cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

၀က်မျိုးများနှင့် မြန်မာနိုင်ငံတွင်ဖြစ်ထွန်းမွေးမြူနေသော ဝက်မျိုးများ

. သတင်းစုံ
မြန်မာနိုင်ငံမှာ အဓိကမွေးမြူကြတဲ့ ဝက်တွေက ဘာတွေ ဖြစ်မလဲ
  • မြန်မာနိုင်ငံရှိ တောင်သူ လယ်သမားများ၊ မြို့ပြဆင်ခြေဖုံးနှင့် ကျေးလက်ဒေသများ၊ မွေးမြူရေး သမားများသည် ဝက်များကို တစ်ကောင်စ၊ နှစ်ကောင်စမှစ၍ တစ်ပိုင်တစ်နိုင် မွေးမြူလျက်ရှိကြသည်။ ဝက်သည် စားသုံးရသည့်အစာကို အသားအဖြစ် ပြောင်းလဲ

    ရာတွင် ပြောင်းလဲနှုန်း အလွန်ကောင်းသည့် တိရစ္ဆာန်မျိုးဖြစ်သည်။ လူနှင့် အခြား တိရစ္ဆာန်များ မကြိုက်သည့် အစားအစာများ၊မီးဖိုချောင် စွန့်ပစ်ပစ္စည်းများကို နှစ်ခြိုက်စွာ စားသောက်တတ်သည့် တိရစ္ဆာန်မျိုးဖြစ်သည်။ထို့ကြောင့် မွေးမြူရာတွင် ကုန်ကျစရိတ်နည်းပြီး စီးပွားရေးအရ တွက်ခြေကိုက်လှပေသည်။ ကြီးထွားနှုန်းမြန်ပြီး အရွယ်ရောက်မြန်၊ အသား၊ အဆီ၊ အဆီအသား မျှတသည့်ကြိုက်နှစ်သက်ရာ ဝက်မျိုးများ ရွေးချယ်မွေးမြူနိုင်ရန် ရေးသားတင်ပြအပ်ပါသည်။

    ဝက်မျိုးများ

    အဆီများသည့် ဝက်မျိုးများ- ဝက်ဖြူကြီးမျိုး၊ တမ်းဝေါ့၊ ပိုလန်ချိုင်းနား၊ ချက်စ်တာဝှိုက်၊

    အသားများသည့် ဝက်မျိုးများ- ဂျူရော့ဂျာစီ၊ဘတ်ရှိုင်းယား၊ ဟမ့်ရှိုင်းယား၊ မတ်ဒယ်ဝှိုက်၊ ပီပယ်ထရိန်း၊ အဆီအသားမျှတသည့် ဝက်မျိုးများ- လင်းဒရေစ့်၊ နားရွက်လဲ ဝက်ဖြူကြီး၊ယော့ရှိုင်းယားတို့ ဖြစ်ကြသည်။ ဝက်မွေးမြူရေး လုပ်ငန်းတွင် ဝက်များ၏ ခန္ဓာကိုယ်ဖွံ့ဖြိုးမှု တည်ဆောက်မှု အနေအထားအရ အဆီများသောဝက်မျိုး၊ အသားများသော ဝက်မျိုး၊ အဆီအသားမျှတသော ဝက်မျိုးဟု သုံးမျိုးခွဲခြားကြသည်။ ဖွံ့ဖြိုးပြီး နိုင်ငံကြီးများ၏ ဝက်မွေးမြူရေး ကုန်ထုတ် လုပ်ငန်းများတွင် မိမိထုတ်လုပ်မည့် ထုတ်ကုန် အမျိုးအစားအလိုက် အသင့်တော်ဆုံးဝက်အမျိုးအစားကို ရွေးချယ်ထုတ်လုပ်ကြရန် လိုအပ်၏။ ရွေးချယ်ရာတွင် ဒေသအတွင်း အလွယ်တကူရရှိနိုင်ပြီး ကြီးထွားမှု၊ ခံနိုင်ရည်ရှိမှု၊ မွေးဖွားမှုနှုန်း စသည်တို့ ကောင်းမွန်သော မျိုးစပ်များကိုသာ ရွေးချယ်သင့်ပါသည်။ ယနေ့ကောင်းမွန်သော Duroc & Yorkshire & Landace မျိုးသန့်များဖြင့်ပေါက်ဖွားသော DYL ၏ မျိုးများကို ရွေးချယ်မွေးမြူနေကြသည်ကို တွေ့ရှိရသည်။

    မြန်မာနိုင်ငံတွင် ဖြစ်ထွန်းမွေးမြူ လျက်ရှိသော ဝက်မျိုးများ

    လင်းဒရေ့စ်၊ မူရင်းဒိန်းမတ်-

    ယခု အမေရိကန်၊ အနောက်ဥရောပသို့ ပျံ့နှံ့လျက်ရှိ၊ လူသိများသောမျိုး ဖြစ်သည်။ တစ်ကိုယ်လုံး အဖြူရောင်၊ ကိုယ်အလျားရှည်သည်။ နားရွက်ရှည်ပြီး မျက်နှာပေါ်သို့ စိုက်ကျနေသည်။ နှာတံနှင့် နှုတ်သီး အနည်းငယ်ရှည်ပြီး ဖြောင့်နေသည်။ ဝက်မများ ဝမ်းဗိုက်အိုးကြီး၍ ဇောက်နက်သည်။ သားပေါက်နှုန်းကောင်းသည်။ အခြားဝက်မျိုးများထက် အရိုးအဆစ် သေးငယ်သည်။ ခြေဆစ်အားနည်းသည်။ ခြေတံ၊ လက်တံ အလယ်အလတ် အသင့်ဖြစ်၍ တောင့်တင်းသန်မာသည်။ သားမွေးနှုန်း၊ နို့ခွဲနှုန်း၊အသားတိုးနှုန်း ကောင်းသည်။

    ဟမ့်ရှိုင်းယား၊ မူရင်း အင်္ဂလန် -

    ယခုနိုင်ငံပေါင်းစုံ မွေးမြူလျက်ရှိသည်။ မျိုးစပ်လုပ်ငန်းအတွက် ဝက်သိုးများကို အသုံးပြုသည်။ ကိုယ်လုံးအမည်းရောင်၊ ရှေ့လက်၊ လက်ပြင်၊ ကုပ်ပိုးပတ်လည် အဖြူရောင်၊ နားရွက်အမည်းရောင် အပေါ်သို့ ထောင်နေပြီး အရွယ်အလယ်အလတ်ဖြစ်သည်။ အမူအရာ သွက်လက်ဖျတ်လတ်သည်။ ခြေဆစ်၊ လက်ဆစ်၊ ခြေထောက်များ တုတ်ခိုင်သန်မာသည်။ မျက်နှာဖြောင့်တန်းပြည့်ဖြိုးပြီး နှာတံ၊ နှုတ်သီး အနည်းငယ်ရှည်၊ တုတ်ခိုင်ဖြောင့်တန်းနေသည်။ ကိုယ်လုံးထုထည်ကြီးပြီး ခါးအလျား အနည်းငယ်သင့်ရုံသာရှိပြီး အသားထွက်ကောင်းသည်။

    ပီယာထရိန်း၊ မူရင်း ဘယ်လ်ဂျီယံ

    ဥရောပ အရှေ့ပိုင်းနိုင်ငံများ မွေးမြူလျက်ရှိသည်။ အသားများသည့် ဝက်မျိုးအုပ်စု ဖြစ်သည်။ အဖြူရောင်ကိုယ်ပေါ်တွင် အမည်းကွက် အပြောက်များရှိသည်။ နှုတ်သီးတို၊ ကိုယ်လျားတိုပြီး အမွေးများလည်းတိုသည်။ ခြေတံ၊ လက်တံများတို၍ တုတ်ခိုင်သည်။ နားရွက်အလယ်အလတ်ဖြစ်၍ ရှေ့သို့ ထိုးထွက်နေသည်။ ပေါင်သား၊ လက်ပြင်သား၊ ကုပ်သားများ ဖွံ့ဖြိုးကြီးထွားသည်။ သားမွေးနှုန်း၊ ကြီးထွားနှုန်း ကောင်းသည်။

    လတ်ချ်ဝှိုက်၊ မူရင်း အင်္ဂလန်-

    ဝက်ဖြူကြီးမျိုးဖြစ်သည်။ အင်္ဂလန်နိုင်ငံ ယော့ရှိုင်းယားနယ်မှ စတင်မွေးမြူ၊ တစ်ကိုယ်လုံးဖြူသည်။မျက်နှာအနည်းငယ်ခွက်၍ နှာတံရှည်သည်။ နှာသီးကျယ်သည်။ နားရွက်မှာ အလတ်စားဖြစ်၍ ရှေ့သို့ အနည်းငယ် စိုက်သည်။ ကျောအလျားရှည်၍ ကျယ်ပြန့်သည်။ တင်ပါးကျယ်၍ ညီညာစွာ ဆင်းသည်။ ခြေလေးချောင်း ဖြောင့်မတ်တောင့်တင်းစွာရှိပြီး အသွားအလာဖျတ်လတ်သည်။ အတော်အတန် အကြမ်းခံနိုင်၍ အစာရေစာကို လွယ်ကူစွာ ရှာဖွေစားသောက်နိုင်သည်။

    ဘတ်ရှိုင်းယား၊ မူရင်းအင်္ဂလန်

    တစ်ကိုယ်လုံး အနက်ရောင်ဖြစ်ပြီး ခြေလေးချောင်း၊ အမြီးဖျား၊ နှာဖျားတို့တွင် ဖြူသောအရောင် ပါရှိသည်။ ခြောက်ကွင်းဖြူဟု ခေါ်ကြသည်။ အရေပြားချော၍ တွန့်ခေါက်ခြင်းမရှိ။ အမွေးပါး၍ ဗွေမပါချေ။ ဦးခေါင်းအသင့်အတင့်တိုပြီးမျက်နှာ အနည်းငယ် ချိုင့်ဝင်သည်။ နှာတံကျယ်သည်။ မျက်စိနှစ်လုံးနှင့် နားရွက်နှစ်ခုအကြား ကျယ်သည်။ နားရွက်မှာ အသင့်အတင့်ကြီး၍ မတ်မတ် (သို့) ရှေ့သို့ အနည်းငယ်စိုက်နေသည်။ ကျောအလျားရှည်၍ တစ်တန်းတည်း (သို့) ကော့နေသည်။ ရာသီဥတုဒဏ်ခံနိုင်သည်။ ကျေးလက်ဒေသ အကြိုက်များသည်။

    လတ်ချ်ဘလက်၊ ဗိုလ်ကိတ် (သို့) ဝက်နက်ကြီးမျိုး၊

    မူရင်း အင်္ဂလန်- တစ်ကိုယ်လုံး အနက်ရောင်ရှိ၍ အမွေးရှည်၍ နုသည်။ နဖူးကျယ်၍ နားရွက်မှာ နှုတ်သီးဖျား အထိရှည်၍ ရှေ့သို့ကျသည်။ သားရေပျော့၍ ဦးခေါင်းရှည်သည်။ ခန္ဓာကိုယ်ရှည်သည်။ မျက်နှာခွက်သည်။သားပေါက်နှုန်း ကောင်းသည်။ မြန်မာနိုင်ငံ ရာသီဥတုနှင့် ကိုက်ညီသည်။ ယနေ့အထိ ကျေးလက်များတွင် ဗိုလ်ကိတ်မျိုးဟု လူသိများသည်။ တမ်းဝေါ့၊ မူရင်း အင်္ဂလန် - ခန္ဓာကိုယ်နီဝါရောင်၊ နှုတ်သီးချွန်၍ တောဝက်နှင့်တူသည်။ အမွေးချော ဗွေမရှိ၊ နှာတံရှည်၍ ဖြောင့်သည်၊ မျက်နှာ အနည်းငယ် ချိုင့်သည်။ နားရွက်အလတ် ထောင်သည်။ ကျောအနည်းငယ်ကုန်း၊ မကျယ်ပါ။ အကြမ်းတမ်းခံသည်။သားပေါက်ညံ့ပြီး ငယ်စဉ်အခါ ကြီးထွားနှုန်းနှေး၍ တစ်နှစ်နီးပါးရောက်မှ ကြီးသည်၊ မမွေးသင့်ပါ။

    ရွှေနီ၊ မူရင်း အမေရိကန်-

    တစ်ကိုယ်လုံးနီညိုရောင်ရှိ၊ တစ်ကိုယ်လုံး ဖွံ့ဖြိုးပြီး နားရွက်များ ရှေ့သို့ငိုက်နေသည်။ ရာသီဥတု၏ ပြင်းထန်မှုဒဏ်ကို ခံနိုင်ရည်ရှိသည်။ ကြီးထွားနှုန်း အခြားဝက်များထက် ပိုမြန်သည်။သားပေါက်၊ သားထိန်းကောင်းသည်။ သားစပ်ရာတွင်

    အထီးလိုင်းသုံးသည်။

    DYL ဝက်မျိုး-

    အဆိုပါမျိုးအား Duroc.Yoryshire & Landrace ဝက်မျိုးများကို အဆင့်ဆင့်ဖလှယ်၍ သားစပ်ခြင်းဖြင့် ရရှိလာသောမျိုး ဖြစ်သည်။ အသားထွက်နှုန်းကောင်းသဖြင့် အသားတိုးမျိုးအဖြစ် အများဆုံး အသုံးပြုသည်။ DYL ဝက်မျိုးကို နှစ်လသား (၁၀ ကီလိုဂရမ်) အရွယ်တွင် စတင်မွေးမြူပါက ခုနစ်လအကြာတွင် ဈေးကွက်ပို့အလေးချိန် ကီလိုဂရမ် ၉၀ (၅၅ ပိဿာ) ရရှိနိုင်ပါသည်။ အစာမှအသားပြောင်းလဲနှုန်း F.C.R (3.72:1) ရရှိ၍ ကြီးထွားနှုန်း ကောင်းမွန်ပါသည်။ ကျန်းမာရေး ကောင်းမွန်ခြင်း၊ ရာသီဥတုဒဏ် ခံနိုင်ရည်ရှိခြင်းတို့ကြောင့် ရှင်သန်ကြီးထွားနှုန်း အထူးကောင်းမွန်သည်။ သို့ဖြစ်၍ မွေးမြူသူများအနေဖြင့် မိမိဒေသနှင့်ကိုက်ညီသည့် ကြီးထွားနှုန်းမြန်သည့် ဝက်မျိုးများကို ရွေးချယ်မွေးမြူနိုင်ရန် ရည်ရွယ်၍ ရေးသားတင်ပြလိုက်ရပါသည်။

    - ထွန်းလှိုင်(မြိုင်)

    မြန်မာတောင်သူကြီးများ ဂျာနယ်

    ------

    ဆောင်းပါးသစ်များအတွက် ထွက်တိုးကို Like, follow, share, Download https://l.htwettoe.com/v2 လုပ်ထားပါ။

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်


  • article
likes14comments0
views63views4102