစင်းများ ပါသည်။

    ကြိုက်နှစ်သက်သည့် မြေအမျိုးအစား

    နှင်းပန်းသည် အနည်းငယ် ရေဝပ် နေမှုကိုပင် ခံနှိုင်ရည် မရှိသဖြင့် ရေမဝပ်သည့် ရေစီးစိမ့် မှုကောင်းသည့် မြေများတွင် စိုက်ပျိုးရပါမည်။ သို့သော် နှင်းပန်းပင်သည် သဲဆန်သော မြေမှသည် ရွှံ့မြေ အမျိုးအစား အထိ စိုက်ပျိုးနိုင် သကဲ့သို့၊ ဆားပေါက်မြေ၊ ဆားငံမြေများ မှာပင် စိုက်ပျိုး နိုင်ပါသည်။သို့သော် နှင်းပန်း စိုက်ပျိုးရန် အသင့်တော်ဆုံး မြေမျိုးမှာ မြေဆီ ဩဇာ ထက်သန်သည့် မြေအချဉ်အငံ ဓာတ် ၆ ဒသမ ၅ မှ ၇ ဒသမ ၅ အတွင်းရှိ လေဝင် လေထွက် ကောင်းမွန်သည့် သဲနုန်းမြေ အမျိုးအစား ဖြစ်ပါသည်။

    မြေပြုပြင်ခြင်း

    စိုက်ပျိုးမည့် မြေကို ကောင်းစွာ ထယ်ထိုးခြင်း၊ ထွန်မွှေခြင်းများ ပြုလုပ်ပေးကာ မြေသား အနက် ၄၅ စင်တီမီတာ ရသည်ထိ ပြုပြင်ပါ။

    ကောင်းစွာ ဆွေးနေသည့် မြေဆွေး၊ သစ်ဆွေး မြေဩဇာကို တစ်ဟက် တာလျှင် တန်ငါးနှုန်း ထည့်သွင်း နိုင်က အကောင်းဆုံး ဖြစ်သည်။

    စိုက်ပျိုးခြင်း

    နှင်းပန်းဥ များကို အတန်းလိုက် စိုက်ပျိုးသင့် ပါသည်။ အတန်း တစ်တန်းနှင့် တစ်တန်း ကြား ၃၀ စင်တီနှင့် အပင် တစ်ပင်နှင့် တစ်ပင်ကြား ၂၀ စင်တီ၊ သို့မဟုတ် အတန်းကြားနှင့် အပင်ကြား ၂၀ စင်တီမီတာ ပတ်လည် ထား၍ စိုက်ပျိုးသင့် ပါသည်။ နှင်း ပန်းဥ များကိုမြေအောက် အနက် လေးစင်တီ မီတာမှ ခြောက်စင်တီ မီတာခန့် ထား၍ မြှုပ် စိုက်ပါ။ တစ်ဧက လျှင် အပင် ၄၀,၀၀၀ မှ ၅၀,၀၀၀ ခန့်ဝင်ဆံ့ မည်ဖြစ် ပါသည်။

    မျိုးပွားခြင်း

    နှင်းပန်း ပင်ကို ဥမှ မျိုးပွား ပါသည်။ ဥအရွယ် ၁ ဒသမ ၅ စင်တီ မီတာမှ ၂ ဒသမ ၅ စင်တီ မီတာ အရွယ်ဥ များကို ရယူ စိုက်ပျိုး ကြသဖြင့် စိုက်ပျိုးမြေ တစ်ဟက်တာ အတွက် နှင်းပန်း မျိုးဥ ၁ ဒသမ ၂၅ သိန်းမှ ၁ ဒသမ ၅ သိန်း၊ နှင်းပန်းဥ အလေးချိန် ၈၀၀ ကီလိုဂရမ်မှ၉၀၀ ကီလို ဂရမ်ခန့် လိုအပ်သည်။

    နှင်းပန်းဥများ မစိုက်မီ ဆေးစီရင်ခြင်း

    နှင်းပန်း ဥများကို မစိုက်မီ ကောင်းစွာ သန့်စင်ပေးပြီး၊ ပြင်းအား သုည ဒသမ ၂ ရာခိုင်နှုန်း ပြင်းအားရှိ (Bavistin) ဆေးတွင် ၃၀ မိနစ်စိမ်ပါ။ ဥများကို လေးရာခိုင်နှုန်း ပြင်း အားရှိ (Thiourea) ဆေးရည်တွင် စိမ်ပေးခြင်း ဖြင့် ဥများ အနားယူ နေမှု (Resting period) ကိုပယ်ဖျက် ပေးနိုင် ပါသည်၊ မစိုက်ပျိုးမီ ဥများကို အပူချိန် ၁၀ ဒီဂရီစင်တီ ဂရိတ်တွင် ၃၀ ရက်ထား ပေးခြင်းဖြင့် အပင် ကြီးထွားမှု ပိုမိုကောင်းမွန် စေကာ၊ ပန်းခိုင် ကြီးထွားမှု ကောင်းမွန် စေပြီး ပန်းခိုင် အထွက်နှုန်းလည်း တိုးတက်စေနိုင် ပါသည်။ မစိုက်ပျိုးမီ ဥများကို(GA3, Thiourea, Etherel) တို့ဖြင့် စီမံပေး ထားခြင်းဖြင့် ပန်းခိုင်များ စောထွက် စေမှုကို အားပေးခြင်း၊ ပန်းခိုင်ရှည် အရေအတွက် ပိုမိုရရှိစေခြင်းနှင့် ပန်းပွင့်ငယ် အရေအတွက် အများဆုံး ရရှိစေနိုင် ပါသည်။

    စိုက်ပျိုးချိန်

    နှင်းပန်းဥ များကို မြေပြန့်တွင် မတ်လ နှင့် ဧပြီလ များတွင် လည်းကောင်း၊ တောင်ပေါ် ဒေသ များတွင် ဧပြီလနှင့် မေလများတွင်လည်းကောင်း စိုက်ပျိုး နိုင်သည်။

    စိုက်ပျိုးပြုစုခြင်းမြေဩဇာ

    နှင်းပန်းဥ များကို မြေတွင် မစိုက်မီ သဘာ၀ မြေဩဇာများ ဖြစ်သည့် သစ်ရွက်ဆွေး၊ နွားချေး၊ ကြက်ချေး ဆွေးများ စသည် တို့ကို ရနိုင်သမျှ စုဆောင်း၍ ထွန်ယက် ပြုပြင်ထားသည့် မြေတွင် တစ်မီတာ စတုရန်းလျှင် ၁၀ ီလိုဂရမ်နှုန်းဖြင့်လည်းကောင်း၊ တီစူပါနှင့် ပိုတက် ဓာတ်မြေဩဇာ များကို ၁၅ ဂရမ် နှုန်းကျစီ ဥမစိုက်မီ ၁၅ ရက်အလို ခန့်တွင် ထည့်သွင်းပေး ထားပါ။ နိုက်ဒရိုဂျင် ဓါတ် မြေဩဇာကိုမူ တစ်စတုရန်း မီတာလျှင် ၁၅ ဂရမ်နှုန်းဖြင့် သုံးကြိမ်ခွဲ ကျွေးပေးပါ။ သုံးပုံ တစ်ပုံကို မြေပြုပြင် စဉ်တွင် လည်းကောင်း၊ သုံးပုံ တစ်ပုံကို ဥများ စိုက်ပြီး ရက် ၆၀ အကြာတွင် လည်းကောင်း၊ ကျန်သုံးပုံ တစ်ပုံကို ပန်းစတင် ပွင့်ချိန် တွင်လည်းကောင်း ထည့်သွင်းကျွေးပေးပါ။

    ရေလောင်းခြင်း၊ ပေါင်းရှင်းခြင်း

    နှင်းပန်း ဥများ စိုက်ပျိုး ရာတွင် အပင်ပေါက် ကောင်းစေရန် အတွက် ဥများ မြေထဲသို့ မစိုက်ပျိုးမီ မြေတွင် အစိုဓာတ် ကောင်းစွာ ရရှိနေစေရန် ရေကောင်းစွာ လောင်းပေး ထားပါ။ ဥမှ အပင်ပေါက် လာသည်ထိ ရေထပ် မလောင်း ပါနှင့်၊ ဥမှ အပင် ပေါက်လာ ပြီးနောက်ပိုင်းမြေတွင် အစိုဓာတ် မပြတ် စေရန် ရေကို တစ်ပတ် တစ်ကြိမ်ကျ လောင်းပါ။ ရာသီအေး ပါက ၁၀ ရက် တစ်ကြိမ်သာ လောင်းပေးပါ။

    အပင် တန်းကြား လက်ပေါင်း လိုက်ခြင်းကို တစ်လ တစ်ကြိမ်ခန့် ဆောင်ရွက်ပါ။ ပေါင်းသတ်ဆေး သုံးမည်ဆို ပါက စိုက်ခင်း တစ်ဟက်တာအတွက် (Atrazine) ဆေးကို တစ်ကီလိုဂရမ်မှ ၁ ဒသမ ၅ ကီလိုဂရမ်ကို ရေ ၁၀၀၀ လီတာတွင် ဖျော်ပြီး နှင်းပန်းဥများ စိုက်ပျိုးပြီးနောက် မြေပေါ်ပက် ဖျန်းပေးပါ။

    ပန်းခူးခြင်း

    နှင်းပန်း ဥများ စိုက်ပျိုးပြီး နောက်ရက် ၈၀ မှ ရက် ၁၀၀ ကြာသော် ပန်းစတင်ပွင့် ပါသည်။ အများ အားဖြင့် ဂျူလိုင်လမှ စတင် ပန်းပွင့်ပါသည်။ နှင်းပန်း သည် နှစ်လုံး ပေါက်ပန်းပွင့်နိုင်သည့် အပင်မျိုး ဖြစ်ပါသည်။ ပန်းခိုင်မှ လက်ရင်း ပန်းပွင့်များ စတင်ပွင့် လာသော်ရိုးတံရင်းမှ ဓား၊ သို့မဟုတ် ကတ်ကြေးဖြင့် ဖြတ်ယူပါ။ ပန်း ခိုင်များကို နံနက်စောစော၊ သို့မဟုတ် ညနေ ခင်းပိုင်းတွင်သာ ခူးဆွတ်ပါ။ ပန်းခူးပြီး နောက် ကျန်ခဲ့သည့်ဥများ ကောင်းစွာကြီး ထွားဖွံ့ဖြိုး လာစေရန် အတွက် ပန်းခိုင် များကို ဖြတ်ယူရာတွင် အရင်းပိုင်း လေးစင်တီ မီတာမှ ခြောက်စင် တီမီတာ ခန့်ကို ချန်ဖြတ်ရန် အရေးကြီး ပါသည်။ ခူးဆွတ်ပြီး ပန်းခိုင်များ ကြာရှည်ခံနိုင် စေရန် အတွက် ဖြတ်ယူထားသည့် ပန်းခိုင် အရင်းပိုင်းကို ချက်ခြင်း ရေတွင် စိမ်ပေးထားပါ။ ပန်းပွင့် တစ်ပွင့်ခြင်း သုံးရန်အတွက်မူ နေ့စဉ်ပွင့်နေသည့် ပန်း များကို နံနက်စောစောတစ်ပွင့်ခြင်း ခူးဆွတ်ရပါသည်။

    ပန်းခိုင်အထွက်

    နှင်းပန်း အထွက်မှာ စိုက်ပျိုးသည့် မျိုးပေါ် မူတည်သည့် အပြင် စိုက်တန်းကြားနှင့် အပင်တန်းကြား အကွာအဝေးနှင့် စိုက်သည့် ဒေသ၏ ရာသီဥတု ပေါ်တွင် မူတည်နေ ပါသည်။ ပွင့်ဖတ် တစ်ထပ်သာ ပွင့်သည့် မျိုးသည် စိုက်ခင်း တစ်ဟက်တာမှ တစ်နှစ်လျှင် ပန်းခိုင်လေးသိန်းမှ ငါးသိန်းခန့် ရနိုင်သည်။ တစ်ပွင့်ချင်း ခူးဆွတ်ပါက တစ်ဟက်တာမှ တစ်နှစ် ၁၀ ဒသမ ၅ တန် ခန့် ထွက်နိုင်သည်။ နှင်းပန်း စိုက်ခင်း တစ်ဟက်တာမှ စိုက်ပျိုးပြီး သုံးနှစ်ကြာသော် နှင်းပန်းဥ ၂၀ တန်ခန့် ရရှိနိုင်ပါသည်။

    နှင်းပန်းဥတူးခြင်း

    ပန်းခိုင်ထွက်မှု မရှိတော့ဘဲ အပင်မှ အရွက်များ ဝါ၍ ခြောက်လာသော် နှင်းပန်း ဥများ ရင့်လာပြီဖြစ် ပါသည်။ အများအား ဖြင့် အေးမြသည့် ဆောင်းရာသီ၊ ဖေဖော် ဝါရီလနှင့် မတ်လ များတွင် ဖြစ်ပါသည်။ ထို အချိန်တွင် ရေဖြတ် ပေးကာ မြေကို ခြောက်သွေ့နေ စေရန် ထားပါ။ မြေပေါ်ပိုင်း ခြောက်လာသော် အရွက် များကို မြေကြီး အရင်းမှ ကပ်၍ ဖြတ်ပေး ပြီးနောက် ဥများကို တူးဖော် ယူပါ။ ဥများကိုမြေပေါ်သို့ ဆွဲယူပြီး နောက် ဥတွင် ပက်ပါ လာသည့် မြေများကို ပြောင်စင်အောင် ခါချပါ။ လက်ဖြင့် ဥအတွဲ ငယ်များ ရလာစေရန် ဥမြုံမှ ခွဲပေးပြီးနောက် ရာသီစိုက်နိုင်ရန် ပြုပြင်ထားပါ။ တူးဖော်ရရှိလာသည့် ဥများကို ဥအရွယ်အလိုက် အတန်းအစား ခွဲထားပါ။ ဥအချင်း၁ ဒသမ ၅ စင်တီမီတာ ထက်ကြီး ပါက အရွယ်ရောက် ဥအဖြစ် လည်းကောင်း၊ သူ့ထက် ငယ်သည့် ဥများကို အရွယ် မရင့် သေးသည့် ဥများ အဖြစ်လည်းကောင်း ခွဲခြားထားပါ။

    အတန်းအစား ခွဲထားသည့် ခြောက်နေသည့် ဥများကို တန်းများဖြင့် ဖြန့်၍ ဥများရင့်၍ ခြောက်လာ စေရန်နှင့် မပျက်စီး စေရန် သိုလှောင် ထားပါ။ ပို၍ လျင်မြန်စွာ ရင့်ခြောက် စေလိုသော် အပူချိန် ၂၇ ဒီဂရီ စင်တီ ဂရိတ်မှ ၃၅ ဒီဂရီ စင်တီ ဂရိတ် ပေးပါ။ ဥများကို သုံးရက် တစ်ခါ မှိုတက်၍ ပျက်စီး မသွား စေရန် မွှေပေးပါ၊ သို့မဟုတ် အထက် အောက်လှန် ပေးပါ။ ဥများ မပုပ်စေ ရန်အတွက် သုညဒသမ ၂ ရာခိုင်နှုန်း (Vabistan)၊ သို့မဟုတ်(Mancozeb) မှုန့်ဖြင့် လူးနယ် ထားပေးနိုင် ပါသည်။ ဥများကို အပူချိန် ၁၈ ဒီဂရီ စင်တီဂရိတ်တွင် ရက်သတ္တပတ် လေးပတ်မှ ခြောက်ပတ်၊ သို့မဟုတ် ၃၀ ဒီဂရီ စင်တီဂရိတ် တွင် ခြောက်ပတ် ထားပါက ဥများ ကောင်းစွာ ရင့်ကျက် လာစေကာ ဥထွက် ကောင်းစေပြီး ရောင်းတန်း ဝင်ဥများ ရစေ နိုင်သည်။ ဥများကို ၃၀ ဒီဂရီ စင်တီဂရိတ် တွင် အချိန်ကြာလှောင်ထား ပါက ပန်းခိုင် အထွက်ကောင်း စေနိုင် သော်လည်း၊ ပန်း ခိုင်အရည်အသွေးညံ့ကာ၊ ဥထွက် လျော့နည်းစေ ပါသည်

    နှင်းပန်း ဆီထုတ်ခြင်း

    နှင်းပန်းပွင့် များမှ နှင်းပန်း ဆီထုတ်ရန် ပွင့်အာမနေ သေးသည့် ပွင့်စပန်း ပွင့်များကို နွမ်းသွားစေရန် အတွက် လက်ဖြင့် ကောင်းစွာခြေနယ် ပေးပါ။ ထို့နောက် (Pet- roleum ether) တွင် ပျော်ဝင် စေသည့်နည်း ဖြင့် ထုတ်နိုင် ပါသည့် ပန်းပွင့် ၁၅၀ မှ လက်ဖြင့်ခြေနယ်ပြီးအဖတ်မှ အဆီ ၁၁ ရာခိုင်နှုန်း မှ ၁၅ ရာခိုင်နှုန်း ပါဝင်သည့် အရည် တစ်ကီလို ဂရမ်ခန့် ရပါသည်။ ( ) ဖြင့် ထုတ်သော် အဆီကြမ်း သုည ဒသမ ၀၈ ရာခိုင်နှုန်းမှ သုည ဒသမ ၁၄ ရာခိုင်နှုန်း ရကာ၊ ၎င်းမှ နှင်းပန်း အဆီသုံး ရာခိုင်နှုန်းမှ လေး ရာခိုင်နှုန်း ရနိုင်ပါသည်။

    နှင်းပန်း စိုက်ခင်း တစ်ဟက်တာမှ သုံးနှစ် အတွင်း ပန်းပွင့် သုံးတန် ခန့်ထွက်ကာ၊ အဆီကြမ်း ၂၇ ဒသမ ၅ ီလိုဂရမ်ရရှိနိုင်ပြီး အဆီ၅ ဒသမ ၅ ကီလို ဂရမ် ရနိုင် ပါသည်။ နှင်းပန်း တစ်ဟက်တာ စိုက်ခင်းမှ ပန်းပွင့် ၁၂ တန်ထိ ထွက်နိုင်သည်။

    နှင်းပန်း ပင်တွင် ကျရောက် တတ်သည့် ပိုးနှင့် ရောဂါများ

    ၁။ပိုးများ

    နှင်းပန်း ပင်တွင် အဓိက ကျရောက် သည့် ပိုးများမှာ သရစ်ပိုး (Thrips)၊ ပျပိုး (Aphids) နှင့် ဆန်ပိုး (Weevil) တို့ဖြစ် ပါသည်။ ပန်းဖူး ထိုးပိုး (Bud Borer) လည်းကျ ရောက်တတ် ပါသည်။ ကျရောက်သည့် ပိုးကို နှိမ်နင်းနိုင်သည့် သတ်မှတ် ပေးထားသော ပိုးသတ်ဆေးများကို အသုံးပြု နှိမ်နင်း နိုင်ပါသည်။

    ၂။နီမတုတ်

    နှင်းပန်း ပင်တွင် နီမတုတ်များ ကျရောက် ဖျက်ဆီး နိုင်ပြီး အပင် ပျက်စီးကာ ပန်းခိုင် အထွက်ကို အထူးထိခိုက် စေနိုင်ပါသည်။ နှင်းပန်းပင်တွင် မြစ်ဖုနီ မတုတ် (Root-knot nematode) နှင့် အသဲပုံနီ မတုတ် (Reniform nematode) တို့ ကျရောက် နိုင်ပြီး၊ ကာကွယ်ရန်အတွက် ဖျူရာဒန်ဆေး (Furadon) ကို တစ်ပင် နှစ်ဂရမ်နှုန်း ထည့်ပေးခြင်း၊ သို့မဟုတ် ကာဘိုဖျူရန် (Carbofuran) ကို တစ်ဟက်တာတွင် နှစ်ကီလို ဂရမ်မှ ငါးကီလို ဂရမ်နှုန်း၊ သို့မဟုတ် တမာဖတ်ကို တစ်ဟက်တာတွင် တစ်တန်ထည့် သွင်းပေး ခြင်းဖြင့် ကာကွယ်နိုင်ပါသည်။

    ၃။ ရောဂါများ

    နှင်းပန်း ပင်တွင် ပန်းအဖူး ပုပ်ရောဂါ (Flower budrot)၊ ရွက်ခြောက်ရောဂါ (Leaf blight) နှင့် အရွက်ပျောက် ရောဂါ (Alternaria Leaf spot များ ကျရောက် တတ်ပါသည်။ ကျရောက် တတ်သည့် ရောဂါ များကို မကျ ရောက်မီ သင့်တော်သည့် မှိုသတ် ဆေးများကိုအသုံးပြု ကြိုတင် ကာကွယ်နိုင် ပါသည်။

    Source - ဒေါက်တာ စိန်လှဗိုလ်


    (The farmar journal) 


  • article
  • မင်းသမီးသစ်ခွစိုက်ပျိုးခြင်း

    Oncidium ဟူသောအမည်မှာ ဂရိဘာသာစကားဖြစ်သော Onkos မှဆင်းသက်လာခြင်းဖြစ်ပြီး အစိုင်အခဲ(or)အောက်ခံပြားဟု အဓိပ္ပါယ်ရပါသည်။ ပန်းပွင့်ရှိ labellum ၏ကြွက်နို့သဏ္ဍာန် အသားနုကိုရည်ညွှန်းခေါ်ဝေါ်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင်မူ Dancing Lady ဟုလူသိများပါသည်။ ဂါဝန်ဖားဖားဝတ်ပြီး ကနေသော မိန်းကလေးနှင့်တူသဖြင့် Dancing Lady ဟု အမည်ပေးထားခြင်းဖြစ်၏။

    စိုက်ပျိုးခြင်း

    မင်းသမီး သစ်ခွကိုစိုက်ပျိုးရာသည့်အခါ မြေအိုးတွင် အုတ်ခဲကျိုး၊ မီးသွေးခဲ တို့ကိုထည့်၍ စိုက်ပျိုးနိုင်ပါသည်။ အချို့ သစ်သားအိုးတွင် ယင်းပွါးစာများထည့်၍လည်း စိုက်ပျိုးကြပါသည်။ သတိပြုရန်မှာ မင်းသမီး သစ်ခွများသည် အခြားသစ်ခွမျိုးများထက် အနည်းငယ်ပို၍ ခြောက်သွေ့သည်ကိုကြိုက်သဖြင့် ခြောက်သွေ့လွယ်သည့် ပွါးစာများကို သုံးသင့်ပါသည်။ တစ်ချို့သော မင်းသမီး များသည် ရေဝပ်ပါက ပုပ်သွားတတ်ပါသည်။ ပင်ပိုင်းကြီးထွားနေစဉ် ရေကိုများများလောင်းပေးသင့်ပြီး အစာကိုလည်းလုံလောက်စွာ ကျွေးသင့်ပါသည်။ တစ်ချို့ မင်းသမီး များမှာ ပင်စည်ယောင်ဥတက် Pseudobulb ကြီးထွားမှုပြီးဆုံးလျှင် ပန်းခိုင်လည်းမထွက် သားတက်လည်းမထွက်ပဲ နားတတ်ပါသည်။ အပင်နားချိန်မှာ တစ်ပါတ်မှ တစ်ချို့ ရသတ္တပါတ်များစွာ ကြာတတ်ပါသည်။

    အပူချိန်နှင့် စိုထိုင်းဆ

    မင်းသမီး သစ်ခွများအတွက် သင့်တော်သော အပူချိန်မှာ 60 ˚ မှ 80 ˚F တွင်ထားရှိသင့်ပြီး စပ်မျိုး မင်းသမီး များအတွက် 55 ˚F သည် သင့်တော်ပါသည်။ ရေလောင်းသည့်အခါ အပင်၊ အိုး အားလုံးစိုအောင်လောင်းပေးသင့်ပြီး ရေမဝပ်စေရန်ဂရုစိုက်ရပါမည်။ ကြီးထွားနေစဉ်ရေများများရရန်လိုပြီး ပင်စည်ယောင်ဥတက် Pseudobulb ပိန်ချုံ့သွားသည်အထိ ရေမငတ်စေရန် ဂရုစိုက်သင့်ပါသည်။ အပင်နားတတ်သည့် မျိုးများကို နားသည့်အချိန်တွင် ပင်စည်ယောင်ဥတက် Pseudobulb မခြောက်ရုံသာ လောင်းပေးရန်လိုပါသည်။ စပ်မျိုးပင်များ၏ အမြစ်သည် အမြဲရေစိုနေလျှင် ပုပ်တတ်သဖြင့် မိုးရာသီတွင် အရိပ်အောက်ထားသင့်ပါသည်။ မူရင်းမျိုးဖြစ်သည့် ရွှေဝါရောင် မျိုးများမှာ အကြမ်းခံသဖြင့် အပြင်ဘက်လေဟာပြင်တွင်လည်းစိုက်ထားနိုင်ပါသည်။

    အလင်းရောင်နှင့် လေဝင်လေထွက်

    မင်းသမီး သစ်ခွများအတွက် ၅၀% မျှအလင်းရောင်ရလျှင် လုံလောက်ပါသည်။ သို့မဟုတ် မနက်ပိုင်းနေရောင် အပြည့်ရပြီးနေ့လည်နှင့် ညနေပိုင်းများတွင် အရိပ်ရနေစေလျှင်လည်း သင့်တော်ပါသည်။ ရွှေဝါရောင် မျိုးများကို ယင်းထက်နေရောင်ပိုပေးသင့်ပါသည်။ လေဝင်လေထွက် ကောင်းစွာ ရရှိစေသင့်ပြီး အစိုဓါတ်ပါသည့် လေပြည်လေညှင်းတိုက်ခတ်ခြင်းဖြင့် ပွါးစာများ မြန်မြန်ခြောက်သွေ့ သဖြင့် အမြစ်များ ပို၍ ကျန်းမာသန်စွမ်းပါသည်။

    မြေသြဇာ

    မင်းသမီး သစ်ခွများအတွက် ၂၁-ပတ်လည်ကဲ့သို့ မြေသြဇာများကို ပြင်းအားပျော့ပျော့ဖြင့် တစ်ရက်ခြားလောင်းပေး၍ဖြစ်စေ၊ ၁၄-ပတ်လည်ကဲ့သို့ မြေသြဇာများကို အိုးတွင်းတစ်လတစ်ကြိမ်ထည့်ပေး၍ ဖြစ်စေ ကျွေးပေးနိုင်ပါသည်။ EM အမိုင်နိုအရည် ဘာပလက် ရှောက်သီးဆေးပြားလိုထိုင်းမှလာသော မြေဆွေးအတောင့်လေးတွေလည်းထည့်ပေးနိုင်ပါတယ်

    အိုးပြောင်းခြင်း

    မင်းသမီး သစ်ခွများကို အပင်သစ်ကြီးထွားနေချိန် အမြစ်သစ်မထွက်မီ အိုးပြောင်းသင့်ပါသည်။ အနားယူနေသည့် အပင်များနှင့် ပန်းပွင့်နေဆဲအပင်များကို အိုးမပြောင်းသင့်ပါ။ ယင်းအချိန်တွင် အိုးပြောင်းပါက အပင်အတည်တကျဖြစ်ရန် ခဲယဉ်းပါသည်။ မင်းသမီး သစ်ခွများကို နှစ်နှစ် တစ်ကြိမ်ခန့် အိုးပြောင်းပေးသင့်ပါသည်။ သစ်ပင် သစ်သားတုံးတို့တွင် ကပ်၍စိုက်ပျိုးပါက အိုးပြောင်းရန်၊ သားခွဲရန်မလိုသော်လည်း အိုးတွင်စိုက်သည့် အပင်ထက် ရေကို ပို၍လောင်းပေးရန်လိုပါသည်။

    မှို ရောဂါများဖြစ်ပြီး ဥတွေ အရွက်တွေ ညိုမဲတတ်ပါတယ် ထို့အတွက် မကောင်းတဲ့အရွက်တွေကို့ဖြတ်ပြီး မန်ကိုဇက် သို့ ကာဘန်ဒါဇင်မှိုဆေးတွေကိုကျွေးပေးနိုင်ပါတယ်

    ပိုးအနေနဲ့ကတော့ အလင်းသိပ်မရလျှင် ပြားကပ်ကပ်နဲ့ ချပ်ပိုး ခေါ် ကြေးပိုးများကျရောက်နိုင်ပါသည် ထို့အတွက် ပန်းပင်အားနဲတတ်ပါသည် ထို့အတွက် လက်ဖြင့်ခွာပေးတာ သို့မဟုတ် အစီဖိတ် သို့မဟုတ် ကာတက်ဟိုက်ဒရိုကလိုရိုက်ဖျန်းပေးပါ


  • article
likes8comments0
views229views3360