cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မာလကာပင်စိုက်ပျိုးနည်း

. စိုက်ပျိုးနည်းစနစ်များ
ဖြူဖြူဖွေးဖွေး မာလကာသီးတွေ ကိုယ်တိုင်စိုက်စားကြရအောင်

  • မြန်မာအမည် - မာလကာ

    အင်္ဂလိပ်အမည် -Guava

    ရုက္ခဗေဒအမည် -Psidium guajava

    မျိုးရင်းအမည် -Myrtaceae

    မူရင်းဒေသ

    အမေရိကတိုက်အပူပိုင်းတိုင်းပြည်များဖြစ်သောမက္ကစီကိုနှင့်ပီရူးပတ်ဝန်းကျင်တိုင်းပြည်များဖြစ်သည်။

    မာလကာမျိုးများ

    မာလကာတွင်အကြမ်းအားဖြင့်

    ၁။အူနီသီးမျိုးနှင့်

    ၂။အူဖြူသီးမျိုးဟူ၍ရှိသည်။

    အူနီသီးမျိုးသည်အသီး၏အတွင်းသားသည်ပန်းရောင်မှအနီရောင်ရှိ၍စားသုံးရာတွင်ပျော့ပျောင်းသည်။

    အူဖြူမျိုးအသီး၏ အတွင်းသားသည် အဖြူရောင်ရှိပြီး မာကျစ်သည်။ အူနီမျိုးထက် အစေ့လည်း ပိုများသည်။အသီးပုံသဏ္ဌာန်သည်အလုံးပုံဖြစ်သည်။

    ရေမြေရာသီဥတု

    မာလကာသည်အပူပိုင်းသီးနှံဖြစ်သည်။အပူသမပိုင်းဒေသများ၌လည်းဖြစ်ထွန်းသည်။ သို့ရာတွင် ဆောင်းရာသီ သီးသန့်ရှိသောဒေသများတွင်အသီး အရသာနှင့် အရေအတွက်ပါ ပိုကောင်းသည်ဟု အဆိုရှိသည်။ မာလကာအပင်ကြီးသည်အပူဒဏ်နှင့်ရေငန်ဒဏ်ကို ခံနိုင်ရည်ရှိသောအပင်မျိုးဖြစ်သည်။

    နှင်းမှုန်ကျပြီးအနည်းငယ်အေးသောဒဏ်ကိုခံနိုင်ရည်ရှိသော်လည်း ၂၀ဒီဂရီဖာရင်ဟိုက်အထိအေးပါကအပင်အပေါ်ပိုင်းများ သေသွားနိုင်သည်။

    မြေအမျိုးအစားမရွေးဖြစ်ထွန်းနိုင်သည်ကိုတွေ့ရသည်။ရေဝပ်ခြင်းကိုမူမနှစ်သက်ပါ။

    မြေချဉ်ငန်သည် pH ၄.၅ မှ ၈.၂ အတွင်း စိုက်ပျိုးနိုင်ပါသည်။ ထို့ကြောင့် မာလကာပင်သည် အလွန်စိုက်ပျိုးရလွယ်ကူသောသီးပင်မျိုးဖြစ်ပါသည်။

    စိုက်ပျိုးနည်း

    များသောအားဖြင့်အစေ့မှစိုက်ကြသည်။ရင်ချင်းအပ်ကိုင်းဆက်နည်းဖြင့်ကိုင်းဆက်၍လည်းကောင်း၊ မြေထုပ်စည်းခြင်းဖြင့်လည်းကောင်း၊အကိုင်းကိုဖြတ်၍ပျိုးအိုးတွင်အမြစ်ပေါက်ခြင်းဖြင့်လည်းကောင်းပျိုးပင်ကိုရယူ၍စိုက်ပျိုးနိုင်သည်။

    အစေ့ပျိုးပင်(သို့မဟုတ်)မြေထုပ်စည်းပျိုးပင်ကိုတစ်နှစ်သားအရွယ်ရောက်လျှင်မြေချစိုက်ပျိုးနိုင်သည်။

    စိုက်ရာတွင်တစ်ပင်နှင့်တစ်ပင် ၁၅ ပေအကွာအဝေးထား၍ ကျင်းအလယ် တည့်တည့်တွင် မတ်မတ်ချ စိုက်ရသည်။

    ပျိုးပင်၏အနက်သည်ပျိုးအိုး(သို့မဟုတ်)ပလတ်စတစ်အိတ်တွင်ရှိစဉ်ကအပင်၏ခါး(Collar)အနက်အတိုင်းစိုက်သင့်သည်။စိုက်ပြီးအပင်ခြေကိုသေချာစွာဖိပေးပြီးအညွန့်သစ်များလိုက်လာသည်အထိမိုးမရွာလျှင်နေ့စဉ်ရေလောင်းပေးရပါမည်။မာလကာပင်သည်ရေငတ်ခံနိုင်သောအပင်ဖြစ်သည်။

    သဲဆန်သောတောင်ကုန်းများ၌နွေရာသီမှာပင်ကောင်းစွာရှင်သန်နိုင်ကြသည်။ သို့ရာတွင်ရေကိုမကြာမကြာလောင်းပေး၊သွင်းပေးပါကအသီးပိုသီးပြီးတစ်နှစ်ပတ်လုံးသီးနိုင်သည်။

    မြေသြဇာကျွေးနည်း

    မာလကာပင်တစ်ပင်လျှင်နိုက်ထရိုဂျင်၊ဖော့စ်ဖရပ်၊ပိုတက်စီယမ်ဆတူရောထားသောဓာတ်စုံ မြေသြဇာများကို တစ်နှစ်လျှင်သုံးပေါင်မှ ဆယ်ပေါင်အထိကျွေးသင့်သည်။ ထိုသို့ ဓာတ်မြေသြဇာ ကျွေးတိုင်း နွားချေးမြေသြဇာကိုတစ်ပင်လျှင်နှစ်တောင်းမှငါးတောင်းအထိကျွေးသင့်သည်။

    ထိုမြေသြဇာများကျွေးရမည့်အချိန်များမှာအပွင့်ပွင့်စတွင်တစ်ကြိမ်၊မိုးဦးတွင်တစ်ကြိမ်၊မိုးနှောင်းတွင်တစ်ကြိမ်စုစုပေါင်းသုံးကြိမ်ခွဲ၍ကျွေးသင့်သည်။

    အပင်ပြုစုနည်း

    မာလကာပင်စိုက်ခင်းတွင်မြေဆွပေးခြင်း၊ပေါင်းသင်ပေးခြင်း၊ရေသွန်းလောင်းပေးခြင်းများပြုလုပ်ရပါမည်။အကိုင်းဖြတ်ပေးရာတွင်အပင်အမြင့်လေးပေခန့်အထိမတ်မတ်ထောင်တက်ရန်အတွက် အပင်ခြေရင်းမှ ကိုင်းတက်များနှင့်ဘေးတက်များကိုဖြတ်တောက်ပေးရပါသည်။သို့မှသာ မာလကာပင် အသီး ဝေဆာပြီးပိုမိုအသီးသီးနိုင်ပါသည်။ပိုးစေးနှဲ၊သီးထိုးယင်၊ပျတို့ကျရောက်ပါကပိုးသတ်ဆေးများပက်ဖျန်း၍ကာကွယ်နှိမ်နင်းနိုင်ပါသည်။ မာလကာပင်ညှိုးရောဂါကျရောက်ပါက မာလကာပင် ငယ်များသည်ညှိုးနွမ်းသေဆုံးတတ်ပါသည်။ ငှက်မျက်စိကွက်ပြောက်ရောဂါ၊ ကြပ်ခိုးစွဲရောဂါများကျရောက်ပါက၅:၅:၅၀ဘော်ဒိုဆေးရည်(Bordeaux)ဖျန်း၍ကာကွယ်နှိမ်နင်းနိုင်ပါသည်။

    ဆွတ်ခူးခြင်းနှင့်အထွက်နှုန်း

    မာလကာပင်သည်အစေ့မှစိုက်လျှင်လေးငါးနှစ်ကြာမှအသီးသီးသည်။မြေထုပ်စည်းမျိုးပွားပင်ဆိုလျှင်နှစ်နှစ်အတွင်းသီးသည်။မြေသြဇာအပြည့်အဝကျွေး၍ရေသွင်းရေလောင်းပေးသောအပင်များကတစ်နှစ်ပတ်လုံးအသီးသီးနိုင်သည်။မာလကာပင်တစ်ပင်သည်တစ်နှစ်လျှင်အသီးအများဆုံး၁၀၀၀ ခန့်အထိ သီးနိုင်သည်။ ပျမ်းမျှတစ်ပင်လျှင်တစ်နှစ်အသီး ၂၀၀ မှ ၃၀၀ သီးသည်။ မာလကာပင်သည်အသက် ၁၀နှစ် မှ ၁၅နှစ်အတွင်းသာ အသီးထွက်ကောင်းသည်။ ထို့ကြောင့် ထိုပင်သက်သို့ ရောက်လျှင် ပင်ပျိုများဖြင့် လဲလှယ်စိုက်သင့်ပါသည်။

    Source : သစ်သီးဝလံစိုက်ပျိုးနည်း

    ---

    ဆောင်းပါးသစ်များအတွက် ထွက်တိုးကို Like, follow, share လုပ်ထားပါ။

    မာလာကာသီး စိုက်ပျိုးနည်း၊ အခြား သီးနှံစိုက်ပျိုးနည်းများ အတွက်

    ထွက်တိုးကို Download လုပ်ပါ - https://l.htwettoe.com/v2


  • article
likes10comments0
views209views3957