cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ရှားစောင်းလက်ပတ် စိုက်ပျိုးနည်း

. စိုက်ပျိုးနည်းစနစ်များ
မိုးဦးကျအချိန်တွင် ရှားစောင်းလက်ပတ် သားတက်များကို မူလပင်မမှ ဖဲ့ယူ၍ ပြူပြင်ထားသော စိုက်ခင်းမြေ အတွင်း တိုက်ရိုက်စိုက်နိုင်သည်။ သားတက်ပင်ငယ်လေးများအား အနည်းဆုံး တပင်နှင့် တပင် (၁) ပေ၊ တတန်း နှင့်တတန်း (၁)ပေခြား စိုက်ရသည်။ တနည်း တပင်နှင့်တပင်(၂) ပေ အကွာထားပြီး တပင်နှင့်တပင်ကြားတွင် သားတက်ပင်ငယ်လေးများ တစ်ပင်စီ ကြားညှပ်စိုက်ပျိုးထားလျှင် အပင်ကြီးကျသွားချိန်၌ အပင်သစ်များမှ အရွက်များဆက်လက်ရရှိ ဆွတ်ခူးသွားနိုင်၏။ ဤနည်းအားဖြင့် တစ်နှစ်ပတ်လုံး ဝင်ငွေပုံမှန်ရရှိစေနိုင်သည်။
  • အင်္ဂလိပ်အမည် - Aloes

    ရုက္ခဗေဒအမည် - Aloe vera (L.) Burm.f.

    မျိုးရင်း - Asphodelaceae

    မူရင်းဒေသ

    ရှားစောင်းလက်ပတ် မူရင်းဒေသမှာ အာဖရိက ဖြစ်သည်။ ကမ္ဘာပေါ်တွင် မျိုးစိတ်ပေါင်း (၁၆၀) ရှိသည့် အနက် မုတ်ခါး ထုတ်လုပ်နိုင်သောမျိုးမှာ -

    (၁) Aloe perryi Baber

    (၂) Aloe vera Linn (A. vulgaris; A. barbadensis; A. officinalis)

    (၃) Aloe chinensis Baker

    (၄) Aloe ferox Miller

    (၅) Aloe africana

    (၆) Aloe spicata တို့ဖြစ်သည်။

    ပုံသဏ္ဍာန်

    မြန်မာပြည်၌ရှိသော ရှားစောင်းလက်ပတ်ပင်၏ ယေဘုယျပုံသဏ္ဍာန်မှာ အရည်ရွှမ်းသော ပင်ပျော့ပင်ငယ်မျိုး ဖြစ်ပြီး အမြင့် (၁)ပေမှ (၁ ၁/၂)ပေ အထိမြင့်သည်။ ပင်ရင်းမှ အရွက်များ (၅) ခု (၆) ခုဖြာလျက်ထွက်သည်။ အရွက်၏ အပေါ်ယံအခွံသည် အစိမ်းနုရောင်ရှိပြီး အတွင်း၌ကျောက်ကျောကဲ့သို့ ပျစ်ချွဲသော အရည်အသားများ ပြည့်လျက်ရှိသည်။ အရွက်အလျား (၁) ပေခန့် ရှိသည်။ ရွက်နားပတ်လည် ဆူးလေးများခြားလျက်ရှိသည်။

    စိုက်ပျိုးသည့်ဒေသ

    မြန်မာနိုင်ငံ၌ နေရာအနှံ့အပြားစိုက်ပျိုးပေါက်ရောက်သော်လည်း အထူးသဖြင့် အပူပိုင်းဒေသတွင် ပိုမိုဖြစ်ထွန်း သည်။

    စိုက်ပျိုးပေါက်ရောက်နိုင်သည့် ရာသီဥတု

    ရှားစောင်းလက်ပတ်မှာ မိုးနည်းရေရှားရပ်ဝန်းဒေသကို ကြိုက်နှစ်သက်သည်။ အပူဒဏ်ကို ခံနိုင်ရည်ရှိသော အပင် မျိုးဖြစ်၍ မြန်မာနိုင်ငံတွင် ရှားစောင်းလက်ပတ်နှင့် သင့်လျော်သော ရာသီဥတုမှာ အကြမ်းအားဖြင့် အပူချိန် (၈၅) ဒီဂရီဖာရင်ဖိုက်အထက်နှင့် မိုးရေချိန်မှာ (၄၀) လက်မအောက် ရွာသွန်းသော ရာသီဥတုဖြစ်သည်။

    မြေအမျိုးအစား

    အထူးသဖြင့် မြေပြန့် အရပ်တွင်ပေါက်ရောက်ဖြစ်ထွန်းသည်။ ကျောက်ထူထပ်သော မြေ၊ ဆပ်ပြာပေါက်သော မြေ နှင့် ရေဝပ်သောမြေ၊ စိမ့်ရေအလွန်များသော မြေမျိုးမှတစ်ပါး မြေအမျိုးအစားမရွေး ပေါက်ရောက်ဖြစ်ထွန်းနိုင် သည်။

    မြေပြုပြင်နည်း

    မြေညံ့တွင် စိုက်ပျိုးဖြစ်ထွန်းနိုင်သော်လည်း တဧကအထွက်နှုန်းကောင်းမွန်စေရန် မြေအတန်းအစား ကောင်း၊ သင့်၊ ညံ့ အလိုက် သစ်ဆွေးမြေ၊ သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာများကို သင့်လျော်မည့် နှုန်းထားသတ်မှတ် ထည့်သွင်းစိုက်ပျိုးသင့်သည်။ ထွန်ယက်ရန် လွယ်ကူသော မြေတွင် နွားထယ် (၁)စပ်နှင့် နွားထွန် (၄)စပ်၊ မြေစေးတွင် နွားထယ် (၂)စပ်နှင့် နွားထွန် (၈)စပ် ထွန်ယက်ပြုပြင်သင့်သည်။ ဘောင်ယောင်ပြုလုပ်၍ မိုးများသော အရပ်တွင် တောင်ထိပ်တွင်၎င်း၊ မိုးနဲသော အရပ်တွင် ဘောင်ကြား၌၎င်း၊ မိုးသင့်သောအရပ်တွင် ထွန်ရေးပြင်၌ စိုက်တန်းဖော်စိုက်ရမည်။

    စိုက်ပျိုးနည်း

    မိုးဦးကျအချိန်တွင် ရှားစောင်းလက်ပတ် သားတက်များကို မူလပင်မမှ ဖဲ့ယူ၍ ပြူပြင်ထားသော စိုက်ခင်းမြေ အတွင်း တိုက်ရိုက်စိုက်နိုင်သည်။ သားတက်ပင်ငယ်လေးများအား အနည်းဆုံး တပင်နှင့် တပင် (၁) ပေ၊ တတန်း နှင့်တတန်း (၁)ပေခြား စိုက်ရသည်။ တနည်း တပင်နှင့်တပင်(၂) ပေ အကွာထားပြီး တပင်နှင့်တပင်ကြားတွင် သားတက်ပင်ငယ်လေးများ တစ်ပင်စီ ကြားညှပ်စိုက်ပျိုးထားလျှင် အပင်ကြီးကျသွားချိန်၌ အပင်သစ်များမှ အရွက်များဆက်လက်ရရှိ ဆွတ်ခူးသွားနိုင်၏။ ဤနည်းအားဖြင့် တစ်နှစ်ပတ်လုံး ဝင်ငွေပုံမှန်ရရှိစေနိုင်သည်။

    မြေသြဇာကျွေးနည်း

    မြေညံ့တွင် နွားချေးမြေဆွေးလှည်း (၆) စီး၊ မြေကောင်းတွင် နွားချေးမြေဆွေးလှည်း (၃)စီး ချပေးသင့်သည်။ လိုအပ်ပါက နွားပျိုးပြီးနောက် မိုးတကြိမ်ရွာသွန်းပြီး သို့မဟုတ် ရေပေးသွင်းပြီးလျှင် ဓာတ်မြေသြဇာကို သင့်တော် မည့် အချိုးနှုန်းထားနှင့် ရောစပ်ထည့်သွင်းသုံးစွဲရမည်။ ထို့နောက် ကြားထွန်လိုက်ပေးသင့်သည်။

    မျိုးပွားနည်း

    သားတက်များကို ဖဲ့ယူ၍ မျိုးပွားသည်။ စိုက်ခင်းတွင် စိုက်ပျိုးထားသော အပင် (၁) နှစ် (၆) လ အရွယ်တွင် တစ်ပင် လျှင် သားတက်ပင် အနည်းဆုံး (၅)ပင်ခန့် ရရှိနိုင်သည်။

    တစ်ဧကအပင်နှုန်း

    တန်းကြား (၁) ပေ၊ ပင်ကြား (၁) ပေ အကွာအဝေးဖြင့် စိုက်ပျိုးလျင် တစ်ဧကလျှင် စိုက်ပျိုးနိုင်သည့် အပင်ပေါင်း (၄၄၀၀၀) ဖြစ်သည်။

    အပင်ပြုစုနည်း

    စိုက်ခင်းအတွင်း ရှားစောင်းလက်ပတ် သားတက်ပင်များချ၍ စိုက်ပျိုးပြီး (၆) လခန့် အကြာတွင် အပင်၏ အောက်လက် (၂)ရွက်မှ (၃) ရွက်ထိ ခူးဆွတ်ပြီး ပင်ကြားများ၌ ပေါင်းရှင်းမြက်နုတ်ပေးရန်လိုသည်။ သို့မှသာ အရွက်များ သန်မာထွားကြိုင်း လာမည်ဖြစ်သည်။ ပထမအကြိမ်အရွက်များဆွတ်ခူးပြီးနောက် ပင်ခြေများတွင် ပေါင်းသင် မြေဆွပေးခြင်းများ ပြုလုပ်ရမည်။ အကယ်၍ သားတက်များထွက်ရှိလာပါက သားတက်များကို ဖယ်ရှားပစ်ရန်လိုသည်။ သို့မှသာ အပင်သန်မာပြီး အရွက်များကြီးထွားနိုင်မည်ဖြစ်သည်။

    အရွက်ဆွတ်ခူးနည်း

    ရှားစောင်းလက်ပတ်များ၏ ပင်ခြေရှိ အလျား (၁၀)လက်မနှင့် (၁၂) လက်မ၊ အနံ (၂ ၁/၂)မှ (၃) လက်မရှိသော အလက်များကို တစ်ပင်လျှင် အနည်းဆုံး (၃) လက်ခန့် လှီးဖြတ်၍ ခူးယူရ၏။ အရွက်များကို (၆)လတစ်ကြိမ်၊ တစ်နှစ်လျှင် (၂)ကြိမ်ဆွတ်ခူးနိုင်သည်။

    Source - စိုက်ပျိုးရေးဦးစီးဌာန

    -------

    ဆောင်းပါးသစ်များအတွက် ထွက်တိုးကို Like, follow, share, Download https://htwettoe.com/download လုပ်ထားပါ။

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်။


  • article
likes13comments1
views202views2691