သံပုရာသီးနဲ့ သံပုယိုသီးခွဲခြား အသုံးပြုလေ့ရှိပါသလား?
သံပုရာသီးနဲ့ သံပုယိုသီး
ကျွန်တော်တို့ငယ်ငယ်တုံးက မျက်ရည်လွယ်တဲ့ကလေးကို “တိုက်ကြီး”သံပုရာလို့ ခေါ်လေ့ရှိပါတယ်။ အခွံပါးတယ် အရည်ရွှမ်းတယ်လေ။ 😁😁😁😁
သံပုရာသီး သို့မဟုတ် သံပုယိုသီးနဲ့ ပက်သက်ပြီး မိတ်ဆွေက ခွဲခြား အသုံးပြုလေ့ရှိပါသလား။
ငါကတော့ သံပုရာမှသံပုရာပဲဟေ့။ သံပုရာတောင် “တိုက်ကြီး”သံပုရာမှ၊ “ရေး”သံပုရာမှဆိုပြီး အစွဲကြီးပါသလား။
🍋 ကျွန်တော်ကတော့ ချဥ်ရင်ပြီးရော ညှစ်ချလိုက်တာပါပဲ။
ကျွန်တော်တို့အများစုက သံပုရာမှ သံပုရာပါ။ မြန်မာသံပုရာမှ ဆေးဖက်ဝင်တယ်ထင်ကြပြီး၊ အနံ့ပိုမွှေးတယ်၊ ပိုချဥ်တယ်ဆိုပြီး သတ်မှတ်ပါတယ်။ စျေးကြီးပေးဝယ်စားကြပါတယ်။
အခြားသံပုရာမျိုးသစ် ဒါမှမဟုတ် သံပုယိုသီးဆိုရင်ဆိုရင် မချဥ်တော့သလို၊ ဆေးဖက်မဝင်သလို၊ ခါးသလိုလိုနဲ့ ပြောလေ့ရှိပါတယ်။
နှစ်မျိုးလုံးကတော့ ရှောက်လိမ္မော်မျိုးရင်းတွေပါပဲ။
သံပုရာ (Lime/ Acid lime (Citrus aurantifolia swing) နဲ့ သံပုယို (Lemon (Citrus limon)) နှစ်မျိုးစလုံးမှာ ဗီတာမင်စီနဲ့ antioxidants တွေပါဝင်လို့ ကျန်းမာရေးအတွက် အဓိကသောက်သုံးကြသလို၊ နေ့စဥ်အစားအသောက်တွေမှာလဲ မပါမဖြစ်ပေါ့။
ထိုင်းအစားအစာ တုံ့ယမ်ဟင်းနဲ့ အရှေ့တောင်အာရှဟင်းတွေမှာ သူ့ရဲ့အရွက်တွေကိုထည့်လေ့ရှိတဲ့ (မြန်မာတွေက တောရှောက်ခါးသီး/ရှောက်ဘီလူးသီးလို့ခေါ်လေ့ရှိတဲ့) Kaffir lime သံပုရာ (Citrus hystrix) နဲ့တော့ မတူပါဘူး။
အခုနောက်ပိုင်း မျိုးရောလာတာတွေရော၊ မျိုးစပ်တာတွေကြောင့် မျိုးသစ်တွေလည်း အချိန်နဲ့အမျှပေါ်ထွန်းလာပါတယ်။ သံပုရာနဲ့ သံပုယို မျိုးစပ်ထားတာတွေလည်း ရှိနေပါပြီ။
အရှေ့အလည်ပိုင်းက Citrus limetta သံပုယိုဆိုရင် အီရန်မူရင်းဇာတိဖြစ်ပြီး၊ လိမ္မော်သီးလိုမျိုး ချိုနေပါပြီ။
ဖိလစ်ပိုင်သံပုရာလို့ခေါ်ကြတဲ့ Calamansi (Citrus × microcarpa) ကတော့ စပ်မျိုး ဖြစ်ပြီး၊ ဖိလစ်ပိုင်ထမင်းစားပွဲတွေမှာ မပါမဖြစ်ပါ။ အတွင်းသားလိမ္မော်ရောင်ဖြစ်ပြီး အလွန်ချဥ်ပါတယ်။
🍋 သံပုရာနဲ့သံပုယိုရဲ့ကောင်းကျိုးတွေက များလှပါတယ်။
..................................................................................
- အအေးမိလို့ကတော့ သံပုရာသီးကအကောင်းဆုံးဆေးပါပဲ။
- ကင်ဆာကိုခုခံနိုင်စွမ်းရှိတယ်လို့ ယူဆကြတယ်။
- ခန္ဓာကိုယ်ရဲ့ခုခံနိုင်စွမ်းကို မြင့်စေတယ်။
- ဝိတ်ချချင်သူတွေအတွက် မရှိမဖြစ်ပေါ့။ သံပုရာသီးကိုရေနွေးစိမ် သို့မဟုတ် ရေနွေးနဲ့ဖျော်သောက်ကြပါတယ်။
- သံပုယိုနဲ့ သံပုရာသီးမှာပါဝင်တဲ့ Citric Acid က ကျောက်ကပ်မှာကျောက်တည်ခြင်းမှ ကာကွယ်ပေးပါတယ်။
- ဓာတ်မတည့်ယားယံခြင်းကို သက်သာစေပါတယ်။
- အဆစ်အမြစ်နာကျင်ကိုက်ခဲခြင်း၊ ယူရစ်အက်ဆစ်မြင့်မားခြင်း၊ သွေးတိုးခြင်း၊ ဝမ်းချုပ်ခြင်းတို့ကို ကုစားပေးပါတယ်။
- အနားမှာထားရင် မကောင်းဆိုးဝါးတွေကနေ တားဆီးနိုင်တယ်လို့ ယူဆကြပါတယ်။
သတိထားရမှာတွေကတော့............
- သကြားနဲ့ဖျော်သောက်တာများရင် သွားပေါက်တွေဖြစ်စေပါတယ်။
- အလွန်အကျွံသောက်သုံးရင် သွားအပေါ်ယံကြွေလွှာတွေကို စားပစ်ပါတယ်။ (ထုံးဓာတ်နဲ့ အက်ဆစ်လေနော့)
- အားတိုင်းသံပုရာရည်သောက်ရင်တော့ ရင်ခေါင်းထဲလေပွပြီး ပူသလိုခံစားရတဲ့ရောဂါ GERD (Gastroesophageal Reflux Disease) ဖြစ်စေပါတယ်။
- သုတ်ပိုးတွေကို သေစေပါသတဲ့။
- ဝမ်းဗိုက်ထဲအစာမရှိတဲ့အချိန်၊ သို့မဟုတ် အစာတွေတအားရှောင်ထားချိန်မှာ သံပုရာရည် သောက်ရင် Citric Acid က အစာအိမ်နဲ့အူလမ်းကြောင်းမှာ ပြဿနာရှိနိုင်တာမို့ မသောက်သင့်ဘူးလို့ ဆိုပါတယ် (ဝိတ်ချရန်ရည်ရွယ်ချက်ဖြင့် မတရားသောက်နေသူများ သတိထားသင့်ပါတယ်)။
အပင်ပုံစံကတော့ ခြားနားမှုသိပ်မရှိလို့ ခွဲခြားရခက်ပါတယ်။ ဆူးကလည်း နှစ်မျိုးလုံးမှာ ပါပါတယ်။
အရွက်ပုံစံနဲ့ပဲ ခွဲခြားနိုင်ပါတယ်။
သံပုရာအပင်ရဲ့ အရွက်တွေက ကြမ်းတယ်၊ နှလုံးပုံရှိပြီး၊ အရွက်နားတွေမှာ လွှသွားလို အတွန့်ကလေးတွေရှိပါတယ်။
သံပုယိုအပင်ရဲ့ အရွက်တွေကချောမွေ့ပြီး၊ ရှည်ပါတယ်၊ အရွက်နားတွေမှာ အတွန့်မရှိပါဘူး။
အသီးပုံစံများ
------------------
သံပုရာသီးအများစုက လုံးဝန်းပါတယ်၊ အခုနောက်ပိုင်း အနည်းငယ်သွယ်တဲ့မျိုးတွေ တွေ့ရပါတယ်။ အသီးက (၁-၂) လက်မ အချင်းရှိပါတယ်။ အသီးအရောင်က အစိမ်းရောင်ဖြစ်ပြီး အရမ်းမှည့်မှ အဝါဖျော့ရောင်သို့ ပြောင်းသွားပါတယ်။ အခွံပါးပါတယ်။
အစေ့ပါတာ မပါတာကတော့ မျိုးအလိုက်ကွာခြားမှုရှိပါတယ်။ သံပုရာရည်က ချဥ်ပြီး၊ အနည်းငယ် ခါးတက်ပါတယ်။
🍋 သံပုယိုသီးအများစုက လုံးရှည်ဖြစ်ပါတယ်။ (၂-၄) လက်မ အချင်းရှိပါတယ်။ အသီးအရောင်က အဝါရောင်တောက်တောက်ပါ။ အသီးခွံ ချောမွေ့ပြီး၊ အခွံထူပါတယ်။
🍋 အစေ့ပါတာ မပါတာကတော့ မျိုးအလိုက်ကွာခြားမှုရှိပါတယ်။ အရည်က ချဥ်ပြီး၊ အနည်းငယ် ချိုတက်ပါတယ်။
ဘယ်အသီးက ပိုကောင်းပါသလဲ။
.....................................................
pH ကို ကြည့်ရအောင်။ သိပ်မကွာပါဘူး။
သံပုရာ ၂ - ၂.၃၅။ 🍋 သံပုယို ၂ - ၂.၆ (နှစ်ခုလုံး အရမ်းချဥ်၏)
အဓိကဇာတ်လိုက် ဗီတာမင်စီပါဝင်မှု
...........................................................
သံပုရာ 29.1mg per 100g ။ 🍋 သံပုယို 53 mg per 100g (သံပုယိုသီးမှာ ၂ ဆ ခန့် ပိုပါဝင်)
🍋. ဒါကြောင့် အချဥ်ကြိုက်သူက သံပုယိုသီးကို သုံးဆောင်ပါ။ အချိုဓာတ်လည်း အနည်းငယ်ပါတာမို့ ဟင်းပွဲပြင်ဆင်ရာမှာလည်း ထည့်သွင်းနိုင်ပါတယ် (အထူးသဖြင့် တရုတ်ဟင်း၊ ထိုင်းဟင်းများ)
အခြားအာဟာရဓာတ်တွေပါဝင်မှုကလည်း ကွာခြားမှုသိပ်မရှိတာမို့ သံပုရာဖြစ်ဖြစ်၊ သံပုယိုဖြစ်ဖြစ် ချီတုံချတုံမဖြစ်ဘဲ စားသုံးနိုင်ပါတယ်။
ဒေါက်တာဝဏ္ဏထွန်း


