cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

နှင်းဆီပင်စိုက်နည်း

. စိုက်ပျိုးနည်းစနစ်များ
မင်္ဂလာပါ နှင်းဆီချစ်သူများ။ ဒီတစ်ခါမှာတော့ နှင်းဆီစိုက်ပျိုးရာမှာ လိုအပ်တဲ့ စိုက်ကျင်းပြုပြင်နည်းတွေကို တင်ပြပေးလိုက်ရပါတယ်။ လက်တွေ့အသုံးချနိုင်ပြီး အဆင်ပြေမယ်လို့ မျှော်လင့်မိပါတယ်။
  • စိုက်ခင်းနှင့် စိုက်ကျင်းပြုပြင်ခြင်း

    နှင်းဆီပင်တစ်ပင်သည် ၄နှစ်မှ ၆နှစ်အထိ ပန်းရနိုင်ပါသည်။ နှင်းဆီစိုက်ပျိုးခြင်းသည် ရေရှည်လုပ်ငန်းဖြစ်သဖြင့် စိုက်ခင်းနှင့် စိုက်ကျင်းများကို ကောင်းစွာပြုပြင်ရပါမည်။ မစိုက်မီ အနည်းဆုံးတစ်လကြို၍ မြေပြင်သင့်ပါသည်။ မေ၊ ဇွန်လများအတွင်း အခင်းပြင်ခြင်းဖြင့် နေ၊လနှင့် မြေသားအနှံ့ထိတွေ့ကာ မစိုက်မီပင် မြေအသားကျသွားစေပါသည်။ အပင် အနည်းအကျဉ်းသာ စိုက်ပျိုးပါက တစ်ပင်ချင်းကိုင်းတူးကာ စိုက်ပျိုးနိုင်ပါသည်။ ကျင်းအရွယ်မှာ အကျယ် ၂ပေ - ၃ပေ နှင့် အနက် ၂ပေ - ၂ပေခွဲ ရှိသင့်ပါသည်။

    အပင်မစိုက်မီ ဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာကို မြေအမျိုးအစားပေါ် အခြေခံ၍ ကြိုတင်ဖြည့်ထားရပါမည်။ မြေအများစုတွင် ဖော့စဖောရပ် ဓာတ်မြေသြဇာနှင့် ထုံးများ သို့မဟုတ် ဖောက်ထုံး တို့ကို စုပေါင်းထည့်ရပါမည်။ အပေါ်ယံမြေသား တစ်ကေခန့်တူးပြီး သီးခြားပုံထားပါ။ ကျန်တစ်ပေခွဲကို ဆက်တူးပြီး ၎င်းမြေသားတစ်ဝက်၊ နွားချေး သံပုံးတစ်ဝက်၊ အရိုးမှုန့် မြေသြဇာလက်တစ်ဆုပ်ကို စိုက်ကျင်းမှ အောက်ခံမြေသား တစ်ဝက်နှင့် သမအောင်ရောပြီး ကျင်းထဲသို့ထည့်ပါ။ ထို့နောက် တူးဖယ်ထားသော အပေါ်ယံမြေသားကို အပေါ်မှပြန်ထည့်ပါ။ နှင်းဆီသည် အမြစ်စဉ် အင်အားကောင်းပြီး နှစ်ရှည်ခံပန်းပင်ဖြစ်သဖြင့် စိုက်ခင်းကို စနစ်တကျ ကောင်းမွန်အောင် ပြုပြင်ရပါမည်။ အပေါ်ယံ မြေသားတိမ်သော မြေများတွင် နှစ်လွှာတူးနည်းသည် အကောင်းဆုံးဖြစ်ပါသည်။ မြေလှန်ပြုပြင်သော အင်္ဂလိပ်နည်းစနစ်ဖြစ်သည်။

    (က) နှစ်လွှာတူးနည်း

    စိုက်ခင်းဖော်ရာ၌ စိုက်ခင်းအရှည်ကို မြေအနေအထားနှင့် လိုအပ်သလိုထားနိုင်ပြီး အကျယ်သည် ၅ပေထက် မပိုသင့်ပေ။ နှစ်လွှာတူးနည်းဖြင့် မြေသားအနက် (၂ပေ - ၂ပေခွဲ) ခန့်ရရှိအောင် ကတုတ်မြောင်းတစ်ခုကို တူးရပါမည်။

    ပထမဦးစွာ အကျယ်၂ပေ၊ အနက် ၁ပေ တူးပြီး အပေါ်ယံမြေသားကို သီးသန့်ထားပါ။ ထို့နောက် အောက်ခံမြေကို ခက်ရင်းခွဖြင့် ဆက်တူးဆွရပါမည်။ ဆွထားသော အောက်ခံမြေသားထဲတွင် နွားချေးဆွေးတစ်တောင်း၊ အရိုးမှုန့် (သို့) ဖော့စဖိတ်မြေသြဇာ တစ်မျိုးမျိုးကို လက် ၂ဆုပ်ထည့်၍ ရောမွှေထည့်ပေးပါ။ ထို့နောက် ဒုတိယမြောင်းတစ်ခုကို ပထမတစ်ခုကဲ့သို့ ဆက်တူးပါ။ ဒုတိယမြောင်း၏ အပေါ်ယံအနက် ၁ပေမှ မြေသားကို ပထမမြောင်းတွင် ဖြည့်ထည့်ပေးပါ။ ဒုတိယမြောင်း၏ အောက်ခံမြေသား ၁ပေကို ခက်ရင်းခွဖြင့် ဆွပေးပြီး၊ အထက်ပါအတိုင်း မြေဆွေး၊ မြေသြဇာများဖြင့် ဖြည့်ကာ ရောမွှေပေးပါ။ ထို့နောက် တတိယမြောင်းမှ အပေါ်ယံမြေသားတစ်ပေဖြင့် ပြန်ဖုံးအုပ်ပေးပါ။ ဤနည်းဖြင့် လိုအပ်သော စိုက်မြောင်းအရှည်ရရှိသည့်တိုင်အောင် ဆက်ကာဆက်ကာ တူးသွားရပါမည်။ ပထမဆုံးမြောင်းမှ ယူထားပြီး သီးခြားပုံထားသော အပေါ်ယံမြေကို နောက်ဆုံးမြောင်းတွင် ပြန်ဖြည့်ထည့်ပေးခြင်းဖြင့် လိုအပ်သော စိုက်ခင်းတစ်ခု တူးဖော်ရရှိနိုင်ပါသည်။

    ဤသို့ဖြင့် နှစ်လွှာတူးနည်းအရ ပြုပြင်ထားသော စိုက်ခင်းမှ အပေါ်ယံမြေသားကို အပင်မြေချကာနီးတွင် ထပ်မံ၍ ပိုမိုကောင်းမွန်အောင် ပြုပြင်နိုင်ပါသည်။ မြေပြင်စဉ် စိုက်ခင်းမျက်နှာပြင်ကို ပတ်ဝန်းကျင်မှ မြေကြီးနှင့်အညီထားပေးခြင်းဖြင့် နောက်ပိုင်းအပင်မြေချချိန်တွင် အနည်းငယ်မြေသားနိမ့်သွားနိုင်ပါသည်။ အကယ်၍ စိုက်ခင်းမြေသည် ရေစီးဆင်းမှုညံ့သော မြေစေးမြေဖြစ်ပါက ဘောင်အား မြေမျက်နှာပြင်မှ ၂လက်မ မှ ၄လက်မခန့် မြှင့်ပေးထားရမည်။

    စိုက်ပျိုးခြင်း

    မြေပြန့်ဒေသတွင် မိုးရာသီအကုန် စက်တင်ဘာလ၊ အောက်တိုဘာလများအတွင်း နှင်းဆီစိုက်ရန် အကောင်းဆုံးအချိန်ဖြစ်သည်။ နောက်အကျဆုံး နိုဝင်ဘာလကုန်အထိ စိုက်နိုင်သည်။ သို့သော် ဂရုစိုက်နိုင်ပါက တစ်နှစ်လုံးနီးပါး စိုက်နိုင်ပါသည်။ (ဥပမာ- ပူပြင်းသော ရာသီတွင် အရိပ်လုပ်ပေးခြင်း)။ ထိုဒေသများတွင် အပူချိန်ပြင်းသည့် ဧပြီလမှ ဇွန်လအတွင်း နှင်းဆီမစိုက်သင့်ပေ။ မိုးများလွန်းသောဒေသများတွင် ဇူလိုင်လ၊ သြဂုတ်လ (မုတ်သုန်ရာသီ) အတွင်း နှင်းဆီစိုက်ပျိုးခြင်းကို ရှောင်သင့်ပါသည်။

    နှင်းဆီပင်စိုက်ရန် အကောင်းဆုံးအချိန်ကို ရာသီဥတုကပင် ဆုံးဖြတ်နိုင်ပေသည်။

    မြေချမစိုက်မီ နှင်းဆီပင်များအား အောက်ပါအတိုင်း ပြုပြင်ပေးသင့်ပါသည်။

    - ရှည်လွန်းသောအမြစ်၊ လိမ်ကောက်သော အမြစ်များနှင့် ကျိုးပဲ့ပျက်စီးနေသော အမြစ်များကို ကတ်ကြေးထက်ထက်ဖြင့် ဖြတ်ပေးသင့်ပါသည်။

    - ရွှေ့ပြောင်းစိုက်စဉ် ကျိုးပဲ့ပျက်စီးသွားသော အကိုင်းအညွှန့်များအား ဖယ်ရှားပေးပါ။

    - အဖူးမြုပ်ထားသောနေရာ၏ အထက်ကပ်လျက်ရှိ အောက်ခံပင်ငုတ်တိုအား တတ်နိုင်သမျှ အဖူးမြုပ်ထားသော အနီးကပ်၍ ဖြတ်ပေးပါ။

    - ပန်းဖူးများပါရှိပါက ဖယ်ရှားပေးပါ။

    - ရောဂါရနေသော အစိတ်အပိုင်းများကို လုံးဝဖယ်ရှားပေးပါ။

    - ရောဂါကာကွယ်နိုင်ရန် မှိုသတ်ဆေးဖြင့် ကြိုတင်ပက်ဖျန်းခြင်း၊ စိမ်ပေးခြင်း ပြုလုပ်ပေးပါ။

    နှင်းဆီပင်ကို မြေချစိုက်ပျိုးပါက နည်းနှစ်နည်းဖြင့် စိုက်ပျိုးနိုင်ပါသည်။ မြေစိုင်ခဲပါ စိုက်နည်းနှင့် မြေစိုင်ခဲမဲ့ စိုက်နည်းတို့ဖြစ်သည်။ များသောအားဖြင့် ပျိုးပင်ငယ်များကို မြေစိုင်ခဲနှင့်အတူ စိုက်လေ့ရှိပါသည်။ စိုက်ခင်း သို့မဟုတ် စိုက်ကျင်းတွင်ထည့်ထားသော မြေသားအသစ်ကို ပျိုးပင်နှင့်အတူ ပါလာသော မြေစိုင်ခဲမှ မြေသားအဟောင်းနှင့် တစ်သားတည်းရှိစေရန် ဖိသိပ်ပေးရန် အရေးကြီးပါသည်။ အပင်သည် ကျင်း သို့မဟုတ် စိုက်ခင်းအလယ်တည့်တည့် ရှိရပါမည်။

    အပင်ကြီးသော နှင်းဆီပင်များကို တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွှေ့စိုက်လိုပါက အပင်မှ မြေများကိုဖယ်ကာ မြေစိုင်ခဲမဲ့စိုက်နည်းကို အသုံးပြုသင့်ပါသည်။ မစိုက်မီ အမြစ်ကို ရေထဲတွင် တစ်နာရီခန့်စိမ်ထားပါ။ စိုက်ကျင်း သို့မဟုတ် စိုက်ခင်းထဲမှ မြေတစ်ဝက်ခန့်ကို ဖယ်၍ ကျင်းအလယ်၌ မြေကို ခုံးထားပေးပြီး အမြစ်များကို ဖြန့်၍ စိုက်ပျိုးရပါသည်။ အမြစ်မထိခိုက်စေရန် သတိပြုပါ။ အပင်ပတ်လည် မြေဟာပြီး လေခိုမနေစေရန် လက် သို့မဟုတ် ခြေဖြင့် ဖိသိပ်ပြီး ရေချက်ချင်းလောင်းပေးပါ။

    မည်သည့်နည်းဖြင့် စိုက်သည်ဖြစ်စေ အပင်၏အတိမ်အနက်ကို ဂရုစိုက်ရပါမည်။ အချို့စိုက်ပျိုးသူများသည် အဖူးမြုပ်သည့်နေရာကို မြေမျက်နှာပြင်အထက် အနည်းငယ်မြှင့်၍ဖြစ်စေ၊ အချို့သည် မြေမျက်နှာပြင်အောက် အနည်းငယ်နိမ့်၍ဖြစ်စေ၊ အချို့မှာ မြေနှင့်တစ်ညီတည်း ဖြစ်စေ၊ အမျိုးမျိုးစိုက်ပျိုးကြပါသည်။

    နှင်းဆီပင်များကို မြေချပြီးပါက ကောက်ရိုး၊ မြေဆွေး၊ နွားချေးဆွေး၊ သစ်ရွက်ဆွေး စသည့် တစ်ခုခုဖြင့် ၄လက်မ အထူခန့် အပင်ခြေများတွင် ဖုံးအုပ်ပေးရပါမည်။ ဤကဲ့သို့ ပြုလုပ်ပေးခြင်းဖြင့် မြေ၌ အစိုဓာတ် လျင်မြန်စွာ ခြောက်သွေ့ခြင်းကို ကာကွယ်ပေးပြီး အစိုဓာတ် ထိန်းသိမ်းပေးနိုင်ပါသည်။ အပင်ပတ်ဝန်းကျင်ရှိ လေထုစိုထိုင်းဆကိုလည်း ထိန်းထားနိုင်ပေသည်။

    ထိန်းသိမ်းစောင့်ရှောက်ခြင်း

    (က) ရေပေးခြင်း၊ ပြုစုခြင်း

    နှင်းဆီစိုက်ပျိုးရေးတွင် ရေပေးခြင်းသည် အရေးကြီးသည့်အချက် တစ်ချက်ဖြစ်ပါသည်။ ရေပေးမှုမမှန်ကန်ပါက အပင်ဖြစ်ထွန်းမှု နည်းစေသည်။

    နှင်းဆီသည် ရေများများရရှိခြင်းကို နှစ်သက်သော အပင်မျိုးဖြစ်သည်။ ရေအနည်းအကျဉ်းကို မကြာခဏလောင်းခြင်းထက် စိုက်ခင်းအား ဘောင်တစ်ခုလုံး မြုပ်သည့်တိုင်အောင် ရေမှန်မှန်သွင်းပေးခြင်းက ပိုကောင်းပါသည်။

    နှင်းဆီသည် အမြစ်၌ရေဝပ်ခြင်းကို မကြိုက်သလို အရွက်များခြောက်သည်အထိ ရေပြတ်ခြင်းကိုလည်း မနှစ်သက်ပေ။ ရေပေးသွင်းခြင်းသည် မြေအမျိုးအစားပေါ် မူတည်၍ မတူညီနိုင်ပါ။ သဲဆန်မြေနှင့် ဖွယ်သောမြေများသည် ရေခြောက်လွယ်သဖြင့် ရေမကြာခဏ လိုအပ်ပေသည်။ မြေစေးမြေသည် ရေကိုကြာကြာထိန်းထားနိုင်သဖြင့် ရေမကြာမကြာ ပေးသွင်းရန် မလိုအပ်ပါ။ နုံးမြေတွင် စိုက်သောနှင်းဆီခင်းကို နွေရာသီတွင် တစ်ပတ်တစ်ကြိမ် မိုးရာသီတွင် အပင်အခြေအနေကို ကြည့်၍လည်းကောင်း၊ ဆောင်းရာသီတွင် ၁၀ရက် ၁၄ရက် တစ်ကြိမ် ရေသွင်းပေးပါက လုံလောက်ပါသည်။ သဲဆန်သော မြေတွင်မူ နွေရာသီ၌ လိုအပ်လျှင် နေ့စဉ်လောင်းသင့်ပါသည်။ ရေလောင်းရေသွင်းခြင်းကို နံနက်ခင်းနှင့် ညနေခင်းတွင်သာ ပြုလုပ်သင့်ပါသည်။ နေ့ခင်းပိုင်းမှာ မလောင်းပါနှင့်။ ရေသွင်းချိန် တစ်ကြိမ်နှင့် တစ်ကြိမ် အကြား အပေါ်ယံ မြေခြောက်နေလျှင် မြေဆွပေးရန် သင့်တော်ပါသည်။ မြေစိုနေစဉ် မဆွပါနှင့်။ မြေဆွခြင်းဖြင့် ပေါင်း၊ မြက်ကင်းစင်စေခြင်း၊ အစိုဓာတ်ထိန်းပေးခြင်း၊ မြေတွင်း လေဝင်လေထွက် ကောင်းစေခြင်းဖြစ်စေပါသည်။ မြေစေးမြေတွင် ရေသွင်းပြီးတိုင်း မြေဆွပေးရန် သင့်တော်သော်လည်း သဲနုံးမြေတွင်မူ ခဏခဏမြေဆွပေးရန် မလိုပေ။ အပင်ခြေကပ်၍ ခပ်နက်နက် တူးဆွခြင်းမှာ အပင်ကို ထိခိုက်စေသဖြင့် အထူးရှောင်ကြဉ်ပါ။

    အောက်ခံပင်မှ ထွက်လာသော သားတက်များကို အရင်းမှ ကပ်ဖြတ်ပါ။ ၎င်းတို့ရှိခြင်းဖြင့် အပင်သန်စွမ်းမှု နည်းစေသည်။ အပင်မြေချစဉ်ကပင် အဖူးမြုပ်သည့်နေရာအား မြေအောက်၌ အနည်းငယ် မြှုပ်စိုက်ခြင်းဖြင့် သားတက်အထွက်နည်းစေပြီး မြေအောက်ရှိ အဖူးတိုင်းမှ အမြစ်များ ထွက်လာခြင်းဖြင့် အကျိုးပိုရှိစေသည်။ Standard Rose

    တွင် အောက်ခံပင်စည်ပေါ်၌ သားတက်များထွက်လျှင်ထွက်ချင်း ဖြတ်ပေးသင့်ပါသည်။ အပင်ကြီးတွင် အဖူးများလွန်းပါက သေးလှီသော အဖူးများကို ငယ်စဉ်ကတည်းက ခြွေပေးခြင်းဖြင့် အပွင့်ပိုကြီးလာစေပါသည်။

    (ခ) မြေသြဇာကျွေးခြင်း

    နှင်းဆီသည် အပွင့်အတွက် စိုက်ပျိုးသော အပင်အမျိုးအစားဖြစ်၍ အရည်အသွေးကောင်းသော အပွင့်များရရန် လိုအပ်ပါသည်။ စံချိန်မှီ အပွင့်များရရန် တစ်ရာသီပြီး တစ်ရာသီ အာဟာရဓာတ် မျှတလုံလောက်အောင် ပေးနေဖို့လိုပါသည်။ မြေအတိမ်အနက်၊ မြေသားတည်ဆောက်မှု၊ အချဉ်အငံဓာတ်၊ ရေစီးဆင်းနိုင်မှု၊ ရေစိမ့်ဝင်ပျံ့နှံ့မှုနှင့် ဓာတ်ဆားများပျော်ဝင်နေမှု စသည်တို့အပေါ်မူတည်ပြီး သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာများကို အမျိုးမျိုး ထည့်သွင်းနိုင်ပါသည်။ နှင်းဆီပင်သည် အစားကြီးသော အပင်ဖြစ်၍ စနစ်တကျ မျှတအောင် ကျွေးပေးရန် လိုအပ်ပါသည်။ အာဟာရဓာတ် ၁၂မျိုးခန့် ရှိပါသည်။ ၎င်းတို့အနက် နိုက်ထရိုဂျင်၊ ဖော့စဖိတ်နှင့် ပိုတက်ဆီယမ်မှာ အဓိကလိုအပ်သော အာဟာရဓာတ်များဖြစ်သည်။

    Source- ဒေါက်တာညိုညို (အောင်မြင်သောနှင်းဆီစိုက်ပျိုးရေးစာအုပ်)


  • article
likes10comments0
views10424views1860