cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ငရုတ်သီးအစားများခဲ့ရင် ဘာဖြစ်လာနိုင်လဲ?

. ကျန်းမာရေးဆောင်းပါးများ
မြန်မာနိုင်ငံမှာ စားသုံးနေကြတဲ့ “အာဝါး” ငရုတ်သီးမျိုးဟာ အလွန်စပ်တဲ့မျိုး ဖြစ်ပါတယ်။ စပ်လွန်းလို့ မစားနိုင်ပါလို့ ဆိုရလောက်တဲ့ ငရုတ်သီး မျိုးဖြစ်ပါတယ်။
  • ယခင် ဆောင်းပါး “အသက်ရှည်စေရန် ငရုတ်သီးစားပါ” ကို ရေးသားခဲ့ရာမှာ ငရုတ်သီး စားခြင်းဖြင့် အသက် ပိုရှည်စွာနေနိုင်ပြီး ရောဂါတချို့ကိုလည်း ကာကွယ်ပေးနိုင်တဲ့ တွေ့ရှိချက်တချို့ကို ဆွေးနွေးခဲ့ပါတယ်။ “တန်ဆေး-လွန်ဘေး” ဆိုတဲ့ မြန်မာစကား ဟာ အထူး မှန်ကန်အရေးကြီးတဲ့ စကားပါ။ ကျန်းမာရေး အထောက်အကူပြု ဆေးများ အပါအဝင် အစားအစာများကို သင့်တင့်မျှတတဲ့ ပမာဏကိုသာ စားသုံးကြရန် ဖြစ်ပါတယ်။ လိုအပ်တဲ့ ပမာဏထက် ပိုမို စားသုံးမိပါက ကောင်းကျိုးထက် ဆိုးကျိုးများကိုသာ ရရှိစေမှာ ဖြစ်ပါတယ်။ ယခု ဆွေးနွေးမှာက စပ်တဲ့အရသာရှိတဲ့ ငရုတ်သီးကို ပမာဏ များပြားစွာ စားသုံးမိပါက ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေများ ဖြစ်ပါတယ်။ စပ်တဲ့ (ပူတဲ့) ငရုတ်သီးမျိုးများကို စားပါက စပ်တဲ့ (ပူတဲ့) အရသာ ခံစားကြရပြီး၊ ခန္ဓာကိုယ်မှာပူလာ သကဲ့သို့ ဖြစ်လာစေပါတယ်။ ငရုတ်သီးကို စားလိုက်တာနဲ့ ဘာ့ကြောင့် ဒီလိုစပ်တဲ့(ပူတဲ့) အရသာကို ခံစားလာစေ ရတာပါလဲ။ 

    ငရုတ်သီးစားခြင်းဖြင့် စပ်တဲ့(ပူတဲ့)အရသာကို ခံစားစေရတာဟာ အသီးထဲမှာ ပါဝင်နေတဲ့ “ကက်ပစိုင်စင်” လို့ခေါ်တဲ့ ဓာတုပစ္စည်း ကြောင့် ဖြစ်ပါတယ်။ ကက်ပစိုင်စင် ဓာတ်အုပ်စုကို “ကက်ပစိုင်စီနွိုက်” လို့လည်း ခေါ်ကြပါတယ်။ ဒီဓာတ်ပေါင်းဟာ အနံ့၊ အရသာ မရှိပါ။ ငရုတ်သီးကို စားလိုက်တဲ့အခါ ပါဝင်တဲ့ Caps- aicinoids ဟာ ပါးစပ်ထဲမှာရှိနေတဲ့ အာရုံခံမှာ သွားပူးပေါင်း အပူဓာတ်ကြောင့် ပါးစပ်နဲ့ လည်ချောင်းမှာ နာကျင်မှုဝေဒနာကို ခံစားစေပါတယ်။ ဒီဝေဒနာဟာ ဦးနှောက်ဆီ ရောက်ရှိသွားစေပြီး ဦးနှောက်မှတစ်ခါ အပူဓာတ်ကို ငြိမ်းသတ်၊ ဖယ်ရှားစေနိုင်ရန် လှုံ့ဆော်မှုပြုပါတယ်။ သို့အတွက် ခန္ဓာကိုယ်သွေး လည်ပတ်မှု များလာစေပါတယ်။ အေးလာစေရန် ချွေးထွက်လာစေပါတယ်။ ပူလောင် နာကျင်စေမှုရဲ့ သင်္ကေတအဖြစ် မျက်ရည်ကျမှု၊ နှာရည်ယိုမှုများ ဖြစ်လာစေပါတယ်။ ခန္ဓာကိုယ်ပူလောင်မှုမှ သက်သာစေရန် အတွက် နာကျင်မှုကို သက်သာစေတဲ့ Endorphins ခေါ် သဘာဝဓာတ်ပေါင်းကို ထုတ်လုပ် ပေးလိုက်ပါတယ်။ ဒါကတော့ ငရုတ်သီးကို စားလိုက်တာနဲ့ ပါးစပ်၊ လည်ချောင်းမှ တစ်ဆင့် ခန္ဓာကိုယ်က တုံ့ပြန်လာတဲ့ ပုံမှန်ဖြစ်စဉ်ဘဲ ဖြစ်ပါတယ်။ 

    ငရုတ်သီးရဲ့ အစပ်ပမာဏကို တိုင်းတာမှု ၊ ငရုတ်သီးမျိုးတိုင်း စပ်မှု(ပူမှု)ပမာဏ မတူညီကြပါ။ တချို့မျိုးများမှာ အနည်းငယ်သာ စပ်ကြပြီး၊ တချို့မျိုးများမှာမူ များစွာ စပ်ကြတာကို တွေ့ရပါတယ်။ အနည်းငယ်စား မိတာနဲ့ အလွန်စပ်ပြီးပူတဲ့ ငရုတ်သီးမျိုးများလည်း ရှိကြပါတယ်။ မြန်မာနိုင်ငံမှာ စားသုံးနေကြတဲ့ “အာဝါး” ငရုတ်သီးမျိုးဟာ အလွန်စပ်တဲ့မျိုး ဖြစ်ပါတယ်။ စပ်လွန်းလို့ မစားနိုင်ပါလို့ ဆိုရလောက်တဲ့ ငရုတ်သီး မျိုးဖြစ်ပါတယ်။ ငရုတ်သီးစပ်တဲ့ပမာဏ (စပ်မှုအနည်းအများ)ကို တိုင်းတာတဲ့ စနစ်တစ်ခုကို ၁၉၁၂ ခုနှစ်မှာ အမေရိကန် ပြည်ထောင်စုမှ ဓာတုဗေဒ ပညာရှင် Wilbur Scoville က တီထွင် ဖော်ထုတ်ခဲ့ပါတယ်။ ဒီနည်းစနစ်ကို Scoville Organoleptic Test လို့ ခေါ်ပါတယ်။ ယူနစ်အဖြစ် “စကိုဗီ” လို့ ခေါ်ကြပါတယ်။ ဒီနည်းစနစ်ဟာ ငရုတ်သီးစပ်မှုကို စားပြီးစမ်းသပ်ပေးတဲ့ အရသာစမ်းသပ် ပေးသူများအပေါ် မူတည်ဆုံးဖြတ်တဲ့ နည်းဖြစ်ပါတယ်။ ခေတ်သစ်နည်း ပညာဖြစ်တဲ့ (High-performance Liquid Chroma tography (HPLC)နည်းနဲ့ ကက်ပစိုင်စင် ဓာတ်ပါဝင်မှုကို တိကျစွာ တိုင်းတာနိုင်နေပြီ ဖြစ်သော်လည်း၊ ကောင်းစွာတိကျမှု မရှိသည့်တိုင် စကိုဗီနည်းကို ယနေ့ထိအသုံးပြု နေကြဆဲဖြစ်ပါတယ်။ 

    စကိုဗီနည်းနဲ့ ငရုတ်သီးမှာ ပါဝင်တဲ့ အစပ်ပမာဏ (အပူပမာဏ)ကို တိုင်းတာနည်းကတော့ ငရုတ်သီး အခြောက်ကို အရက်ထဲမှာ စိ်မ်ပေးထားပြီး အသီးထဲမှာ ပါဝင်နေတဲ့ ကက်ပစိုင်စင်ဓာတ်ကို ပျော်ဝင်သွားစေပါတယ်။ ပျော်ဝင်ရည်ထဲသို့ သကြားရည်ထည့်ပေးပြီး ကက်ပစိုက်စင်ပြင်းအားကို လျော့ကျသွားစေပါတယ်။ အဲဒီ အရည်ကို အစပ်အရသာ စမ်းသပ်ပေးမယ့် စမ်းသပ်သူငါးဦးကို အရသာခံစေပါတယ်။ တစ်ဆင့်ပြီးတစ်ဆင့် ငရုတ်ပျော် ဝင်ရည်ထဲသို့ သကြားရည်ပိုမိုထည့်ပေးကာပြင်းအားကို ပျော့လာစေခြင်းဖြင့် အစပ် အရသာခံသူများရဲ့ပါးစပ်မှာ အစပ်အရသာ မခံစားရတော့သည်ထိ ရေရောပေးရတဲ့ ပမာဏကို ရယူရပါတယ်။ စမ်းသပ်သူ ငါးဦးမှာ သုံးဦးတူညီတဲ့ ဖြေဆိုမှုကို အတည်ပြု ရယူပါတယ်။ ရေရောရတဲ့ ပမာဏများလေ ငရုတ်သီးအစပ်ပမာဏ များလေဖြစ်ပါတယ်။ ငရုတ်သီးမျိုး အလိုက် ရေရောပေးရတဲ့ ပမာဏ အမှတ် (Score) ကို “စကိုဗီစကေး အတိုင်းအတာ” (Scoville Scale) သို့မဟုတ် “စကိုဗီ အပူယူနစ်” (Scoville Heat Unit (SHU) လို့ ခေါ်ပါတယ်။ ငရုတ်သီးမျိုး တစ်မျိုးနဲ့တစ်မျိုး အစပ်ပမာဏ ကွာခြားချက်ကို အဆ ၁ဝဝ နှုန်းတပ်ပြီး အမှတ်ပေးထားလေ့ ရှိပါတယ်။ 

    ငရုတ်သီးမျိုး အုပ်စုများရဲ့ အစပ် ပမာဏများ ငရုတ်သီး အမျိုးအစား အလိုက်စကို ဗီစကေးများ မတူညီကြတာကို တွေ့ရပါတယ်။ ငရုတ်ချိုလို့ခေါ်တဲ့ မစပ်တဲ့မျိုး (Sweet Pepper)(Bell Pepper) ကို SHU-0 လို့ သတ်မှတ်ထားပါတယ်။ ကက်ပစိုင်စင်ဓာတ်ရဲ့ အစပ်ပမာဏကို SHU ၁,၆ဝဝ,ဝဝဝ သတ်မှတ်ထားပါတယ်။ ပီမင်တိုနဲ့ ပက်ပရီကာ ငရုတ်သီးအုပ်စု (Peprica, Pimento) ကတော့ SHU ၁ဝဝ မှ ၁,ဝဝဝ၊ Poblano မျိုးအုပ်စုက SHU ၁,ဝဝဝ-၃,၅ဝဝ၊ Jalapano မျိုးအုပ်စု SHU ၃,၅ဝဝ မှ ၁၀,ဝဝဝ၊ Allepo မျိုးအုပ်စု SHU ၁၀,ဝဝဝ မှ ၃၀,ဝဝဝ၊ Tabasco မျိုးအုပ်စု SHU ၃၀,ဝဝဝ မှ ၅၀,ဝဝဝ၊ Capsicum Apache မျိုးအုပ်စု SHU ၅၀,ဝဝဝ မှ ၁ဝဝ,ဝဝဝ၊ Jamaican Hot Pepper မျိုးအုပ်စု SHU ၁ဝဝ,ဝဝဝ မှ ၃၅၀,ဝဝဝ၊ Red Savina Habanero မျိုးအုပ်စု SHU ၃၅၀,ဝဝဝ မှ ၅၈၀,ဝဝဝ၊ Ghost Pepper (တစ္ဆေငရုတ်) မျိုးအုပ်စု SHU ၈၅၅,ဝဝဝ မှ ၂,၂ဝဝ,ဝဝဝ ရှိတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ စိုက်ပျိုးနေတဲ့ ငရုတ်သီး မျိုးများရဲ့ အစပ်ပမာဏကိုမူ စမ်းသပ်ထားမှုများ မရှိသေးပါ။ 

    စပ်တဲ့ငရုတ်သီးကို များစွာစားသုံးပါက ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေ၊ ငရုတ်သီးမျိုး များထဲမှာ အစပ်ဆုံးလို့ သတ်မှတ်ထားတဲ့ ငရုတ်သီးမျိုး ကတော့ Ghost Pepper လို့ခေါ်တဲ့ ငရုတ်မျိုး ဖြစ်ပါတယ်။ တစ္ဆေငရုတ်လို့ မြန်မာမှုပြုပြီး ခေါ်နိုင်မယ် ထင်ပါတယ်။ အစပ်ပမာဏ များတဲ့အတွက် “တစ္ဆေငရုတ်ကို ဝေးဝေးကရှောင်ပါ” လို့ပင် ဆိုကြပါတယ်။ သူ့ကိုစားသုံးခဲ့တဲ့အတွက် အသက်အန္တရာယ် စိုးရိမ်ရတဲ့ အဖြစ် အပျက်တစ်ခု ကြုံတွေ့ခဲ့ရပါတယ်။ 

    သစ်သီးများနဲ့ ဟင်းသီးဟင်းရွက်များကို ကြိတ်ခြေထားတဲ့အရည်တစ်မျိုးကို “ပျုးရေ“ လို့ ခေါ်ပါတယ်။ တစ္ဆေငရုတ်သီးကို ပြုလုပ်ထားတဲ့ ပျူးရေကို စားသုံးမိလို့ ဒုက္ခတွေ့ခဲ့ရသူကတော့အမေရိကန် ပြည်ထောင်စု၊ ကာလီဖိုးနီးယားပြည်နယ်မှ အသက် ၄၇ နှစ်ရှိသူ အမျိုးသားတစ်ဦးပါ။ တစ္ဆေငရုတ်ရဲ့ အစပ်ပမာဏဟာ SHU ၁,ဝဝဝ,ဝဝဝ ကျော်ရှိတဲ့ အတွက် ကမ္ဘာ့အစပ်အပူဆုံး ငရုတ်သီးလို့ သတ်မှတ်ထားခဲ့ပါတယ်။တစ္ဆေ ငရုတ်သီးရဲ့ အစေ့တစ်စေ့ခန့်မျှ စားမိခဲ့ပါက ပါးစပ်မှာ ပူလောင်မှုကို ဖြစ်စေနိုင်ပါတယ်။ ဒီလိုပါးစပ်မှာ ပူလောင်နေမှုဟာ မိနစ် ၃၀ ခန့်ထိကြာမြင့်စွာ ဖြစ်နေနိုင်တယ်လို့ ဆိုပါတယ်။ ယခု အဖြစ်အပျက်ဟာ ၂၀၁၅ ခုနှစ် နွေရာသီမှာ ဖြစ်ပျက်ခဲ့တာ ဖြစ်ပါတယ်။ ဖြစ်စဉ်ကတော့ တစ္ဆေငရုတ်သီးကို Puree အသီးရည် အပြစ် ပြုလုပ်ထားပြီး၊ ဟမ်ဘာဂါ (Ham burger) အပေါ်မှာ တင်ပေးထားတာကို စားသောက်နိုင်မှုပြိုင်ပွဲ ပြုလုပ်ခဲ့တာကနေ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။ အဲဒီလူဟာ ဘာဂါကို စားပြီးနောက် ရေဖန်ခွက်ကြီး ခြောက်ခွက် သောက်ပါတယ်။ ရေသောက်ပြီးနောက် ချက်ခြင်းမှာပင် ပျို့အန်လာပါတယ်။ ထို့နောက် ပျို့အန်မှုဟာ မရပ်တဲ့ အပြင်၊ ဝမ်းဗိုက်နဲ့ ရင်ဘတ်မှာလည်း နာကျင်လာတယ်လို့ ဆိုပါတယ်။ သို့အတွက် ချက်ခြင်းပင် ဆေးရုံအရေးပေါ် ဌာနကို တင်လိုက်ရပါတယ်။ ဆေးရုံရောက်ပြီးနောက် CT Scan ရိုက်ပြီး စစ်ဆေးကြည့်တဲ့ အခါမှာ သူရဲ့အစာပြွန်ဟာ စုပ်ပြဲနေတာကို တွေ့ရပါတယ်။ထို့ပြင် ဘယ်ဘက် အဆုပ်ဟာလည်း ကြုံ့ဝင်နေပါတယ်။ သို့အတွက် အရေးပေါ် ခွဲစိတ်ကုသမှုကို ပြုလုပ်ပေးလိုက် ရပါတယ်။ ခွဲစိတ်ကြည့် လိုက်တဲ့အခါ အစာပြွန်ဟာ တစ်လက်မခန့် စုပ်ပြဲနေတာကို တွေ့ရပါတယ်။ အဲဒီအစာပြွန်ရဲ့ စုပ်ပြဲနေတဲ့ နေရာမှ အစာများ ယိုစိမ့်ထွက်နေပါတယ်။ ယိုစိမ့် ထွက်လာတာတွေကတော့ သွေး၊ စားထားတဲ့ ဟန်ဘာဂါနဲ့ အခြား ကြက်သွန် စတဲ့အစာများလည်း ပါဝင်တာကို တွေ့ရပါတယ်။ အဲဒီ့ ယိုစိမ့်ထွက်ကျလာတဲ့ ပစ္စည်းများဟာ ကြုံ့ဝင်နေတဲ့ အဆုပ်ပတ်လည်ကို ရောက်ရှိ နေပါတယ်။ ခွဲစိတ်ကု ဆရာဝန်များဟာ အစာပြွန်ကို ပြန်လည်ချုပ် ပြုပြင်ပေးကာ အဆုပ်ကို ပြန်လည် လေသွင်းပေးပြီးနောက် အစာပြွန်အသားနုတက် အနာကျက်လာစေရန် အတွက် အစာကိုပိုက်နဲ့သာ ကြွေးပေးထားပါတယ်။ 

    ဒီလိုဖြစ်ပျက်မှုမျိုးဟာ အလွန်ရှားပါးတဲ့ ဖြစ်ပျက်မှုလို့ဆိုပါတယ်။ ဆေးပညာရပ်အရ ဒီလိုဖြစ်ပျက်မှုကို Spontaneous Esophageal Rupture လို့ ခေါ်ကြောင်း သိရပါတယ်။ ဖြစ်ရတဲ့ အကြောင်းရင်းကတော့ ရုတ်တရက် ပျို့ခြင်း၊ အန်ခြင်း ဖြစ်လာတာကြောင့်လို့ ဆိုပါတယ်၊ အစာပြွန်စုပ်ပြဲလာရခြင်းဟာ စားသုံးလိုက်သူရဲ့ တစ္ဆေငရုတ် အပေါ် တုံ့ပြန်မှုကြောင့် ဖြစ်ရတာ ဖြစ်ပြီး၊ ငရုတ်သီးကြောင့် ဖြစ်ရခြင်း မဟုတ်ကြောင်း သုတေသီများက ပြောပါတယ်။ သို့သော် ဒီလိုဖြစ်ပျက်မှုဟာ အသက်အန္တရာယ် ရှိနိုင်ပါတယ်။ ဆေးကုသမှု ခံယူသည့်တိုင် ၂၀ မှ ၄၀ ရာခိုင်နှုန်းထိ သေဆုံးမှုရှိနိုင်တယ်လို့ ဆိုပါတယ်။ အကယ်၍အစာပြွန် စုပ်ပြဲနေမှုကို မကုသခဲ့ပါက ၁ဝဝ ရာခိုင်နှုန်းထိတိုင် သေဆုံးမှုရှိနိုင်ကြောင်း သိရပါတယ်။ ယခု ကုသပေးလိုက်တဲ့လူနာကို ဆေးရုံပေါ်မှာ ၂၃ ရက်ကြာ တင်ထားပေးပြီးနောက်၊ ဆေးရုံမှ ဆင်းခွင့်ပြုလိုက်သော်လည်း အစာကိုတော့ ပိုက်နဲ့သာဆက်လက် ပေးသွင်းစားသုံး နေစေပါတယ်။အစာပြွန် အနာကျက် လာပြီးနောက်မှသာ အစာသွင်းပိုက်ကို ဖြုတ်ပေးလိုက်ရန် ဖြစ်ပါတယ်။ ဒီလူနာကတော့ တစ္ဆေငရုတ်သီးကို အကြောက်ကြီး ကြောက်သွားပြီလို့ သိရပါတယ်။ ငရုတ်သီးအစပ် စားမှုကြောင့် ဖြစ်လာစေမှုကို ဖြေဆေးသီးသန့် မရှိသေးကြောင်း နဲ့ အစာအိမ်ရဲ့ အချဉ်အငံဓာတ်ကို ညှိပေးပြီး သက်သာစေရန် ဆောင်ရွက်နိုင်တယ်လို့ သိရပါတယ်။ တကယ်တော့ ငရုတ်သီးဟာ လူကိုသေစေတာ၊ သတ်တာမဟုတ်ကြောင်းနဲ့ ငရုတ်သီးထဲမှာပါဝင်တဲ့ ကက်ပစိုင်စင် ဓာတ်ဟာ လူ့ခန္ဓာကိုယ် ဆဲလ်များကို ပူလောင်စေတာ ဖြစ်ပါတယ်။ 

    ပူလောင်စေမှုကို ဖြစ်စေတာကတော့ ကက်ပစိုင်စင်ဓာတ်ဟာ ခန္ဓာကိုယ်ထဲရှိ အာရုံကြောအဆုံးမှာရှိ နေတဲ့အပူကို ရှာဖွေဖော်ထုတ်ပေးတဲ့ TPRV1 လို့ခေါ်တဲ့ အာရုံခံပရိုတိန်းကို နိုးကြားလာစေပြီး ကက်ပစိုင်စင် ဓာတ်ကို အလွန်ပူတဲ့ဓာတ် အဖြစ် လွဲမှားစွာ အဓိပ္ပာယ်ဖွင့် မိသောကြောင့်၊ ခန္ဓာကိုယ်ရဲ့ အပူကာကွယ်ပေးမှု စနစ်ကို လှုံ့ဆော်မှု ပြုလိုက်တာ ဖြစ်ပါတယ်။ အကယ်၍သာ TPRV1 ပရိုတိန်း မရှိခဲ့ပါက ငရုတ်သီးမှာပါတဲ့ ကက်ပစိုင်စင်ဓာတ်ကို အာရုံခံနိုင်စွမ်း မရှိနိုင်တော့ဘဲ ငရုတ်သီးကို စားသော်လည်း ပူမှုစပ်မှု အရသာကို မခံစားရတော့ကြောင်း သိရပါတယ်။ ယနေ့အထိ ကမ္ဘာပေါ်မှာ TPRV1 ပရိုတိန်းဓာတ်မပါသူ သုံးဦးသာ ရှိသေးကြောင်းနဲ့ သူတို့ဟာ ငရုတ်သီးစား သော်လည်း စပ်မှုပူမှုကို မခံစားရကြောင်း သိရပါတယ်။ သို့အတွက် ကျန်းမာသက်ရှည်စေနိုင်ရန် အတွက် ငရုတ်သီးကို သင့်တင့်မျှတတဲ့ ပမာဏခန့်ကိုသာ ချင့်ချိန်ကာ စားသောက်သင့်ကြပါကြောင်း အကြံပြုလိုက်ရပါတယ် ခင်ဗျာ။ 


    - ဒေါက်တာ စိန်လှဗိုလ် 

    မြန်မာတောင်သူကြီးများ ဂျာနယ် 


  • article
10 ကြိုက်
217 ကြည့်ရှု