သိုလှောင်စပါးတွင် ကျရောက်သောဖျက်ပိုးများ
ကနဦးကျရောက်ဖျက်ပိုးများ
စပါးထိုးပိုး - Sitophilus oryzae (Linnaeus)
အရွယ်ရောက်ကောင်များနှင့် လောက်ကောင်များသည် နှံစားသီးနှံမျိုးစုံကို စားသောက်ကြပြီး အမတစ်ကောင်သည် ဥ (၁၅၀) အထိ အုနိုင်သည်။ စပါးစေ့ကို အပေါက်ဖောက်ပြီးနောက် စပါးစေ့တစ်စေ့ချင်းပေါ်တွင် တစ်ဥချင်းအုသည်။ ဥများသည် စပါးစေ့အတွင်း အရွယ်ရောက်ကောင် ဖြစ်သည်အထိ နေထိုင်ပြီး စပါးကို လုံးဝ ပျက်ဆီးသွားသေသည်။ အပူချိန် ၂၈ နှင့် စိုထိုင်းဆ ၇၀ ကဲ့သို့သော ကောင်းမွန်သော အခြေအနေအောက်များတွင် ဘဝစက်ဝန်းမှာ (၃၅) ရက်ဖြစ်သည်။
ကျရောက်မှုလက္ခဏာ
စပါး၏မျက်နှာပြင်ပေါ်တွင် တိုက်ရိုက်ဖျက်ဆီးမှုလက္ခဏာကို တွေ့မြင်နိုင်သည်။ ပိုးတုံးလုံးတစ်ကောင်သည် ၄င်းကြီးထွားစဉ် သေးငယ်သော စပါးစေ့တစ်စေ့ကို ဟောင်းလောင်းဖောက်၍ ထွက်လာသည်။ ပိုးတုံးလုံးများ၏ ဖျက်ဆီးမှုသည် သိသာထင်ရှားသည်။ အရွယ်ရောက်ကောင်များသည် အဓိကအားဖြင့် ယခင်ဖျက်ဆီးပြီး စပါးစေ့များအား စားသောက်လေ့ရှိသည်။
စပါးထွေးဖလံ - Sitotroga cerealella (Olivier)
ဥများကို စပါးစေ့အပေါ် သို့မဟုတ် စပါးစေ့အနီးတွင်အုသည်။ အဖြူရောင်ပိုးတုံးလုံးသည် စပါးစေ့အတွင်း ထိုးဖောက်ပြီး အတွင်းပိုင်းကို စားသောက်သည်။ ပိုးတုံးလုံးအရွယ်ရောက်လာသောအခါ ပါးလွှာသည့် အစေ့အလွှာမှ ခြေရာလက်ရာမပျက် ထွက်ခွာက စပါးစေ့အပြင်အပိုင်းကို စားသောက်သည်။ အစေ့အလွှာ၏ အောက်နားကပ်လျက်တွင် ရုပ်ဖုံးပြုလုပ်သည်။ စပါးစေ့မှ အကောင်ကြိးထွက်လာသောအခါ ပါးလွှာသည့် အစေ့လွှာကို ဘေးဖက်သို့ တွန်းဖယ်ကာ ထွက်သွားသည်။ ၄င်းတို့သည် နက်နက်ရှိုင်းရှိုင်း မထိုးဖောက်နိုင်သဖြင့် စုပုံထားသော စပါးအပေါ်ယံ မျက်နှာပြင်ကိုသာ စားသောက်သည်။
ကျရောက်မှုလက္ခဏာ
စပါးစေ့ အကျိုးအကြေများ၊ အမှုန့်များကြားတွင် အမျှင်များ ယှက်သန်း၍ ရှုပ်ထွေးစွာ စားသောက်သည်။ ဤပိုးကျရောက်ပါက စပါးစေ့များ၊ အမှုန့်များသည် ပိုးမျှင်များဖြင့် ရှုပ်ထွေးနေတတ်ပြီး တွေ့မြင်ရလွယ်သည်။
ခေါင်းလုံးကျိုင်း - Oryzawphilus surinamensis (Linnaeus)
ဥများကို စပါးပုံနားတွင် အုပြီး ပိုးတုံးလုံးများသည် အစေ့အတွင်းသို့ ဝင်ရောက်ကာ စပါးစေ့အတွင်းတွင် ဖွံ့ဖြိုး ကြီးထွားလာသည်။ ၄င်းတို့သည် အရွယ်ရောက်ကောင်များနှင့် အခြားပိုးတုံးလုံးများက စုပုံထားသည့် ဂျုံမှုန့်ပုံစံ အမှုန့်များ၏ အပြင်ပိုင်းကို စားသောက်သည်။ မျိုးပွားရန်အတွက် သင့်တော်သည့် အပူချိန်မှာ ၃၄ ဖြစ်ပြီး သင့်တော်သည့် စိုထိုင်းဆမှာ ၆၀-၇၀ ဖြစ်သည်။ အမများသည် ဥ ၃၀၀- ၅၀၀ ထိအုတတ်ပြီး ဘဝစက်ဝန်းမှာ ၂၈ - ၈၄ ရက်ဖြစ်သည်။
ကျရောက်မှုလက္ခဏာ
ပိုးတုံးလုံးနှင့်အရွယ်ရောက်ကောင်နှစ်ကောင်စလုံးသည် စပါးစေ့များကို အများအားဖြင့် စားသောက်လေ့ရှိကြ သည်။ ၄င်းတို့သည် စပါးသိုလှောင်သည့် အဆင့်၌ပင် အန္တရယ်ရှိသည်။ အစေ့များကို ထွင်းဖောက်စားသောက်ရုံမကဘဲ အပြင်ဖက်ကို
ပါဖောက်၍ စားသောက်သည်။
ထပ်ဆင့်ကျရောက်ဖျက်ပိုးများ
လွှသွားကျိုင်း Oryzaephilus surinamensis (Linnaeus)
ဥများကို စပါးစေ့၏ အက်ကွဲရာများတွင် တစ်ဥချင်းသော်၄င်း၊ သေးငယ်သော ဥမြုံများဖြင့်၄င်း အုသည်။ သို့ရာတွင် ဂျုံမှုန့်ကဲ့သို့သော အမှုန့်များတွင် လွတ်လပ်စွာ အုသည်။
ကျရောက်မှုလက္ခဏာ
ကနဦးကျရောက်ဖျက်ပိုးများ ကျရောက်နေသော စပါးတွင် အတူတစ်ကွ တွေ့ရတတ်သည်။ ပိုးတုံးလုံးများတွင် စပါးစေ့များ၏ အညွန့်လောင်းများ အစိတ်အပိုင်းများကို စားသောက်ဖျက်ဆီးသည်။
မုန့်ညက်ထိုးပိုး Tribolium castaneum
မုန့်ညက်ထိုးပိုးများသည် ကြိတ်ခွဲထားသော ပစ္စည်းများကို အဓိက ဖျက်ဆီးသည်။ အကောင်ကြီးနှင့် ပိုးတုံးလုံး နှစ်မျိုးစလုံး စပါးစေ့အမှုန့်နှင့် ကျိုးပဲ့နေသော အဆန်များကိုသာ စားသောက်ပြီး မပျက်စီးသေးသော စပါးကို မဖျက်ဆီးပါ။ ကျရောက်ဖျက်ဆီးခြင်းသည် စပါးတွင် မကောင်းသော အနံ့ကို ကြာရှည်စွာ စွဲမြဲစေသည်။ ဥ (၅၀၀) ထိဥနိုင်ပြီး သင့်တော်သည့် အခြေအနေအောက်တွင် ဘဝစက်ဝန်း ရက် (၂၀) ကြာသည်။
ကျရောက်မှုလက္ခဏာ
ကျရောက်ဖျက်ဆီးမှုကို စပါးစေ့များ၏ မျက်နှာပြင်ပေါ်တွင် အရွယ်ရောက်ကောင်များပေါ်လာသောအခါ သိမြင် နိုင်သည်။ အခြားဖျက်ပိုးများ ဖျက်ဆီးစားသောက်ပြီးသော ဟောင်းလောင်းပေါက်ဖြစ်ပြိး ကျိုးပဲ့နေသော စပါးစေ့များကို အမှုန့်ဖြစ်သည်အထိ စားသောက်ဖျက်ဆီးသည်။ သိုလှောင်စပါးများ၏ ဖျက်ဆီးခံရမှုမှာ အရွယ်ရေူာက်ကောင်များနှင့် ပိုးတုံးလုံးများကြောင့် ဖြစ်သည်။
ကာကွယ်နှိမ်နင်းနည်းများ
သိုလှောင်သီးနှံအင်းဆက်ဖျက်ပိုးများအား ကြိုတင်ကာကွယ်ခြင်း (Prevention) နှင့် ကာကွယ်နှိမ်နင်းခြင်း (Protection)ဟူသော နည်းလမ်းနှစ်သွယ်ဖြင့် ပြုလုပ်ရပါမည်။
- စပါးကိုသိုလှောင်ရာတွင် ကြံ့ခိုင်ကောင်းမွန်သော အဆောက်အဦးများကို အသုံးပြုပါ။ (လေဝင်လေထွက် ကောင်းမွန် ပြီး မိုးလုံလေလုံ အဆောက်အဦးဖြစ်ရမည်။ ကြမ်းပြင်သည် ညီညာပြန့်ပြူးပြီး အက်ကွဲရာများ၊ ကျောက်ခဲများနှင့် အခြားချွန်ထက်သော ပစ္စည်းများ မရှိသင့်ပါ။
- သိုလှောင်ရုံတဝိုက်တွင် သန့်ရှင်းသော အခြေအနေများကို ထိန်းသိမ်းထားပါ။
(အင်းဆက်ဖျက်ပိုးများ၊ ငှက်များနှင့် ကြွက်များမခိုအောင်းနိုင်ရန် ဖြစ်ပါသည်။)
- အသစ်ရိတ်သိမ်းထားသော စပါးစေ့ကို မသိုလှောင်မီ (၄ - ၆) အလိုတွင် သိုလှောင်ရုံရှိ သီးနံအကြွင်းအကျန်းများ (သို့) အခြားပစ္စည်းများအား ဖယ်ရှားပါ။
- စပါးအကြွင်းအကျန်များ ဖယ်ရှားပြီးနောက် ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့က အတည်ပြုထောက်ခံထားသော အင်းဆက်သတ်ဆေးတစ်မျိုးမျိုးဖြင့် သိုလှောင်ရုံအား ပက်ဖျန်းပါ။
- စပါး၏စိုထိုင်းဆကို ၁၃ထက် မကျော်စေရန် သတိပြုပါ။
- စပါးသိုလှောင်စဉ် ပုရွက်ဆိတ်ကိုကာကွယ်ရန် သင့်တော်သည့် အင်းဆက်သတ်ဆေးတစ်မျိုးမျိုးကို ပက်ဖျန်းပါ။
- သိုလှောင်သီးနှံဖျက်ပိုးများအား စစ်ဆေးတွေ့ရှိပါက အဆိပ်ငွေ့မှိုင်းတိုက်ပါ။ စိုက်ကွင်းကတည်းက ကျရောက် ဖျက်ဆီးခဲ့ပါက ရိတ်သိမ်းပြီး (၆)ပတ်အတွင်း အဆိပ်ငွေ့မှိုင်းတိုက်ပါ။
သိုလှောင်စပါးတွင်ကျရောက်သည့် အင်းဆက်ဖျက်ပိုးများအား ကာကွယ်နှိမ်နင်းရာတွင် နည်းလမ်းပေါင်းစုံကို အစီ အစဉ်တကျ ပေါင်းစပ်ကာ ပြုလုပ်ရပါမည်။ ထိရောက်သော ကာကွယ်နှိမ်နင်းရေးစနစ်တွင် အောက်ပါတို့ပါဝင်ပါသည်။
- ရိတ်သိမ်းခြင်း၊ အခြောက်ခံခြင်းနှင့် သန့်ရှင်းခြောက်သွေ့သော မျိုးစေ့ကို သိုလှောင်ခြင်း။
- စပါးသိုလှောင်မည့်နေရာများကို ဖျက်ပိုးသန့်စင်ခြင်း။
- သိုလှောင်ကာလအတွင်း ဖျက်ပိုးဖျက်ဆီးခြင်းမှ ကာကွယ်နှိမ်နင်းခြင်း (သို့) ကြိုတင်ကာကွယ်ခြင်း။
ကျမ်းကိုး
- ဒေါက်တာကိုကို (စိုက်ပျိုးရေး) “ဆန်စပါးအရည်အသွေးထိန်းသိမ်းခြင်းနှင့် သိုလှောင်သီးနှံဖျက်ပိုးများအား ကာကွယ်နှိမ်နင်းနည်း။
------
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။