cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

သရက်ကိုင်းဆက်ပင်များတွင် အောက်ခံပင်မျိုး၏ မျိုးကိုင်းနှင့် အပင်အပေါ်အကျိုးသက်ရောက်မှုအချို့

. ကိုင်းကူးကိုင်းဆက်ခြင်းနှင့် အဖူးသွင်းခြင်း
သရက်ကို အစေ့မှပျိုးထောင်ခြင်းအပြင်၊ ကိုင်းကူးကိုင်းဆက်နည်းအမျိုးမျိုးကိုအသုံးပြုပြီး မျိုးပွားလေ့ရှိပါတယ်။ ကိုင်းဆက်တဲ့အခါမှာ အောက်ခံပင်အဖြစ်ထားမယ့်သရက်မျိုးကို သတ်သတ်မှတ်မှတ်ထားလေ့ရှိသလို၊ မိမိတို့ဒေသမှာအလွယ်တကူရနိုင်ပြီး စျေးပေါတဲ့သရက်မျိုးတွေရဲ့ အစေ့တွေကိုပဲ ပျိုးထောင်ပြီး အသုံးပြုလေ့ရှိကြပါတယ်။ အသီးကို အပေါ်မျိုးကိုင်းကနေယူမှာမို့ အောက်ခံပင်က ဘာမျိုးလဲဆိုတာကို ဂရုမစိုက်တဲ့သူများတာပေါ့။

  •    သရက်သီးလှိုင်လှိုင်ပေါချိန်ရောက်ရင် အနီးအနားဝန်းကျင်က သရက်စေ့တွေကိုစုဆောင်းတယ်၊ ဝယ်တယ်။ ဒါမှမဟုတ် သရက်သီးကို ယို၊ သရက်ပြင်၊ သရက်သီးခြောက် အစရှိတဲ့အစားအစာအဖြစ်ပြုပြင်ရောင်းချတဲ့သူတွေဆီက အစေ့သွားဝယ်တယ်။ သရက်မျိုးကဘာလဲဆိုတာ ဘယ်သူမှ အလွယ်တကူမသိနိုင်ပါဘူး။ အဓိကက အချိန်တိုအတွင်းကိုင်းဆက်နိုင်ဖို့ ကြီးထွားမှုမြန်ရမယ်၊ စျေးပေါရမယ်လေ။ ပျိုးဘောင်မှာ သရက်စေ့ကိုပျိုးထောင်မယ်။ ပြီးရင် အပင်ပေါက်လေးတွေကို ပျိုးအိတ်ထဲပြောင်းထည့်ပြီး ကိုင်းကူးလို့ရတဲ့အချိန်ရောက်ရင် စိန်တလုံး၊ မြကျောက်၊ ရွှေဟင်္သာစတဲ့ မျိုးကောင်းတွေနဲ့ ကိုင်းဆက်မယ်ပေါ့။ 

       အောက်ခံပင်အမျိုးမျိုးရဲ့ အပေါ်မျိုးကိုင်းနဲ့ ကိုင်းဆက်အောင်မြင်မှု၊ အပင်ဖွံ့ဖြိုးမှု၊ အသီးအထွက်နှုန်းနဲ့ အသီးအရည်အသွေးအပေါ်အကျိုးသက်ရောက်မှုကို နှစ်ပေါင်းများစွာကတည်းကစိတ်ဝင်စားပြီး လေ့လာမှုတွေ အမျိုးမျိုးပြုလုပ်ခဲ့ကြပါတယ်။ အခြားအရည်အသွေးတွေအနေနဲ့ နှစ်ခြားပြီး အသီးသီးခြင်း၊ ပိုးမွှားရောဂါတွေကိုခံနိုင်ရည်စွမ်း၊ ပန်းပွင့်အသီးတင်မှု အစရှိတာတွေအပေါ် လွှမ်းမိုးမှုတွေကိုပါ သိချင်ခဲ့ကြပါတယ်။ 

       မြန်မာနိုင်ငံမှာ အောက်ခံပင်အဖြစ်အသုံးများလေ့ရှိကြတာတော့ ရင်ကွဲ၊ တောစာသရက်၊ စိုင်၊ မွတ်သီး အစရှိတဲ့ သရက်မျိုးများဖြစ်ပါတယ်။ ဒါ‌‌‌ပေမယ့်အထက်မှာရေးထားသလိုပဲ မျိုးကိုခွဲခြားမှုမရှိဘဲ ပျိုးထောင်လေ့ရှိပါက တခါတရံ စိန်တလုံးအပေါ် စိန်တလုံး‌တောင် ပြန်ဆက်မိတတ်ကြပါတယ်။ 

    အောက်ခံမျိုးက အပေါ်မျိုးကိုင်းအပေါ်လွှမ်းမိုးမှုတွေရှိရင် ကောင်းတဲ့အချက်လား ဆိုးကျိုးတွေကို ဖြစ်ပေါ်စေတာလား။ 

       တချို့အယူအဆအရ မျိုးကိုင်းသဟဇာတဖြစ်ပြီး ကိုင်းကူးတာအောင်ဖို့အတွက်သာ အောက်ခံပင်က လွှမ်းမိုးပြီး၊ စိုက်ခင်းထဲရောက်သွားရင်တော့ ပြုစုစောင့်ရှောက်မှုနဲ့ အပင်မှာထွက်တဲ့ဟော်မုန်းတွေက အဓိကဖြစ်တယ်လို့ ဆိုပါတယ်။ လွှမ်းမိုးမှုမရှိသလောက်ပဲလို့ ဆိုလိုတာပါ။ တကယ်ပဲလား? 

       လွှမ်းမိုးတဲ့အချက်တွေမပြောခင် အခြေခံသိထားရမှာကတော့ အောက်ခံပင်ကျန်းမာသန်စွမ်းမှ ကိုင်းဆက်တာအောင်မြင်နိုင်ပြီး၊ စိုက်ခင်းထဲမှာအဆင်ပြေမှာပါ။ ဒါကြောင့်မို့ အောက်ခံပင်ကို စနစ်တကျပျိုးထောင်ပါ၊ အမြစ်ကောင်းကောင်းထွက်ဖို့ ဂရုစိုက်ပါ၊ ရောဂါပိုးမွှားကင်းစင်ပါစေ၊ ပျိုးအိတ်ထဲကြာကြာထိန်းသိမ်းထားရင် ကုန်ကျစရိတ်တက်တာမို့ မြန်မြန်ကြီးထွားလွယ်တဲ့မျိုးကိုသုံးပါ။ ပင်စည်ဖြောင့်မတ်၍ ခဲတံလုံးခန့်ရှိရပါမယ်၊ အမြစ်ဆုံမကောက်ကွေ့လွန်းရပါဘူး။ 

       အောက်ခံပင်နဲ့ မျိုးကိုင်းကူးတာအောင်မြင်ဖို့ အချင်းချင်းကိုက်ညီမှဖြစ်မှာပါ။ လုံးပတ်အရွယ်အစားကိုမဆိုလိုပါဘူး၊ ဗီဇအရ တူရမယ်၊ ဆဲလ်အရွယ်အစား၊ ကြီးထွားနှုန်း၊ အစာကြောရေကြောတစ်သျှူးတွေနဲ့ အသားတိုးလွှာပုံစံနီးစပ်မယ်၊ ကိုင်းဆက်တာ နှစ်ဖက်စလုံးက မြန်မြန်အနားဖေးတက်မယ် အဲသလိုကိုက်ညီရင်တော့ အကောင်းဆုံးပေါ့။ မျိုးဗီဇအရ လုံးဝ သို့မဟုတ် တစိတ်တပိုင်းမကိုက်ညီတာတွေလည်း တွေ့ရတက်တာမို့ ဒါဆိုရင်တော့ ကိုင်းဆက်တာမအောင်မြင်နိုင်ပါဘူး။ ဒါကြောင့်မို့ အောက်ခံပင်မျိုးတစ်ခုနဲ့ကိုင်းဆက်တာအောင်မြင်မှုနည်းတယ်ဆိုရင် အဲဒီမျိုးကို မသုံးပါနဲ့တော့။ စိုက်ခင်းထဲမှာပါ ပြဿနာရှိနိုင်ပါတယ်။ ဒါမှမဟုတ် R2E2 လိုမျိုးတွေက ကြီးထွားတာမြန်ပြီး ကိုင်းကတုတ်တယ်ဆိုရင်၊ ကိုင်းအရွယ်အစားညီဖို့ ပျိုးထောင်ချိန်ကို ညှိပေးပါ။ 

        ကိုင်းဆက်တာကို မကိုက်ညီ၊ မအောင်မြင်စေရန် အောက်ခံပင်မျိုးအချို့က လွှမ်းမိုးပါတယ်။ ဒါတင်မကပါဘူး။ အောက်ခံပင်ကြောင့် မျိုးကိုင်းရဲ့ဖွံ့ဖြိုးမှု၊ အပင်အမြင့်နဲ့ အသီးအထွက်နှုန်းအပေါ်လည်း ကွဲပြားပါတယ်။ တချို့အောက်ခံမျိုးတွေဟာ အမြစ်နည်းတယ်၊ အမြစ်တိမ်တယ်ဆိုရင် မျိုးကိုင်းအတွက် လိုအပ်တဲ့ ရေနဲ့ အာဟာရတွေကို အလုံအလောက်မပံ့ပိုးပေးနိုင်ပါဘူး။ အမြစ်မှာအများဆုံးထွက်လေရှိတဲ့ Cytokinin လို့ခေါ်တဲ့ ဟော်မုန်းထွက်ရှိမှုလည်းနည်းတာမို့၊ ၄င်းဟော်မုန်းရဲ့တာဝန်ဖြစ်တဲ့အပင်အပေါ်ပိုင်း ရှည်ထွက်ဖို့၊ အညွှန့်ထွက်ဖို့၊ အပင်သန်စွမ်းဖို့ကို အလုံအလောက်မပံ့ပိုးနိုင်တာမို့ အပင်က ပုသွားလေ့ရှိသလို၊ အသီးထွက်နှုန်း နည်းလေ့ရှိပါတယ်။ အဲ့သလို Cytokinin အချိုးအစားမညီမျှတာဟာ အပင်အပေါ်ပိုင်း အရွက်တွေကထုတ်လုပ်တဲ့ Auxin ဟော်မုန်းကို အမြစ်တွေဆီသို့ပို့ဆောင်မှုကိုပါ အနှောင့်အယှက်ပေးပါတယ်။ Auxin နည်းရင် ဆဲလ်တွေရှည်ဖို့၊ အမြစ်နဲ့ကိုင်းတွေ တုံ့ပြန်ကြီးထွားဖို့၊ ပန်းပွင့်နဲ့ အသီးကြီးထွားဖို့ အစရှိတဲ့လုပ်ငန်းများအပြင် အမြစ်တွေနဲ့အပင်ပိုင်းဆိုင်ရာကြီးထွားမှု အားနည်းလာပါတယ်။ 

       အောက်ခံမျိုးရဲ့ အရွက်ထွက်ရှိမှု၊ အရွက်အရွယ်အစားကလည်း ကိုင်းဆက်မှုအပေါ် အကျိုးသက်ရောက်မှုရှိပါတယ်။ အရွက်အရေအတွက်များတယ်၊ အရွယ်အစားက ကျယ်ပြန့်တယ်၊ ရှည်တယ်ဆိုပါက အစာချက်တာကောင်းတယ်၊ အာဟာရပံ့ပိုးမှုများတာမို့ ကိုင်းဆက်တာအောင်မြင်ပြီး၊ မျိုးကိုင်း ကောင်းကောင်းကြီးထွားပါတယ်။ ကိုင်းဆက်ပြီးလို့ ​အောက်ခံပင်ရဲ့အရွက်​တွေ​ခြွေချထားရင်​တောင် စိုက်ခင်းထဲထိ အပင်ကသန်စွမ်းပါတယ်၊ ဒါ​ကြောင့် အရွက်ကြီးတဲ့ သရက်မျိုးကို အောက်ခံပင်အဖြစ်ရွေးချယ်သင့်ပါတယ်။ 

       အပင်ပုတဲ့သရက်မျိုးရဲ့ အစာကြောနဲ့ ရေကြော အချိုးအစားမှာ အစာကြောကပိုများတာမို့ ရေကြောပါဝင်မှု နည်းပါးပြီး၊ အပေါ်ကမျိုးကိုင်းနဲ့ တစ်ပင်လုံးကို ရေနဲ့မြေဆီလွှာအတွင်းမှ အာဟာရပို့ပေးနိုင်မှု လျော့နည်းပါတယ်။ ဒါကြောင့်မို့ အပင်ပုတဲ့သရက်မျိုးကိုလည်း အောက်ခံပင်အဖြစ် မထားသင့်ပါဘူး။ 

       အရွက်နဲ့ကိုင်းမှာ အစေးထွက်တာများတက်တဲ့သရက်မျိုးတွေကိုလည်း အောက်ခံပင်အဖြစ်မသုံးသင့်ပါဘူး။ အစေးများရင် ကိုင်းဆက်တာအောင်ဖို့ခက်တာကို သိရှိပြီးသားဖြစ်ပါတယ်။ အောင်သွားရင်တောင် အဲဒီ့သရက်မျိုးမှာ Phenol ပါဝင်မှု အလွန်များလေ့ရှိတာမို့ Auxin ဟော်မုန်းထွက်ရှိမှုကို ကန့်သတ်ပြီး၊ အပင်ကြီးထွားမှုကို ကျဆင်းစေပါတယ်။ ပန်းပွင့်မှုနဲ့ အသီးတင်ခြင်းကိုလည်း လွှမ်းမိုးနိုင်ပါတယ်။ 

        အထက်မှာဖော်ပြထားသလို စိန်တလုံးအပေါ် စိန်တလုံးပြန်ဆက်ရင်ရော ပြဿနာရှိမှာလားဆိုရင် ရှိမှာပါပဲ။ ပုံမှန်စိန်တလုံးအပင်မဟုတ်တော့ဘဲ ကိုင်းဆက်ထားတာမို့ အစာကြော၊ရေကြောစီးဆင်းမှုကတော့ ထူးခြားနေမှာဖြစ်သလို၊ လွှမ်းမိုးမှုတွေလည်း ရှိမှာပါပဲ။ 

        ကိုင်းဆက်အောင်မြင်ပြီးရင်တော့ ပျိုးအိတ်ထဲမှာပဲဖြစ်စေ၊ စိုက်ခင်းထဲ၌ဖြစ်စေ အောက်ခံပင်ရဲ့ အညွှန့်တွေ၊ အရွက်တွေကိုတော့ မဖြစ်မနေဖယ်ရှားပေးပါလို့ သတိပေးပါရစေ။ အညွှန့်တွေကြောင့် အပင်အားကုန်သလို၊ အောက်ခံပင်ရဲ့ဗီဇတွေက ပြန်ပြီးပြလာတက်တယ်လို့ ဆိုပါတယ်။ 

       သုတေသနများအရ အပင်ဖွံ့ဖြိုးမှု၊ အသီးအရည်အသွေးအပေါ် အောက်ခံပင်အမျိုးမျိုးရဲ့ လွှမ်းမိုးမှုတွေရှိတာမို့ ဒီလိုမျိုးသုတေသနတွေကိုဆောင်ရွက်ရာမှာ အချိန်ကြာမြင့်ပေမယ့် မြန်မာသရက်မျိုးတွေကိုလည်း သုတေသနများဆောင်ရွက်ပြီး အသင့်လျော်ဆုံးအောက်ခံပင်မျိုးများကို ရွေးချယ်သင့်ပါတယ်။ 

    ဒေါက်တာဝဏ္ဏထွန်း

    -----

    ဆောင်းပါးသစ်များအတွက် ထွက်တိုးကို Like, follow, share, Download https://htwettoe.com/download လုပ်ထားပါ။

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်


  • article
likes17comments2
views196views2576