cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

သီးနှံပုံစံ (Cropping Pattern) ဆိုတာဘာလဲ?

. စိုက်ပျိုးနည်းစနစ်များ
သီးနှံပုံစံ (Cropping Pattern) ဆိုသည်မှာ သီးနှံစိုက်ပျိုးရေးစနစ်တွင် ပါဝင်ပြီး တစ်နှစ်အတွင်း နေရာတစ်ခုတည်းတွင် သီးနှံများ(၂)ကြိမ် မှ (၃)ကြိမ်ထက်မနည်း ပုံစံချ* စိုက်ပျိုးပြီး သီးနှံစိုက်ဧကအပါအဝင် သီးနှံအထွက်နှင့် သီးနှံစိုက်စွမ်းအား တိုးတက်အောင်ပြုလုပ်ခြင်းဖြစ်သည်။
  •  * (ပုံစံချ - မြန်မာနိုင်ငံ၏ နွေ၊ မိုး၊ ဆောင်း ရာသီဥတု (၃) ခုတွင် ရာသီချိန်ကာလနှင့်ကိုက်ညီသော မိုးသီးနှံ၊ ဆောင်းသီးနှံ၊ နွေသီးနှံတို့အတွက် စိုက်ပျိုးမည့်သီးနှံနှင့် စိုက်ပျိုးမည့်အချိန်ကာလအား ကြိုတင်ရေးဆွဲသတ်မှတ်ခြင်းဖြစ်ပါသည်။)

    ဥပမာ 

    သုံးသီးစိုက်သီးနှံပုံစံ (၁) _မိုးစပါး_ကုလားပဲ_နွေစပါး

                 (၂)_ မိုးစပါး_မြေပဲ_နွေနှမ်း

    နှစ်သီးစိုက်သီးနှံပုံစံ _မိုးစပါး_ချည်မျှင်ရှည်ဝါ 

     

    သီးနှံပုံစံအမျိုးအစားများ

       (၁)  သီးထပ်စိုက်ပျိုးခြင်း (Sequential Cropping )

       (၂)  သီးညှပ်စိုက်ပျိုးခြင်း (Inter Cropping )

       (၃)  သီးကြိုစိုက်ပျိုးခြင်း (Relayed Cropping )

       (၄)  တစ်မျိုးတည်းဆက်တိုက်စိုက်ပျိုးခြင်း (Mono Cropping )

       (၅)  သီးသန့်စိုက်ပျိုးခြင်း (Sole Cropping )

       (၆)  အကန့်လိုက်စိုက်ပျိုးခြင်း ( Strip Cropping or Alley Cropping )

       (၇)  သီးလှည့်စိုက်ပျိုးခြင်း ( Crop Rotation )

       (၈)  သီးနှံစုံစိုက်ပျိုးခြင်း ( Multiple Cropping ) စသည်တို့ဖြစ်ပါသည်။

     

    မှန်ကန်သောသီးနှံပုံစံ ရွေးချယ်စိုက်ပျိုးကြရန်

    မြန်မာနိုင်ငံအနှံ့အပြားမှာ သူ့ဒေသအလိုက် စီးပွားရေးတွက်ခြေကိုက်တဲ့ သီးထပ်သီးနှံ၊ သီးညှပ်သီးနှံ (သီးနှံပုံစံ) တွေကိုစိုက်ပျိုးကြတာ တွေ့ရပါတယ်။ စိုက်ပျိုးကြတဲ့ သီးနှံပုံစံတွေကြည့်ရင် (မိုးစပါး-ပဲမျိုးစုံ)၊ (မိုးစပါး-ဆီထွက်သီးနှံ)၊ (မိုးစပါးဟင်းသီးဟင်းရွက်)၊ (မိုးစပါး-ပဲမျိုးစုံ-ဆီထွက်သီးနှံ)၊ (မိုးစပါး-နွေစပါး)၊ (မိုးစပါး-ပဲမျိုးစုံ- ပဲမျိုးစုံ)၊ (မိုးစပါး-အစေ့ထုတ်ပြောင်း)၊ (မိုးစပါး-ပဲမျိုးစုံ၊ ဆီထွက်-နွေစပါး)၊ (မိုးစပါး-ပဲမျိုးစုံ- သစ်စိမ်းမြေသြဇာ)၊ သီးညှပ်အနေနဲ့ (ဆီထွက်သီးနှံနဲ့ပြောင်း)၊ (ပဲမျိုးစုံနှင့် ပြောင်း) ၊ (ဆီထွက်)စတဲ့ သီးနှံပုံစံတွေစိုက်ပျိုးကြတာ တွေ့ရှိရပါတယ်။

     

    သီးထပ်သီးနှံပုံစံမှာတော့ စပါး-ပဲမျိုးစုံ-နွေစပါး သီးနှံပုံစံဟာ ငွေတစ်ကျပ်ရင်းနှီးမြှုပ်နှံရင် ၂ ဒသမ ၉၄ ကျပ် အကျိုးအမြတ်ရရှိနိုင်တာ တွေ့ရပါတယ်။ စပါး-ပဲမျိုးစုံ-ဆီထွက်သီးနှံပုံစံကတော့ ငွေတစ်ကျပ် ရင်းနှီးမြှုပ်နှံရင် ၂ ဒသမ ၉၃ ကျပ်အကျိုးအမြတ်ရရှိနိုင်တာ တွေ့ရပါတယ်။စပါး-ပဲမျိုးစုံ-နွေစပါး သီးနှံ ပုံစံကတော့ငွေတစ်ကျပ် ရင်းနှီးမြှုပ်နှံရင် ၂ ဒသမ ၇၀ကျပ် အကျိုးအမြတ်ရရှိနိုင်ပါတယ်။ စပါး-ပဲမျိုးစုံ-ပဲမျိုးစုံ သီးနှံပုံစံကတော့ ငွေတစ်ကျပ်ရင်းနှီးမြှုပ်နှံရင် ၂ ဒသမ ၆၂ ကျပ်အကျိုးအမြတ် ရရှိနိုင် တာကိုတွေ့ရပါတယ်။

    ဒီလို သီးနှံပုံစံများရဲ့ စီးပွားရေးအကျိုးအမြတ်ရရှိနိုင်မှုအပြင် သီးနှံပုံစံများကြောင့် မြေဆီလွှာအတွင်းသို့ အာဟာရပြန်လည်ဖြည့်စွမ်းနိုင်မှုဟာလည်း အရေးပါတာတွေ့ရပါတယ်။ စီးပွားရေးလည်း တွက်ခြေကိုက် ပြီး မြေတွင်းသို့အာဟာရပြန်လည်ဖြည့်စွက်မှုလည်း အားကောင်းတဲ့ သီးနှံပုံစံဆိုရင် တောင်သူ လယ်သမားကြီးများအတွက် ပိုပြီးတွက်ခြေကိုက်မှာ ဖြစ်ပါတယ်။ စီးပွားရေးတော့ တွက်ခြေကိုက်ပြီးမြေဆီလွှာဆုတ်ယူဆုံးရှုံးမှု များနေရင်တော့တောင်သူလယ်သမားကြီးများအတွက် “ပေးကပေး၏ မရ” ဖြစ်နိုင်ပါတယ်။

    တပ်ကုန်းခြံမှာ (ပဲတီစိမ်း၊ ပိုက်ဆံလျှော်၊ ပဲတီစိမ်း) သီးနှံပုံစံဟာ ပဲတောင့်များကောက်အပြီး ကြွင်းကျန် နေသော ပဲပင်များကို မြေတွင်းသို့ ထယ်ထိုးထွန်မွှေ မြေမြှုပ်၍ ပြန်လည်ထည့်သွင်းပေးနိုင်ပါက ရေရှည်တွင် ကုန်ခန်းသွားသော မြေဆီလွှာအာဟာရဓာတ်များ ပြန်လည်ပြည့်ဖြိုးလာပြီး မြေဆီလွှာပျက်စီးမှု ကို ထိန်းသိမ်းနိုင်တာကို တွေ့ရပါတယ်။

    ဇလုပ်ခြံမှာ နှမ်းလျင်-ပဲတီစိမ်း၊ ပဲစင်းငုံ (၂ : ၁) သီးနှံပုံစံ စိုက်ပျိုးခြင်းသည်ပဲတီစိမ်းပင်ကျန်၊ ပဲစင်းငုံပင် ကျန်နဲ့ နှမ်းရိုးတို့ကို မြေတွင် ထယ်ထိုးမြေမြှုုပ် ပြန်လည်ထည့်သွင်းသော်လည်း ယူရီးယားမြေသြဇာကို ပုံမှန်နှုန်းထားထက် ပိုမိုအသုံးပြုနိုင်မှသာ မြေဆီလွှာအာဟာရဓာတ်ကို ထိန်းသိမ်းနိုင်ကြောင်း တွေ့ရ ပါတယ်။ 

     အောင်ပန်းခြံမှာ (အာလူး-ပန်းနှမ်း) သီးနှံပုံစံစိုက်ပျိုးခြင်းဟာ ယူရီးယားမြေသြဇာနဲ့ ပိုတက်ရှ်မြေသြဇာ ကို ပုံမှန်နှုန်းထားထက်အနည်းငယ် ပိုမိုသုံးစွဲနိုင်မှသာ ရေရှည်မှာမြေဆီလွှာအာဟာရကို ထိန်းသိန်းနိုင်ကြောင်း တွေ့ရပါတယ်။ အောင်ပန်းခြံမှာပင် (ပဲပုပ်-ပန်းနှမ်း) သီးနှံပုံစံ စိုက်ပျိုးတာဟာ သီးနှံများ ကောက်သိမ်းပြီးပါက အပင်အကြွင်းအကျန်အားလုံးကို ထယ်ထိုးထွန်မွှေမြေမြှုပ်ပေးပါက မြေဆီလွှာ အာဟာရကို ထိန်းသိမ်းနိုင်ကြောင်း စမ်းသပ်တွေ့ရှိချက်များကိုရေးသားတင်ပြပါသည်။

     

    ရင်းမြစ်/ကိုးကား

    ၁။ စိုက်ပျိုးရေးဦးစီးဌာန - စိုက်ပျိုးရေးဆိုင်ရာနည်းပညာများ

    ၂။ အောင်ဆန်း(စိုက်ပျိုးရေး)၊ မြန်မာတောင်သူကြီးများဂျာနယ်

    ----------------------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
likes10comments0
views1640