cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ရာဘာအစေးလှီးခြံတွင်ဖြစ်လေ့ဖြစ်ထရှိသော အစေးခြစ်းလမ်းကြောင်းဆိုင်ရာရောဂါ (သို့) အခေါက်၌ဖြစ်သောရောဂါအကြောင်း

. ရောဂါ
ဒီနေ့ကျွန်တော်မျှဝေပေးမဲ့အကြောင်းအရာကတော့ ရာဘာအစေးလှီးခြံတွင်ဖြစ်လေ့ဖြစ်ထရှိသော အစေးခြစ်းလမ်းကြောင်းဆိုင်ရာရောဂါ (သို့) အခေါက်၌ဖြစ်သောရောဂါအကြောင်းဘဲဖြစ်ပါတယ်။
  • article
  • အားလုံးမင်္ဂလာပါဗျ

    ဒီနေ့ကျွန်တော်မျှဝေပေးမဲ့အကြောင်းအရာကတော့ ရာဘာအစေးလှီးခြံတွင်ဖြစ်လေ့ဖြစ်ထရှိသော အစေးခြစ်းလမ်းကြောင်းဆိုင်ရာရောဂါ (သို့) အခေါက်၌ဖြစ်သောရောဂါအကြောင်းဘဲဖြစ်ပါတယ်။

    ဖြစ်ပွားတက်သော ရောဂါများကတော့ (၁) အမည်းစင်းရောဂါလို့ခေါ်တဲ့ (Blackstripe) (2) အခေါက်ကွဲရောဂါလို့ခေါ်တဲ့ (Patch Canker) (၃) အခေါက်ညိုရောဂါလို့ခေါ်တဲ့ (Brown Bast) ရောဂါတို့ဖြစ်ပါတယ်။

    အထက်ပါရောဂါ (၃) မျိုးအနက် အမည်းစင်းရောဂါနှင့်အခေါက်ကွဲရောဂါတို့သည် ရောဂါဖြစ်စေသောသက်ရှိ (Pathogen) မှိုကြောင့်ဖြစ်ပြီး အခါက်ညိုရောဂါကတော့ သက်ရှိမှိုကြောင့်မဟုတ်ဘဲ အစေးခြစ်ဒဏ်ရာအပြင်းထန်သဖြင့် အခေါက်တုံံ့ပြန်မူ့ကြောင့်ဖြစ်သလို အစေးလှီးသည့်စနစ်(Tapping intensity) ကြောင့်လည်း Brown Bast ရောဂါကိုဖြစ်စေတက်ပါသည်။


  • article
  • (က) အမည်းစင်းရောဂါ (Blackstripe)

    ရောဂါလက္ခဏာ( symptom)

    ရော်ဘာအစေးခြစ်ရာ အထက်နား၌ အရောင်ပျက် သော ချိုင့်ငယ်များ စီတန်း၍ဖြစ်နေသည်။ ၄င်းအနာချိုင့်များ စုပေါင်း၍ အမဲရောင်ပြင်ဖြစ်ပေါ်လာသည်။ ဤနေရာမှ ရော်ဘာစေး ဆက်ပြီး မထွက်ပါ၊ရောဂါရင့်လာသောအခါ ဓါးခြစ်ရာအထက်ရှိ အသစ်လဲနေ သော အခေါက်အပေါ်၌ အပြားလိုက်အက်ကွဲကြောင်း များဖြစ်ပေါ် နေပါသည်။ဓါးခြစ်ရာအထက်မှထွက်ပေါ်လာသော အခေါက်သစ်ကို အပေါ်ယံဓါးဖြင့်ခြစ်ကြည့်လျှင် ကျဉ်းမြောင်းသော အမဲစင်းများဒေါင် လိုက်ဖြစ်နေသည်ကိုတွေ့ရပါသည်။ ရောဂါရင့်လာ သည့်အခါ အခေါက်အချို့၌ အစင်းတန်း သည် ၃၀ စင်တီမီတာနှင့် ၃၀ စင်တီမီတာ အထက်အထိ အပေါ်ဘက်သို့ ကျယ်ပြန့်သွားပြီး အောက်ဘက် အစေးခြစ်မျက်နှာပြင်ထဲသို့ ၂.၅ စင်တီမီတာထိ ဝင်သွားပါသည်။ အသစ်လဲနေသော အခေါက်သာမက ရော်ဘာ စေးထုတ်ယူနေသော အခေါက်ထိ မှိုဝင်ရောက်သဖြင့် မှိုသတ် ဆေးဖြင့် အပြီးနှိမ်နှင်း၍မရနိုင်ပါ။ ရောဂါသက်သာရုံသာရ ရှိမည်။ မိုးတွင်း၌ ရော်ဘာစေးခြစ်လျှင် ဤရောဂါကို အမြဲတမ်း နှိမ်နင်း ပေးရပါမည်။ ရောဂါရနေသောအပိုင်းမှ အနာ ဖြစ်လာပါသည်။ အနာဖြစ်သည့်နေရာမှ ရော်ဘာစေးများယိုစိမ့် လာပြီး တဖြည်းဖြည်း နှင့်စုခဲလာပါသည်။၄င်းနေရာမှပုပ်နံ့ရပါသည်။ အနာပေါ်မှ အခေါက် အသစ်သည် အက်ကွဲပုပ်လာပြီး အနာသည် အချိန်အတော်ကြာ ဖြစ်ပေါ်နေပါသည်။ အခေါက်အသစ်မှ အဖုအထစ်များဖြစ်ပေါ် လာသည့်အတွက် ရော်ဘာအစေးခြစ်ရာ၌ ခက်ခဲနေပါမည်။

    ရောဂါဖြစ်စေသော သက်ရှိ (Pathogen)

    Phytophthora palmivora Phytophthora botryosa

    အမည်းစင်းရောဂါလက္ခဏာ

    ရောဂါပျံ့နှံ့ပုံ

    ရောဂါဖြစ်စေသောမှိုသည်ရော်ဘာစိုက်ခင်းထဲရှိ မြေကြီးတွင် ခိုအောင်း ပွားများနေပြီး မိုရေနှင့်လေ ကြောင့် ရော်ဘာအစေး လှီးခြစ်ရာမျက်နှာပြင်၌ အမည်းစင်းရောဂါကို ဖြစ်ပေါ်စေပါသည်။ ရာသီဥတုသည် စွတ်စို၍စိုထိုင်းလျှင် ရောဂါဖြစ်ပွားမှုကို ဖြစ်ပေါ်စေ ပါသည်။ အစေးခြစ်ရာအပိုင်းသည် မြေပြင်နှင့် ပိုဝေးလျှင် ဤ ရောဂါကျရောက်မှု နည်းသည်ကို တွေ့ရှိရပါ သည်။

    ကာကွယ်ကုသနည်း (Control)

    (၁) မိုးရွာနေစဉ်အစေးမခြစ်ခြင်းသည်အကောင်းဆုံးဖြစ်ပါသည်။

    (၂) မိုးမကုန်မီရော်ဘာပင်မှ အစေးမခြစ်ရပါ။

    (၃) အစေးခြစ်ပြီးတိုင်းဓါးကို ၅% ပြင်းအားရှိ ကတ္တရာအက်ဆစ် တွင် ခေတ္တစိမ်ပေး ရပါမည်။

    (၄) Benomyl ၁% သုတ်လိမ်းပေးရမည်။ (ရေ ၁ ဂါလံ + Benomyl ၄၅ gm)

    (၅) Dithane M-45(Mancozob 80%WP) 5 gm/liter နှုန်းသုတ်လိမ်းပေးရမည်။


  • article
  • (ခ) အခေါက်ကွဲရောဂါ (Patch Canker)

    ရော်ဘာပင်၏ပင်စည်၊အကိုင်း၊ ကိုင်းဆုံ၊ အစေးခြစ်သော မျက်နှာပြင် အပင်ခြေပတ်လည်နှင့် အမြစ်တို့ပေါ်ရှိ ရော်ဘာပင်၏ မည်သည့်နေရာတွင်မဆို ဖြစ်ပေါ်ပါသည်။ မိုးတွင်းပိုင်း၌ ဤရောဂါကို ပို၍ တွေ့ရှိ ရပါသည်။

    ရောဂါလက္ခဏာ (Symptom)

    Cortex tissue စစ်ဆေးကြည့်ပါက ရောဂါရရှိသော အပိုင်း သည် မည်းနက်၍ ပုံပျက်နေပါသည်။ မြင်သာသောလက္ခဏာ မှာမိုးတွင်းတွင် အခေါက်မှနီကျင်ကျင် (သို့) ခရမ်းရောင် အစေးများ စိမ့်ထွက် လာပါသည်။ပြင်ပလက္ခဏာမှာ အမည်းရောင်အနားရစ်နှင့် ဖြူမှိုင်းစိုပွ နေခြင်းဖြစ်ပါသည်။ နောက်ပိုင်းတွင်နီညစ်ညစ်ရောင်(သို့) ခရမ်းနီရောင်ပြောင်း၍ ဘေးအနားသားမှာ ထင်ရှားစွာ မည်းနက်

    နေပါသည်။ ရောဂါဖြစ်သောနေရာမှ ရော်ဘာစေးများ ယိုစိမ့်ထွက်၍ စိုပွပွဖြစ်နေပြီး အနံ့နံတတ်ပါသည်။အနာပြင်သည် ၁ လက်မမှ ၂ပေ ကျော်သည်အထိကြီးမားနိုင်ပါသည်။ ရော်ဘာအခေါက်၏ အောက်၌ ရော်ဘာစေးများ စိမ့်ခဲပြီး အချပ်ပြင်ဖြစ်လာပါသည်။ ၄င်းနေရာမှ ပုပ်နံ့ရ၍အခေါက်ကိုဖေါင်းကြွအက်ကွဲစေပါသည်။

    ရောဂါဖြစ်စေသောသက်ရှိ (Phytophthora palmivora)

    ရောဂါပျံ့နှံ့ပုံ

    မိုးတွင်းတွင် ပျံ့နှံ့ပါသည်။ မှိုစပိုးသည် ရေ (သို့) စိုထိုင်းနေ သော ပင်စည်ထဲတွင် အညှောင့်ပေါက် ပြီး ရော်ဘာအခေါက်ထဲသို့ ဝင်ရောက်ဖျက်ဆီး၍ ရော်ဘာပင်ကို ရောဂါရစေပါသည်။ ရောဂါရ နေသော တစ်သျှူးထဲ၌ ၄င်းမှိုသည် လအတန်ကြာခိုအောင်း နေပါ သည်။

    ကာကွယ်ကုသနည်း (Control)

    - ရောဂါရနေသော အပိုင်းပတ်ပတ်လည်ကို ဓါးဖြင့်ကွင်း၍ ကတ္တရာ အက်ဆစ် သုတ်လိမ်းပေးရပါမည်။ - သေနေသောအသား အားလုံးပါအောင် လှီးပစ်၍ မီးရှို့ဖျက်ဆီး ရမည်။

    - ရောဂါရနေသောနေရာ၌ Funguran (Copper Hydroxide) 2 % (သို့မဟုတ်) Dithane M 45 (Mancozob 80% WP) 2% ကို သုတ်လိမ်းနိုင်ပါသည်။


  • article
  • (ဂ)အခေါက်ညိုရောဂါ (Brown Bast)

    အခေါက်ညိုရောဂါသည်ရောဂါဖြစ်စေသောသက်ရှိကြောင့် မဟုတ်ဘဲ အစေးခြစ်ဒဏ်ရာ ပြင်းထန်သဖြင့် အခေါက်တုံ့ပြန်မှု ကြောင့် ဖြစ်သည်။ (Tapping Intensity) ပေါ်တွင်မှုတည်သည်။ ရောဂါဖြစ်ပွားမှုနှင့် အစေးခြစ်မှု ပြင်းထန်ခြင်းသည် တစ်ခုနှင့်တစ်ခု ဆက်သွယ်နေသည်။ ရော်ဘာပင်၏ မည်သည့်နေရာတွင် မဆို ရောဂါဖြစ်ပေါ်နိုင်ပါသည်။ရော်ဘာအစေးခြစ်ရာ မျက်နှာပြင်၌ဖြစ် လျှင် ၄င်းရောဂါသည် အဆိုးဝါးဆုံးဖြစ်သည်။အစေးခြစ်ရာ ဓါးရာ၏ အောက်နားမှကပ်၍ စတင်ဖြစ်ပေါ်သည်။ ၄င်းနောက် အောက်သို့ ဆက်လက် ဆင်းသွားပြီး နောက်ဆုံး၌ အမြစ်ထိ ရောက်သွားသည်။

    ရောဂါဖြစ်ပွားရခြင်း၏အခြေခံအကြောင်းအရင်းမှာ-

    (၁) ဇီဝတွင်းဖြစ်ပျက် အရန်ပစ္စည်းလျော့ပါးမှု၌ အခြေခံခြင်း (Metabolicreserve)

    (၂) အစေးခြစ်ဒဏ်ရာပြင်းထန်သော ဒဏ်နာတုံ့ပြန်မှု၌ အခြေခံခြင်း (Wound response)

    (၃)လွန်ကဲစွာအစေးခြစ်သောကြောင့်ဖြစ်ပေါ်လာသောအခြားအနှောင့်အယှက်တို့တွင် အခြေခံခြင်း (Other response)

    ရော်ဘာအစေးထွက်များသောအပင်နှင့်ကြီးထွားနှုန်းမြန် သောအပင်တို့၌ Brown Bast ရောဂါပို၍ဖြစ်ပေါ်စေပါသည်။ရော်ဘာ အစေးခြစ်မှုပြင်းထန်လျှင် အမြစ်မှစုပ်ယူသောဓါတ်ဆားများ Vessel ထဲရောက်မှု နည်းသဖြင့် အစေးရည်ကျဲလာပြီး DRC နည်းလာ၍ အစေးသားမကောင်းပါ။

    ရောဂါလက္ခဏာ (Symptom)

    ရော်ဘာအစေးခြစ်ရာ အစပြုလမ်းကြောင်း အစေးထွက် နေရာမှ တစ်နေရာတွင် အစေးမထွက်ဘဲ ရှိနေတတ်သည်။ အစေး ဆက်ထွက်လျှင်လည်း အစေးခံခွက်ထဲ မရောက်မီ ခဲနေတတ်သည်။ အခေါက်ကြမ်း၊ အခေါက်နုနှစ်မျိုးစလုံး၌ ဖြစ်ပေါ်သည်။ ရော်ဘာ အစေးခန်းခြောက် သွားသော(သို့)ရော်ဘာအစေးစီး ဆင်းမှုရပ် သွားသော ဧရိယာကို စစ်ဆေးကြည့်ပါက ဝါညစ်ညိုရောင်ရှိပြီး (Cortex tissue) အခေါက်နုတွင်း၌ ၃ - ၄ mm ရှိသည့် အညိုနု အစင်းများကိုတွေ့ရှိရပါသည်။ ရော်ဘာအစေးခြစ်ရာအောက် ဘက် ရှိအခေါက်ကိုခြစ်ကြည့်လျှင် အညိုကွက်၊အညိုစင်းကို တွေ့ရှိ ရပါ သည်။ရော်ဘာပင်မှ အစေးမခန်းမီ အစေးရည်ကျဲကျဲ လှိုင်လှိုင် ထွက်

    တတ်သည်။ အစေးခန်းတိုင်း အခေါက်ညိုရောဂါ မဟုတ်ပါ။ ရောဂါရင့်လာပါက အခေါက်မှာဒေါင်လိုက်အက်ကွဲလာပြီး အဖတ် လိုက် ကွာကျသွားသည်။ အသစ် လဲသော အခေါက်တွင် အသား တိုးဖုများ ဖြစ်လာပြီး နောက်ထပ် အစေးခြစ်ရာတွင် အသုံးမဝင် တော့ချေ။ အစေးခြစ်ရန် မလွယ်ကူပေ။ အစေးမထွက် တော့ဘဲ အစေးခြစ်ရာတွင်အသံမြည်နေမည်။ အခေါက်သည် နှစ်ထပ်ဖြစ် နေပြီး အတွင်းအခေါက်ကို ခွာထုတ် ကြည့်လျှင် ရော်ဘာအစေးများ စုခဲနေသည်ကို တွေ့ရမည်။ အပေါ်ခေါက်သည် ခြောက်ပြီး မာနေ ပါသည်။ ရောဂါရသောနေရာကို အစေးခြစ်ကြည့် လျှင် အစေး မထွက်ပါ။ရော်ဘာစေးထွက်လျှင်လည်း ပြတ်တောင်း၊ ပြတ်တောင်း သာ ထွက်သည်။ ရော်ဘာပင်ငယ်၌ အညိုရောင် အစက် အပျောက် ထွက်သည်ကို တွေ့ရှိလျှင် ဆွဲဖတ်ကိုခွာကြည့်ပါက အချို့အပိုင်း ညိုနေသည်ကိုတွေ့ရမည်။၄င်းအပင်မျိုးကိုအစေးမခြစ်ဘဲ တစ်လခန့် အနားပေးထားရမည်။ဆိုးဝါးစွာကျလျှင်အစေးလုံးဝ မထွက်တော့ ပေ။ဆောင်းရွက်ကြွေကာလပြီးပြီးချင်း BrownBast ရောဂါကျတတ် ပါသည်။

    ကာကွယ်ကုသနည်း (Control)

    (၁) အပင်ကို တစ်လခန့် အစေးခြစ်ရပ်ထားရန် လိုပါသည်။ တစ်လခန့်အနားပေး၍ အစေးပြန်ခြစ်လျှင် ကောင်းလာတတ်သည် ကိုတွေ့ရှိရပါသည်။

    (၂) Panel ပြောင်းမှ အစေးပြန်ထွက်တတ်သည့်အတွက် High Panel သို့ပြောင်းခြစ် ကြည့်ပါ။

    (၃) ဒေသပေါက်ရောက်မှု အကြမ်းခံနိုင်သည့် မျိုးကိုရွေးရမည်။

    (၄) အခေါက်ထူသောမျိုးကို ရွေးရမည်။ Seedling မျိုးထက် Budding မျိုးက Brown Bast ရောဂါပို၍ အဖြစ်များသည်။

    (၅) Tapping system အပိုင်း၌ S2d1 (နေ့စဉ်အစေးခြစ်ခြင်း) ၊ S2d2 (တစ်ရက်ခြားအစေးခြစ်ခြင်း) တို့ထက် S3d3 (လုံးပတ် (၁/၃) နှင့် နှစ်ရက်ခြား) အစေးခြစ်သည့်စနစ်ကိုကျင့်သုံးပါ။

    (၆) ကျွမ်းကျင်သည့် အစေးခြစ်သမား ရွေးရမည်။

    (၇) Double tapping မခြစ်ရပါ။ Infection မဟုတ်၍ ကုသ၍မရပါ။ Tapping System သာပြောင်း၍ လုပ်နိုင်သည့် ရောဂါဖြစ်ပါသည်။

    (၈) အစေးခမ်းခြောက်နေသောအပင်ကိုအစေးခြစ်နား၍ မြေသြဇာ လုံလောက်စွာ ကျွေးပေးရမည်။

    ယနေ့မျှဝေရေးသားချက်များတွင် တစ်စုံတစ်ရာမှားယွင်းမှုနှင့် လိုအပ်ချက်များ မပြည့်စုံချက်များ ရှိခဲ့ပါက ရေးသားပြုစုသူ၏ အားနည်းချက်သာ ဖြစ်ပါကြောင်းနှင့် ယခုရေးသားချက်များကို ၂၀၁၇ ခုနှစ် ရော်ဘာစိုက်ပျိုးထုတ်လုပ်ခြင်း (ဆရာလက်စွဲ) စာအုပ်မှလည်းပြန်လည်ကူယူကိုးကာဖော်ပြပေးထား ခြင်းဖြစ်ပါသည်။

    ဖြည့်စွက်အကြံပြုမှုများကိုလည်း ကြိုဆိုလျက်ရှိပါသည်။ ဤမျှဝေခြင်းမှ ရာဘာမိသားစုများအနေနှင့် တစ်စုံတစ်ရာ ဗဟုသုတရမယ်လို့ မျှော်လင့်မိပါတယ်ခင်ဗျာ။

    တင်ပြီးသမျှ ရာဘာဆောင်းပါးများကိုတစ်နေရာတည်းမှာ ပြန်လည်ဖတ်ရူ့လိုပါက ( အနာဂတ်မြန်မာ့ရာဘာ Future Myanmar Rubber ) Group တွင်ဝင်ရောက်ဖက်ရူ့ လေ့လာနိုင်ပါတယ်ခင်ဗျာ။

    ရာဘာမိသားစုဝင်များအားလုံး ၂၀၂၂ ဇန်နာဝါရီလရဲ့ စနေနေ့မနက်ခင်းလေးမှာ ကျန်းမာချမ်းသာ၍

    ရာဘာလုပ်ငန်းဖြင့် စီးပွားများတိုးတက်ပါစေကြောင်း ဆုတောင်းရင်း အထက်ဖော်ပြပါရောဂါများအပြင်အခြားရောဂါများရှိရင်လည်းမျှဝေပေးခဲ့ပါအုံးနော်။

    အားလုံးကိုခင်မင်လေးစားစွာဖြင့်

    မင်းထွန်းသိန်း (B.Agr.Sc) - ရာဘာနည်းပညာအကြံပေး (၀၉ ၂၆၃၆၅၄၈၂၇)

    အနာဂတ်မြန့်မာ့ရာဘာအဖွဲ့ (Future Myanmar Rubber Group)


likes13comments0
views205views2809