စက်တင်ဘာလ ၁ မှ ၈ ရက်နေ့ထိ ဈေးကွက်သုံးသပ်ချက်
-စပါးစျေး အမြင့်စျေးတန်း မှာပဲ ရှိနေ
-မတ်ပဲစျေး အရင်တစ်ပတ်နဲ့ယှဉ်ပါကတစ်တန်ကို ၁၀၀၀၀ လောက် ဈေးမြင့်တက်လာ
-ပဲစဉ်းငုံနီစျေးထပ်မံမြင့်တက်လာ
-ကြက်သွန်ဖြူ၊ နီ စျေး ပြန်ကျဆင်းလာ
ဆန်စျေးကွက်
ပြည်တွင်းဆန်စျေးကတော့ အရင်လကတည်းက ဆက်တိုက်မြင့်တက်လာခဲ့ပြီး လက်ရှိအထိ ပြန်လည် ကျဆင်းတာမရှိသေးဘဲ အမြင့်စျေးတန်းမှာပဲဆက်ရှိနေပါတယ်။ရန်ကုန်ဝါး တန်း ကုန် စည် ဒိုင်ကတော့ ဆန်စျေးမြင့်တက်မှုကိုထိန်းဖို့ဆိုပြီး ဆန်စျေးတွေကို လျှော့ချပြီးရောင်းချပေးနေပါတယ်။
ကျားပျံရှယ်၊ ဖျာပုံပေါ်ဆန်းမွေး နှင့် ဒေးဒရဲပေါ်ဆန်းမွှေး ၊မြောင်းမြ/ပုသိမ် ပေါ်ဆန်းမွှေး၊ပေါ်ဆန်း နယ်စုံ၊ပေါ်ဆန်းသစ်ရှယ် ဆန်အမျိုးအစားတွေကို ၁ သိန်းကျပ်စျေးပေါက်ပြီး ရွှေဘိုပေါ်ဆန်း က ၁၂၅၀၀၀ ကျပ်နဲ့ရောင်းချပေးနေပါတယ်။
ပြင်ပ ဆန်စျေးကွက်မှာတော့ ရွှေဘိုပေါ်ဆန်းက ၁၇၀၀၀၀ ကျော်စျေးတန်းရှိပြီး ကျားပျံရှယ်၊ ဖျာပုံပေါ်ဆန်းမွေး နှင့် ဒေးဒရဲပေါ်ဆန်းမွှေး ၊မြောင်းမြ/ပုသိမ် ပေါ်ဆန်းမွှေး၊ပေါ်ဆန်းနယ်စုံ ဆန်အမျိုးအစားတွေက ၁၁၀၀၀၀ အထက်စျေးတန်းအမြင့်မှာပဲဆက်ရှိနေပါတယ်။
ကုန်ကြမ်းဖြစ်တဲ့ စပါးကစျေးမကျသလို ၊ စပါးစိုက်ခင်း အတွက် ကုန်ကျရတဲ့ သွင်းအားစု၊ အလုပ်သမားငှားရမ်းခ၊စက်ထွန်ယက်ခအပါ စတဲ့ကုန်ကျစရိတ်တွေ ကြီးမြင့်နေလို့ စပါးစျေးမကျသလို ဆန်စျေးကလည်း ကျဖို့အလားအလားမရှိဘူးလို့ ကုန်သည်တွေကသုံးသပ်ကြပါတယ်။
စပါးစျေးကွက်
ဧရာဝတီတိုင်း နဲ့ ပဲခူးတိုင်းက နေရာအချို့မှာ မိုးစပါးအသစ်တွေ စတင်ရိတ်သိမ်းနေပြီဖြစ်ပေမယ့် အရင်နှစ်မိုး စပါးအဟောင်းစျေးနဲ့ မိုးစပါးအသစ်စျေး က ကျသွားတာမျိုးမရှိပဲ အမြင့်စျေးတန်း မှာပဲ ရှိနေတယ်လို့ စပါးဝယ်ရောင်းလုပ်ကိုင်တဲ့ကုန်သည်တွေဆီကသိရပါတယ်။
အခုစတင်ရိတ်သိမ်းနေတဲ့ မိုး စပါးအသစ်က ပေါင် ၅၀ တင်း ၁၀၀ ကို ၁၇ သိန်း ဝန်းကျင်ရှိပြီး အရင်နှစ် မိုးစပါး အဟောင်းလက်ကျန်တွေကတော့ စပါးတင်း၁၀၀ ကို ၂၁ သိန်း ကနေစပြီး ရွှေဘိုပေါ်ဆန်း အဟောင်း က သိန်း၄၀ ဝန်းကျင်အထိ ရှိတယ်လို့သိရပါတယ်။
မတ်ပဲ
ရန်ကုန်ဈေးကွက်မှာ မတ်ပဲ (FAQ/RC) က တစ်တန်ကို ၂၅၀၅၀၀၀ ပေါက်ဈေးရှိနေပြီး အရင်တစ်ပတ်နဲ့ ယှဉ်ပါက တစ်တန်ကို ၁၀၀၀၀ လောက် ဈေးမြင့်တက်လာကာ မတ်ပဲ (RAW) ကလည်း တစ်ပိဿာကို ၄၁၃၀ မှ ၄၁၇၅ ပေါက်ဈေးရှိပြီး အရင်တစ်ပတ်ကထက် တစ်ပိဿာကို ၁၂၅ ကျပ်ဈေးမြင့်တက်လာတာတွေ့ရပါတယ်။
နယ်တွေမှာလည်း မတ်ပဲ ပိဿာ ၂၀ တစ်တင်းကို ၈၁၅၀၀ ကျပ်အထိ မြင့်တက်လာလို့ အရင်ပတ်နဲ့ ယှဥ်ရင် ၁၀၀၀ ဝန်းကျင်ပြန်လည် မြင့်တက်လာပါတယ်။
မန္တလေးဈေးကွက်မှာတော့ မတ်ပဲ ပိဿာ ၆၀ တစ်အိတ်ကို ၂၄၅၀၀၀ ပေါက်စျေးရှိပြီး စျေးငြိမ်နေပါ တယ်။
မတ်ပဲကို အိန္ဒိယက ပြန်ပြီးအဝယ်လိုက်လာတာကြောင့် စျေးနူန်းပြန်လည်မြင့်တက်လာတာဖြစ်ပြီး လက်ကျန်မတ်ပဲကတော့နည်းနေပြီလို့သိရပါတယ်။
ပဲစဥ်းငုံနီ
ပဲစင်းငုံနီကတော့ ခုတစ်ပတ်မှာလည်း စျေးထပ်မံမြင့် တက်လာတယ်လို့ ကုန်စည်ဒိုင် တွေဆီကသိ ရပါတယ်။
ရန်ကုန်ဈေးကွက်မှာ ပဲစဥ်းငုံနီ တစ်တန်ကို ငွေကျပ် သိန်း ၄၁၅၀၀၀၀ ကျပ်အထိ စျေးမြင့်တက်လာပြီး အရင်တစ်ပတ်ကထက် ၂ သိန်း ၄၀၀၀၀ ကျပ် မြင့်တက်လာပါတယ်။
မန္တလေးစျေးကွက်မှာလည်း ပဲစဥ်းငုံနီ စျေးက တစ်အိတ်ကို ၃၈၅၀၀၀ ကျပ်ပေါက်စျေး ရှိပြီး အရင်တစ် ပတ်ကထက် ၂၅၀၀၀ ကျပ် စျေးတက်လာ တာတွေ့ရပါတယ်။
အိန္ဒိယနိုင်ငံမှာ မိုးကြောင့် ပဲစင်းငုံနီအထွက်ရှိနှုန်းလျော့ကျတာတဲ့အတွက် မြန်မာနိုင်ငံက ပဲစဥ်းငုံကို အဝယ်လိုက်လာလို့ ပြည်တွင်း ပဲစင်းငုံနီဈေးက ဆက်တိုက်မြင့်တက်လာခဲ့တာ ဖြစ်တယ်လို့စျေးကွက် အရသိရပါတယ်။
ကြက်သွန်နီ
ခုတစ်ပတ်မှာတော့ ကြက်သွန်နီကလည်း စျေးပြန်ကျ လာတယ်လို့ ကုန်စည်ဒိုင်တွေဆီ က သိရပါတယ်။
စျေးကွက်ကို ဝင်ရောက်လာတဲ့ ကြက်သွန်အရည်အသွေးပေါ်လိုက်ပြီး အရောင်းအဝယ်ဖြစ်နေကာ ပစ္စည်းညံ့တဲ့ကြက်သွန်တွေက အရောင်းအဝယ်အေးပြီး ဝယ်သူမရှိတဲ့အခြေအနေဖြစ်တယ်လို့ သိရပါတယ်။
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာဆိုရင် ခုတစ်ပတ်မှာ ကြက်သွန် တစ်ပိဿာကို ၃၂၅၀ ကျပ်အထိ စျေးပြန်ကျလာပါတယ်။
ပခုက္ကူစျေးကွက်မှာတော့ ၃၁၀၀ အထိစျေးတန်းရှိနေပါတယ်။ လက်လီစျေးကွက်မှာတော့ ၄၀၀၀ ကျော်အထိရောင်းချနေဆဲဖြစ်ပါတယ်။
ဘုရင်နောင်စျေးကွက်ကို တစ်ပတ်အတွင်းမှာ ကြက်သွန်နီကားအစီးရေ ၁၀၅ စီး ၊ကုန်ချိန် ၆၃၀၀၀၀ ဝင်ရောက်ခဲ့ပါတယ်။
ကြက်သွန်ဖြူ
ကြက်သွန်ဖြူဈေးကလည်း ပြန်ကျဆင်းသွားပါတယ်။ဈေးကွက်ထဲ အဝင်ပုံမှန်ရှိနေပေမယ့် စံချိန်တင်ဈေးမြင့်မှုကြောင့် ဝယ်ယူမှု နည်းသွားပြီး ဈေးတွေ ပြန်ကျဆင်းလာတာ ဖြစ်တယ်လို့ ကုန်စည်ဒိုင်တွေကနေ သိရပါတယ်။
ကြက်သွန်ဖြူ(ကြူကုတ်)က တစ်ပိဿာကို ၇၈၀၀ မှ ၇၉၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
ကြက်သွန်ဖြူ(ရှမ်း)ကတော့ တစ်ပိဿာကို ၇၅၀၀ မှ ၉၀၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
Exclusive Content For Htwet Toe - ထြက္တိုး
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - http://download.htwettoe.com/


