cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

တီဆေးရည် (တီကောင်မြေဆွေးတစွန်းတစ-၂)

. အိမ်တွင်းဥယျာဉ်
တီကောင်ကန်ရဲ့အောက်ခြေကနေထွက်လာတဲ့ တီစွန့်ပစ်ရည်ကတော့ မည်းနက်နေမယ်၊ အနံ့ဆိုးတွေလည်းထွက်နေမယ်ဆိုရင်တော့ တီကောင်ကထွက်တဲ့အရည်မဟုတ်ပါဘူး။ Phytotoxin အဆိပ်တွေပါဝင်နေတဲ့ အရည်ဖြစ်ပါတယ်။
  •    တီကောင်မွေးမြူရေးမှတဆင့်ထုတ်လုပ်တဲ့ တီကျစ်စာ သို့မဟုတ် တီမြေသြဇာရဲ့ အပင်တွေဖွံ့ဖြိုးဖို့၊ အထွက်နှုန်းကောင်းဖို့ အစရှိတဲ့အကျိုးကျေးဇူးတွေကို အားလုံးသိရှိပြီးသား ဖြစ်ပါတယ်။

    အခုဆွေးနွေးချင်တာကတော့ တီဆေးရည်နဲ့ တီမွေးကန်ရဲ့ စွန့်ပစ်ရည်အကြောင်းဖြစ်ပါတယ်။ 

       တီကောင်မွေးတဲ့ကန်ရဲ့အောက်ခြေကနေ တစိမ့်စိမ့်ထွက်ကျလာတဲ့ အမည်းရောင်အရည်တွေကို တီမွေးကန်စွန့်ပစ်ရည် သို့မဟုတ် Worm Leachate လို့ခေါ်ပါတယ်။

      တီမြေဆွေးကို ရေနဲ့ရောပြီး အထဲကအကျိုးပြုအဏုဇီဝတွေကို ပြန်လည်မွေးမြူထားတဲ့အရည်ကိုတော့ တီဆေးရည် သို့မဟုတ် Worm Tea သို့မဟုတ် Vermiwash လို့ခေါ်ပါတယ်။

    အတူတူပဲမဟုတ်လား၊ ဒီလိုပဲသုံးနေကြတာပါပဲဆိုရင်တော့ ကွာခြားချက်တွေရှိပါတယ်။

    (၁) Food safety သမားတွေ၊ စားသုံးသူရေးရာအဖွဲ့တွေက တီကျစ်စာကို ရေနဲ့ဖျော်တဲ့ တီဆေးရည်ကို ပိုမိုနှစ်သက်ပါတယ်။ တီကောင်ရဲ့အစာခြေစနစ်အူလမ်းကြောင်းတလျှောက်မှာနေထိုင်တဲ့ ဘက်တီးရီးယား၊ ပရိုတိုဇိုးဝါးနဲ့ အဏုဇီဝမှိုများ အစရှိတဲ့အကျိုးပြုအဏုဇီဝတွေရဲ့ ခြေဖျက်ခံခဲ့ရတဲ့ တီကျစ်စာတွေမှာ အပင်အတွက် အနည်းလို-အများလိုအာဟာရမျိုးစုံပါဝင်သလို၊ ဗီတာမင်၊ အင်ဇိုင်းနဲ့ ဟော်မုန်းတွေပါဝင်ပါတယ်။ ထို့ပြင် တီကျစ်စာမှာ ပါဝင်တဲ့အဏုဇီဝတွေအများစုက လေရှိတဲ့အခြေအနေမှာပေါက်ပွားအလုပ်လုပ်ကြတဲ့ ဘက်တီးရီးယားတွေဖြစ်တာမို့ မြေဆွေးမြန်မြန်ဖြစ်စေပြီး၊ လူသားတွေအဖို့ အန္တရာယ်ဖြစ်နိုင်ခြေနည်းပါတယ်။ တီကျစ်စာကို ရေထဲထည့်ဖျော်ထားတဲ့အရည်ကို တီဆေးရည်/တီအားဆေးရည်လို့ ခေါ်နိုင်ပါတယ်။ တီကျစ်စာနဲ့ တီဆေးရည်ရဲ့ pH ကလည်း ၆.၈ - ၇.၂ ဖြစ်တာမို့ သီးနှံအစုံမှာ အသုံးပြုနိုင်ပါတယ်။

       (၂) တီကောင်ကန်ရဲ့အောက်ခြေကနေထွက်လာတဲ့ တီစွန့်ပစ်ရည်ကတော့ မည်းနက်နေမယ်၊ အနံ့ဆိုးတွေလည်းထွက်နေမယ်ဆိုရင်တော့ တီကောင်ကထွက်တဲ့အရည်မဟုတ်ပါဘူး။ Phytotoxin အဆိပ်တွေပါဝင်နေတဲ့ အရည်ဖြစ်ပါတယ်။ လူသားတွေအတွက်ဆိုးကျိုးဖြစ်စေတဲ့ အဏုဇီဝတွေပါဝင်နေတဲ့ အရည်ဖြစ်ပါတယ်။ တီကန်ထဲကအစာတွေအထဲမှာ ကောင်းတဲ့အဏုဇီဝရော၊ မကောင်းတဲ့ အဏုဇီဝပါ ရှိနေတာ သဘာဝဖြစ်ပါတယ်။ တီစွန့်ပစ်ရည်ထဲက အဏုဇီဝပိုးအများစုကတော့ လေမရှိတဲ့အခြေအနေမှာပေါက်ပွားတဲ့ကောင်တွေဖြစ်ပြီး ကျွေးထားတဲ့အစာတွေကို မြေသြဇာအဖြစ် မပြောင်းလဲပေးနိုင်ပါဘူး။ တီကောင်ရဲ့အစာခြေစနစ်ကိုမဖြတ်သန်းခဲ့ရတာမို့ အဆိပ်တွေကင်းစင်မနေဘဲ၊ ကန်အောက်ခြေမှာမည်းမှောင်စိုစွတ်နေတဲ့အခါ အဲ့ဒီနေရာက အစာအကြွင်းအကျန်တွေထဲမှာ ပေါက်ပွားကြတာပါ။ Anaerobic bacteria အများစုဟာ အပင်တွေကိုထိခိုက်စေပါတယ်။ တစ်သျှူးတွေကို ပျက်စီးစေသလို၊ အဆိပ်တွေကိုလည်းထုတ်ပါတယ်။ ကျွေးထားတဲ့ကုန်ကြမ်းတွေမှာပါဝင်လာတဲ့ အီကိုလိုင်းတို့ ပရိုတိုဇိုးဝါးတို့ကလည်း ကန်အောက်ခြေမှာ အနည်ကျစုစည်းနေနိုင်တာမို့ ထွက်လာတဲ့အရည်ထဲမှာ လူသားတွေကိုအဆိပ်အတောက်ဖြစ်စေတဲ့ ပိုးတွေအများကြီးပါနိုင်ပါတယ်။ တီစွန့်ပစ်ရည်ရဲ့ pH ကလည်း ၈.၅ ဖြစ်တာမို့ သီးနှံအချို့ကို လောင်စေပါတယ်၊ မြေဆီလွှာရဲ့ pH ကို ထိခိုက်စေပါတယ်။

       ဒါကြောင့်မို့ ဒီအရည်တွေကို အပင်တွေမှာတိုက်ရိုက်မဖျန်းဖို့ တားမြစ်ကြပါတယ်။ တီကန်မှာ အရည်တွေအများကြီးထွက်လာနေပြီဆိုရင်တော့ ရေများနေပြီလို့ သတိရပါ။ အနံ့ဆိုးပါပါနေပြီဆိုရင်တော့ ကန်အောက်ခြေအပေါက်ဖောက်ပစ်ပါ။ တီမွေးကန်ရဲ့ဂေဟစနစ်မကောင်းဘူးဆိုတဲ့ နိမိတ်ပါ။ အစာတွေကို အထက်အောက်လှန်ပေးပါ။ အစာတွေရိပုတ်နေတာတွေရှိနေရင် ဖယ်ရှားပါ။ တီကောင်နည်းနည်းထပ်ထည့်ပေးပါ။

       ကဲ............. ကျွန်တော်တို့ဆီမှာတော့ ဘယ်လိုပဲဖြစ်ဖြစ် ဒီအမည်းရောင်အရည်ကို တီအားဆေးဆိုပြီး သုံးကြတာပါပဲ။ သုံးသင့်မသုံးသင့်ဆိုတာလဲ အခုထိ အငြင်းပွားနေဆဲပါပဲ။ ကျွန်တော့်အမြင်ကတော့ သူ့မှာလည်း အာဟာရတွေပါဝင်တာမို့ သုံးလို့ရပါတယ်။ အနံ့ဆိုးထွက်နေရင်တော့ လုံးဝမသုံးပါနဲ့။ ရေနဲ့ရောစပ်မယ်ဆို အချိုးက ရေဆယ်ဆ၊ တီစွန့်ပစ်ရည်တစ်ဆပါ။ ဒါ‌ပေမယ့် စားသုံးမယ့်သီးနှံတွေကို တိုက်ရိုက်မဖျန်းဖို့ အကြံပေးချင်ပါတယ်။ အလှစိုက်အပင်တွေနဲ့ မြေဆီလွှာအပေါ်ကိုပဲ ဖျန်းပေးစေချင်ပါတယ်။

    ဒါမှမဟုတ် အောက်မှာဖော်ပြထားတဲ့နည်းလမ်းအတိုင်း၊ ငါးမွေးကန်မှာသုံးတဲ့ အောက်ဆီဂျင်ပိုက်တွေထည့်ပြီး အကျိုးပြုအဏုဇီဝတွေ ပြန်ထည့်မွေးပြီးမှ အသုံးပြုစေချင်ပါတယ်။

    ဒီလိုအငြင်းပွားဖွယ် တီစွန့်ပစ်ရည်အစား တီဆေးရည်အစစ်၊ နိုင်ငံတကာမှာတော့ Worm Tea လို့ခေါ်တဲ့အရည်ကို ဖျော်ချင်ရင်တော့ အောက်ပါအတိုင်းဖျော်စပ်နိုင်ပါတယ်။

    - ဖျော်စပ်ပုံကတော့ ရေ (၅)ဂါလံထဲကို တီမြေဆွေးလတ်လတ်ဆတ်ဆတ် ကီလိုဝက်လောက် ထည့်ရမှာဖြစ်ပါတယ်။ ရေက ကလိုရင်း/ပိုးသန့်ဆေးကင်းရပါမယ်။

    - တီမြေဆွေးကီလိုဝက်ကို အိတ်ကြဲထဲထည့်ပြီး ထိပ်ကိုကြိုးချည်၍ (၅)ဂါလံဆန့် ပလပ်စတစ်ပုံးထဲကို ထည့်ပါ (ရေနွေးထဲ လက်ဖက်ခြောက်အိတ်ထည့်ထားသလိုပါ)။

    - တင်လဲရည် သို့မဟုတ် သကြားတစ်ဇွန်းခန့်နှင့် ရေ (၅)ဂါလံထည့်ပေးပါ။

    - ငါးကန်သုံးအောက်ဆီဂျင်ပူဖောင်းထွက်သည့်စက်ကို ပုံးအောက်ခြေထည့်ပြီး (၂၄)နာရီခန့် ဖွင့်ထားပေးခြင်းဖြင့် တီမြေဆွေးထဲမှ လေရှိသည့်အခြေအနေကို နှစ်သက်သည့် အကျိုးပြုအဏုဇီဝများကိုပေါက်ပွားစေရန်ကူညီပေးပါလိမ့်မယ်။

    - တီဆေးရည်ဖျော်ရတာဟာ ဒိန်ချဥ်ပြုလုပ်သလိုပဲမို့ ဖျော်စပ်တဲ့တီမြေဆွေးဟာကောင်းမွန်ပါမှ အဏုဇီဝတွေက ဆေးရည်ထဲ အများကြီးပွားများလာမှာဖြစ်ပါတယ်။

    - အဆိုပါတီဆေးရည် (၅)ဂါလံကို ရေ (၅)ဂါလံဖြင့် ထပ်မံရောစပ်၍ မည်သည့်အပင်မဆို တိုက်ရိုက်ပက်ဖျန်းနိုင်ပါတယ်။

    တီဆေးရည်၏ အာနိသင်

    ..........................................

    - အကျိုးပြုအဏုဇီဝများစွာပါဝင်တာမို့ မြေဆီလွှာအတွင်းကိုထည့်သွင်းပေးရင် များစွာအကျိုးရှိပါတယ်။

    - မြေဆီလွှာအတွင်း၌ အကျိုးပြုအဏုဇီဝများပိုမိုပွားများရန် လှုံ့ဆော်အားပေးပါတယ်။

    - အာဟာရများ၊ အင်ဇိုင်းနဲ့ ဟော်မုန်းများပါဝင်ပါတယ်။

    - အပင်တွေကိုထိခိုက်စေတဲ့ Anaerobic microbe တွေ မပွားများအောင် ဆောင်ရွက်ပါတယ်။

    - တီမြေဆွေးထက် အကျိုးသက်ရောက်မှုမြန်ဆန်ပါတယ်။

    - အပင်ရဲ့ခုခံအားစနစ်ကို ကောင်းမွန်စေပြီး ရောဂါပိုးများနဲ့ ဖျက်ပိုးအချို့ကို တားဆီးခုခံနိုင်ပါတယ်။

    - အရွက်နဲ့အဖူးတွေအပေါ်မှာ အလွှာတစ်ခုအဖြစ် ရောဂါဖြစ်စေတဲ့ သက်ရှိများနဲ့ ဖျက်ပိုးများကျရောက်မှုမှ ကာကွယ်နိုင်ပါတယ်။


    ဒေါက်တာဝဏ္ဏထွန်း

    ---

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - https://htwettoe.com/download


  • article
likes8comments0
views160views4007