cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ကြက်သွန်ဖြူ သိကောင်းစရာ🧄🧄

. ကျန်းမာရေးဆောင်းပါးများ
ကြက်သွန်ဖြူသည် ဆီး၊ဝမ်းကိုရွှင်စေသည့်အပြင် ခွန်အားလည်းဖြစ်စေသည်။ မျက်စိကိုလည်းအကျိုးပြုပါသည်။ သွေး၊ သည်းခြေကိုလည်းတိုးပွားစေကာ လေနှင့် သလိပ်ကိုလည်းနိုင်ပါသည်။ အစိမ်းစားခြင်းဖြင့် ကျန်းမာရေးကောင်းကျိုးရရှိပါသည်။ ကြက်သွန်ဖြူကို ရှေးယခင်ကတည်းကပင် ပိရမစ် များတည်ဆောက်သည့်အခါ အိုလံပစ်အပြေးပြိုင်ပွဲများဝင်ရောက်ယှဉ်ပြိုင်ပွဲများတွင် သက်လုံကောင်းစေရန်သုံးစွဲခဲ့ကြပြီး အနောက်တိုင်းဆေးပညာ၏ ဖခင်ကြီးဖြစ်သည့် ဟစ်ပိုခရေးတီးကရောဂါကာကွယ်ကုသရန်အတွက်သုံးစွဲခဲ့ပါသည်။ ယနေ့ကမ္ဘာတွင်လည်း အသုံးအများဆုံးဟင်းခတ်အမွေးအကြိုင်တစ်ခုအဖြစ်ရှိနေပါသည်။
  • မြန်မာနိုင်ငံတွင် ကြက်သွန်ဖြူကို ရှမ်းပြည်နယ်၌ အများဆုံးစိုက်ပျိုးပြီး လွန်ခဲ့သောနှစ်ပေါင်း(၁၀၀)ကျော်မှစတင်၍ စိုက်ပျိုးထုတ်လုပ်လာခဲ့ကြကာ မိရိုးဖလာလုပ်ငန်းအဖြစ်စိုက်ပျိုးခဲ့ကြပါသည်။ ယခုအခါတွင်မူ ပအိုဝ်းတိုင်းရင်းသားများ အများဆုံးစိုက်ပျိုးသောသီးနှံတစ်ခုဖြစ်ပါသည်။ မြန်မာလူမျိုးတို့သည် ဟင်းလျာများတွင် ဟင်းခတ် အမွေးအကြိုင်အဖြစ်လည်းကောင်း၊ တိုင်းရင်းဆေးအဖြစ်လည်းကောင်း သုံးစွဲခဲ့ကြပါသည်။ မြန်မာနိုင်ငံ၏ ကြက်သွန်ဖြူ (သီးနှံ) အမျိုးအစားအနေဖြင့် တရုတ်မျိုးနှင့် ရှမ်း (တောင်မျိုး) ဟူ၍နှစ်မျိုးရှိပါသည်။ တရုတ်မျိုးသည် ကြက်သွန်ဖြူဥအရွယ်အစားပိုကြီးပြီး အခွံအနီရောင်မျိုးဖြစ်သည်။ ဒေါင်းဥနီအခွံပြာရောင်၊ ဒေါင်းဥဖြူ၊ ဥမွှာဟူ၍ အဆင့် (၃) မျိုးခွဲခြားထားပါသည်။ ဒေါင်းဥနီသည် အခွံအပြာရောင်၊ ဒေါင်းဥဖြူသည် အခွံအဖြူရောင်၊ သာဆိုင်အမွှာသည် အခွံအဖြူရောင်ရှိပါသည်။ ကြက်သွန်ဖြူသည် ရှမ်းပြည်နယ် (တောင်ပိုင်း) တွင် နှစ်စဉ် စိုက်ပျိုးဧကသုံးသောင်းကျော်၊ လေးသောင်းနီးပါးစိုက်ပျိုးထုတ်လုပ်ပါသည်။ ကြက်သွန်ဖြူအား တောင်ကြီးမြို့နယ်၊ ပင်လောင်းမြို့နယ်နှင့် ဟိုပုံးမြိုု့နယ်တို့တွင် အများဆုံးစိုက်ပျိုးကြပြီး ကျန်မြို့နယ်များတွင် အနည်းငယ်စီစိုက်ပျိုးကြပါသည်၊ ကြက်သွန်ဖြူအပင်သည် အအေးကြိုက်သည့်သီးနှံဖြစ်ပြီး နေ့အပူချိန် (၄၀) ဒီဂရီစင်တီဂရိတ်ကျော်လျှင် အပင်မဖြစ်ထွန်းတော့ချေ။ အစိုဓာတ်ရှိသော မြေအမျိုးအစားအများစုတွင် စိုက်ပျိုးနိုင်သည်။ မြေချဉ်ငန်ကိန်း PH (၅.၅ - ၆.၀) ရှိ မြေများကိုကြိုက်ပြီး မြေချဉ်ငန်ဓာတ်မြင့်မားသော မြေမျိုးကို ကြိုက်နှစ်သက်ခြင်းမရှိပါ။ 

    ကြက်သွန်ဖြူကို သီတင်းကျွတ်၊ တန်ဆောင်မုန်းလများ (အောက်တိုဘာနှင့် နိုဝင်ဘာလ) များတွင် စတင်စိုက်ပျိုးကြသည်။ တစ်နှစ်လျှင် တစ်ကြိမ်သာစိုက်ပျိုးသည့်သီးနှံဖြစ်သည်။ သက်တမ်း (၄) လကြာ၊ ဖေဖေါ်ဝါရီလအကုန်နှင့် မတ်လများတွင်ထွက်ရှိသည်။ စိုက်ပျိုးချိန်ပေါ်မူတည်၍ သင်္ကြန်ပတ်ဝန်းကျင် (ဧပြီလဆန်း) သည် ကြက်သွန်ဖြူများလှိုင်လှိုင်ထွက်ရှိသည့်ကာလဖြစ်ပါသည်။ 

    ကြက်သွန်ဖြူသည် ရေဝပ်နေလျှင် ပုပ်၍ရိတတ်သဖြင့် ပေါင်းတင်ပြီးစိုက်ပျိုးရသည်။ နှင်းခါးရိုက်လျှင် ကောက်ရိုး (သို့မဟုတ်) မြက်ခြောက်တို့ကို လေးလက်မ၊ ခြောက်လက်မအထူထိအောင်ဖုံးပေးရသည်။ အေးခဲလိုက်၊ ပူလိုက်ဖြစ်လျှင် ဥများမှာ မြေပေါ်သို့တက်လာတတ်သည်။ အပင်မှ အရွက်သုံးရွက်ထွက်လာလျှင် နိုက်ထရိုဂျင်ဓာတ်မြေဩဇာစတင်ထည့်ပေးရပြီး ဥစတင်ဖြစ်ပေါ်လာချိန်အထိ တစ်လလျှင် တစ်ကြိမ်နှုန်းထည့်ပေးရသည်။ ဥကြီးကြီးဖြစ်စေရန် ပေါင်းမြက်ကို ပြောင်စင်အောင်ရှင်းလင်းပေးရသည်။ ဥများကို ကောက်ရိုးတစ်လက်မ (သို့မဟုတ်) နှစ်လက်မဖုံးပေးထားခြင်းဖြင့် မြေဆီလွှာအစိုဓာတ်ညီမျှခြင်း၊ ပေါင်းမြက်သက်သာခြင်း၊ မြေကြီးမပူဘဲ အေးနေခြင်း စသည့်အကျိုးများရရှိမည်ဖြစ်သည်။ တစ်ပတ်လျှင် တစ်ကြိမ်ရေပေးသွင်းရမည်။ ရာသီဥတုပူပြင်းပါက (၄/၅) ရက်ခြားလျှင် တစ်ကြိမ်ရေသွင်းရမည်။ အပင် (၂) လသားအရွယ်တွင် ရေသွင်းခြင်းကိုလုံးဝရပ်လိုက်ရမည်။ ကြက်သွန်ဖြူအမြိတ်များ တစ်ဝက်ခန့်အဝါရောင်သန်းပြီး ညှိုးနွမ်းလာလျှင် ရေပေးသွင်းမှုကိုရပ်ဆိုင်းထားပြီး အရွက်များကိုဖြတ်ပေးရသည်။ အကွက်ထဲတွင် တစ်ပတ်ခန့်ထားပေးရသည်။ ထို့နောက် ဥများကိုမြေဆွ၍ တူးဖော်ရသည်။ ဥတွင်ကပ်နေသောမြေများကိုခါချပြီး လေဝင်/လေထွက်ကောင်းစေရန်အတွက် အေးသောအရိပ်တွင် ချိတ်ဆွဲထားရသည်။ (၁၀) ရက်မှ (၁၅)ရက်ခန့်အကြာတွင် အရွက်များခြောက်သွေ့လာပါက ဥအပေါ်၌ လက်မဝက်ခန့်ရိုးတံချန်ပြီး ကျန်အရွက်တို့ကိုကိုက်ဖြတ်ပစ်ရသည်။ ထို့ပြင် ဥများကို စကာပေါက်အိတ်တွင်ထည့်၍ အပူချိန် ၄၀ဒီဂရီဖာရင်ဟိုက်မှ ၅၀ဒီဂရီဖာရင်ဟိုက်ခန့်တွင် သိုလှောင်နိုင်ပြီဖြစ်သည်။ ဇက်မာသော ကြက်သွန်မျိုးကို ခြောက်လအထိသိုလှောင်ထားနိုင်ပြီး ဇက်ပျော့သောမျိုးကို ကိုးလအထိသိုလှောင်ထားနိုင်သည်။ ကြက်သွန်ဖြူကိုသိုလှောင်ရာတွင် အပင်လိုက်ချိတ်ဆွဲ၍သော်လည်းကောင်း၊ အိတ်နှင့်ထည့်ပြီး စီထပ်၍သော်လည်းကောင်း၊ ပွဲရုံအတွင်း စုပုံ၍သော်လည်းကောင်း သိုလှောင်ကြပါသည်။ စတင်သိုလှောင်ချိန်မှာ ဇွန်လမှစတင်ကာ ဒီဇင်ဘာလ၊ ဇန်နဝါရီလများအထိဖြစ်ပါသည်။ ကာလကြာသည်နှင့်အမျှ ကြက်သွန်ဖြူများမှာ တဖြည်းဖြည်းပိန်ခြောက်လာသည်။ 

    ကြက်သွန်ဖြူမှာ အနံ့စူးရှပြီး စပ်ဖျဉ်းဖျဉ်းအရသာရှိသော်လည်း ဟင်းထဲထည့်ချက်ပါက ချိုသည့်အရသာရှိပါသည်။ ကြက်သွန်ဖြူသည် ဆီး၊ဝမ်းကိုရွှင်စေသည့်အပြင် ခွန်အားလည်းဖြစ်စေသည်။ မျက်စိကိုလည်းအကျိုးပြုပါသည်။ သွေး၊ သည်းခြေကိုလည်းတိုးပွားစေကာ လေနှင့် သလိပ်ကိုလည်းနိုင်ပါသည်။ အစိမ်းစားခြင်းဖြင့် ကျန်းမာရေးကောင်းကျိုးရရှိပါသည်။ ကြက်သွန်ဖြူကို ရှေးယခင်ကတည်းကပင် ပိရမစ် များတည်ဆောက်သည့်အခါ အိုလံပစ်အပြေးပြိုင်ပွဲများဝင်ရောက်ယှဉ်ပြိုင်ပွဲများတွင် သက်လုံကောင်းစေရန်သုံးစွဲခဲ့ကြပြီး အနောက်တိုင်းဆေးပညာ၏ ဖခင်ကြီးဖြစ်သည့် ဟစ်ပိုခရေးတီးကရောဂါကာကွယ်ကုသရန်အတွက်သုံးစွဲခဲ့ပါသည်။ ယနေ့ကမ္ဘာတွင်လည်း အသုံးအများဆုံးဟင်းခတ်အမွေးအကြိုင်တစ်ခုအဖြစ်ရှိနေပါသည်။ 

    မြန်မာနိုင်ငံတွင်လည်း ကြက်သွန်ဖြူကို အစိမ်းလိုက်စားသုံးခြင်း၊ ဟင်းလျာတို့တွင် အမွှေးအကြိုင်အဖြစ် ထုထောင်း၍ထည့်ခြင်း၊ လက်ဖက်၊ ချင်းသုပ်တို့တွင် အစိမ်းလိုက်ထည့်ခြင်း၊ ကြော်၍ထည့်ခြင်းများပြုလုပ်၍စားသုံးကြပါသည်။ အစိမ်းစားခြင်းဖြင့် ကျန်းမာရေးကောင်းကျိုးကိုရရှိပါသည်။ ကြက်သွန်ဖြူတွင်ပါသည့် (allicin) ပူရှိန်းရှိန်းဓာတ်သည် ရောဂါပိုးကိုသေစေသည့်အပြင် အရောင်ကျစေသောအစွမ်းလည်းရှိပါသည်။ ထိခိုက်ဒဏ်ရာရရှိသည့်အခါ ကြက်သွန်ဖြူကိုကျိတ်၍ အုံပေးနိုင်ပါသည်။ ထို့ကြောင့် ကြက်သွန်ဖြူမှာ အလွန်ဆေးဘက်ဝင်သည့်သီးနှံဖြစ်ပြီး ကျန်းမာရေးအတွက် များစွာအကျိုးရှိသောသီးနှံဖြစ်ပါသည်။ ကြက်သွန်ဖြူကို တစ်ပတ်လျှင် နှစ်ကြိမ်စားပေးရုံဖြင့် အဆုတ် ကင်ဆာဖြစ်ပွားမှုကို (၄၄) ရာခိုင်နှုန်းထိလျော့နည်းစေသည်။ လေထုညစ်ညမ်းသည့်နေရာများ၊ စက်ရုံ၊ အလုပ်ရုံတို့တွင် အလုပ်လုပ်သူများ၊ ဆေးလိပ်သောက်သူများသည် ကြက်သွန်ဖြူကိုပိုမိုစားပေးသင့်ပါသည်။ ထို့ပြင် ကြက်သွန်ဖြူတွင်ပါဝင်သည့် ဆာလ်ဖာဓာတ်သည် ဦးနှောက်အကျိတ်များ၊ ဦးနှောက်ကင်ဆာဆဲလ်များကိုထိန်းချုပ်နိုင်သော အာနိသင်ရှိကြောင်းလည်းတွေ့ရပါသည်။ 

    ဘေးထွက်ဆိုးကျိုးအနေဖြင့် ကြက်သွန်ဖြူအနံ့နံခြင်းဖြစ်ပါသည်။ စားပြီးပါက ပါးစပ်နံပါသည်။ သို့ရာတွင် ကြက်သွန်ဖြူကို ကျန်းမာရေးအတွက် ကောင်းကျိုးရှိသည်ဟု ယူဆကြသူများအတွက် အနံ့ဆိုးသောကြက်သွန်ဖြူကို နည်းအမျိုးမျိုးဖြင့် ခန္ဓာကိုယ်ထဲရောက်အောင် ပြုလုပ်စားသုံးကြပါသည်။ တချို့က ပျားရည်ဖြင့်စိမ်ပြီး နှပ်သောက်ကြသည်။ သံပရာရည်ထဲ ထည့်သောက်သူများလည်းရှိသည်။ တချို့က ဟင်း ချက်တိုင်း အမြဲထည့်ချက်စားကြသည်။ သို့သော် သီအိုရီအရ မမှန်ကန်ပါ။ ဟင်းများတွင် ထည့်ချက်စားသည့်ကြက်သွန်ဖြူသည် အရသာအတွက်ဖြစ်ပြီး ကြက်သွန်ဖြူကိုအပူပေးရုံဖြင့် အစွမ်းသတ္တိမှာ သိသိသာသာလျော့နည်းသွားပါသည်။ ထို့ကြောင့် ကျန်းမာရေးအရ စားမည်ဆိုလျှင် အစိမ်းစားသာလျှင် အာနိသင်ရှိမည်ဖြစ်ပါသည်။ 

    ကြက်သွန်ဖြူတွင် အောက်ပါအရည်အသွေးများရှိကြောင်းတွေ့ရှိရပါသည်- 

    မကောင်းသော ကိုလက်စထရောကို လျှော့ချပေးခြင်း 

    သွေးကြော မာခဲပိတ်ရောဂါကာကွယ်ခြင်း 

    သွေးတိုးရောဂါ မဖြစ်ပွားစေရန် အထောက်အကူပြုခြင်း၊ 

    ဓာတ်တိုးဆန့်ကျင်သည့်သတ္တိနှင့် နှလုံးသွေးကြောကာကွယ်သောသတ္တိရှိခြင်း၊ 

    ရောင်ရမ်းမှုကိုလျှော့ချပေးနိုင်ခြင်း၊ 

    ရောဂါပိုးများကိုနိုင်နင်းခြင်း၊ 

    ကင်ဆာရောဂါများကိုကာကွယ်ပေးခြင်း၊ 

    သံဓာတ်ဇီဝဖြစ်ပျက်မှုကိုကောင်းမွန်စေခြင်း၊ 

    ကိုယ်ခံအားကိုကောင်းမွန်စေခြင်း၊ 

    ကြက်သွန်ဖြူတွင်ပါဝင်သော အာဟာရဓာတ်နှုန်းများမှာ အစိုဓာတ် ၆၂.၈၂%၊ ပရိုတင်းဓာတ် ၆.၃%၊ အဆီဓာတ် ၀.၁%၊ သတ္တုဓာတ် ၁%၊ ဖိုင်ဘာဓာတ် ၀.၈%၊ ကာဗိုဟိုက်ဒရိတ် ၂၉%၊ ထုံးဓာတ် ၀.၁၃%၊ မီးဆုံးဓာတ် ၀.၃၁%တို့ပါဝင်ကြောင်း ဓာတ်ခွဲတွေ့ရှိရသည်။ 

    ရှမ်းပြည်နယ်တောင်ပိုင်းတွင် စိုက်ပျိုးဖြစ်ထွန်းသော အဓိကသီးနှံတစ်မျိုးဖြစ်သည့်ကြက်သွန်ဖြူမှာ အထက်ဖော်ပြပါဂုဏ်သတ္တိများ၊ အရည်အသွေးများရှိခြင်း၊ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေသည့်သီးနှံဖြစ်ခြင်းတို့ကြောင့် စားသုံးသူများအနေဖြင့် ပြည်ပမှတင်သွင်းသည့် တရုတ်ကြက်သွန်ဖြူ (ကြူကုတ်) အစား ပြည်တွင်း၌ စိုက်ပျိုးထုတ်လုပ်သည့် ဒေသထွက်ရှမ်းကြက်သွန်ဖြူကိုသာ စားသုံးသင့်ပါကြောင်း တင်ပြလိုက်ရပါသည်။ 

    Source: Department of Consumer Affairs 

    https://www.doca.gov.mm/my/node/11134 


  • article
likes13comments0
views129views2867