cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဂျီအေပီနည်းလမ်းဖြင့် မတ်ပဲ စိုက်ပျိုးထုတ်လုပ်မည်ဆိုလျှင်

. စိုက်ပျိုးနည်းစနစ်များ
မတ်ပဲကို ဂျီအေပီနည်းလမ်းနဲ့ စိုက်ကြည့်တဲ့အခါမှာ
  • ဂျီအေပီနည်းလမ်းဖြင့် မတ်ပဲ စိုက်ပျိုးထုတ်လုပ်မည်ဆိုလျှင်

    စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (ဂျီအေပီ)၏ အဓိကသော့ချက်မှာ (၁) အရည်အသွေးကောင်း သီးနှံများ ထုတ်လုပ်ရေး(၂) စားနပ်ရိက္ခာ ဘေးကင်း လုံခြုံရေး၊ (၃) သဘာ၀ ပတ်ဝန်းကျင်ညစ်ညမ်းမှု ကာကွယ်ထိန်းသိမ်းရေးပင် ဖြစ်သည်။ ဤရည်မှန်းချက်

    များကို အာမခံနိုင်ရန် ဂျီအေပီ နည်းလမ်းအရ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် အဆင့်ဆင့်ကို သတ်မှတ်ပုံစံများဖြင့် စနစ်တကျ မှတ်တမ်းတင် ထားရှိ၍ တာဝန်ရှိသူ အဆင့်ဆင့်က အတည်ပြုလက်မှတ် ရေးထိုးထားရှိရန် လိုအပ်ပါသည်။

    ဂျီအေပီနည်းလမ်းဖြင့် စိုက်ပျိုးထုတ်လုပ်သော သီးနှံများသည် အထက်ဖော်ပြပါ ရည်မှန်းချက်သုံးရပ်ကို ရဲရဲအာမခံချက်ပေးနိုင်သဖြင့် သီးနှံများ ပြည်ပတင်ပို့ရောင်းချရာတွင် ဈေးကောင်းရရှိရန် သေချာပါသည်။ မြန်မာနိုင်ငံတွင် ၂၀၁၇-၂၀၁၈ ခုနှစ်က မတ်ပဲစိုက်ပျိုးဧက ၂ ဒသမ ၇၆ သန်းရှိပြီး ပဲမျိုးစုံစုစုပေါင်း စိုက်ပျိုးဧက၏ ၂၅ ရာခိုင်နှုန်းရှိသည်။

    မတ်ပဲအထွက် တင်းပေါင်း ၅၁ သန်းကျော် ထွက်ရှိခဲ့သည်။ ၎င်းတို့အနက် ထိုင်း၊ တရုတ်

    အင်ဒိုနီးရှား၊ မလေးရှား၊ အိန္ဒိယ၊ စင်ကာပူ၊ ပါကစ္စတန်နှင့် ဥရောပနိုင်ငံများသို့ မက်ထရစ်တန်ချိန် ၅ ဒသမ ၆ သိန်းခန့် တင်ပို့နိုင်ခဲ့ပြီး စုစုပေါင်း တင်ပို့မှု၏ ၄၅ ဒသမ ၃၃ ရာခိုင်နှုန်းရှိသည်။

    အဆိုပါ နိုင်ငံများသို့ တင်ပို့မှုတွင် အိန္ဒိယနိုင်ငံသို့ မတ်ပဲ မက်ထရစ်တန်ချိန် ၄ ဒသမ၃ သိန်း တင်ပို့ခဲ့ပြီး စုစုပေါင်း၏ ၇၇ ဒသမ ၀၃၆ ရာခိုင်နှုန်း ရှိသည်။ အိန္ဒိယနိုင်ငံသို့ တင်ပို့မှုသည် ပမာဏအများဆုံးဖြစ်သည်။ အိန္ဒိယနိုင်ငံသည် ယမန်နှစ် ပဲဝယ်သည့်ရာသီ၌ မြန်မာနိုင်ငံထံမှ မတ်ပဲ ဝယ်ယူမှုကို ရပ်တန့်ထားခဲ့ရာမှ ယခုနှစ်တွင် မြန်မာနိုင်ငံထံမှ မတ်ပဲတန်ချိန်နှစ်သိန်း ပြန်လည် ဝယ်ယူရန် သဘောတူညီမှုရရှိထားပြီး ဖြစ်သည်။ မတ်ပဲကို ပြည်ပသို့ တင်ပို့ရာတွင် ဝယ်လက်နိုင်ငံများနှင့် အချင်းမများစေရန် မတ်ပဲစိုက်ဒေသများတွင် အချို့ကုမ္ပဏီများ၊ မြန်မာနိုင်ငံ ပဲ၊ နှမ်း ကုန်သည်များ အသင်းတို့က တောင်သူလယ်သမားများနှင့် ပူးပေါင်း၍ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (ဂျီအေပီ) ဖြင့် စိုက်ပျိုးထုတ်လုပ်ရန် ညှိနှိုင်းဆောင်ရွက်နေကြသည်ကိုကြားသိရသည်။

    သီးနှံများကို ဂျီအေပီနည်းလမ်းဖြင့် စိုက်ပျိုးထုတ်လုပ်မည်ဆိုလျှင် ဂျီအေပီနည်းလမ်းတွင် လိုက်နာကျင့်သုံးရန် သတ်မှတ်ထားသော လုပ်ငန်း ကျင့်စဉ်များကို တစ်သဝေမတိမ်း တိကျစွာ စီမံဆောင်ရွက်ရန်လိုပါသည်။ သို့မှသာ ထုတ်လုပ်လိုက်သော သီးနှံများသည် ဂျီအေပီ

    နည်းလမ်းဖြင့် ထုတ်လုပ်သော သီးနှံစစ်စစ်များ ရရှိနိုင်မည်ဖြစ်သည်။ သို့မှသာ ဂျီအေပီ အသိအမှတ်ပြု လက်မှတ်လည်း ရရှိနိုင်မည်ဖြစ်သည်။ ဤ သို့မဟုတ်လျှင် မည်ကာမတ္တ ဂျီအေပီ သီးနှံများသာ ဖြစ်နေမည်ဖြစ်ပါသည်။

    သို့ပါ၍ မတ်ပဲကို ဂျီအေပီနည်းလမ်းဖြင့် စိုက်ပျိုးထုတ်လုပ်မည်ဆိုလျှင် လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းကျင့်စဉ်များကိုမျှဝေလိုက်ပါသည်။ ဦးစွာ မြေယာကိစ္စဆောင်ရွက်ရန် လိုပါသည်။

    မြေသည် မြေချဉ်ငန်ဓာတ် ၆ ဒသမ ၅ - ၇ ရှိသောမြေကို ရွေးချယ်ရန်လိုပါသည်။ မြေချဉ်ငန်ဓာတ် ၅ ဒသမ ၅ ထက်နိမ့်သော မြေကို မရွေးချယ်သင့်ပါ။ ဆားပေါက်မြေ၊ ဆပ်ပြာပေါက်မြေများတွင် မစိုက်ပျိုးသင့်ပါ။ စိုက်ပျိုးမည့်မြေကို မြေနမူနာယူ၍ အန္တရာယ်ပြုနိုင်သည့် ဓာတု

    နှင့် ဇီဝဆိုင်ရာများ ပါဝင်ခြင်း ရှိ၊ မရှိဓာတ်ခွဲစမ်းသတ်၍ အသေးစိတ် မှတ်တမ်းတင် ထားရှိရမည် ဖြစ်သည်။

    မတ်ပဲသီးနှံသည် ကောင်းမွန်စွာ အပင်ကြီးထွားဖြစ်ထွန်းရန် ပျမ်းမျှမိုးရေချိန်လက်မ ၂၀ မှ လက်မ ၅၀ အတွင်း လိုအပ်သည်။ ပင်လယ်မျက်နှာပြင်ထက် အမြင့်ပေ ၆၀၀၀ထိ ဖြစ်ထွန်းအောင်မြင်သည်။ အပူချိန် ၂၅ ဒီဂရီစင်တီဂရိတ်မှ ၃၅ ဒီဂရီစင်တီဂရိတ်ကို နှစ်ခြိုက်ပြီး နေရောင်ခြည်ကောင်းစွာရရှိမှု အခြေအနေကို လိုလားသည်။ ရေမဝပ်သောမြေကို သတိပြုရွေးချယ်၍ ထယ်ရေးပြင်ရာတွင် ထယ်ရေးနက်နက် ညက်ညက်ကို ကြိုက်နှစ်သက်

    သည်။

    မစိုက်ပျိုးမီ အသုံးပြုမည့်ရေ၏ အရည်အသွေးကို ဓာတ်ခွဲစမ်းသပ်၍ ရေအရည်အသွေးကောင်းမွန်မှသာ အသုံးပြုရမည်ဖြစ်သည်။ ရေအရည်အသွေး ဓာတ်ခွဲစမ်းသပ်မှု တွေ့ရှိချက်ကို သတ်မှတ်ပုံစံတွင် မှတ်တမ်းတင်ထားရှိရမည် ဖြစ်သည်။ မျိုးစေ့ရွေးချယ်ရာတွင် ဈေးကွက်သေ

    ချာပြီး အရည်အသွေးအာမခံနိုင်သည့် မျိုးကောင်းမျိုးသန့်ရွေးချယ်ရန် လိုအပ်ပါသည်။ ပိုးမွှား၊ ရောဂါဒဏ်ခံနိုင်ရည်ရှိပြီး ဒေသ၊ ရေ၊ မြေ၊ရာသီဥတုနှင့် ကိုက်ညီသည့် မျိုးဖြစ်ရန်လည်း လိုပါသည်။ အပင်ပေါက်နှုန်း ၈၅ ရာခိုင်နှုန်းရှိ မျိုးစေ့ကိုသာ ရွေးချယ်ရမည်ဖြစ်သည်။ ရရှိလာသည့်

    မျိုးစေ့ အမျိုးအမည်၊ ပမာဏ၊ ရရှိသည့်ဒေသ၊ ရရှိသည့်နေ့စွဲတို့ကို သတ်မှတ်ပုံစံများတွင် မှတ်တမ်းတင် ရေးသွင်းထားရမည် ဖြစ်သည်။

    မတ်ပဲအထွက်တိုးစေရန် စိုက်ပျိုးချိန်ရာသီအလိုက် အစိုဓာတ်မိစေရန် အချိန်မီစိုက်ပျိုးရန် သတိပြုသင့်သည်။ မတ်ပဲမျိုးကို အပင်ပေါက်ကောင်းစေရန်မစိုက်ပျိုးမီ ရှစ်နာရီကြာအောင် ရေစိမ်ပြီး ဝါးကြမ်းပေါ်တွင် အခင်းတစ်ခုခုခင်း၍ ပြန်လည်အခြောက်ခံပြီးမှ စိုက်ပျိုးရမည်ဖြစ်သည်။ တစ်ရက်သာထား၍ ချက်ချင်းစိုက်ပျိုးရမည်ဖြစ်သည်။ (နိုင်ငံတကာတွင် ကျင့်သုံးသောနည်း)။ မတ်ပဲကို မိုးနှောင်းရာသီ အောက်တိုဘာလမှ နိုဝင်ဘာလကုန်အပြီး စိုက်ပျိုးရန် လိုအပ်ပါသည်။ ဆောင်ရွက်ပုံလုပ်ငန်းစဉ် အဆင့်ဆင့်ကို သတ်မှတ်ပုံစံတွင် မှတ်တမ်းတင်ရေးသွင်းထားရမည် ဖြစ်သည်။

    မတ်ပဲသီးနှံအတွက် အသုံးပြုမည့် ဓာတ်မြေသြဇာ၊ သဘာဝမြေသြဇာ၊ မြေဆီလွှာဖြည့်စွက်ပစ္စည်းများနှင့် ဓာတုဆေးများစုဆောင်းခြင်းကို မစိုက်ပျိုးမီ ကြိုတင်စုဆောင်းထားရှိရမည် ဖြစ်သည်။ စုဆောင်းရမည့် ပံ့ပိုးပစ္စည်းများသည် ဌာနတွင် တရားဝင် မှတ်ပုံတင်ထားသည့် အရည်အသွေးမှန်ကန်သော ပစ္စည်းများဖြစ်ရန် လိုအပ်သည်။

    ရရှိလာသော ပစ္စည်းအမျိုးအမည်၊ ပါဝင်သောဓာတ်ပစ္စည်းများ၊ ရရှိသည့် ဒေသ၊ ပမာဏ၊ ရရှိသည့် အရေအတွက်၊ ရရှိသည့် နေ့စွဲ၊ သိုလှောင်ထားရှိသည့် နေရာများကိုသတ်မှတ်ပုံစံတွင် မှတ်တမ်းတင်ရေးသွင်း၍ စနစ်တကျထားရှိရမည် ဖြစ်သည်။ အသုံးပြုမည့် ဓာတုပစ္စည်းများတွင် လူနှင့်ပတ်ဝန်းကျင်အန္တရာယ်ဖြစ်စေပြီး ပြိုကွဲရန်ခက်ခဲသည့် ဓာတ်သတ္တု (ပြဒါး၊ ကြေးနီ၊ အာဆင်းနစ်) များ မပါဝင်စေရန် သတိပြုရမည်ဖြစ်သည်။

    အသုံးပြုမည့် သဘာဝမြေသြဇာသည် ကောင်းစွာဆွေးမြည့်နေပြီး အန္တရာယ်ဖြစ်စေသော ဓာတုနှင့် ဇီဝဆိုင်ရာ ပိုးမွှားများမပါရှိစေရန် ကြိုတင်ဓာတ်ခွဲစမ်းသပ်ပြီး မှတ်တမ်းတင်ထားရှိပြီးမှ အသုံးပြုရန်ဖြစ်သည်။ ဓာတ်မြေသြဇာများ၊ သဘာဝမြေသြဇာများ၊ ဖြည့်စွက်ပစ္စည်းများကို အသုံးပြုရန် ရောနှောခြင်း၊ သိုလှောင်ခြင်း ပြုလုပ်မည့်နေရာသည် သီးနှံစိုက်ခင်းနှင့် ဝေးရာနေရာတွင်သာ ဆောင်ရွက်ရန် သတိပြုရမည်ဖြစ်သည်။

    မြေသြဇာများ၊ ရောနှောခြင်းပါဝင်သည့် အချိုးနှုန်းထားများ ရောစပ်သည့်နေ့၊ ရောစပ်သည့် ပမာဏတို့ကို သတ်မှတ်ပုံစံတွင် စနစ်တကျ မှတ်တမ်းရေးသွင်းထားရမည် ဖြစ်သည်။ မတ်ပဲကို အရည်အသွေးကောင်း၊ ဘေးကင်းလုံခြုံမှုရှိ၊ အထွက်နှုန်းလည်းကောင်းစေရန်မှာ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများဆိုင်ရာ လုပ်ငန်းကျင့်စဉ်များကို အလေးထားလိုက်နာ ဆောင်ရွက်ရန် အလွန်အရေးကြီးပါသည်။ လုပ်ငန်းကျင့်စဉ်များတွင်အဓိက အရေးပါသည်မှာ နည်းပညာပင် ဖြစ်သည်။ မတ်ပဲ၏ ပန်းတိုင်အထွက်နှုန်းမှာ တင်း ၂၀ ဖြစ်သည်။ အချို့ ရေ၊ မြေ အလွန်ကောင်းပါက ၂၅တင်း၊ တင်း ၃၀ ထွက်ရှိနေသည့် ဒေသများလည်း ရှိပါသည်။

    မတ်ပဲ တစ်ဧကအထွက်နှုန်းကောင်းရန်မှာ (၁) တစ်ဧကရှိရမည့် အပင်အရေအတွက်၊ (၂) တစ်ပင်ရှိ အတောင့်အရေအတွက်၊ (၃) တစ်တောင့်ပါတစ်စေ့ အရေအတွက်၊ (၄) အစေ့ ၁၀၀ အလေးချိန်ဖြစ်သည့် အထွက်နှုန်းမိတ်ဖက် အချက်များကို စွမ်းရည်ပြည့်ဝအောင်ပြုစုထိန်းသိမ်းခြင်းပင်ဖြစ်သည်။ မတ်ပဲ တစ်ဧက တင်း ၂၀ ထွက်ရှိရန် တစ်ဧကရိတ်သိမ်းပင် ၁၃၀၀၀ တင်းတင်းရင်းရင်း ရရှိရန်လိုအပ်ပါသည်။

    တစ်ဧက အပင် ၃၀၀၀၀လျော့သွားပါက အထွက်ငါးတင်း လျော့သွားမည် ဖြစ်ပါသည်။ မတ်ပဲတစ်ပင်လျှင် ကိုင်းလေးကိုင်း၊ငါးကိုင်း ပျမ်းမျှထွက်ပါသည်။ တစ်ကိုင်းလျှင်အတောင့်ခြောက်တောင့် ပျမ်းမျှသီးပါသည်။ တစ်တောင့်တွင် ပျမ်းမျှအစေ့ ခြောက်စေ့ခန့် ပါဝင်ပါသည်။ သို့ပါ၍ တစ်ပင်လျှင်အစေ့ပေါင်း ပျမ်းမျှ၁၅၀-၁၈၀ ပါဝင်ပါသည်။ ရိတ်သိမ်းပင်ပေါင်း ၁၃၀၀၀၀ ရှိခဲ့လျှင် တစ်ဧကမှ မတ်ပဲစေ့ပေါင်း ပျမ်းမျှ ၁၉၅-၂၃၄ သိန်း ရရှိမည်ဖြစ်ပါသည်။

    မတ်ပဲတစ်တင်းလျှင် အစေ့ပေါင်း ပျမ်းမျှ ၁၀-၁၂သိန်းခန့် ပါဝင်ရာ တစ်ဧက တင်း ၂၀ ခန့်ထွက်ရှိမည်ဖြစ်ပါသည်။ သို့ပါ၍ တစ်ဧက အပင်ရေ ၁၃၀၀၀၀ ရိတ်သိမ်းပင်ရရှိရန် အပင်ပေါက်နှုန်း ၈၀ ရာခိုင်နှုန်းအထက်ရှိသော မျိုးကောင်းမျိုးသန့်ကို ရွေးချယ်စိုက်ပျိုးရန် လိုအပ်ပါသည်။ မျိုးစေ့နှုန်းထားကိုအတန်းလိုက် စိုက်ပျိုးမည်ဆိုပါက မိုးရာသီ ၄-၆ ပြည်၊ ဆောင်းရာသီ ၆-၈ ပြည်နှုန်း အသုံးပြုရန် လိုအပ်ပါသည်။ မတ်ပဲကို မိုးရာသီ၌ တန်းကြားပင်ကြား ၁၈ လက်မ x ၄ လက်မ နှင့် ဆောင်းရာသီ တန်းကြား၊ ပင်ကြား ၁၂ လက်မ x ၄ လက်မ စိုက်ပျိုးရန်လိုအပ်ပါသည်။ မတ်ပဲကို ကြဲပက်စိုက်ပျိုးမည် ဆိုပါက တစ်ဧက မျိုးစေ့နှုန်း ၁၂-၁၆ ပြည်နှုန်း အသုံးပြုရန် လိုအပ်ပါသည်။ မည်သည့်နည်းဖြင့်စိုက်စိုက် တစ်ဧကသတ်မှတ်ရိတ်သိမ်းပင်၁၃၀၀၀၀ ပြည့်မီရန် အဓိကဖြစ်ပါသည်။

    မတ်ပဲရိတ်သိမ်းပင် ၁၃၀၀၀၀ ပြည့်မီစေရန် အထောက်အကူပြုမည့် တစ်ဧက ပဲမြစ်ဖုမြေသြဇာ သုံးထုပ်နှုန်းနှင့် လူးနယ်ပြီးမှ စိုက်ပျိုးရပါမည်။ မြေအောင်းပိုးနှင့် ပင်စည်ထိုးယင် ကာကွယ်ရန် ဖြူရာဒန် ၃ ဂျီ တစ်ဧက ၃-၆ ကီလိုဂရမ် စိုက်ကြောင်းထဲသို့ ဖြူးထည့်စိုက်ပျိုးရပါမည်။ မှိုရောဂါများကာကွယ်ရန် Captan, Kacide, Hamai မှိုသတ်ဆေး တစ်မျိုးမျိုးကို မျိုးစေ့ တစ်ကီလိုဂရမ်ကို ဆေးတစ်ဂရမ်ဖြင့် လူးနယ်ပြီး လေးနာရီကြာထား၍လည်းကောင်း၊ (သို့) မျိုးစေ့တစ်တင်းလျှင် လာဆပ်ဆေးရည် တစ်လီတာနှင့် လူးနယ်၍ လေးနာရီကြာထား၍ လည်းကောင်း စိုက်ရမည်ဖြစ်ပါသည်။

    မျိုးစေ့ကို ထယ်ရေးတွင် အနက် တစ်လက်မမှ တစ်လက်မခွဲအနက်သာ စိုက်ရပါမည်။ နက်လွန်းလျှင် အပင်မပေါက်နိုင်တော့ပါ။တစ်ပင်ပါကိုင်းအရေအတွက် သတ်မှတ်ချက်ပြည့်ဝစေရန်နှင့် တစ်ကိုင်းပါ သီးတောင့်အရေအတွက် ပြည့်ဝစေရန် မြေပြင်ချိန်တွင် မြေဆွေး၊ နွားချေးလှည်း

    ၁၀ စီးခန့်ချပါ။ သစ်စိမ်းမြေသြဇာ ၃-၅ တန်ထိချပါ။ယူရီးယား ၂၈ ပေါင်၊ တီစူပါ ၅၆ ပေါင်၊ ပိုတက်ရှ် ၂၈ ပေါင်၊ ဂျစ်ပဆန်မြေသြဇာပေါင် ၁၀၀မြန်မာပြည် အလယ်ပိုင်း၊ အထက်ပိုင်း ဒေသများတွင် သွပ်ဓာတ်အတွက် ဇီဖာမြေသြဇာ သုံးပေါင်နှုန်း ထည့်ပေးရန် လိုအပ်ပါသည်။

    ဇီဝစူပါရွက်ဖျန်းမြေသြဇာအရည်ကို အပင်သက်နှစ်ပတ်သားမှစ၍ တစ်ပတ်ခြားတစ်ကြိမ် ဖျန်းပေးရန်လိုအပ်ပါသည်။ အပင်သက် တစ်လသားခန့်တွင်သီးကိုင်းများနိုးကြားရန် စတင်သဖြင့် သီးကိုင်းများစေရန် နိုက်ထရိုဂျင် ဓာတ်များသည့် ရွက်ဖျန်းမြေသြဇာ နှစ်ကြိမ်ခန့် ဖျန်းပေးပါက လိုအပ်သည့်သီးကိုင်းအရေအတွက် ရရှိမည်ဖြစ်သည်။ သီးတောင့်အရေအတွက် များစေရန်နှင့် အောင်စေ့အရေအတွက်များစေရန် ပင်သက်ရက် ၄၀ ကျော်လျှင် ဖူးပွင့်စဝင်ပါသည်။

    ၎င်းအချိန်တွင် ယူရီးယားစတီးဇွန်း လေးဇွန်း၊ လက်ချားမှုန့် ထမင်းစားဇွန်း တစ်ဇွန်းကို ရေလေးဂါလန်နှင့်ဖျော်၍ တစ်ဧကလျှင် ၅-၆ ပုံး နှစ်ကြိမ်ဖျန်းပေးရန် လိုအပ်ပါသည်။ ပန်းပွင့်ချိန်နှင့် နောက်ပိုင်းတွင် ပိုတက်ရှ်မြေသြဇာ ၂၈ ပေါင်ကို ထည့်သွင်းပြီး ရေရရှိမှုလွယ်ကူပါက စိမ့်ရေ တစ်ကြိမ်သွင်းပေးပါက အောင်စေ့များပြီး အထွက်ပိုစေမည် ဖြစ်ပါသည်။

    ပန်းစပွင့်ချိန်မှ သီးတောင့်ကြီးထွားချိန် ကုန်သည်ထိ ပေါင်းမြက်ကို ဂရုတစိုက်ရှင်းပေးနေရန် လိုပါသည်။ အစေ့ ၁၀၀ အလေးချိန် ၄-၅ ဂရမ်အပြည့်အဝရစေရန်မှာ အောင်စေ့အရေအတွက်များအောင် ပြုစုရင်း ရရှိသွားနိုင်ပါသည်။ သီးခြားဆောင်ရွက်ရန် မလိုအပ်ပေ။ မတ်ပဲအထွက်နှုန်း ကောင်းစေရန်မှာ ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းရေးသည် အဓိကကျပါသည်။ မတ်ပဲတွင် အဓိက ကျရောက်သော ပိုးမွှားများမှာပျပိုး၊ ငမြှောင်တောင်ပိုး၊ပင်စည်ထိုးယင်၊ ပဲစေ့ထိုးပိုးနှင့် ရောဂါအနေဖြင့် ဖားဥမှိုရောဂါ၊ အဝါရောင် မိုစေ့ရောဂါတို့ ဖြစ်ပါသည်။ ဓာတုပိုးသတ်ဆေးများ အသုံးပြုပါက ဌာနတွင် တရားဝင် မှတ်ပုံတင်ထားသော ဆေးများဖြစ်ရန် လိုအပ်ပါသည်။

    အကောင်းဆုံးမှာ ဘက်စုံပိုးမွှားရောဂါကာကွယ်နှိမ်နင်းနည်းကို အသုံးပြုသင့်ပါသည်။ ဓာတုဆေးဖျန်းမည်ဆိုပါက ဓာတ်ပြယ်ရန် စောင့်ဆိုင်းရမည့်ကာလကို အတိအကျလိုက်နာရန် လိုအပ်ပါသည်။ ဓာတုဆေးများကို ကိုင်တွယ် အသုံးပြုရာတွင် ဌာနက လမ်းညွှန်ထားသော အချက်များကို တိကျစွာ လိုက်နာရန် လိုအပ်ပါသည်။ ဓာတုဆေးများ သိုလှောင်မှု၊ အသုံးပြုမှု၊စွန့်ပစ်မှုတို့ကို သတ်မှတ်ပုံစံဖြင့် မှတ်တမ်းတင်ထားရှိရန် လိုအပ်ပါသည်။

    လောင်စာဆီစက်ဆီ၊ ချောဆီ၊ ဓာတုပစ္စည်းများကိုသီးနှံစိုက်ခင်း၊သိုလှောင်ရာနှင့် လွတ်ကင်းအောင် သိုလှောင်ထားရှိအသုံးပြုရန် သတိပြုဆောင်ရွက်ရမည် ဖြစ်သည်။မတ်ပဲကို ရိတ်သိမ်းချိန်လွန် နည်းပညာလိုက်နာရန် လိုပါသည်။ ၇၅ ရာခိုင်နှုန်းသော ပဲတောင့်များ အစိမ်းရောင်မှ အညိုရောင်အနက်ရောင်ပြောင်းသွားပါက ရိတ်သိမ်းသင့်ပါသည်။ ခြွေလှေ့ပြီးပါက အစေ့တွင်း အစိုဓာတ် ၈-၉ ရာခိုင်နှုန်းထိ အခြောက်လှန်းရန် လိုအပ်ပါသည်။

    ဂျီအေပီနည်းဖြင့် မတ်ပဲစိုက်ပျိုးထုတ်လုပ်ရာတွင် ဂျီအေပီလုပ်ငန်း ကျင့်စဉ်အရ မြေရွေးချယ်ခြင်း၊ မြေဓာတ်ခွဲစမ်းသပ်ခြင်း၊ ရေအရည်အသွေး ဓာတ်ခွဲ စမ်းသပ်ခြင်း၊ မြေယာပြုပြင်ထွန်ယက်ခြင်း၊ မျိုးစေ့ကို ရေစိမ်ပြုပြင်ခြင်း၊ မျိုးစေ့ ဆေးစီရင်ခြင်း၊ ဓာတ်မြေသြဇာ၊ သဘာဝမြေသြဇာများ ထည့်သွင်းခြင်း၊ အားဖြည့်မြေသြဇာများ ထည့်သွင်းခြင်း၊ ဖျန်းခြင်း၊ ပိုးမွှားကာကွယ်ရေးဆေးများ ဖျန်းခြင်း၊ ပြုစုခြင်း၊ စိုက်ပျိုးနည်းစနစ်များ အသုံးပြုခြင်း၊ ပေါင်းမြက်နှိမ်နင်းခြင်း၊ ပစ္စည်းများ သိုလှောင်ခြင်း၊ သုံးစွဲခြင်း၊ စွန့်ပစ်ခြင်း၊ ပဲတောင့်များ ဆွတ်ခူးခြင်း၊ ခြွေလှေ့ခြင်း၊ အခြောက်လှန်းခြင်း၊ စနစ်တကျသိုလှောင်ခြင်း လုပ်ငန်းစဉ်အဆင့်ဆင့်ကို သတ်မှတ်ပုံစံများတွင် စာရင်းရေးသွင်း မှတ်တမ်းတင်၍အတည်ပြုရမည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းအဆင့်ဆင့်ကလက်မှတ်ရေးထိုး၍ မှတ်တမ်းကို သိမ်းဆည်းထားရန် လိုအပ်ပါသည်။

    မှတ်တမ်းတင်အတည်ပြုလက်မှတ်ရေးထိုးမထားရသော အဆင့်ဆိုသည် မရှိစေရပါ။ သို့မှသာ ဂျီအေပီနည်းလမ်းဖြင့် ထုတ်လုပ်သော သီးနှံစစ်စစ်ရရှိ၍ဂျီအေပီ အသိအမှတ်ပြုလက်မှတ် ရရှိရန် သေချာပါသည်။ ယမန်နှစ်ကမြို့နယ်ကြီး တစ်ခုက တောင်သူအချို့သည် ပဲတီစိမ်းကို ဂျီအေပီ

    နည်းလမ်းဖြင့် ထုတ်လုပ်ရာ အခြားသတ်မှတ်ပုံစံများအားလုံး ပြည့်စုံစွာရှိသော်လည်းမြေကို ဓာတ်ခွဲစမ်းသပ်ထားသော မှတ်တမ်း မရှိသဖြင့်ထုတ်လုပ်သောပဲတီစိမ်းလည်း ဂျီအေပီနည်းလမ်းဖြင့် ထုတ်လုပ်ထားသောသီးနှံအဖြစ် အသိအမှတ်ပြုမခံရပေ။ ထို့အတူ ဂျီအေပီအသိအမှတ်ပြု

    လက်မှတ်လည်း မရရှိခဲ့သည့်ဖြစ်စဉ်တစ်ခု ရှိခဲ့ဖူးပါသည်။ တောင်သူလယ်သမားကြီးများ ဂျီအေပီနည်းလမ်းဖြင့် စိုက်ပျိုးထုတ်လုပ်သော သီးနှံစစ်စစ်များ ရရှိနိုင်ပါစေကြောင်း ဆုတောင်းပေးရင်း မျှဝေပေးလိုက်ရပါသည်။

    အောင်ဆန်း(စိုက်ပျိုးရေး)

    မြန်မာတောင်သူကြီးများ ဂျာနယ်

    ------

    ဆောင်းပါးသစ်များအတွက် ထွက်တိုးကို Like, follow, share, Download https://l.htwettoe.com/v2 လုပ်ထားပါ။

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်


  • article
likes13comments0
views186views5570