cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

နှင်းပန်းစိုက်ပြီး ရေမွှေးထုတ်ကြစို့

. စိုက်ပျိုးနည်းစနစ်များ
နှင်းပန်းပွင့်များမှ နှင်းပန်းဆီထုတ်ရန် ပွင့်အာမနေသေးသည့် ပွင့်စပန်းပွင့်များကို နွမ်းသွားစေရန်အတွက် လက်ဖြင့် ကောင်းစွာခြေနယ်ပေးပါ။ ထို့နောက် (Pet- roleum ether) တွင် ပျော်ဝင်စေသည့်နည်းဖြင့် ထုတ်နိုင်ပါသည်။ ပန်းပွင့် ၁၅၀ မှလက်ဖြင့်ခြေနယ်ပြီး အဖတ်မှအဆီ ၁၁ ရာခိုင်နှုန်း မှ ၁၅ ရာခိုင်နှုန်း ပါဝင်သည့် အရည်တစ်ကီလိုဂရမ်ခန့်ရပါသည်။
  • နှင်းပန်းဟာမြန်မာများ ဘုရားပန်းအဖြစ် အသုံးပြုကြတဲ့ ပန်းတစ်မျိုးပါ။ စိုက်ပျိုးရ လွယ်ကူသလို အကြမ်းခံတဲ့ အပင်လည်း ဖြစ်ပါတယ်။မြန်မာနိုင်ငံအထက်ပိုင်းဒေသများမှာသာ အသုံးများတာကိုတွေ့ရပါတယ်။နှင်းပန်းကို အင်္ဂလိပ်လို (Tuberose) လို့ခေါပြီး၊ မျိုးစုအမည်မှာ (Polianthes) ဖြစ်ကာ မျိုးစိတ်အမည်မှာ (tuberosa) ဖြစ်ပါတယ်။ ဒါ့ကြောင့် သိပ္ပံအမည်မှာ (Polianthes tuberose L.) ဖြစ် ပါတယ်။ မျိုးရင်းကတော့ (Polianthes tuberose L.) ဖြစ်ပါတယ်။နှင်းပန်းရဲ့ မူရင်းဒေသဟာ မက္ကစီကိုနိုင်ငံဖြစ်ပြီး ၁၆ ရာစုနှစ်များ အတွင်း ကမ္ဘာ့နေရာအနှံ့ကို ပြန့်နှံ့သွားခဲ့ပါတယ်။မြန်မာနိုင်ငံကိုတော့ ၁၆ ရာစုနှစ်များ အတွင်းရောက်ရှိလာခဲ့တယ်လို့ယူဆရပါတယ်။ 

     

    ဖြစ်ထွန်းသည့်ရာသီဥတု 

    နှင်းပန်းသည် ပူနွေးစွတ်စိုသည့် ရာသီကို ကြိုက်နှစ်သက်ကာ အပူချိန် ၁၆ ဒီဂရီ ဆဲလ်စီးယပ်မှ ၃၀ ဒီဂရီဆဲလ်စီးယပ်အတွင်း စိုက်ပျိုးဖြစ်ထွန်းနိုင်သည်။ ပင်လယ်ပြင်မှ အမြင့် ၁,၂၀၀ မီတာမှ ၁,၅၀၀ မီတာ အမြင့်ထိ စိုက်ပျိုးနိုင်သည်။ နှင်းပန်းပန်းခိုင် အထွက်အနည်းအများမှာ အစိုဓာတ်နှင့် ရေငွေ့ဓာတ်များပေါ် မူတည်နေပါသည်။ အပူချိန် ၄၀ ဒီဂရီဆဲလ်စီးယပ် ထက်မြင့် ပါကပန်းခိုင်အရည်အသွေးညံ့ကာ၊ ပန်းခိုင်မရှည်ဘဲ တိုနေတတ်သည်။ ထို့အတူ အပူချိန်နိမ့်ကာ ဆီးနှင်းကျပါကလည်း အပင်နှင့်ပန်းပွင့်များကိုထိခိုက် ပျက်စီးစေပါသည်။ နှင်းပန်းသည် နေရောင်ကောင်းစွာ ရရှိမှုကို ကြိုက်နှစ်သက်ပါသည်။ ထို့ကြောင့် အရိပ်ကျသည့်နေရာ၊ အလင်းရောင် ကောင်းစွာမရနိုင်သည့် နေရာများတွင် စိုက်ပျိုးပါက ပန်းခိုင်အထွက် သိသာစွာလျော့နည်းကျဆင်းပါသည်။နှင်းပန်းပင်သည် အလင်းရောင် အတိုအရှည်အပေါ် သိသာစွာတုန့်ပြန်မှုမရှိသော် လည်း နေ့တာရှည်မှုက အပင် ပိုင်းကြီးထွားမှု ပိုမိုကောင်းမွန်စေသကဲ့သို့ ပန်းခိုင်စောထွက်စေကာ ပန်းခိုင်ပိုမိုရှည်လာစေပါ သည်။တစ်နေ့လင်းတာ(၁၆)နာရီရရှိပါကအပင်ကြီးထွားမှုနှင့်ပန်းပွင့်စေမှုကိုအားပေးစေပါသည်။ 

     

    မြေပြုပြင်ခြင်း 

    စိုက်ပျိုးမည့်မြေကို ကောင်းစွာထယ်ထိုးခြင်း၊ ထွန်မွှေခြင်းများ ပြုလုပ်ပေးကာ မြေသားအနက် ၄၅ စင်တီမီတာ ရသည်ထိ ပြုပြင်ပါ။ကောင်းစွာဆွေးနေသည့် မြေဆွေး၊ သစ်ဆွေး မြေဩဇာကို တစ်ဟက်တာလျှင် ငါးတန်နှုန်း ထည့်သွင်းနိုင်က အကောင်းဆုံးဖြစ်သည်။ 

     

    စိုက်ပျိုးခြင်း 

    နှင်းပန်းဥများကို အတန်းလိုက် စိုက်ပျိုးသင့်ပါသည်။ အတန်း တစ်တန်းနှင့် တစ်တန်းကြား ၃၀ စင်တီနှင့် အပင်တစ်ပင်နှင့် တစ်ပင်ကြား ၂၀ စင်တီ၊ သို့မဟုတ် အတန်းကြားနှင့် အပင်ကြား ၂၀ စင်တီမီတာ ပတ်လည် ထား၍ စိုက်ပျိုးသင့် ပါသည်။ နှင်းပန်းဥများကို မြေအောက်အနက် လေးစင်တီမီတာမှ ခြောက်စင်တီမီတာခန့်ထား၍ မြှုပ်စိုက်ပါ။ တစ်ဧကလျှင် အပင် (၄၀,၀၀၀)မှ(၅၀,၀၀၀)ခန့်ဝင်ဆံ့မည်ဖြစ်ပါသည်။ 

     

    စိုက်ပျိုးချိန် 

    နှင်းပန်းဥများကို မြေပြန့်တွင် မတ်လနှင့် ဧပြီလများတွင် လည်းကောင်း၊ တောင်ပေါ်ဒေသများတွင် ဧပြီလနှင့် မေလများ တွင်လည်းကောင်းစိုက်ပျိုးနိုင်သည်။ 

     

    စိုက်ပျိုးပြုစုခြင်းမြေဩဇာ 

    နှင်းပန်းဥများကို မြေတွင်မစိုက်မီ သဘာ၀မြေဩဇာများဖြစ်သည့် သစ်ရွက်ဆွေး၊ နွားချေး၊ ကြက်ချေး ဆွေးများ စသည် တို့ကိုရနိုင်သမျှ စုဆောင်း၍ ထွန်ယက်ပြုပြင်ထားသည့်မြေတွင် တစ်မီတာ စတုရန်းလျှင် ၁၀ ကီလိုဂရမ်နှုန်း ဖြင့်လည်း ကောင်း၊ တီစူပါနှင့် ပိုတက်ဓာတ်မြေဩဇာများကို ၁၅ ဂရမ် နှုန်းကျစီ ဥမစိုက်မီ ၁၅ ရက်အလို ခန့်တွင် ထည့်သွင်းပေး ထားပါ။နိုက်ဒရိုဂျင်ဓါတ်မြေဩဇာကိုမူ တစ်စတုရန်း မီတာလျှင် ၁၅ ဂရမ်နှုန်းဖြင့် သုံးကြိမ်ခွဲ ကျွေးပေးပါ။ သုံးပုံတစ်ပုံကို မြေပြုပြင်စဉ်တွင်လည်းကောင်း၊ သုံးပုံတစ်ပုံကို ဥများစိုက်ပြီး ရက် ၆၀ အကြာတွင်လည်းကောင်း၊ ကျန်သုံးပုံတစ်ပုံကို ပန်းစတင်ပွင့်ချိန်တွင်လည်းကောင်းထည့်သွင်းကျွေးပေးပါ။ 

     

    ရေလောင်းခြင်း၊ပေါင်းရှင်းခြင်း 

    နှင်းပန်းဥများစိုက်ပျိုးရာတွင် အပင်ပေါက်ကောင်းစေရန်အတွက် ဥများမြေထဲသို့ မစိုက်ပျိုးမီ မြေတွင်အစိုဓာတ်ကောင်းစွာ ရရှိနေစေရန် ရေကောင်းစွာ လောင်းပေးထားပါ။ ဥမှ အပင်ပေါက်လာသည်ထိ ရေထပ်မလောင်းပါနှင့်၊ ဥမှ အပင်ပေါက်လာ ပြီးနောက်ပိုင်းမြေတွင် အစိုဓာတ်မပြတ်စေရန် ရေကိုတစ်ပတ်တစ်ကြိမ်ကျလောင်းပါ။ ရာသီအေးပါက ၁၀ ရက် တစ်ကြိမ် သာလောင်းပေးပါ။အပင်တန်းကြား လက်ပေါင်းလိုက်ခြင်းကို တစ်လတစ်ကြိမ်ခန့် ဆောင်ရွက်ပါ။ ပေါင်းသတ်ဆေး သုံးမည်ဆိုပါက စိုက်ခင်းတစ်ဟက်တာအတွက် (Atrazine) ဆေးကို တစ်ကီလိုဂရမ်မှ ၁ ဒသမ ၅ ကီလိုဂရမ်ကို ရေ ၁၀၀၀ လီတာတွင်ဖျော်ပြီးနှင်းပန်းဥများစိုက်ပျိုးပြီးနောက်မြေပေါ်ပက်ဖျန်းပေးပါ။ 

     

    ပန်းခူးခြင်း 

    နှင်းပန်းဥများ စိုက်ပျိုးပြီး နောက်ရက် ၈၀ မှ ရက် ၁၀၀ ကြာသော် ပန်းစတင်ပွင့်ပါသည်။ အများအားဖြင့် ဂျူလိုင်လမှ စတင် ပန်းပွင့်ပါသည်။ နှင်းပန်းသည် နှစ်လုံးပေါက်ပန်းပွင့်နိုင်သည့် အပင်မျိုးဖြစ်ပါသည်။ ပန်းခိုင်မှ လက်ရင်းပန်းပွင့်များ စတင်ပွင့် လာသော် ရိုးတံရင်းမှ ဓား၊ သို့မဟုတ် ကတ်ကြေးဖြင့်ဖြတ်ယူပါ။ ပန်းခိုင်များကို နံနက်စောစော၊ သို့မဟုတ် ညနေခင်းပိုင်း တွင်သာ ခူးဆွတ်ပါ။ ပန်းခူးပြီးနောက် ကျန်ခဲ့သည့်ဥများ ကောင်းစွာကြီးထွားဖွံ့ဖြိုးလာစေရန်အတွက် ပန်းခိုင်များကိုဖြတ်ယူ ရာတွင်အရင်းပိုင်း လေးစင်တီမီတာမှ ခြောက်စင်တီမီတာခန့်ကို ချန်ဖြတ်ရန် အရေးကြီးပါသည်။ ခူးဆွတ်ပြီး ပန်းခိုင်များ ကြာရှည်ခံနိုင်စေရန်အတွက်ဖြတ်ယူထားသည့် ပန်းခိုင်အရင်းပိုင်းကို ချက်ခြင်းရေတွင်စိမ်ပေးထားပါ။ ပန်းပွင့်တစ်ပွင့်ခြင်း သုံးရန်အတွက်မူနေ့စဉ်ပွင့်နေသည့်ပန်းများကိုနံနက်စောစောတစ်ပွင့်ခြင်းခူးဆွတ်ရပါသည်။ 

     

    ပန်းခိုင်အထွက် 

    နှင်းပန်းအထွက်မှာ စိုက်ပျိုးသည့် မျိုးပေါ်မူတည်သည့်အပြင် စိုက်တန်းကြားနှင့် အပင်တန်းကြား အကွာအဝေးနှင့် စိုက်သည့် ဒေသ၏ ရာသီဥတုပေါ်တွင် မူတည်နေပါသည်။ ပွင့်ဖတ်တစ်ထပ်သာပွင့်သည့် မျိုးသည် စိုက်ခင်းတစ်ဟက်တာမှ တစ်နှစ် လျှင်ပန်းခိုင်လေးသိန်းမှ ငါးသိန်းခန့်ရနိုင်သည်။ တစ်ပွင့်ချင်းခူးဆွတ်ပါက တစ်ဟက်တာမှ တစ်နှစ် ၁၀ ဒသမ ၅ တန် ခန့် ထွက်နိုင်သည်။နှင်းပန်းစိုက်ခင်း တစ်ဟက်တာမှ စိုက်ပျိုးပြီး သုံးနှစ်ကြာသော် နှင်းပန်းဥ ၂၀ တန်ခန့် ရရှိနိုင်ပါသည်။ 

     

    နှင်းပန်းဥတူးခြင်း 

    ပန်းခိုင်ထွက်မှုမရှိတော့ဘဲ အပင်မှအရွက်များ ဝါ၍ခြောက်လာသော် နှင်းပန်းဥများ ရင့်လာပြီဖြစ်ပါသည်။ အများအားဖြင့် အေးမြသည့် ဆောင်းရာသီ၊ ဖေဖော်ဝါရီလနှင့် မတ်လများတွင် ဖြစ်ပါသည်။ ထိုအချိန်တွင် ရေဖြတ်ပေးကာ မြေကို ခြောက်သွေ့နေစေရန်ထားပါ။ မြေပေါ်ပိုင်း ခြောက်လာသောအရွက်များကို မြေကြီးအရင်းမှကပ်၍ ဖြတ်ပေးပြီးနောက် ဥများကိုတူးဖော်ယူပါ။ဥများကို မြေပေါ်သို့ဆွဲယူပြီးနောက် ဥတွင်ပက်ပါလာသည့် မြေများကို ပြောင်စင်အောင်ခါချပါ။ လက်ဖြင့်ဥအတွဲငယ်များရလာစေရန်ဥမြုံမှ ခွဲပေးပြီးနောက် ရာသီစိုက်နိုင်ရန် ပြုပြင်ထားပါ။ တူးဖော်ရရှိလာသည့် ဥများကို ဥအရွယ်အလိုက်အတန်းအစားခွဲထားပါ။ဥအချင်း ၁ ဒသမ ၅ စင်တီမီတာ ထက်ကြီးပါက အရွယ်ရောက်ဥအဖြစ် လည်းကောင်း၊ သူ့ထက်ငယ်သည့် ဥများကို အရွယ်မရင့်သေးသည့်ဥများအဖြစ်လည်းကောင်း ခွဲခြားထားပါ။ 

    အတန်းအစား ခွဲထားသည့် ခြောက်နေသည့် ဥများကို တန်းများဖြင့်ဖြန့်၍ ဥများရင့်၍ ခြောက်လာစေရန်နှင့် မပျက်စီးစေရန် သိုလှောင်ထားပါ။ ပို၍ လျင်မြန်စွာရင့်ခြောက်စေလိုသော် အပူချိန် ၂၇ ဒီဂရီ စင်တီ ဂရိတ်မှ ၃၅ ဒီဂရီ စင်တီဂရိတ်ပေးပါ။ ဥများကို သုံးရက်တစ်ခါ မှိုတက်၍ ပျက်စီးမသွားစေရန်မွှေပေးပါ၊ သို့မဟုတ် အထက်အောက်လှန်ပေးပါ။ ဥများမပုပ်စေ ရန်အတွက် (Mancozeb) မှုန့်ဖြင့် လူးနယ်ထားပေးနိုင်ပါသည်။ ဥများကို အပူချိန်၁၈ဒီဂရီစင်တီဂရိတ်တွင် ရက်သတ္တပတ် လေးပတ်မှ ခြောက်ပတ်၊ သို့မဟုတ် ၃၀ ဒီဂရီ စင်တီဂရိတ်တွင် ခြောက်ပတ် ထားပါကဥများကောင်းစွာရင့်ကျက်လာစေကာ ဥထွက်ကောင်းစေပြီး ရောင်းတန်းဝင်ဥများရစေနိုင်သည်။ ဥများကို ၃၀ ဒီဂရီစင်တီဂရိတ်တွင်အချိန်ကြာလှောင်ထားပါက ပန်းခိုင်အထွက်ကောင်းစေနိုင်သော်လည်း၊ပန်းခိုင်အရည်အသွေးညံ့ကာ၊ဥထွက်လျော့နည်းစေပါသည်။ 

     

    နှင်းပန်းဆီထုတ်ခြင်း 

    နှင်းပန်းပွင့်များမှ နှင်းပန်းဆီထုတ်ရန် ပွင့်အာမနေသေးသည့် ပွင့်စပန်းပွင့်များကို နွမ်းသွားစေရန်အတွက် လက်ဖြင့် ကောင်းစွာခြေနယ်ပေးပါ။ ထို့နောက် (Pet- roleum ether) တွင် ပျော်ဝင်စေသည့်နည်းဖြင့် ထုတ်နိုင်ပါသည်။ ပန်းပွင့် ၁၅၀ မှလက်ဖြင့်ခြေနယ်ပြီး အဖတ်မှအဆီ ၁၁ ရာခိုင်နှုန်း မှ ၁၅ ရာခိုင်နှုန်း ပါဝင်သည့် အရည်တစ်ကီလိုဂရမ်ခန့်ရပါသည်။ နှင်းပန်းစိုက်ခင်း တစ်ဟက်တာမှ သုံးနှစ်အတွင်း ပန်းပွင့်သုံးတန်ခန့်ထွက်ကာ၊ အဆီကြမ်း ၂၇ ဒသမ ၅ ကီလိုဂရမ်ရရှိနိုင်ပြီး အဆီ၅ ဒသမ ၅ ကီလိုဂရမ် ရနိုင်ပါသည်။ နှင်းပန်း တစ်ဟက်တာ စိုက်ခင်းမှ ပန်းပွင့် ၁၂ တန်ထိ ထွက်နိုင်သည်။ 

     

    Source: ဒေါက်တာ စိန်လှဗိုလ် 


  • article
likes14comments0
views258views1547