ခရမ်းရောင်ဂေါ်ဖီထုပ်အသုံးပြုပြီးမြေချဉ်ငံတိုင်းတာနည်း
တောင်သူဦးကြီးတွေ အတွက် ဒီတပတ်မှာတော့ မိမိ စိုက်ကွင်းမြေဆီလွှာ ရဲ့ ချဉ်ငန် ဓာတ်ကို ဘယ်လို လွယ်လွယ်ကူကူ တိုင်းတာလို့ရနိုင်မလဲဆိုတာ ဖော်ပြပေးသွားပါမယ်နော်။
မြေချဉ်ငန်တိုင်းတာခြင်းက ဘာကြောင့် အရေးပါသလဲဆိုတာကို ပထမဦးဆုံးရှင်းပြပေးပါရစေ။ မြေချဉ်ငန်ကိန်းဟာဆိုရင် အပင်တွေရဲ့ ကြီးထွားမှု ကိုအားပေးတဲ့ မြေအောင်းအကျိုးပြု ဘတ်တီးရီးယားတွေကို တိုးပွားစေနိုင်သလို ၊ မြေဆီအာဟာရထုတ်လုပ်နိုင်မှုတွေ ၊ မြေဆီလွှာ ဖွဲ့စည်းတည်ဆောက်မှုတွေကို အထောက်အကူပြုစေပါတယ်။သီးနှံအလိုက် စိုက်ပျိုးမြေရဲ့ မြေချဉ်ငန်ကိန်းလိုအပ်ချက်တွေကတော့ တူညီနိုင်မှာ မဟုတ်ပါဘူး။ ပျမ်းမျှအားဖြင့် စိုက်ပျိုးမြေအတွက်ဆိုရင် မြေချဉ်ငန်ကိန်းဟာဆိုရင် ၅.၅ - ၆.၅ လောက်ရှိတာ အကောင်းဆုံးပါ။
အခုပြောပြမဲ့ မြေချဉ်ငန်တိုင်းတာနည်းကတော့ ခရမ်းရောင် ဂေါ်ဖီထုတ်ကို အသုံးပြုပီး တိုင်းတာမှာဘဲ ဖြစ်ပါတယ်။ ခရမ်းရောင် ဂေါ်ဖီထုတ်ကတော့ မြန်မာနိုင်ငံမှာ တွင်ကျယ်စွာ ဝယ်ယူလို့တော့ မရနိုင်သေးပါဘူးနော်။ ဒီဂေါ်ဖီ အမျိုးအစားဟာဆိုရင် အေးတဲ့နိုင်ငံတွေမှာသာ စိုက်ပျိုး ဖြစ်ထွန်းနိုင်ပါတယ်။ ဒါပေမဲ့ တောင်သူကြီးများအတွက် ဗဟုသုတရစေဖို့ တင်ပြပေးလိုက်ပါတယ်ရှင်။
လိုအပ်သော ပစ္စည်းများ
၁။ခရမ်းရောင် ဂေါ်ဖီထုတ်
၂။ပေါင်းခံပီးသားရေ
၃။စမ်းသပ်လိုသော မြေနမူနာ
အဆင့် (၁)
ခရမ်းရောင်ဂေါ်ဖီထုတ်မှ ဂေါ်ဖီရွက် ၆ ရွက်ခန့်ယူပီး ဓားဖြင့် ပါးပါးလှီးပေးပါ။ ထို့နောက် ခွက်ထဲသို့ ထည့်ပါ။
အဆင့် (၂)
အထက်ပါ ဂေါ်ဖီထည့်ထားသော ခွက်ထဲသို့ ပေါင်းခံပီး ရလာသောရေကို လောင်းထည့်ပေးပါ။
အဆင့် (၃)
အရည်ကို ဆူပွက်လာစေရန် အပူ ၈ - ၁၀ မိနစ်ခန့်ပေးပါ။
အဆင့် (၄)
ထို့နောက်မှာတော့ ဂေါ်ဖီရွက် အပိုင်းအစများကို စစ်ပီး အရည်သီးသန့်ကိုဘဲ ယူပါ။
အဆင့်(၅)
အပူပေးပီးနောက်မှာတော့ ကိုယ်စမ်းသပ်လိုသော မြေနမူနာယူပီး မိနစ် ၂၀ ခန့် စိမ်ထားပါ။
အဆင့်(၆)
နောက်ဆုံးမှာ ခွက်ထဲရှိ အရောင် ပြောင်းလဲ လာခြင်း ရှိမရှိ စစ်ဆေးပေးပါ။
ရလဒ်
ပန်းရောင် အရည်အဖြစ် ပြောင်းသွားတယ်ဆိုရင်တော့ မြေက ချဉ်နေတယ်လို့ ယူဆရပါတယ်။ ဒါဆိုရင်တော့ ဦးကြီးတို့ အနေနဲ့ မိမိမြေထဲကို ထုံး တစ်ဧက လျှင် ၃ အိတ်နှုန်းထည့်ပီး မြေပြုပြင်နိုင်ပါတယ်။
တကယ်လို့ အပြာရောင်ဖြစ်သွားတာ ဆိုရင်တော့ သေချာပါတယ်။ ဦးကြီးတို့မြေက ငန်နေပါတယ်။ ကျောက်မှုန့်ကို တစ်အိတ်ကို တစ်ဧကနှုန်းဖြင့် ထည့်ပေးပါ။
ဒီလိုနည်းဖြင့်တောင်သူကြီးများရဲ့ စိုက်ကွင်းမြေကို အလွယ်တကူ စမ်းသပ်နိုင်ပါတယ်။ မြေချဉ်ငန်ကိုရှာလကာရည် နှင့် စမ်းသပ်ပုံကိုလည်း ထွက်တိုးမှာ တင်ပေးထားတာ ရှိပါတယ်။ ဝင်ရောက် ဖတ်ရှုပေးပါဦးနော်။
ရေးသားသူ
ပန်းပျိုမေ (၂၀၁၈)
မှီငြမ်း https://preparednessmama.com