cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

စီးပွားဖြစ် စင်တင်သီး စိုက်ပျိုးနည်းများ စုစည်းမှု

. စိုက်ပျိုးနည်းစနစ်များ
ဘူး၊ ဖရုံ၊ သခွား၊ ဂေါ်သခွား၊ ကျောက်ဖရုံ၊ သခွားမွှေး၊ ခဝဲ၊ ကြက်ဟင်းခါးသီးပင် စိုက်ပျိုးနည်းများ စုစည်းမှု
  • ဘူး စိုက်ပျိုးနည်း

    https://htwettoe.com/post/37906

    ဖရုံ စိုက်ပျိုးနည်း

    https://htwettoe.com/post/45530

    သခွား စိုက်ပျိုးနည်း

    https://htwettoe.com/post/44783

    ဂေါ်ရခါး စိုက်ပျိုးနည်း

    https://htwettoe.com/post/45318

    သခွားမွှေး စိုက်ပျိုးနည်း

    https://htwettoe.com/post/47820

    ကျောက်ဖရုံ စိုက်ပျိုးနည်း

    https://htwettoe.com/post/44888

    ခဝဲ စိုက်ပျိုးနည်း

    https://htwettoe.com/post/43063

    ကြက်ဟင်းခါး စိုက်ပျိုးနည်း

    https://htwettoe.com/post/42375

    -------------------------

    ဆောင်းပါးသစ်များအတွက် ထွက်တိုးကို Like, follow, share, Download https://htwettoe.com/download လုပ်ထားပါ။

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်။


  • article
  • ဘူး စိုက်ပျိုးနည်း


    မူရင်းဒေသ


    ဘူးသည် အာဖရိကတိုက်မှ စတင်ပေါက်ရောက်ပြီးနောက် တောင်အမေရိကတိုက်ဘက်သို့ ပျံ့နှံ့ရောက်သည်ဟု ယူဆပါသည်။


    အမျိုးအစား


    ဘူးသီး၏ ပုံသဏ္ဍန်ကိုလိုက်၍ ဘူးသပိတ်၊ ဘူးလည်းလှ၊ ဘူးရှည်စက၊ ဘူးရှည်နှင့် ဘူးရေမှုတ်ဟု အမျိုးမျိုးရှိကြပါသည်။


    (၁) ဘူးသပိတ် - ဤဘူး၏ ပုံသဏ္ဍန်မှာ သပိတ်ပုံရှိပြီး အလွန်အလုံးကြီးသည်။ လည်ပင်း မရှိချေ။


    (၂) ဘူးလည်းလှ- ဤဘူးမျိုးသည် လည်ပင်းရှိ၍ လှသည်။ ဤဘူးမျိုးကို ရင့်သည်တိုင်ထာပြီး အထဲမှ အစေ့များထုတ်၍ ရေဗူးလုပ်ကြ သည်။


    (၃) ဘူးရှည်စက- ဤဘူးမျိုးသည် အရှည်လည်းမဟုတ် အပုလည်းမဟုတ် စကဖြစ်သည်။


    (၄) ဘူးရှည်- ဤဘူးမျိုးကို ဆင်နှာမောင်းမျိုးဟုလည်းခေါ်သည်။ အချို့ဘူးသည် (၄) ပေခန့်အထိရှည်သည်။


    (၅) ဘူးရေမှုတ်- ဤဘူးမျိုးသည် လက်သီးဆုပ်သာသာခန့်ရှိပြီး၊ လည်ပင်းမှာ တစ်တောင်ခန့် ရှည်သည်။ တောင်သူကြီးများသည် ၎င်းဘူးကို အလျားလိုက်အလယ်မှခွဲပြီးလျှင် ရေခတ်ရန် ရေမှုတ်ပြုလုပ်ကြသည်။


    ရေမြေရာသီဥတု


    ဘူးသည် မြေသြဇာထက်သန်သော မြေတွင် ပိုမိုစိုက်ပျိုးဖြစ်ထွန်းပါသည်။ မြေအချဉ်အငံဓာတ် (၆) နှင့် (၇) ကြားတွင် ပိုမိုဖြစ်ထွန်းနိုင် ပါသည်။


    ပူနွေးသော ရာသီဥတုကို ကြိုက်နှစ်သက်ပြီး အအေးဒဏ်ကို အသင့်အတင့် ခံနိုင်ရည်ရှိပါသည်။ သို့သော် ဆီးနှင်းဒဏ်ကို ခံနိုင်ရည်မရှိပါ။


    မြေပြုပြင်ခြင်း


    ဘူးသည် စင်တင်စိုက်ပျိုးသော အပင်မျိုးဖြစ်ပြီး ဘောင်တင်၍ စိုက်ပျိုးနိုင်ပါသည်။ စိုက်ဘောင်မြေကို ပေါက်တူးဖြင့် ပေါက်ပြီး၊ မြေဆွေးနှင့် သမအောင်ရော၍ စိုက်ဘောင် ပြုလုပ်ပါသည်။ စိုက်ဘောင်တစ်ဘောင်လျှင် အလျား(၅) ပေ၊ အနံ(၃)ပေ၊ အမြင့် (၁) ပေခန့် ပြုလုပ်ကြ ပါသည်။


    မြေသြဇာကျွေးနည်း


    ဘူးတစ်ဧကလျှင် နွားချေး(သို့) သစ်ဆွေးမြေသြဇာ တန်(၂၀) မှ (၃၀) အထိ လိုအပ်ပြီး ဓာတ်မြေသြဇာ တစ်ဧကလျှင် ယူရီးယား (၂၀) ကီလိုဂရမ်နှင့် တီစူပါ (၂၄) ကီလိုဂရမ် လိုပါသည်။ စိုက်ဘောင်များ ပြုလုပ်ရာတွင် ဓာတ်မြေသြဇာနှင့် မြေဆွေးများကို သမအောင် ရောနှောပေးရမည်။ တီစူပါ ဓာတ်မြေသြဇာကို ပထမအကြိမ်(၂၀) ကီလိုဂရမ်နှင့် ယူရီးယားမြေသြဇာ (၁၀) ကီလိုဂရမ်ကို စိုက်ဘောင် ပြုလုပ်စဉ် ထည့်ပေးပြီးနောက် ကျန် (၁၀) ကီလိုဂရမ်ကို ဘူးပင် ပန်းစပွင့်ချိန်တွင် ထည့်ပေးရန်ဖြစ်ပါသည်။


    ပျိုးထောင်နည်း


    မြေဆွေးထည့်ထားသော ပလပ်စတစ်အိတ်တွင် ဘူးစေ့(၂) စေ့ခန့်ထည့်ပြီး ပျိုးနိုင်သည်။ စိုက်ပြီး (၁၀) ရက်ခန့် ကြာလျှင် ပျိုးပင်ပေါက်လာ မည်။ အပင်အရွက် (၃) ရွက်၊ (၄) ရွက်ထွက်လျှင် ရွေ့ပြောင်းစိုက်ပျိုးနိုင်ပါသည်။


    စိုက်ပျိုးနည်း


    ဘူးပင်ကို အထက်မြန်မာပြည်တွင် မေလနှင့် ဇွန်လများတွင် စိုက်ပျိုးပြီး အောက်မြန်မာပြည်တွင်မူ ဆောင်းတွင်းပိုင်း၊ အောက်တိုဘာလ တွင် အများအပြားစိုက်ပျိုးပါသည်။ စိုက်ပျိုးနည်းမှာ မြေဆွေး၊ မြေသြဇာများ သမအောင် မွှေထားသော မြေကို စိုက်ဘောင်များပြုလုပ်၍ စတင်စိုက်ပျိုးပါသည်။


    စတင်စိုက်ပါက စိုက်ဘောင်အလျား(၅)ပေ၊ အနံ (၃)ပေ၊ အမြင့် (၁) ပေခန့်ဘောင်ပြုလုပ်ပြီး ဘူးစေ့များကို တစ်ကျင်းနှင့်တစ်ကျင်း (၁) ပေခြား၍ တစ်ကျင်းလျှင် ဘူးစေ့(၇) စေ့ထည့်ပေးပြီး စိုက်ရသည်။ ဘူးပင်များပေါက်လာလျှင် တစ်ကျင်းလျှင် (၂) ပင် ချန်ထားလျှင် သင့်တော်၏


    ကျင်းဖြင့် စိုက်ပျိုးပါက အနက်(၁.၅) ပေ၊ အနံ(၂) ပေ၊ အလျား(၃) ပေရှိ ကျင်းများတူးပြီး နွားချေးနှင့် မြေဆွေး ဆတူရော၍ ကျင်းနှုတ်ခမ်း (၃-၄) လက်မအလိုခန့်အထိ ထည့်ပြီးလျှင် အပေါ်မှ မြေရိုးရိုးကို ဖို့ရမည်။ တစ်ကျင်းလျှင် (၇) ပင်၊ (၈) ပင်ခန့် စိုက်ရမည်။ အပင်သယ်များ တစ်ထွာခန့် မြင့်လာသောအခါ တစ်ကျင်းလျှင် (၂) ပင်ချန်ပြီး ကျန်အပင်များကို နုတ်ပစ်ရမည်။ အပင်ကလေးများ နွယ်တက်နိုင်ရန် ဝါးခြမ်းထောင်ပေးရမည်။ အပင်ကလေးများ လသားအထိ အပင်ခြေရင်းပေါင်းလိုက်ပေးရပါမည်။


    ဘူးကို မေနှင့်ဇွန်လများတွင် စိုက်ပျိုးနိုင်သကဲ့သို့ အောက်တိုဘာနှင့် နိုဝင်ဘာလများတွင် စိုက်ပျိုးနိုင်သည်။ တစ်ဧကလျှင် မျိုးစေ့နှုန်းမှာ (၂-၃) ကီလိုဂရမ် လိုအပ်ပါသည်။


    ရေသွင်းပြုစုနည်း


    အထက်မြန်မာပြည်တွင် ဘူးကို မိုးတွင်းတွင် စိုက်ကြသဖြင့် မိုးတစ်ပတ်ခန့် ပြတ်သွားပါက ရေလောင်းပေးရန် လိုအပ်ပါသည်။ အောက်မြန်မာပြည်တွင် ဆောင်းစိုက်ခင်းများအတွက်မူ (၃) ရက်ခြား တစ်ကြိမ် ရေသွင်းပေးရန် လိုပါသည်။ ဘူးပင်ကလေးများ တစ်လ သားခန့်ရှိလျှင် ပေါင်းမြက်များကို ရှင်းလင်းပေးရန် လိုပါသည်။


    အသီးဆွတ်ခူးနည်း


    ဘူးသီးကို စိုက်ပြီးနောက် (၇၅) ရက်မှ (၉၀) ရက်အကြာတွင် စတင်ဆွတ်ခူးနိုင်သည်။ ရင့်လွန်းပါက ချက်ပြုတ်စားသောက်ရန် မကောင်း သကဲ့သို့ နုပါကလည်း အခါးဓာတ်ရှိ၏။ သို့အတွက် ဘူးကို မနုမရင့် အနေတော်ခူးရ၏။ တစ်ဧကလျှင် ဘူးသီးလုံးရေ (၆၀၀၀) မှ (၈၀၀၀) အထိထွက်၏။


    သတိပြုရန်အချက်များ


    (၁) ဘူးစိုက်ရာတွင် ကျိုင်းကောင်နှင့် ပျပိုးများကို ထိရောက်စွာ နှိမ်နှင်းရန်လိုအပ်ပါသည်။ ထိရောက်စွာ မနှိမ်နှင်းနိုင်ပါက အပင်ငယ်များ သေကြေပျက်စီးနိုင်ပါသည်။


    (၂) ဘူးပင်ကို ပိုးသတ်ဆေး ပက်ဖျန်းပါက အညွ့န့်ဖြတ်တောက်ပေးပါ။ သို့မှသာ အညွန့်များစင်ပေါ်ဖြာတက်ပြီး အသီးများ ပိုသီးပါမည်။


    Source - ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်း 


  • article
  • ဖရုံသီး စိုက်ပျိုးနည်း


    အညွန့်နှင့် အသီးကို တို့စရာ၊ ဟင်းချို၊ သီးစုံအဖြစ် ပဲ၊ ငါး၊ အသားမျိုးစုံတို့နှင့် ရောချက်စားကြသည်။ အစေ့ကိုလှော်၍ ဖရုံစေ့လှော်အဖြစ် စားကြသည်။ အာဟာရ တန်ဖိုးမြင့်မား၍ အာဟာရချို့တဲ့မှု ပပျောက်ရေးအတွက် ကျေးလက်ဒေသရှိ နေထိုင်သူများ ပိုမိုစားသုံးသင့်သော သီးနှံဖြစ်သည်။ အသီးအမှုန့်ကို မုန့်အဖြစ် ပြုလုပ်စားကြသည်။


    မျိုးရွေးချယ်ခြင်း


    ဒေသဖရုံသီးမျိုးပေါင်းများစွာရှိသည်။ အသီးပုံစံအားဖြင့် လုံးပြားပုံနှင့် ဘောင်စောက် လုံးရှည်ပုံများရှိ သည်။ အတွင်းသားကို ရွှေဝါရောင်ရင့်နှင့် အဝါဖျော့ဟူ၍ ခွဲခြားနိုင်သည်။ ရွှေဖရုံသီးသည် အရောင်ပိုရင့်လေ ပိုစေးလေဖြစ်ပြီး၊ ဗီတာမင်အေဓာတ်ပါဝင်မှု ပိုမိုများသည်။


    အပြင်အခွံရောင်အလိုက်အစက် အပျောက်ပါသော စိမ်းဖျော့၊ စိမ်းရင့်နှင့် ပြောင်စိမ်းရင့်၊ ပြောင်စိမ်းနုဟူ၍ ခွဲနိုင်ပြီး ရင့်ပါက အညိုရောင်သို့ ပြောင်းသွားလျက် အစက်အပျောက်များ ပျောက်သွားသည်။


    အရွက်တွင် အဖြူရောင် အစက်အပျောက်ပါသော မျိုးနှင့် မပါသောပြောင်မျိုးဟု ခွဲနိုင်သည်။ အစေ့တွင် ရိုးရိုးအဖြူဖျော့ရောင်နှင့် အမဲရောင်ဟူ၍ခွဲနိုင်သည်။ သက်ကြီးမျိုးများသည်နေ့တာတိုမှ အမပွင့်ပွင့်၍ အသီးတင်နိုင်သည်။ များသောအားဖြင့် မိုးအကုန်ဆောင်းဦးတွင် စိုက်လျှင် အားလုံးပွင့်သီးသော်လည်း မိုးကြိုနှင့် မိုးဦးစိုက်ဒေသများတွင် သက်ငယ်မျိုးများကို ရွေးချယ်စိုက်ပျိုးသင့်ပါသည်။


    ရန်ကုန်နှင့် မန္တလေးဈေးကွက်တွင် ပုတီးကုန်း ရွှေဖရုံနှင့် လယ်ဝေး၊ တပ်ကုန်းရွှေဖရုံများမှာ ထင်ရှားသည်။ သက်ငယ်မျိုးသည်စိုက်ပြီး ရက် ၁၀၀ တွင် စတင်ခူးနိုင်ပြီး သက်ကြီးမျိုးမှာ စိုက်ပြီး ရက် ၁၂၀ အထက်တွင် ရှိသည်။ အကြမ်းအားဖြင့် အစေ့အမဲရောင်နှင့် အရွက်ပြောင်မျိုးများသည် သက်ကြီးမျိုးများဖြစ်သည်။ ဒေသ မျိုးများစွာရှိပြီး ရောဂါနှင့်ပိုမွှားဒဏ်ခံနိုင်၍ ဒေသနှင့် ကိုက်ညီသောမျိုးကို ရွေးချယ်စိုက်ပျိုးရပါမည်။


    ပျိုးထောင်ခြင်း


    တိုက်ရိုက်အစေ့ချနည်းကိုသာ သုံးကြသည်။ မိုးရာသီတွင် စနစ်တကျပျိုးထောင်၍ စင်တင်စိုက်ပျိုးသင့် ပါသည်။ မြေဆီသြဇာ ထက်သန်မှုကို ကြိုက်နှစ်သက်၍ သဘာဝမြေသြဇာ ကြက်ချေး၊ နွားချေး၊ တီစူပါအရောကို ဇကာချ၍ စိုက်ဘောင်(သို့) ပျိုးမြေကို သမစွာရောမွှေပြီး စိုက်ပျိုးသင့်ပါသည်။ မျိုးစေ့ကို အညှောင့်ဖောက်၍ လက်မဝက်ခန့်သာ ဒေါင်လိုက်မြုပ်ရပါမည်။ ပျိုးသက် ၂၁-၂၅ ရက်သားတွင် စိုက်ခင်းသို့ ရွှေ့စိုက်နိုင်သည်။ တစ်ဧကအတွက် မျိုးစေ့ ၂-၃ ကီလို လိုအပ်သည်။


    မြေပြုပြင်ခြင်း


    စင်တင်စိုက်ပျိုးပါက ဘောင်ကို သုံးပေအကျယ်၊ တစ်ပေအမြင့်၊ စင်အပြည့်ဘောင်ဆွဲ၍ သဘာဝမြေသြဇာ၊ နွားချေးနှင့်တီစူပါဓာတ်မြေသြဇာကိုရော၍ သမပြီး စိုက်ပျိုးရပါမည်။ ယာမြေ၊ လယ်မြေတွင် မြေလွှတ်စိုက်ပါက စိုက်မြောင်း၊ ရေသွင်းမြောင်းကို ထယ်ဖြင့်ဖော်၍ သဘာဝနှင့်ဓာတ်မြေသြဇာများကို ထည့်သွင်းစိုက်ပျိုးရပါ မည်။ မြေကိုညက်မှုန့်နေသည်အထိ ထယ်ထိုးထွန်မွှေထားသောမြေတွင် ရှစ်ပေပတ်လည်ကြား စိုက်ကျင်းဖော်၍ ရေလောင်းစိုက်နိုင်ပါသည်။စတင်စိုက်ပျိုးခြင်းတွင် တစ်ပင်နှင့်တစ်ပင် သုံးပေခြားစိုက်၍ မြေလွှတ်ရေသွင်းစိုက်နည်းတွင် တန်းကြား၊ပင်ကြား ၁၅ ထ ၂ ပေထား စိုက်ရပါမည်။ အရွက်ငါးရွက်ရှိချိန်တွင် ခေါင်နှိမ်ပေးပြီး အညွန့်ပြေးလမ်းရှိ ပေါင်းများကို နှိမ်နင်းထားပေးရပါမည်။


    မြေသြဇာကျွေးခြင်း


    ဖရုံတစ်ဧကအတွက် သဘာဝမြေသြဇာ၊ နွားချေး ၁၀ စီးမှ ၂၀ စီး၊ ယူရီးယား ၁-၂ အိတ်၊ တီစပါ ၂-၄ အိတ်၊ ဓာတ်ဆား ၁-၂ အိတ်ထည့်ပေးသင့်ပါသည်။ စိုက်ပြီး တစ်ပတ်သားတွင် အပင်ခြေမှ ခြောက်လက်မခွာ၍ ယူရီးယားတစ်ဇွန်း၊ ပိုတက်ရှ်တစ်ဇွန်းအား အပင်ခြေကိုဝိုက်၍ ကျွေးပေးရပါမည်။ အစာကြေးပြီးပြီးချင်း ရေလောင်းပေးရပါမည်။


    စိုက်ခြင်း၊ ပေါင်းခြင်း၊ ရေသွင်းခြင်းနှင့် အပင်ပိုးမွှားရောဂါ


    ပျိုးသက် ၂၁-၂၅ ရက်သားတွင် ရွှေ့စိုက်နိုင်ပြီး စိုက်ပြီးချိန်တွင် ရေဝအောင်လောင်းရမည်။ သီးကင်းဝင်ချိန်တွင် ရေအစိုဓာတ်ပြတ်ပါက ရေသွင်းပေးရပါမည်။အပင်ငယ်စဉ်တွင် ဗူး၊ ဖရုံကျိုင်းငယ်များကျရောက် ဖျက်စီးတတ်၍ ထိသေဆေးတစ်မျိုးမျိုးဖြင့် နှိမ်နင်း ပါ။ ပျကဲ့သို့ စုတ်စားပိုးများကျရောက်တတ်ပြီး ဂရုတ်စိုက်ကာကွယ်ရပါမည်။ ရွက်ခြောက်ရောဂါ၊ ခါးရိရောဂါများ ကျရောက်ပါက မှိုသတ်ဆေးကို ကာကွယ်ပက်ဖျန်းရပါမည်။


    ဆွတ်ခူးခြင်း၊ မျိုးစေ့ထုတ်ခြင်း


    ဝတ်မှုန်ကူးပြီး ရက် ၅၀ အကြာတွင် စားသုံးရန် ရင့်သောအဆင့်သို့ရောက်ပြီး အစေ့ထုတ်လိုပါက ရက် ၆၀ ကျော်မှ ခူးဆွတ်သင့်သည်။ အသီးများကို အရိပ်ထဲတွင် နှစ်ပတ်ခန့်ထားပြီးမှသာ အစေ့ကို ထုတ်ယူ၍ ဆေးကြော၊ နေလှန်းပြီးသိုလှောင်သင့်ပါသည်။


    -ကျမ်းကိုး- ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်း လမ်းညွှန် (စားနပ်ရိက္ခာဖူလုံမှုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့) 


  • article
  • သခွားစိုက်ပျိုးနည်း


    သခွားတွင် အစိမ်းစားနှင့် အမှည့်စားဟူ၍ နှစ်မျိုးရှိပြီး အစိမ်းစားမျိုးတွင်


    (က) ဆင်ချေးတုံး - ဤသခွားမျိုးသည် ပုအိုင့်၍ အမြောင်းမြောင်းထနေသဖြင့် ရွှေဖရုံသီးနှင့်တူ သည်။


    (ခ) သခွားကြား - ဤသခွားသည် တစ်တောင်ခန့်ရှည်၍ အဖြူနှင့်အစိမ်းကြားရောင်ရှိသည်။ အလုံး အတုတ်မှာ လက်ကောက်ဝတ်ခန့်မှ လက်မောင်းအထိတုတ်သည်။


    (ဂ) ဆတ်တွန့်သခွား - ဤသခွားသည် ကျွတ်သည်။ ဆတ်သည်။ အနည်းငယ်အသားကြမ်း၍ သခွား သီး၏အရောင်မှာ အဖြူဖြစ်၍ ဆင်စွယ်ကဲ့သို့ ကောက်ကွေးနေသည်။


    (ဃ) သခွားချဉ် – ဤသခွားသည် အသီးရှည်၍ အရသာချဉ်သည်။၎င်းသည် အအေးဓါတ်ကြိုက်သ ဖြင့်တောင်ပေါ်ဒေသ၌ ပို၍ဖြစ်ထွန်းသည်။


    (င) ချဉ်ဖတ်သခွား အသီးအရှည် (၇) စင်တီမီတာတွင် ခူး၍ ချဉ်ဖတ်ထည့်သောမျိုးများ - (Amira) (Tokiwa) ဖြစ်သည်

    မြန်မာအမည် - သခွား


    အင်္ဂလိပ်အမည် - CUCUMBER


    ရုက္ခဗေဒအမည် - Cucumis sativus


    မျိုးရင်းအမည် - CUCURBITACEAE


    ၁။ မူရင်းဒေသ


    အာရှတိုက်တောင်ပိုင်းတွင် စတင်ပေါက်ရောက်သည်ဟုယူဆပါသည်။


    ၂။ အမျိုးအစား


    သခွားတွင် အစိမ်းစားနှင့် အမှည့်စားဟူ၍ နှစ်မျိုးရှိပြီး အစိမ်းစားမျိုးတွင်


    (က) ဆင်ချေးတုံး - ဤသခွားမျိုးသည် ပုအိုင့်၍ အမြောင်းမြောင်းထနေသဖြင့် ရွှေဖရုံသီးနှင့်တူ သည်။


    (ခ) သခွားကြား - ဤသခွားသည် တစ်တောင်ခန့်ရှည်၍ အဖြူနှင့်အစိမ်းကြားရောင်ရှိသည်။ အလုံး အတုတ်မှာ လက်ကောက်ဝတ်ခန့်မှ လက်မောင်းအထိတုတ်သည်။


    (ဂ) ဆတ်တွန့်သခွား - ဤသခွားသည် ကျွတ်သည်။ ဆတ်သည်။ အနည်းငယ်အသားကြမ်း၍ သခွား သီး၏အရောင်မှာ အဖြူဖြစ်၍ ဆင်စွယ်ကဲ့သို့ ကောက်ကွေးနေသည်။


    (ဃ) သခွားချဉ် – ဤသခွားသည် အသီးရှည်၍ အရသာချဉ်သည်။၎င်းသည် အအေးဓါတ်ကြိုက်သ ဖြင့်တောင်ပေါ်ဒေသ၌ ပို၍ဖြစ်ထွန်းသည်။


    (င) ချဉ်ဖတ်သခွား အသီးအရှည် (၇) စင်တီမီတာတွင် ခူး၍ ချဉ်ဖတ်ထည့်သောမျိုးများ - (Amira) (Tokiwa) ဖြစ်သည်။


    သခွားအုပ်စုကို (၃) စုခွဲထားသည်။


    (၁) မိုးသခွား - အပူဒါဏ်ခံနိုင်သည်။ ကိုင်းထွက်ရန်လွယ်ကူသည်။ အသီးများသည် ကိုင်းများတွင်သီး သည်၊ ကိုင်းသေးသည်၊ အဆစ်ကြာရှည်သည် ၊ အရွက်ရှည်သည် ၊ အရွက်၏အလျားသည် အနံထက် ပိုရှည်သည်။ အမြစ်ဖွဲ့စည်းပုံသေးသောကြောင့် ရွှေ့ပြောင်းရန်ခက်ခဲသည်။ အသီးသေးသွယ်သည် အရွက်ချောသည်။


    (၂) ဆောင်သခွား - အအေးဒါဏ်ခံနိုင်သည်။ ကိုင်းထွက်မှုနည်းသည်။ အသီးများသည် ပင်မပိုင်းမှထွက်သည် ။ ပင်မကိုင်းသည်တုတ်နိုင်သည် ။ ဆစ်ကြားတိုသည် ။ အရွက်များ သည်အနံထက်အလျားပိုရှည်သည်။ ပြောင်းရွှေ့လွယ်ကူသည်။ အသီးများသည် တိုတုတ် သည်။ အရွက်ကြမ်းသည် ။


    (၃) စပ်မျိုးများ - အမမျိုးလိုင်းကြားတွင် အဖိုမျိုးလိုင်း (၂) တန်း (၃) တန်း ခြား၍ စိုက်ပျိုးနိုင်၍ စပ်မျိုးများထုတ်လုပ်ခြင်းဖြစ်သည်။


    အမှည့်စားမျိုးတွင်


    (က) ကျောက်သခွားလေး - ဤသခွား၏ပုံသဏ္ဍာန်မှာ လုံးသည်။ မှည့်သောအခါ ဝါထိန်၍နေသည်။


    (ခ) ကျောက်သခွားကြီး - ဤသခွားမှာ အရွယ်အစားများစွာကြီးသည်။ နုစဉ်အခါတွင် အစိမ်းရောင် ရှိ၍ခါးသည်။ မှည့်သောအခါ ဝင်းဝါလာသည်။ အခွံ့မှာချောမွတ်မနေဘဲ ၊ အနည်းငယ်ပြုတ်ထနေ သည်။ အသားကြမ်းသည်။


    ၃။ စိုက်ပျိုးသည့်ဒေသ


    မလေးရှား ၊ အင်ဒိုနီးရှား ၊ အရှေ့နှင့်အနောက် အာဖရိက ၊ ဖိလစ်ပိုင်းနှင့်အပူပိုင်းသမဒေသ များ ၊မြန်မာပြည်အနှံအပြားစိုက်ပျိုးကြသည်။


    ၄။ ရေ မြေရာသီဥတု


    သခွားသည် သဲဆန်သောသဲမြေမှ စနယ်မြေစေးအထိ မြေအမျိုးမျိုးတွင် စိုက်ပျိုးဖြစ်ထွန်း သော်လည်း ၊ နုံးမြေ ၊ သဲနုံးမြေ နှင့်နုံးစနယ်မြေများတွင် ပိုမိုဖြစ်ထွန်းပါသည်။ သခွားစိုက်သောမြေနေ ရာတွင် ရေမဝပ်စေဘဲ ရေစီးရေလာကောင်းသောနေရာများတွင် ပိုမိုဖြစ်ထွန်းပါသည်။ သခွားမျိုးများ သည်မြေချဉ်ငံဓါတ် pH (၅.၅) မှ (၆.၅)အတွင်းပိုမိုဖြစ်ထွန်းပါသည်။


    သခွားသည်ပူနွေးသောရာသီတွင် ပိုမိုဖြစ်ထွန်းပြီး ဆီးနှင်ဒါဏ်ကို ခံနိုင်ရည်မရှိပေ။ သခွားပင် များသည် (၁၁)°ဃ တွင် အပင်မပေါက်နိုင်ပေ။ သခွားပင်များသည် အပူချိန် (၁၈)°C မှ (၂၄)°C အတွင်းမှာသာ ပိုမိုဖြစ်ထွန်းပါသည်။ မိုးများပြီးစိုထိုင်းဆများသောနေရာများတွင် စိုက်ပျိုးပါကအပင် များရောဂါကျလွယ်ပါသည်။ ထို့ကြောင့်နေရောင်ခြည် ကောင်းစွာရရှိပြီး စိုထိုင်းဆနည်းသော် အရပ် တွင်သခွားစိုက်ပျိုးရန်သင့်လျှော်ပါသည်။


    ၅။ မြေပြုပြင်ခြင်း


    ထယ်တစ်စပ်ထိုးပေးပြီးနောက် ၊ ထွန်ဖြင့် (၆) စပ်မှ (၈) စပ်အထိ ထွန်မွှေပေးရန်လိုအပ်ပါ သည်။ မိုးရွာလျှင် ရေမဝပ်စေရန် ၊ ရေနှုတ်မြောင်းများလည်း ဖောက်လုပ်ပေးရပါမည်။ ထယ်ရေးကြေ ညက်ရပြီးနောက် စိုက်ဘောင်များ (သို့မဟုတ်) စိုက်ကျင်းများပြုလုပ်စိုက်ပျိုးနိုင်ပါသည်။


    ၆။ မြေဩဇာကျွေးနည်း


    နွားချေးမြေဩဇာကို တစ်ဧကလျှင် လှည်း (၁၀)စီး မှ (၁၅)စီးအထိထည့်ပေးပါ။ နွားချေး မြေဩဇာကို စိုက်ဘောင်ပြုလုပ်ရာတွင် မြေကြီးနှင့်ရောစပ်သမအောင်မွှေပေးပါ။ သခွားစိုက်ပျိုးရန်အ တွက် ယူရီးယားဓါတ်မြေဩဖာ (၂၂၄)ပေါင် မှ (၃၃၆)ပေါင် ၊တီစူပါ (၂၂၄)ပေါင်မှ (၃၃၆)ပေါင်ထိ ထည့်ပေးပါ။


    ၇။ စိုက်ပျိုးနည်း


    သခွားစိုက်ပျိုးရန် အလျားပေ (၃၀) ၊ အနံ (၃) ပေရှိ စိုက်ဘောင်များပြုလုပ်ပေးရမည်။ ဘောင်ပေါ်တွင် တစ်တန်းနှင့်တစ်တန်း (၁.၅)ပေနှင့် တစ်ပင် (၁.၅)ပေခွာပြီး သခွားစေ့များကို စိုက်ပျိုးရမည်။ စိုက်ကျင်းတစ်ကျင်းလျှင် သခွားစေ့ (၃-၄) စေ့ ထည့်ပေးပြီး အပင်များပေါက်လာ၍ အရွက် (၂) ရွက် ၊ (၃) ရွက်ထွက်လာပါက တစ်ကျင်းလျှင် တစ်ပင်သာချန်ပြီး မှုန်းပေးပါ။ အပင် ကလေးများတက်နိုင်ရန် (၅)ပေ ၊ (၆) ပေ ရှိသော ဝါးခြမ်းများထောင်ပေးရမည်။ သခွားကိုမိုးဦးမေလ နှင့် ဇွန်လ ၊ ဆောင်းတွင်း အောက်တိုဘာလတွင် စိုက်ပျိုးနိုင်သည်။


    ၈။ တစ်ဧကမျိုးစေ့နှုန်း


    တစ်ဧကလျှင် သခွားမျိုးစေ့ (၂၀ဝ)ဂရမ် မှ (၃၀ဝ) ဂရမ်အထိ ထည့်သွင်းစိုက်ပျိုးရန်ဖြစ်ပါ သည်။ တစ်ဧကလျှင် အပင်ရေ (၁၉၀ဝဝ) ထက်မနည်း ရှိရပါမည်။


    ၉။ ရေသွင်းနည်း


    သခွားကိုမိုးတွင်းတွင် စိုက်ပါကရေသွင်းပေးရန် မလိုသော်လည်း ၊ ဆောင်းစိုက်များအတွက် စိုက်ချိန်တွင်တစ်ကြိမ် နှင့် အစိုဓါတ်အခြေအနေအရ ထပ်မံ၍လိုအပ်ပါက ၊ ရေ (၂) ကြိမ်မှ (၄)ကြိမ် အထိပေးရန်လိုပါသည်။


    ၁၀။ အပင်ပြုစုနည်း


    သခွားစိုက်ပြိး (၁၅) ရက်မှ (၂၀)ရကအတွင်း ပေါင်းတစ်ကြိမ်လိုက်ပေးရပါမည်။ သခွားသက်တန်းတလျှောက်တွင် ပေါင်းအခြေအနေအရ ရေ (၂)ကြိမ် ပေါင်းလိုက်ပေးပါမည်။အပင် ကလေးများခါးကြပ်နေပါက အပင်ခြေရင်းကို မြေဆွပေးပြီးနောက် ၊ မြေတောင်မြှောက်ပေးရပေမည်။


    ၁၁။ အသီးဆွတ်ခူးနည်း


    သက်လတ် ၊ သက်ကြီး ၊ သက်လျင်မျိုးများတွင်(၄၅) ရက်မှစ၍ လည်းကောင်း၊ သခွားသီးများ စတင်ခူးဆွတ်နိုင်ပါသည်။ ရင့်မှည့်သောသခွားသိးများကို ဆွတ်ခူးရန် အရေးကြီးပါသည်။ နုသော သခွားသီးများကို ဆွတ်ခူးပါက အစိုဓါတ်များ၏။ သခွားသီးမှည့်ပါက အသီးအောက်ခြေရှိ အညှာအက်ကွဲလာပါသည်။


    ၁၂။ အထွက်နှုန်း


    သခွားအထွက်နှုန်းသည် ရေ မြေ ရာသီဥတု ၊ အပင်ပြုစုမှုပေါ်မူတည်နေပါသည်။ သခွားတစ် ဧကလျှင် ကီလိုဂရမ် (၄၀ဝဝဝ) မှ (၅၀ဝဝဝ) အထိထွက်နိုင်ပါသည်။


    ၁၃။ မျိုးထုတ်လုပ်နည်း


    ရင့်မှည့်၍ ရောဂါကင်းသော သခွားသီးကိုရွေးချယ်ပြီးလျှင် သခွားသီးကို ဓါးဖြင့်ခွဲ၍ အတွင်း မှအစေ့များကို ထုတ်ယူပြီး လေလုံသောဘူးတွင်ထည့်၍ တစ်ညထားရမည် ဖြစ်ပါသည်။ ဤကဲ့သို့ ထားခြင်းဖြင့် အစေ့တွင် ကပ်နေသော အချွဲများအချဉ်ဓါတ်ပေါက်ပြီး ပျက်စီးသွားမည်ဖြစ်ပါသည်။ ၎င်းအစေ့များကို ရေဆေးပြီး နေ(၂) နေလှမ်း၍ လုံခြုံသောဘူးတွင် ထည့်ထားရန်လိုအပ်ပါသည်။


    ၁၄။ သိုလှောင်နည်း


    သခွားများကို (ဝ)°C မှ (၁)°C အခန်းတွင်စိုထိုင်းဆ (၉၀)% ပေးထားလျှင် တစ်ပတ်ခန့် သိုလှောင်နိုင်မည်ဖြစ်ပါသည်။


    ၁၅။ သတိပြုရန်အချက်များ


    (၁)သခွားပင်များတွင် ကျရောက်တသာကျိုင်းကောင်များကို ထိရေုာက်စွာနှိမ်နှင်းရန်လိုပါသည်။


    (၂)သခွားပင်များအား ဒီဒီတီ ၊ ဘီအိပ်စီ ၊ အင်ဒရင်းဆေးများမပက်ဖျန်းသင့်ပေ။ ပက်ဖျန်းပါက အရွက်များလောင်ကျွမ်းပျက်စီးမည်ဖြစ်သည်။


    (၃) သခွားသီးများ ရင့်မှည့်မှခူးရန်လိုပါသည်။ နုစဉ်ခူးပါက အခါးဓါတ်များ၏။


    စိုက်ပျိုးရေးဦးစီးဌာန 


  • article
  • ဂေါ်သခွားစိုက်ပျိုးနည်း


    မြန်မာအမည် - ဂေါ်ရခါး


    အင်္ဂလိပ်အမည် - CHAYOTE


    ရုက္ခဗေဒအမည် - Sedium edute


    မျိုးရင်းအမည် - CUCURBITACEAE


    ၁။ မူရင်းဒေသ


    အမေရိကန်နိုင်ငံ မက္ကဆီကိုနိုင်ငံနှင့် အလယ်ပိုင်းအမေရိက အပူပိုင်းဒေသ။


    ၂။ ရာသီဥတု


    အပူပိုင်းနှင့် အပူသမပိုင်း နှစ်ရှည်သီးနှံပင်မျိုးဖြစ်သည်။ ဂေါ်ရခါးပင်သည် ပူနွေးသော အပူချိန်တွင် ကောင်းစွာဖြစ်ထွန်းနိုင်ပါသည်။ အပင်သည် အလွန်အေးသော အပူချိန်ကို ခံနိုင်ရည်မရှိပါ။ မြေအပူချိန် (၅) ဒီဂရီစင်တီဂရိတ်အထိ ကျဆင်းသွားပါက အမြစ်သေသွားနိုင်ပါသည်။ စိုက်ပျိုးကာလရှည်လျားပြီး ရက်ပေါင်း (၁၈၀-၂၀၀) အထိ ရှိပါသည်။ နေ့တာတိုအပင်မျိုးဖြစ်သောကြောင့် နေ့တာရှည်သွားပါက အသီးတင်မှု နည်း သွားနိုင်ပါသည်။


    ၃။ အမျိုးအစား


    ဂေါ်ရခါးသည် အကြမ်းခံသော အပင်မျိုးဖြစ်ပြီး၊ မြေအမျိုးအစား အမျိုးမျိုးတွင် ဖြစ်ထွန်းပါသည်။ မြေဆီသြဇာကောင်းမွန်မှုနှင့် အစိုဓာတ်များများရှိပါက ကောင်းစွာ ဖြစ်ထွန်းနိုင်ပါသည်။၄။ အပင်သွင်ပြင်လက္ခဏာ


    စိုက်ပျိုးစတွင် ပင်စည်ပျော့မျိုးဖြစ်ပြီး၊ နောက်ပိုင်းတွင် သစ်မာပင်စည်မျိုး ဖြစ်သွားသည်။ ဆစ်ကြားမှာ (၇-၁၅) စင်တီမီတာ ရှည်သည်။ နှာမောင်းထိပ်ဖျားတွင် ကိုင်းလေးခွခွဲနေပြီး နှာမောင်း၏အချင်းမှာ တစ်စင်တီမီ တာထိ တုတ်နိုင်ပါသည်။ အပင်ရှည်မှာ (၁၀-၁၂) မီတာထိ ရှည်နိုင်ပါသည်။ အပင်ကြီးထွားမှု အဆုံးတွင် ဘေး ကိုင်း (၂-၅) ကိုင်းထိ ရှိနိုင်ပါသည်။ အမြစ်သည် အစာသိုလှောင်နိုင်သော ဥပုံစံဖြစ်ပါသည်။ အပင်သက် (၂-၃) နှစ်ရှိသောအခါတွင် အမြစ်ဥသည် ကြီးထွားလာပြီး၊ အာလူးပုံသဏ္ဍာန်ဖြစ်လာကာ (၅၀၀-၂၀၀၀) ဂရမ်ခန့် အလေးချိန်ရှိနိုင်ပါသည်။ အလွန်အေးသောရာသီတွင် မြေပေါ်ပိုင်း အပင်မှာသေသွားပြီး မြေအောက်ပိုင်းရှိ အမြစ်ဥမှာ ဆက်လက် ကျန်ရှိနေပြီး၊ ငုပ်လျှိုးနေပါသည်။ နောက်နှစ်တွင် ၎င်းအမြစ်ဥမှ အပင်သစ်ပြန်၍ ရှင်သန်ထွက်လာမည် ဖြစ်ပါသည်။ အပင်တစ်ပင်တည်းတွင် အဖိုပွင့်နှင့် အမပွင့် သီးခြားပွင့်ပါသည်။ အဖိုပွင့် သည် အခိုင်လိုက် (၂-၁၀) ပွင့်ထိရှိပြီး ကိုင်းနှင့်အရွက်ကြားမှ ထွက်ပါသည်။ အမပွင့်သည် (၁-၂)ပွင့်ထိရှိပြီး အဆစ်မှ ထွက်ပါသည်။


    ၅။ အသီးပုံသဏ္ဍာန်


    အသီးအရွယ်အစား၊ အသီးပုံသဏ္ဍာန်နှင့် အစေ့တည်ရှိမှု ပုံသဏ္ဍာန် အမျိုးမျိုး ရှိနိုင်ပါသည်။ ဂေါ်ရခါး မျိုးတွင် အသီးအရောင်အစိမ်းဖြူရောင်မျိုးနှင့် အသီးအစိမ်းရောင်မျိုးဟူ၍ (၂) မျိုးရှိပါသည်။ အသီးအစိမ်းကို စိမ်းဖြူရောင်မျိုးထက် ပိုနှစ်သက်ကြသည်။ အစိမ်းရောင်မျိုးသည် စိမ်းဖြူရောင်မျိုးထက် ပို၍ ကြီးပါသည်။ အသီးအရွယ်အစား၊ အသီးပုံသဏ္ဍာန်နှင့် အစေ့တည်ရှိမှုမှာ ပုံသဏ္ဍာန်အမျိုးမျိုးရှိပါသည်။ အသီးအလေးချိန်မှာ (၂၀၀-၁၀၀၀) ဂရမ်ထိ ရှိနိုင်ပါသည်။ ဂေါ်ရခါး၏ အသီးအတွင်းသားအရောင်မှာ အသီးခွံရောင်ထက် ဖျော့ပါ သည်။ သခွားမျိုးရင်းဝင်း အပင်များထဲတွင် အထူးသဖြင့် ဂေါ်ရခါးသည် အသီးတစ်သီးတွင် အစေ့တစ်စေ့သာရှိ ပြီး အသီး၏ အဖျားပိုင်းတွင် ရှိပါသည်။


    ၆။ အစေ့ပုံသဏ္ဍာန်


    အစေ့သည် အရှည် (၅-၆) စင်တီမီတာ (သို့မဟုတ်) အချင်း (၃-၅) စင်တီမီတာအရွယ် ရှိပါ သည်။ အသီးမှ အစေ့ကို ဖယ်ထုတ်ပြီး စိုက်ပျိုးပါက အစေ့အပင်ပေါက်မှု ညံ့သွားပါသည်။ အစေ့နှင့် အသီးတစ်ခုလုံး ပျိုးပါက အပင်ပေါက်မှု ကောင်းပါသည်။ မျိုးစေ့အညှောင့်ပေါက်ရန် ငုပ်လျှိုးချိန် ရှိသော်လည်း ရင့်မှည့်လာသော အသီးသည် အပင်ပေါ်တွင် အညှောင့်ပေါက်နိုင်ပါသည်။ သိုလှောင်ထားစဉ်အတွင်း မရင့်သေး သော အသီးကို ပူနွေးသောအခန်းတွင် ထားပါက အညှောင့်ပေါက်နိုင်ပါသည်။


    ၇။ စိုက်ပျိုးခြင်း


    ဂေါ်ရခါးသီးတစ်လုံးကို ပျိုးထောင်စိုက်ပျိုးခြင်းနှင့် အမြစ်အုံကို သားခွဲယူခြင်း စသည်ဖြင့် စိုက်ပျိုးကြပါ သည်။ (သို့မဟုတ်) အကိုင်းဖြတ်ထိုးမျိုးပွား၍လည်း စိုက်ပျိုးနိုင်ပါသည်။ အစေ့မှ အပင်ပေါက်ရန် အပူချိန် (၂၃-၂၅)ဒီဂရီစင်တီဂရိတ် လိုအပ်ပါသည်။ စိုက်ပျိုးရာတွင် အသီးရင်းကို အသီးဖျားထက် အနည်းငယ်နှိပ်၍ စိုက်ရပါ သည်။ အသီးကို အလျားလိုက်မြေပေါ်တွင် အစေ့ကို အပေါ်ဘက်တွင်ထား၍ အသီးတစ်ဝက်ဖော်ကာ စိုက်ရပါ သည်။ အသီးကို အပင်ဖောက်နေစဉ် ရေမလောင်းရပါ။ အသီးတွင်းရှိပြီး အစိုဓာတ်ကို အသုံးပြု၍ အစေ့မှ အပင်ပေါက်လာပါသည်။ အညှောင့်ဖောက်နေစဉ် အသီးကိုရေလောင်းပါက အသီးပုပ်သွားတတ်သည်။ အစေ့မှ အပင်ပေါက်လာပြီးနောက်တွင်လည်း ရေကို သင့်တင့်ရုံသာ လောင်းပေးပါ။ ပျိုးထောင်အညှောင့်ဖောက်ပြီး အညွန့် (၁၀) စင်တီမီတာခန့် ရှည်လာသော် စိုက်ခင်းတွင် သတ်မှတ်ထားသည့်နေရာ၌ ခပ်တိမ်တိမ်ထား၍ စိုက်ပျိုးပါ။ ပုံမှန်အားဖြင့် တစ်ပင်နှင့်တစ်ပင်၊ အတန်းတစ်တန်းနှင့်တစ်တန်း (၄ x ၄) မီတာ (သို့မဟုတ်) (၄ x ၄) မီတာထား၍ (၄) ကွက်ကြား စိုက်ပျိုးကြပါသည်။ တစ်ဧကလျှင် အပင် (၁၆၀ - ၂၄၀) ပင် ဝင်ဆန့်ပါသည်။ ရှမ်းပြည်နယ်နှင့် ပြင်ဦးလွင်မြို့နယ်များတွင် ပင်ကြား၊ တန်းကြားကို (၆ x ၆) ပေထား၍ တစ်နေရာလျှင် (၂-၃) သီးထားကာ မြေပုံ၍ စိုက်ပျိုးကြပါသည်။ မြေသြဇာအဖြစ် မြေတစ်ပုံတွင် မြေဆွေး (၅) ကီလိုဂရမ်၊ နိုက်ထရိုဂျင် (၂၀) ဂရမ်၊ ဖော့စဖရပ် (၁၅) ဂရမ်နှင့် ပိုတက်စီယမ် (၇) ဂရမ်ကို ထည့်သွင်းစိုက်ပျိုးပြီး၊ ကိုင်းစဖြာ ထွက်လာသော် တစ်အုံလျှင် မြေဆွေး (၅) ကီလိုဂရမ်၊ နိုက်ထရိုဂျင် (၂၀) ဂရမ်၊ ဖော့စဖရပ် (၁၅) ဂရမ်နှင့် ပိုတက်စီယမ် (၇) ဂရမ်ကို ထည့်သွင်းစိုက်ပျိုးပြီး၊ ကိုင်းစဖြာထွက်လာသော တစ်အုံလျှင် မြေဆွေး (၅) ကီလိုဂရမ်၊ နိုက်ထရိုဂျင် (၁၀၀) ဂရမ်နှင့် ပိုတက်စီယမ် (၇၀) ဂရမ် ထပ်မံ ကျွေးမွေးပါသည်။ အခြားသခွားမျိုး ရင်းဝင် အပင်များနည်းတူ အစိုဓာတ်မပျက်စေရန် ရေလောင်းပေးရပါသည်။


    ၈။ ကိုင်းပြုပြင်ခြင်း


    ပင်မကိုင်းအရှည် တစ်ပေခန့်ရှိလာသော် ခေါင်နှိမ်ပေးပြီး ကိုင်းတက် (၂) ကို မွေးမြူ၍ အရှည် (၁၂၀-၁၅၀) စင်တီမီတာ ရောက်လာသော် တစ်ကိုင်းမှ ကိုင်းငယ် (၃) ခုစီဖြာထွက်စေရန် ထပ်မံခေါင်နှိမ်ပေးပြီး အကိုင်းမွေးမြူရပါသည်။ ဤသို့ ကိုင်းပြုပြင်မွေးမြူပါက တစ်ပင်မှ ကိုင်း (၆) ခု မွေးမြူရရှိပါမည်။ ဤသို့ ကိုင်းမွေးမြူ ပြုပြင်မှုမရှိပါက ဒုတိယကိုင်းဖြာမှု ညံ့ဖျင်းတတ်ပါသည်။ အကယ်၍ အကိုင်းများကြီးထွားမှု သန်စွမ်း လွန်းပါက ထပ်မံ၍ ခေါင်နှိမ်ပေးရန် လိုအပ်ပါသည်။ အခြားသခွားမျိုးရင်းဝင် အပင်များနည်းတူ အစိုဓာတ်မပြတ် စေရန် ရေပေးသွင်းရန် လိုအပ်ပါသည်။


    ၉။ ပိုးမွှားရောဂါ


    ဂေါ်ရခါးတွင် ပိုးကျရောက်ဖျက်ဆီးမှု နည်းပါးသော်လည်း အပင်ညှိုးသေရောဂါနှင့် ရွက်ခြောက်ရောဂါ များ ကျရောက်တတ်ရာ အချိန်မီ မှိုသတ်ဆေး ပက်ဖျန်းကာကွယ်ရပါမည်။


    ၁၀။ ခူးဆွတ်ခြင်းနှင့် အထွက်


    အသီးသည် ဝတ်မှုန်ကူးသန္ဓေအောင်မြင်လာပြီးနောက် ကြီးထွားမှု လျင်မြန်လာကာ (၁၅-၂၀) ရက် ကြာအောင် ခူးဆွတ်နိုင်ပါသည်။ သီးထွက်မှာ တစ်ပင်မှ (၈၀၀) လုံးထိ ရနိုင်ပြီး ပျမ်းမျှတစ်ပင်လျှင် (၂၀၀-၃၀၀) လုံး ရနိုင်ပါသည်။ မျိုးအဖြစ်အသီးခံသော် ပန်းပွင့်ပြီးနောက် (၄၀-၅၀) ရက်သားတွင် ခူးဆွတ်ရပါသည်။ ခူးဆွတ်ထားပြီး အသီးများကို (၁၂) ဒီဂရီစင်တီဂရိတ်တွင် ကြာရှည်သိုလှောင်နိုင်ပြီး သိုလှောင်ရာတွင် သေတ္တာ များ၊ တောင်းများတွင် ကောက်ရိုးခံပေးရပါသည်။


    Source - ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်း 


  • article
  • သခွားမွှေး စိုက်ပျိုးနည်း


    အင်္ဂလိပ်အမည် - MUSKMELON


    ရုက္ခဗေဒအမည် - Cucumis melo


    မျိုးရင်းအမည် - CUCURBITACEAE


    သခွားမွှေးသည် မြန်မာသခွားမသီးမျိုးနှင့် အနံ့အဆင်း ဆင်တူသော်လည်း မြန်မာသခွားမသီးမျိုး လောက် အနံ့စူးရှမှုမပြင်းထန်ဘဲ စွဲမက်ဖွယ်ကောင်းသော အနံ့ရှိပါသည်။ အချိုဓာတ်မှာ မြန်မာသခွားမသီးမျိုး ထက် ပိုမိုမြင့်မားပြီး အသားမှာ စေးပိုင်နေ၍ စားသုံးရာတွင် ထူးခြားသော အရသာပေးစွမ်းနိုင်ပါသည်။ အချိုပွဲ အဖြစ်လည်းကောင်း၊ ချက်ပြုတ်၍လည်းကောင်း စားသုံးကြပါသည်။


    ၁။ မူရင်းဒေသ


    အိန္ဒိယနိုင်ငံဖြစ်၍ သခွားမွှေးအား Cantalourpe ဟုလည်း လူသိများကြသည်။ အမေရိကတိုက်၊ အာရှ မိုင်းနားဒေသနှင့် မြေထဲပင်လယ်ဒေသတို့တွင် စီးပွားဖြစ်တွင်ကျယ်စွာ စိုက်ပျိုးကြသည်။


    ၂။ အမျိုးအစား


    အသီးပုံသဏ္ဍာန်မှာ အလုံးပုံ၊ ဘဲဥပုံ၊ လုံးရှည်ပုံဟူ၍ အမျိုးမျိုးတွေ့ရပြီး အသီးခွံအရောင်မှာ အစိမ်း အနု၊ အရင့်၊ အဖြူရောင်၊ အဝါရောင်၊ ဆင်စွယ်ရောင်စသည်ဖြင့် တွေ့ရပါသည်။ အသီးခွံသည် ပြောင်ချောရှိသ လို ပိုက်ကွန်သဖွယ် အကွက်များ မထင်မရှား ပါဝင်သောမျိုးနှင့် အကွက်ပေါ်လွင်ထင်ရှားသော မျိုးအဖြစ်လည်း ကောင်း အမျိုးမျိုး တွေ့ရပါသည်။


    အကွက်ပေါ်လွင်သိပ်သည်းမှုပေါ် မူတည်၍ ဈေးကွက်တွင် ကြိုက်နှစ်သက်မှုကွဲပြားကြောင်းတွေ့ရပါ သည်။ အဘယ်ကြောင့်ဆိုသော် ပြောင်းလဲတိုးတက်နေသော လူနေမှုအဆင့်အတန်းအရ အကွက်လှသော သခွားမွှေးအား လက်ဆောင်အဖြစ် ပေးသော ဓလေ့ ထွန်းကားလာခြင်းကြောင့် ဖြစ်ပါသည်။ အတွင်းသား အရောင်မှာ အဖြူရောင်၊ ဖြူစိမ်းရောင်၊ ဆင်စွယ်ရောင်၊ လိမ္မော်နီရောင်၊ အစိမ်းရောင်ဟု အမျိုးမျိုးကွဲပြားလျက်ရှိ ပြီး ဖြူစိမ်းရောင်မှာ ဈေးကွက်တွင် ဝယ်လိုအား အများဆုံးဖြစ်ပါသည်။


    သခွားမွှေးတွင် ပါဝင်သော အစေ့များမှာ အလယ်ဗဟိုချက်တိုင်တွင် တစ်စုတစ်ဝေးတည်း တည်ရှိသည့် အတွက် စားသုံးရာတွင် အစေ့ဖယ်ရှားရလွယ်ကူပါသည်။


    လက်ရှိဈေးကွက်မှ ကြိုက်နှစ်သက် မျိုးများမှာ အောက်ပါတို့ ဖြစ်ပါသည်။


    စဉ် အမည် အသီးခွံတွင် အကွက်ရှိမှု အတွင်းသားအရောင်


    ၁။ Sky Rocket ရှိ ဖြူစိမ်း


    ၂။ New Century မရှိ လိမ္မော်နီ


    ၃။ Sun Rise ရှိ လိမ္မော်နီ


    ၄။ Sun Lady မရှိ လိမ္မော်နီ


    ၅။ Jade Beauty ရှိ ဖြူစိမ်း


    ၆။ Jade Jew မရှိ ဆင်စွယ်


    ၇။ Emerald Kiji ရှိ ဖြူစိမ်း


    ၃။ စိုက်ပျိုးသည့်ဒေသ


    မြန်မာပြည်အနှံ့အပြားတွင် စိုက်ပျိုးနိုင်သော်လည်း သီးနှံမျိုးသစ်ဖြစ်၍ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် စိုက်ပျိုးကြသည်ကို တွေ့ရပါသည်။


    ၄။ မြေနှင့် ရာသီဥတု


    (၂၆-၃၀) ဒီဂရီစင်တီဂရိတ်ခန့်တွင် ကောင်းမွန်စွာ ဖြစ်ထွန်းသည်။ အပူချိန် (၁၀) ဒီဂရီ စင်တီဂရိတ်ထက် ပို၍ မကွာခြားသောဒေသများတွင် ကောင်းမွန်စွာ ဖြစ်ထွန်းနိုင်သည်။ pH (၆-၆.၅) ပတ်ဝန်းကျင်တွင် ကောင်းမွန်စွာ ဖြစ်ထွန်းသည်။ ရေစီးရေလာကောင်း၍ ရေသွင်းရေထုတ် လွယ်ကူသော သဲနုန်းမြေများတွင် ကောင်းမွန်စွာ ဖြစ်ထွန်းနိုင်သည်။


    ၅။ မျိုးစေ့နှုန်း


    တစ်ဧကလျှင် မျိုးစေ့နှုန်း (၂၀၀) ဂရမ်သုံး၍ ပျိုးထောင်ပါ။


    ၆။ ပျိုးထောင်ခြင်း


    မျိုးစေ့များကို (၅x၇) လက်မ ပလပ်စတစ်အိတ် (သို့မဟုတ်) (၄) လက်မအချင်းရှိ ပလပ်စတစ်ပျိုး ခွက် များတွင်ထည့်၍ ပျိုးထောင်ပါ။ ပျိုးမြေသည် မြေဆီအာဟာရ ကြွယ်ဝရန်လိုသည်။ အစေ့ချချိန်မှ (၂၅) မတိုင်မီ ပြောင်းရွှေ့စိုက်ပျိုးနိုင်သည်။ ထိုအချိန်တွင် ရွက်စစ် (၂-၄) ရွက်ပြန့်နေပြီဖြစ်သည်။


    ပျိုးခင်းတွင် ပိုးမွှားရောဂါ ကျရောက်မှုအခြေအနေကို မျက်ခြေမပြတ် စစ်ဆေးကာကွယ် နှိမ်နင်းပါ။ စိုက် ခင်းပြုပြင်ရာတွင် ရေသွင်းရေထုတ်လွယ်ကူသော သခွားမျိုးရင်းဝင်အပင်များ ဆက်တိုက်မစိုက်ဘဲ (၃) ရာသီခန့် လှပ်ထားသောမြေတွင် စိုက်ဘောင်များဆွဲ၍ စိုက်ပျိုးနိုင်သည်။


    ၇။ စိုက်ပျိုးခြင်း


    တန်းကြားပင်ကြား အကွာအဝေးကို (၃ x ၂) ပေ၊ (၄ x ၂) ပေ၊ (၅x ၂၁/၂) ပေ စသဖြင့် ရာသီဥတုပေါ် မူတည်၍ အမျိုးမျိုးစိုက်ပျိုးနိုင်သည်။ (၃ x ၂) ပေအကွာအဝေးဖြင့် စိုက်ပျိုးပါက တစ်ဧကလျှင် အပင် (၇၀၀၀) ကျော်ဝင်ဆန့်ပါမည်။


    အပင်ကို ပြုစုစောင့်ရှောက်ရာတွင် ပင်စည်ရှိ အဆစ် (၁၁) ဆစ်၏ အောက်ရှိအဆစ်တိုင်းမှ ထွက်ရှိသော ဘေးတက်များကို ဖဲ့ပါ။ မူလပင်စည်တွင် အဆစ် (၂၅-၃၀) ဆစ် (အပင်အမြင့် ၅-၅.၅) ပေခန့် ရှိချိန်တွင် ခေါင်နှိမ်ပါ။ ဘေးတက်များကို (၃) ရွက်ချန်ဖြတ်ပါ။ အဆစ်နံပါတ် (၁၁) မှ စတင်ကာထွက်ရှိသည့် ဘေးတက်၏အဆစ်တိုင်းတွင် အသီးတင်နိုင်မည့် အပွင့်များပါရှိနိုင်ပါသည်။ အဆစ်အမှတ် (၁၁၊ ၁၂) တွင် အသီးတင်မှုမရှိပါက အစာရေစာနှင့် ရာသီဥတု သင့်တင့်မျှတခြင်း မရှိကြောင်း သိနိုင်သည်။ သို့ပါ၍ အဆစ်အမှတ် (၁၀) အောက်မှ ဘေးတက်များဖဲ့ချိန်တွင် အစာရေစာလုံလောက်အောင် ကျွေးပေးရန် အရေးကြီး ပါသည်။


    ပထမဆုံးတင်သည့် အသီးမှစတင်၍ (၃) လုံးပြည့်အထိ အသီးတင်စေပြီးနောက် အသီးမှာ တင်းနစ် ဘောလုံးခန့်ရှိချိန်တွင် တစ်ပင်တွင်ယူမည့် အသီးအရေအတွက် ဆုံးဖြတ်၍ အောက်ပါအတိုင်း ဆက်လက်ဆောင် ရွက်ပါ။


    - အသီးကြီးကြီးရလိုပါက တစ်ပင်တွင် တစ်လုံးသာယူပါ။


    - တစ်ပင်တွင် အများဆုံးအသီး (၂) လုံးသာ ယူသင့်ပါသည်။


    - မိမိယူမည့် အသီး၏ ရှေ့မှထွက်သောအရွက် တစ်ရွက်သာချန်လှပ်၍ ယင်းကိုင်းအား ဖြတ်ပါ။


    - ပြီးလျှင် တစ်ပင်လုံးရှိ ကျန်အပွင့်အသီးများ အားလုံးခြွေပစ်ပါ။ အချို့ သခွားမွှေးပြောင်မျိုးများတွင် အသီးခြွေရန်မလိုဘဲ တင်ရှိသော အသီးများအားလုံးယူရန် ဖြစ်သည်။


    - သီးထိုးယင် ကျရောက်တတ်သော စိုက်ခင်းများတွင် အသီးတင်းနစ်ဘောလုံးခန့် ရှိချိန်မှစ၍ သတင်းစာ စက္ကူအိတ်ဖြင့် စွတ်ပေးခြင်းဖြင့် အသီးပျက်စီးမှု မဖြစ်ပေါ်နိုင်ပါ။


    ၈။ မြေသြဇာကျွေးနည်း


    ပြောင်းရွှေ့မစိုက်မီ တစ်ဧကတွင် မြေခံအဖြစ် မဖြစ်မနေ ထည့်သွင်းရန် နှုန်းထားမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။


    ယူရီးယား - ၁၁၂ ပေါင် (၂) အိတ်


    တီစူပါ - ၁၁၂ ေါပင် (၁) အိတ်


    ပိုတက်ရှ်- ၁၁၂ ပေါင် (၁) အိတ်


    ပန်းစပွင့်ချိန်တွင် တစ်ကြိမ်နှင့် အသီးတင်ပြီး (၁၀) ရက်ခန့်တွင် တစ်ကြိမ် တစ်ဧကအတွက် စုစုပေါင်း ယူရီးယား (၂)အိတ်၊ တီစူပါ (၁) အိတ်နှင့် ပိုတက် (၁) အိတ်တို့ကို ထပ်မံကျွေးရန် လိုအပ်ပါသည်။


    ၉။ ပိုးမွှားရောဂါကာကွယ်နှိမ်နင်းခြင်း


    ဘူးဖရုံကျိုင်း (ဝါနီရောင်) Thrips များ၊ သစ်သီးယင်များ ကျရောက်မှုကို အများဆုံးတွေ့ရပါသည်။ ပိုးသတ်ဆေးများအဖြစ် Cypermethrin Cymbush DecisNuvacron စသည်တို့ကို ရေအဆ (၄၅၀) ရောကာ (၅) ရက်တစ်ကြိမ် ပက်ဖျန်းခြင်းဖြင့် ကာကွယ်နိုင်ပါသည်။


    ရောဂါအနေဖြင့် ရွက်ညိုပြောက်ရောဂါ၊ သံချေးရောဂါ၊ ပင်စည်နှင့် သီးပုပ်ရောဂါတို့ကို ရောက်တတ် သဖြင့် TopsinDecnoil Ridomyl တို့ကို ရေအဆ (၇၀၀) နှင့် ရော၍ (၅) ရက် တစ်ကြိမ် အလှည့်ကျ ပက်ဖျန်း ကာကွယ်နိုင်ပါသည်။


    ၁၀။ ဆွတ်ခူးခြင်း


    ပန်းပွင့်ပြီး (၃၅ - ၄၇) ရက်တွင် အသီးညှာထိပ်ရှိ နှာမောင်းများ ခြောက်လာမည်။ ရပ်ဝေးသို့ သယ်ယူ မည်ဆိုပါက ထိုအချိန်တွင် ခူးဆွတ်ရန် လိုအပ်ပါသည်။ စိုက်ခင်းမှ ဈေးကွက်သို့ အချိန်တိုတိုနှင့် ရောက်ရှိနိုင် မည်ဆိုပါက သီးညှာတဝိုက် အဝါရောင်သန်းချိန် အနံ့စတင် ထွက်ပေါ်လာချိန်တွင် ခူးဆွတ်ခြင်းနှင့် အရည် အသွေးမြင့်မားသော အသီးကို ဒဏ်ရာရခြင်းမှ ကာကွယ်ရန် သတင်းစာဖြင့် ထုတ်ပိုး ပို့ဆောင်ရန် လိုအပ်ပါသည်။


    Source:ဟင်းသီးဟင်းရွက် စိုက်ပျိုးရေး 


  • article
  • ကျောက်ဖရုံ စိုက်ပျိုးနည်း


    ကျောက် ဖရုံသီး အတွင်း သားကို အဓိက ဟင်းချို ချက်စား ကြသည်။ အထား ခံသဖြင့် တစ်နှစ် ပတ်လုံး စားသောက် ကြသည်။သကြား ဖြင့် ယိုထိုး၍ စီးပွားဖြစ် ရောင်းချ ကြသည်။

    ကျောက် ဖရုံသီး အတွင်း သားကို အဓိက ဟင်းချို ချက်စား ကြသည်။ အထား ခံသဖြင့် တစ်နှစ် ပတ်လုံး စားသောက် ကြသည်။သကြား ဖြင့် ယိုထိုး၍ စီးပွားဖြစ် ရောင်းချ ကြသည်။


    မျိုး


    ဒေသ မျိုးတွင် အလုံးလတ် (၁-၂)ပေ နှင့် အလုံးကြီး နှစ်ပေအထက် အရှည် မျိုးဟူ၍ ရှိသည်။ အလုံး လတ်မျိုး များကို စီးပွားဖြစ်မြေလွှတ် စိုက်ကြသည်။ အလုံးကြီး မျိုးများကို အချို့ဒေသ များတွင် စင်တင် စိုက်ကြပြီး ဧရာဝတီ တိုင်းမှ ပန်းတနော်၊ ဟင်္သာတအလုံးကြီး မျိုးများသည် ထင်ရှားသည်။ မျိုးအား လုံးသည် အပြင်ခွံတွင် ဖရောင်း ပါဝင်မှု များ၍ အဖြူရောင် ပိုတောက်သည်။


    စိုက်ချိန်


    မိုးနှောင်းတွင် မြေလွှတ်စိုက်ကြပြီး စင်တင်စိုက်ပါက တစ်နှစ်ပတ်လုံးစိုက်ပျိုးနိုင်သည်။ အချို့ဒေသများ တွင် သစ်ပင်ကြီးများနှင့်တဲများ ပေါ်တွင် တင်၍ နှစ်ပတ်လည် စိုက်ပျိုးထား တတ်ပြီး အလုံးလတ် မျိုးများကို ယိုလုပ်ငန်း အတွက် စီးပွားဖြစ် မြေလွှတ်၍စိုက်ပျိုးကြသည်။


    စိုက်ပျိုးခြင်း


    စင်တင် စနစ်၊ မြေလွှတ် စနစ်ကို ဘောင်ဆွဲ၍ တိုက်ရိုက် အစေ့ချ စိုက်ကြသည်။ သဘာဝမြေသြဇာ၊ နွားချေးနှင့် တီစူပါမြေသြဇာတို့ကိုရော၍ စိုက်ဘောင်ကို ဆွပြီး သမအောင်မွှေ၍ ထည့်ပေးရမည်။ စင်တင်စနစ်တွင် သုံးပေအကျယ်၊ တစ်ပေအမြင့် ဘောင်ဆွဲ၍ စိုက်ပါ။ စိုက်ဘောင်ကြီးလေ ပိုကောင်းလေဖြစ်ပါသည်။ မြေ လွှတ်စနစ်တွင် နှစ်ပေအကျယ်၊ တစ်ပေအမြင့်ဘောင်ဆွဲ၍ တစ်ပင်နှင့်တစ်ပင် နှစ်ပေကြားနှစ်တန်းစိုက်ပြီး တစ်ဘောင်နှင့် တစ်ဘောင်(၁၅-၂၀)ပေခြားဆွဲပါက တစ်ဧကလျှင် အပင် ၂,၀၀၀ခန့် ထည့်သွင်းရပါမည်။


    မြေသြဇာထည့်သွင်းခြင်း


    ကျောက်ဖရုံ တစ်ဧကလျှင် သဘာ၀ မြေသြဇာလှည်း (၁၀-၂၀)စီး၊ ပုလဲ(၁၂)အိတ်၊ တီစူပါ(၂-၄)အိတ်၊ ပိုတက်ရှ်မြေသြဇာ(၁-၂)အိတ် ထည့်ပေးရမည်။ ဒေသမျိုးအားလုံးသည် စိုက်ပြီး ရက် ၁၀၀ ကျော်မှ စတင် ခူးဆွတ်နိုင်သည်။ စိုက်ပြီး အရွက် ခုနစ်ရွက်ထွက်ချိန်တွင် ခေါင်နှိမ်ပေးသင့်ပါသည်။


    အပြင်ပြုစုခြင်း


    တိုက်ရိုက် အစေ့ချ စိုက်ခြင်းဖြစ်၍ အပင်ငယ်စဉ်တွင် သတိထားပြီး ပေါင်းရှင်းပေးရမည်။ အစေ့ကို အညှောက်ဖောက်ပြီးမှချ၍အပင်ငယ်စဉ်တွင်ရေကို မပြတ်လောင်းပေးရမည်။ အပင်ကြီးထွားစဉ် ရေငတ်ဒဏ် အသင့်တင့်ခံနိုင်ပြီး အသီးစတင်သီးချိန်တွင်လိုအပ်ပါက ရေသွင်းပေးဖို့ လိုအပ်သည်။


    ပိုးမွှားရောဂါကို အခြားဗူး၊ ဖရုံမျိုးရင်းဝင်အပင်များထက် ပိုမိုဒဏ်ခံသော်လည်း ရောဂါကင်းလေ အသီးထွက်မှုပို၍ တာရှည်လေဖစ်သဖြင့် အပင်ငယ်စဉ်တွင် ပိုးမွှားများကို ဂရုစိုက်နှိမ်နင်း၍ မှိုရောဂါကြိုတင်ကာ ကွယ်ထားသင့်ပါသည်။ ခူးယူခြင်း၊ အစေ့ထုတ်ခြင်း အစေ့ချပြီး ရက်ပေါင်း ၁၀၀ ကျော်တွင် စတင်၍ ခူးယူစားသုံးနိုင်သည်။ မျိုးစေ့ထုတ်ယူလိုပါက ပန်းပွင့်ပြီး ၆၅ ရက်ကျော်မှ ခူးဆွတ်သင့်သည်။ ကျောက်ဖရုံသီးသည် တာရှည်အထားခံသဖြင့် အလုံးလိုက်အရိပ်ထဲ တွင် နှစ်ပတ်လည်ထားသင့်သည်။ ကျောက်ဖရုံတွင် မျိုးစေ့ကိုအလုံးလိုက် သဘာဝအတိုင်းသိုလှောင်ခြင်းဖြင့် အပင်ပေါက် ရာခိုင်နှုန်း ပိုမိုကောင်းမွန်သည်။


    - ကျမ်းကိုး- ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်း လမ်းညွှန် (စားနပ်ရိက္ခာဖူလုံမှုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့) 


  • article
  • ခဝဲ စိုက်ပျိုးနည်း


    ➤မျိုး


    ဒေသမျိုး များတွင် အပုမျိုးနှင့် အရှည်မျိုး ဟူ၍ နှစ်မျိုး ရှိသည်။ အပု မျိုးသည် ခြောက်လက်မ ခန့်ရှည်ပြီး အသီး ပုံသဏ္ဌာန် မှာ အဖျားရှုး၍ အညှာပိုင်း ကြီးသည်။ အရှည် မျိုးသည် တစ်ပေခန့်ထိရှည်၍ အရင်းအဖျား ညီသည်။ ဆောင်းရာသီတွင် အပင် ငယ်ငယ်ဖြင့်ပန်းပွင့် တတ်၍ သတိထား စိုက်ပျိုး ရသည်။ ရောဂါဒဏ်၊ ပိုးမွှား ဒဏ်ခံ၍ ဒေသနှင့် ကိုက်ညီသော မျိုးကို ထိန်းသိမ်း စိုက်ပျိုးသင့်သည်။


    ➤စိုက်ချိန်


    မိုးရာသီ ဇွန်၊ ဇူလိုင်၊ သြဂုတ်လများတွင် အစိုက်များသည်။ စက်တင်ဘာ၊ အောက်တိုဘာလတွင် ခူးဆွတ်ကြသည်။ မြေပြန့်ဒေသများတွင် ဆောင်းနှင့် နွေတွင် စိုက်ပျိုးနိုင်သော်လည်း ရေကိုဝအောင်ပေးရပါမည်။ ဆောင်းရာသီတွင် အောက်ခြေမှ ငါးပေအထိ အသီးအပွင့် များကို ချွေပြီးမှ အပေါ်အဆစ်မှ အသီးများကို ယူသင့်သည်။ မိုးဒဏ်ကို ခံနိုင်ရည်ရှိပြီး စင်တင်စနစ်၊ ဝါးတန်း ထိုးစနစ်ဖြင့်သာ အစိုက် များသည်။


    ➤စိုက်ပျိုးခြင်း


    တိုက်ရိုက် အစေ့ချ စနစ်ကိုသာ စိုက်ကြသည်။ မျိုးစေ့ကို အညှောင့်ဖောက်၍ စိုက်ဘောင်ပေါ်တွင် တစ်ပေကြား လက်မဝက်ခန့်မြုပ်၍စိုက်ပါ။ စိုက်ဘောင်ကို နှစ်ပေအကျယ်၊ တစ်ပေအမြင့်ဆွဲ၍ တစ်ဘောင်နှင့် တစ်ဘောင် ငါးပေခြားဆွဲပါ။ တစ်ဧကလျှင် အပင် ၈,၀၀၀ ခန့်ရအောင်စိုက်ပျိုးပါ။ စင်ပေါ်သို့မရောက်မီ ကြားဝါး တန်းများကို တစ်ပေခြား ကန့်လန့်ဖြတ်ချည်ပေးရပါမည်။


    ➤မြေသြဇာထည့်သွင်းခြင်း


    ခဝဲ တစ်ဧကလျှင် နွားချေး ဆွေးလှည်း ၁၀ စီးမှ အစီး ၂၀၊ ပုလဲ(၁-၂)အိတ်၊ တီစူပါ(၂-၄)အိတ်၊ ပိုတက်ရှ် မြေသြဇာ ၁၂ အိတ်ထည့်ပေးသင့်ပြီး သဘာဝမြေဆွေး၊ ကြက်ချေး၊ နွားချေး၊ တီစူပါဓာတ်မြေသြဇာကိုရော၍ စိုက်ဘောင်အတွင်း သမအောင်မွှေ၍ ထည့်ပေးရမည်။ အသီးစတင်သီးချိန်တွင်ပုလဲ၊ ပိုတက်ရှ်နှင့် နွားချေးဆွေးတို့ကိုရော၍ ဘောင်အောက်ခြေမှ ဘောင်ထပ်ပြီး အစာထပ်မံကျွေးရပါမည်။


    ➤ခူးယူခြင်း


    တစ်ဧကလျှင် သီးတောင့် ၂၀,၀၀၀ မှ ၃၀,၀၀၀ ခန့်ထွက်နိုင်သည်။


    - ကျမ်းကိုး- ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်း လမ်းညွှန် (စားနပ်ရိက္ခာဖူလုံမှုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့) 


  • article
  • ကြက်ဟင်းခါး စိုက်ပျိုးနည်း


    နိဒါန်း


    ကြက်ဟင်းခါးအညွန့်ကို ပြုတ်တို့၍လည်းကောင်း၊ အသီးကိုအခွံခြစ်လှီး၍ ဆားနှင့်နယ်၊ အခါးရည် ညစ်ထုတ်ပြီး ပုစွန်၊ အသားမျိုးစုံနှင့်ကြော်၍ လည်းကောင်း၊ မျှစ်၊ ပဲပုစွန်တို့နှင့် ရောနှောချက်ပြု၍လည်း ကောင်း၊ အသီးကင်းများကိုပြုတ်၍ အတို့အမြုပ် အဖြစ်လည်း


    ကောင်း စားသောက်ကြသည်။


    မျိုးရွေးချယ်ခြင်း


    ဒေသမျိုးများသည် အသီးပုံစံအားဖြင့် အရှည်မျိုး၊ အပုမျိုး၊ အလုံးမျိုးဟူ၍ အမျိုးမျိုးရှိသည်။ အရောင် အားဖြင့် အစိမ်းနု၊ အစိမ်းရင့်၊ အဖြူမျိုးဟူ၍ရှိပြီး များသောအားဖြင့် ခါးသောအရသာရှိသည်။ အလုံးသေးမျိုး သည် ဟင်းချက်ရာတွင် လေးသောအရသာရှိ၍ ကြိုက်နှစ်သက်


    ကြသည်။ အရှည် ၁၀ လက်မခန့်ရှိသော အဖြူရောင်၊ အစိမ်းရင့်မျိုးများကို တဖြည်းဖြည်း စိုက်ပျိုးလာကြသည်။ မျိုးအားလုံးသည် စိုက်ပြီးရက် ၅၀-၆၀ တွင် စတင်ခူးဆွတ်နိုင်သည်။ တစ်ဧကလျှင် အပင် ၆,၀၀၀-၈,၀၀၀ ခန့် စိုက်နိုင်သည်။


    စိုက်ချိန်အေး၍ ဆီးနှင်းကျတတ်သောတောင်ပေါ်ဒေသတွင် ဆောင်းရာသီ၌ ဖြစ်ထွန်းမှုနည်း၍ နွေနှင့် မိုးရာသီ တွင် စိုက်သင့်ပြီး ကျန်ဒေသများတွင် တစ်နှစ်ပတ်လုံးစိုက်နိုင်သည်။


    စိုက်ပျိုးခြင်း


    တိုက်ရိုက်အစေ့ချနည်းကိုသာ သုံးကြသည်။ ကြက်ဟင်းခါးစေ့သည် အပင်ပေါက်ရာခိုင်နှုန်း ကျတတ်၍ မျိုးညှောင့်ဖောက်ပြီးမှ အစေ့ချသည်။ စိုက်ဘောင်ပြုလုပ်မည့်မြေကို သဘာဝမြေသြဇာ၊ နွားချေး၊ သစ်ရွက် ဆွေး၊ ကြက်ချေးများရော၍ သမအောင် ရောမွှေပြီး စိုက်


    ဘောင်ဖော်ပေးရမည်။ ကြက်ဟင်းခါးကိုစတင်၍ သို့ မဟုတ် တန်းထိုး၍ စိုက်ပျိုးကြသည်။ စတင်လျှင် စိုက်ဘောင်တစ်ဘောင်နှင့် တစ်ဘောင် ၅-၇ ပေခြား၍ တန်းထိုးပါက လေးပေခြားပေးရမည်။ ဘောင်အကျယ်မှာ နှစ်ပေရှိပြီး အမြင့်မှာ တစ်ပေခန့်ရှိရပါမည်။ တစ်ပင်နှင့် တစ်ပင် တစ်ပေခြား စိုက်ပြီးတန်းကြားကို တစ်ပေခြားချန်ပေးရပါမည်။


    မြေသြဇာထည့်သွင်းခြင်း


    ကြက်ဟင်းခါး တစ်ဧကလျှင် နွားချေးလှည်း ၁၀ စီးမှ ၂၀ စီး၊ ပုလဲ ၁-၂ အိတ်၊ တီစူပါ ၂-၄ အိတ်၊ ပိုတက်ရှ်မြေသြဇာ ၁-၂ အိတ်ထည့်ပေးရပါမည်။


    အပင်ပြုစုခြင်း


    တိုက်ရိုက်အစေ့ချစနစ်ဖြစ်၍ ပေါင်းမြက်ကိုနိုင်အောင် နှိမ်နင်းပေးရန် လိုအပ်ပါသည်။ အပင်မပေါက်ခင်ကပင် ရေကိုဂရုတစိုက်လောင်း ရန်လိုအပ်ပြီး အပင်ငယ်စဉ်တွင် လိုအပ်ပါက နေ့စဉ်ရေလောင်းပေးရမည်။ အညွန့် ငါးပေခန့်ရောက်ချိန်တွင် လိုအပ်ပါက ရေသွင်းပေးရမည်။ ကြက်ဟင်းခါးသည် အပင်ငယ်စဉ်တွင် ဗူး၊ ဖရုံကျိုင်းကျရောက်တတ်၍ ထိသေဆေးဖြင့် နှိမ်နင်းပါ။ အသီးကို သီးလုံးဖောက်ပိုးများကျရောက်တတ်၍ အလုံးကြီးမျိုးများကို စက္ကူအိတ်ဖြင့် စွတ်ပေးပါ။ ရွက်ခြောက်ရောဂါကျရောက်ပါက မှိုသတ်ဆေးများကို ကြို တင်ကာကွယ် သုံးစွဲရပါမည်။


    ခူးဆွတ်ခြင်း၊ မျိုးစေ့ထုတ်ခြင်း


    ကြက်ဟင်းခါးသီးကိုစားသုံးရန်အတွက် မနု၊ မရင့်အနေတော်ခူးသင့်သည်။ ရင့်လွန်းပါက အထားမခံ ဘဲ ဝါသွားတတ်သည်။ မျိုးစေ့ထုတ်ရန်အတွက် အပင်ပေါ်တွင် လုံးဝရင့်မှည့်သည်အထိ ဝါအောင်ထားပြီးမှ ခူးဆွတ်ရမည်။ ခူးဆွတ်ပြီးသောအသီးကို အရိပ်ထဲတွင် နှစ်ပတ်ခန့်ထားပြီး အသီးကိုလက်နှင့်ဖဲ့၍ အနီရောင် အစေ့အိမ်ထဲမှ အလွယ်တကူထုတ်ယူနိုင်သည်။ အစေ့ကိုရေသန့်သန့်ဖြင့် ၁၅ မိနစ်ခန့်သာဆေးပြီး ဆေးကြော စဉ်အတွင်း လက်ဝါးအတွင်း၌ထည့်၍ ညှစ်ပေးခြင်းဖြင့် အကျိအချွဲများကို သန့်စင်ပါ။နေရောင်အောက်တွင် နာရီဝက်နေလှန်းပါ။ နေလှန်းစဉ် ပြင်းထန်စွာ ပွတ်တိုက်ခြင်းမပြုပဲ ၁၅ မိနစ် တစ်ကြိမ်မွှေပေးပါ။ ထို့နောက် အရိပ်ထဲတွင် နှစ်ရက်ခန့် လေသလပ်ခံပြီး ခြောက်သွေ့သည့်အခါ ပုလင်းထဲတွင် သေချာစွာထည့်၍ သိုလှောင်ပါ။ တစ်ဧကလျှင် အသီး၈၀,၀၀၀ ခန့် ထွက်ရှိနိုင်ပါသည်။


    ကျမ်းကိုး- ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်း လမ်းညွှန် (စားနပ်ရိက္ခာဖူလုံမှုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့) 


likes12comments0
views586views2094