cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

စပါးတမျိုးတည်း စိုက်တာများလာရင် ဘာဖြစ်လာနိုင်လဲ?

. မြေဆီလွှာ
ဆောင်းပါးဖတ်ရှုပြီး ဖုန်းဘေကံစမ်းပါ။
  • စပါးသီးနှံ တစ်မျိုးတည်းကို နှစ်ရှည်ကြာဆက်တိုက် စိုက်ပျိုးခြင်း၊ မိုးစပါး၊ နွေစပါး နှစ်ရှည်ကြာဆက်တိုက် စိုက်ပျိုးခြင်းကြောင့် မြေဆီလွှာ အတွင်း ဖြစ်ပေါ်ပြောင်းလဲသွားမှု ဆိုးကျိုး ပရိယာယ်များနှင့် ကြုံကြရသည်။

    အဓိကလိုအပ်သော အာဟာရဓာတ်များ ချို့တဲ့လာခြင်း၊ သီးနှံပင် အဆိပ်သင့်ခံရခြင်း၊ လွန်ကဲသော ပိုးမွှားရောဂါကျရောက် ဖျက်ဆီးမှု ခံရခြင်း၊ မြေဆီလွှာ၏ ရူပဂုဏ်သတ္တိ၊ ဓာတ်ဂုဏ်သတ္တိနှင့် ဇီဝဂုဏ်သတ္တိများ ပျက်စီးလာခြင်း၊ မြေကျွံခြင်း၊ မြေကြပ်ခြင်း၊ မြေချဉ်ခြင်း၊ စပါးအထွက်နှုန်း အပြင် သီးထပ်စိုက်မည့် ပဲမျိုးစုံ၊ ဆီထွက်သီးနှံများပါ အထွက်နှုန်းလျော့ကျလာခြင်း ဆိုးကျိုးတရားများနှင့် ကြုံတွေ့လာရသည်။ ရေဆင်း စိုက်ပျိုးရေး သုတေသန ဦးစီးဌာန၏စပါးသီးနှံ ရှစ်နှစ်ကြာဆက်တိုက် စိုက်ပျိုးခြင်းဖြင့် တွေ့ရှိသော သုတေသနရလဒ်က သက်သေထူနေပါသည်။

    ဤစမ်းသပ်တွေ့ရှိချက်တွင် ယူရီးယား မြေသြဇာကို တစ်မျိုးတည်း ဆက်တိုက် ထည့်သွင်းအသုံးပြုခြင်းသည် နှစ်ကြာလာသည်နှင့်အမျှမြေ၏ ဂုဏ်သတ္တိများ ပျက်သုဉ်းစေပြီး သီးနှံအထွက်နှုန်းကို ပိုမိုထိခိုက်စေသည်ဟု ပြောပါသည်။ သို့အတွက် ယူရီးယားမြေသြဇာကို ဖော့(စ်)ဖရပ်(တီစူပါ)၊ ပိုတက်(ရှ်) မြေသြဇာများဖြင့် အချိုးကျသုံးစွဲရန် ထောက်ခံထားပါသည်။

    စပါးကို နှစ်စဉ်ဆက်တိုက် ကြာရှည်စွာ စိုက်ပျိုးရာတွင် လိုအပ်သော ဓာတ်မြေသြဇာများ လုံလောက်သည့် ပမာဏ မထည့်သွင်းခြင်း၊ သဘာဝမြေသြဇာများ လုံးဝမထည့်သွင်း ခြင်းဖြစ်ပါက မြေ၏ ပျက်စီး ဆုံးရှုံးမှုများ ပိုမိုဖြစ်ပေါ်စေသည်ကို ဂရုမူသင့်ကြပါသည်။

    အဓိကမှာ မြေဆီလွှာအတွင်း ပရိယာယ်ဆန်ဆန် အဓိကဓာတ်များ ယုတ်လျော့ခြင်း၊ ချို့တဲ့ခြင်း၊ အနည်းလို အာဟာရဓာတ်များ လျော့နည်းခြင်း၊ ချို့တဲ့ခြင်း၊ တချို့ဓာတ်များ၏ အဆိပ်သင့်မှုကို ခံရခြင်းများပင် ဖြစ်သည်။ ဤသို့ဆိုလျှင် သီးနှံပင်များ ဖြစ်ထွန်းအောင်မြင်မှုမှာ အလွန်ဆိုးရွားစွာပင် ခံစားကြရပေသည်။ နိုက်ထ ရိုဂျင်ဓာတ်သည် စပါးနှင့် သီးနှံများအတွက် မရှိမဖြစ်လိုအပ်သည့် ဓာတ်ဖြစ်ပါသည်။ သို့သော် နိုက်ထရိုဂျင်ဓာတ်ကို လွန်ကဲစွာ သုံးစွဲမိပါက အပင်ကို လောင်စေသည်။ မြေချဉ်မှုဖြစ်ပေါ်စေသည်။ မြေပျက်သုဉ်းသွားစေနိုင်ပါသည်။

    စပါးတွင် နိုက်ထရိုဂျင်ဓာတ်ကို မလိုအပ်လျှင် မကျွေးဘဲထားနိုင်ပါသည်။ စပါးပင်သည် နိုက်ထရိုဂျင်ဓာတ် လို၊ မလို သိရှိနိုင်ရန် အရွက်အရောင်တိုင်းကဒ် အသုံးပြုတိုင်းတာနိုင်ပါသည်။ အရွက် အရောင်တိုင်းကဒ်နှင့် တိုင်းတာပါက ကဒ်၏ ညွှန်းကိန်း ၃-၄ အဆင့်ပြနေပါက နိုက်ထရိုဂျင်ဓာတ် ထည့်စရာမလိုသေးပါ။

    တောင်သူလယ်သမား အများစုသည် နိုက်ထရိုဂျင်ဓာတ်အတွက် ယူရီးယားမြေသြဇာကို အသုံးပြုကြပါသည်။ ယူရီးယားမြေသြဇာ တစ်အိတ်သုံးတိုင်း သဘာဝမြေဆွေး သုံးအိတ်နှင့် ရောနှော အသုံးပြုခြင်းဖြင့် မြေသြဇာလေလွင့် ပျောက်ဆုံးမှုကို ကာကွယ်နိုင်ပါသည်။

    နိုက်ထရိုဂျင်ဓာတ် ချို့တဲ့လျှင် အပင်ကြီးထွားဖွံ့ဖြိုးမှု ရပ်တန့်စေပါသည်။ အရွက်ဟောင်းများ ရွက်ပြားကျဉ်းပြီး တို၍ထောင်မတ်နေပါသည်။ အပင်ပွားမှု နည်းစေပါသည်။ နိုက်ထရိုဂျင်ဓာတ် ချို့တဲ့လွန်းပါက အရွက်များခြောက်၍ အပင်သေသွားပါသည်။ ဖော့(စ်)ဖရပ်ဓာတ် ချို့တဲ့လျှင် အပင်ကြီးထွားမှု ရပ်တန့်စေပြီး ပင်ပွားနည်းစေပါသည်။ ရွက်ရင့်၊ ရွက်ဟောင်းများ ကျန်းမာသန်စွမ်းနေပါသည်။

    ဖော့(စ်)ဖရပ်ဓာတ်ချို့တဲ့လွန်းပါက အရွက်ရင့်၊ အရွက်ဟောင်းများ အညိုရောင်သို့ပြောင်းပြီး ခြောက်သေသွားပါသည်။ ပိုတက်ရှ်ဓာတ်ချို့တဲ့လျှင် စပါးပင်ကြီးထွားမှုနှေးပြီး အပင်ပွားမှုနည်းစေပါသည်။ အရွက်များလိပ်၍ အစိမ်းပုပ်ရောင် ဖြစ်နေပါသည်။ အရွက်ဟောင်းများ ထိပ်ဖျားမှစတင်ဝါပြီး အညိုဖျော့ ရောင်ပြောင်းကာ ခြောက်သေသွားပါသည်။

    အစိမ်းပုပ်ရောင်အရွက်များပေါ်တွင် အညိုရောင်အစက် အပြောက်များ တွေ့ရပြီး အနှံများ အဆံမပြည့်ဘဲ အဖျင်းဖြစ်စေပါသည်။ မြေဆီလွှာအတွင်းတွင် ပိုတက်စီယမ်၊ ကယ်လ်စီယမ်၊ မဂ္ဂနီစီ ယမ်ဓာတ်များသည် မြေတွင်းမှ ရေငွေ့ပျံသည့်ပမာဏထက် မိုးရွာ၊ နှင်းကျခြင်း ပမာဏများပါက မြေတွင်းသို့ စိမ့်ဝင်ပျောက်ဆုံးမှု ပိုဖြစ်ပါသည်။

    ၎င်းတို့အနက် ပိုတက်စီယမ်ဓာတ်သည် ပိုမိုစိမ့်ဝင် ပျောက်ဆုံးမှု ဖြစ်ပေါ်ပါသည်။ ဤသို့ဖြစ်စဉ်ကြောင့် ပိုတက်စီယမ်ဓာတ် ချို့တဲ့မှုဖြစ်ပေါ်စေပါသည်။ ထို့ပြင် ပိုတက်စီယမ် ဓာတ်သည် မြေဆီလွှာအတွင်း၌ ဓာတ်ဖိုအိုင်းယွန်းအဖြစ် တည်ရှိနေသဖြင့် ပိုတက်စီ ယမ်ဓာတ်မြေအောက်သို့ စိမ့်ဆင်းလျော့ပါးသွားသော နေရာတွင် ရေမှပြိုကွဲလာသော ဟိုက်ဒရိုဂျင်အိုင်းယွန်းများက အစားထိုးဝင်ရောက် နေရာယူသဖြင့် မြေ၏ ချဉ်ငန်ကိန်းနိမ့်စေပြီးမြေချဉ်ဖြစ်ပေါ်စေပါသည်။

    တောင်သူလယ်သမားကြီးများ သတိထားရမည့် အချက်ဖြစ်ပါသည်။ ကယ်လ်စီယမ်ဓာတ် ချို့တဲ့လျှင် စပါးရွက်များ အဖြူရောင်ဖြစ်ပြီး တွန့်လိမ်နေပါသည်။ အပင်ကြီးထွားချိန်တွင် ခြောက်သေသွားသည်။

    မဂ္ဂနီစီယမ်ဓာတ် ချို့တဲ့ပါက စပါးပင်ကြီးထွားမှု၊ အပင်ပွားမှု ထိခိုက်စေပါသည်။ အရွက်များတွင် လိမ်ကောက်ကွေး၍ အောက်ရွက်များ လိမ္မော်ရောင်ပြောင်းကာ ခြောက်သေသွားပါသည်။ ဆာလ်ဖာဓာတ်ချို့တဲ့ပါက စပါးရွက်များ တစ်ပင်လုံးဝါစေပါသည်။ အပင်ပုစေသည်။

    အနှံကုပ်မလွတ်စေဘဲ အနှံထွက်နောက်ကျစေပါသည်။ တစ်နှံပါအောင်စေ့လည်း နည်းသွားစေပါသည်။ ဆာလ်ဖာဓာတ်ချို့တဲ့သော လယ်မြေများကို နွေထယ်ရေးထိုး၍ မြေလှန်ထားရန် လိုအပ်ပါသည်။ သွပ်ဓာတ်၊ သံဓာတ်၊မဂ္ဂနီး(စ်)ဓာတ်၊ ဘိုရွန်ဓာတ်၊ ကော့ပါးဓာတ်၊ ဆီလီကာဓာတ်တွေ ချို့တဲ့ပါက အပင်ကြီးထွားမှုညံ့ပြီး အထွက်လည်း သိသိသာသာ လျော့စေတာ တွေ့ရပါသည်။

    မြန်မာနိုင်ငံရှိ လယ်မြေများမှာ သွပ်ဓာတ်ချို့တဲ့တာ တွေ့ရပါသည်။ အထူးသဖြင့် မြေငန်၊ ရေဝပ်မြေ၊ ဆားပေါက် မြေတွေမှာ သွပ်ဓာတ်ချို့တဲ့မှု ပိုဖြစ်တာတွေ့ရပါသည်။ သွပ်ဓာတ်ချို့တဲ့သော လယ်မြေအတွက် ဇင့်ဆာလ်ဖိတ် တစ်ဧကသုံး ပေါင်နှုန်း ထည့်ပေးနိုင်ပါသည်။ ဇီဖာမြေသြဇာ ၉၀ ဂရမ်ကို ရေနဲ့ဖျော်ပြီး စပါးမ စိုက်မီပျိုးပင်များ၏ အမြစ်များကို ဖျော်ရည်တွင် စိမ်၍ စိုက်ပျိုးပါက သွပ်ဓာတ်ချို့တဲ့မှုများကို ကုစားနိုင်ပါသည်။ အပင်များ သံဆိပ်သင့်ခြင်းမှာ မြေချဉ်သောမြေများတွင် ပို၍ဖြစ်ပေါ်စေပါသည်။

    အဆိပ်သင့်ခံရပါက စပါးပင်နီပြီး တိုနေတတ်ပါသည်။ လယ်သမားကြီးများက နီတို ဖြစ်သည်ဟု ပြောကြပါသည်။ သံဆိပ်သင့်ခံရပါက စပါးပင်ရွက်များမှစပြီး အညိုအစက်အပြောက်များ ဖြစ်ပေါ်စေပါသည်။ ညိုစက်များ တဖြည်းဖြည်းကျယ်ပြန့်လာပါက တစ်ခုနှင့်တစ်ခု ပေါင်းစပ်သွားပါသည်။ သံဆိပ်သင့်မှု ပြင်းထန်ပါက စပါးရွက်လည်ကြောများ ခရမ်းညိုရောင်သို့ ပြောင်းသွားပါသည်။ သံဆိပ်သင့်ခံရသော လယ်မြေကို မြေချဉ်ငန်ကိန်းမနိမ့်စေရန် သတိပြုရန် လိုပါသည်။

    သံဆိပ်သင့်ခံရသော လယ်မြေကို မြေချဉ်ငန်ကိန်းမနိမ့်စေရန် သတိပြုရန် လိုပါသည်။ နွေထယ်ရေး မဖြစ်မနေလှန်ပါ။ ထုံးထည့်ပါ။ ရေဝပ်လျှင် ရေထုတ်ပစ်ပါ။ ပိုတက်စီယမ်မြေသြဇာ မချို့တဲ့စေရန် အထူးသတိပြုရန် လိုပါသည်။

    ဘိုရွန်ဓာတ် အဆိပ်သင့်ပါက စိုက်ပျိုးပြီး ခြောက်ပတ်အကြာမှာ အရွက်ထိပ်ဖျားများ အဝါရောင်စဖြစ်ပေါ်ပါသည်။ အဆိပ်သင့်မှု လွန်ကဲလာပါက နောက်နှစ်ပတ်မှ လေးပတ် အကြာတွင် ရွက်နားတစ်လျှောက် အရောင်မညီ ကွက်ကြားတဖြည်းဖြည်းညိုမဲလာပြီး ညိုမှောင်ရောင်ဖြစ်သွားပါသည်။ ရေဝပ်ပါက ရေထုတ်ပစ်ရန် နွေထယ်ရေးလှန်ထားရန် လိုအပ်ပါသည်။ ဘိုရွန် ဓာတ်ချို့တဲ့မှုကို ပရဆေးသုံး လဲချားအမှုန့်ကို ရေဖျော်ဖျန်း၍ ကုစားနိုင်ပါသည်။

    သို့ပါ၍ တောင်သူ လယ်သမားကြီးများ အနေနှင့် မိုးစပါးတစ်သီး၊ မိုးစပါး၊ နွေစပါး သီးထပ်နှစ်ကြာရှည်စွာ ဆက်တိုက်စိုက်ပျိုးသော လယ်မြေများတွင် မြေဆီလွှာဂုဏ်သတ္တိများ ပျက်သုဉ်းခြင်း၊ မြေချဉ်ခြင်း၊ မြေဆီလွှာအတွင်း အာဟာရဓာတ်များ ယုတ်လျော့ခြင်း၊ ချို့တဲ့ခြင်း၊ အဆိပ်သင့်ခြင်းများ မဖြစ်ပေါ်စေရန်အတွက် ဓာတ်မြေသြဇာများ အချိုးကျအသုံးပြုခြင်း၊ သဘာ၀ မြေသြဇာများထည့်ခြင်း၊ မှန်ကန်သော သီးနှံ ပုံစံများ ချမှတ်ဆောင်ရွက်ခြင်းများကို မဖြစ်မနေ ဆောင်ရွက်ကြပါရန် တိုက်တွန်းလိုက်ရပါသည်။

    - အောင်ဆန်း(စိုက်ပျိုးရေး)

    မြန်မာတောင်သူကြီးများ ဂျာနယ်


    ဉာဏ်စမ်းဖြေဆိုရန်လင့်

     https://htwettoe.com/post/46402

    --------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - https://bit.ly/htwettoev2


  • article
likes18comments5
views788views3479