cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

သဘာဝမြေဩဇာနှင့်အားဆေးရည်ပြုလုပ်နည်းများ

. အပင်အာဟာရ
ဓာတ်မြေသြဇာတွေ စျေးကြီးနေချိန်မှာ သဘာဝမြေဇာပြုလုပ်ပြီး သုံးစွဲကြပါစို့...

သဘာဝမြေသြဇာ ပြုလုပ်သုံးစွဲခြင်းအားဖြင့် ကုန်ကျစရိတ်သက်သာရုံမက လူ့ခန္ဓာကိုယ်၊ ပတ်ဝန်းကျင် ထိခိုက်မှုလည်း နည်းစေပါတယ်။
  • ဓာတ်မြေသြဇာတွေ စျေးကြီးနေချိန်မှာ သဘာဝမြေဇာပြုလုပ်ပြီး သုံးစွဲကြပါစို့...

    သဘာဝမြေသြဇာ ပြုလုပ်သုံးစွဲခြင်းအားဖြင့် ကုန်ကျစရိတ်သက်သာရုံမက လူ့ခန္ဓာကိုယ်၊ ပတ်ဝန်းကျင် ထိခိုက်မှုလည်း နည်းစေပါတယ်။

    သစ်ရွက်ဆွေး၊ လယ်ယာမြေ စွန့်ပစ်ပစ္စည်းများဖြင့် မြေဆွေးပြုလုပ်နည်း

    https://www.htwettoe.com/article-details/education/9278979

    N-P-K သဘာဝမြေဩဇာရည် ပြုလုပ်သုံးစွဲနည်း

    https://www.htwettoe.com/article-details/education/8969452

    ငါးအမိုင်နိုအက်ဆစ် (သို့) အပင်များအတွက် အဏ္ဏဝါ၏လက်ဆောင်

    https://www.htwettoe.com/article-details/education/17790603

    ကောက်ရိုး၊ နှမ်းရိုးဖြင့် မြေဆွေးပြုလုပ်နည်း

    https://www.htwettoe.com/article-details/education/9254038

    တီကောင်စွန့်ပစ်မြေဩဇာ ပြုလုပ်နည်းနှင့်အသုံးပြုနည်း

    https://www.htwettoe.com/article-details/education/9246803

    အီးအမ်ဘိုကာရှီမြေဆွေး ပြုလုပ်နည်း

    https://www.htwettoe.com/article-details/education/986110

    သီးနှံ ဖွံ့ဖြိုးကြီးထွားစေတဲ့ နွားနို့ချဉ်ရည်ပြုလုပ်နည်း

    https://www.htwettoe.com/article-details/education/2243197

    စိုက်ပျိုးနည်းများ ပိုမိုသိရှိရန်ပုံ (သို့) လင့် ကိုထောက်ပြီးဖတ်ရှုနိုင်ပါပြီနော်။

    -------

    စိုက်ပျိုးနည်းများ၊ စိုက်ပျိုးရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ ပိုးမွှားကာကွယ်နှိမ်နင်းနည်းလမ်းများ၊ ကိုင်းကူးကိုင်းဆက်ခြင်း တွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ - https://htwettoe.com/download

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


  • article
  • သစ်ရွက်ဆွေး၊ လယ်ယာမြေ စွန့်ပစ်ပစ္စည်းများဖြင့် မြေဆွေးပြုလုပ်နည်း

    သင့်တော်ရာဒေသတွင် အလျား ( ၆ ပေ) ၊ အနံ ( ၃ ပေ) ၊ အနက် ( ၆ ပေ) ကျင်းတူးပါ။

    ကျင်းထဲသို့ စွန့်အမှိုက်များ၊ သစ်ရွက်ဆွေးများကို (၁) ပေထု ဖြန့်ခင်းပါ။

    အီးအမ် (EM) ဖျော်ရည်ကို တစ်လွှာလျှင် ( ၃) ဂါလံ နှုန်းဖြင့်ဖြန်းပါ။

    နွားချေး ( ၄) ပြည် ညီညာစွာ ဖြန့်ဖြူးပေးပါ။

    ယင်းသို့ အလွှာလိုက် ကျင်းပြည့်သည်အထိ ပြုလုပ်ပါ။

    ဆွေးမြေ့လာသည်နှင့်အမျှ မျက်နှာပြင် နိမ့်ဆင်းသွားပါသည်။

    နိမ့်သွားပါက ကျင်းပြည့်အောင့်ပြန်ဖြည့်ပါ။

    သီးနှံများစိုက်ပျိုးချိန်တွင် ထုတ်ယူသုံးစွဲနိုင်ပါသည်။

    မိုးကျလျှင် ရေမဝင်စေရန် အမိုး မိုးပေးပါ။

    တစ်ဧက အတွက် ကျင်း ( ၅) ကျင်း လိုပါသည်။

    နှစ်ရှည်ပင်၊ ဟင်းသီးဟင်းရွက်နှင့်ဥယျာဉ်ခြံသီးနှံများတွင် အီအမ် ဘိုကာရှီ သုံးစွဲနည်း

    စိုက်ခင်းအတွင်းမှ ပေါင်းများကို ရှင်းပါ။ ရရှိသည့် ပေါင်းများကို အပင်ခြေတွင်ပုံပါ။

    အပုံပေါ်တွက် အီးအမ် ( EM) ဖျော်ရည်ဖျန်းပါ။ မြေဖုံးပါ။ ( ဖျော်ရည်ဖျန်းပြီး နွားချေးမှုန့် ဖြူးပေးလျှင် ပိုကောင်းပါသည်။)

    ပေါင်းရှင်းသည့်အခါတိုင်း အပင်ခြေတွင် ထပ်မံ၍ ပုံပေးပါ။

    References- စိုက်ပျိုးရေးဦးစီးဌာန


  • article
  • N-P-K သဘာဝမြေဩဇာရည် ပြုလုပ်သုံးစွဲနည်း

    ယခုခေတ်မှာ သီးနှံတွေ အထွက်တိုးရေးအတွက် နိုက်ထရိုဂျင်၊ ဖော့စ်ဖရပ်၊ပိုတက်စီယမ်ဓာတ်တွေပါတဲ့ ကွန်ပေါင်းဓာတ်မြေသြဇာတွေ၊ အရွက်ဖျန်းမြေသြဇာအရည်တွေ တော်တော်ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြတာ တွေ့ရတယ်။ အာဟာရပါဝင်မှု ပမာဏစစ်မှန်ရင်တော့ အာနိသင်ထိရောက်မှုကောင်းတာ တွေ့ရတယ်။ ဒါပေမယ့် နိုင်ငံခြားကတင်သွင်းကြတာဆိုတော့ ဈေးကြီးတယ်။ တစ်ခါတလေ တချို့သီးနှံတွေမှာ စီးပွားရေးတွက်ခြေမကိုက်တာ တွေ့ရတယ်။ စာမျက်နှာ၊ စိုက်ပျိုးရေးနည်းပညာပြန့်ပွားရေး ကနေ မျှဝေထားတဲ့ NPK ဓာတ်တွေပါတဲ့ သဘာဝမြေသြဇာအရည် (အရွက်ဖျန်း) ကိုပြည်တွင်းရှိပြီးဖြစ်တဲ့ သဘာဝပစ္စည်းတွေနဲ့ လွယ်လွယ်ပြုလုပ်သုံးစွဲနည်းလေးကို တောင်သူလယ်သမားကြီးများရဲ့ အကျိုးအတွက် ထပ်ဆင့်မျှဝေပေးလိုက်ပါတယ်။

    လိုအပ်တဲ့ပစ္စည်းတွေကတော့ -

    (၁)ထမင်းခြောက် (စားကြွင်း၊ စားကျန် ပိုနေတဲ့ထမင်းရေဆေး နေလှန်း အခြောက်ခံထားတဲ့ပစ္စည်း) ကီလိုဝက်။

    (၂) ဟင်းသီးဟင်းရွက် (ရောင်းမကုန်၊ ချက်ပြုတ်ပိုလျှံလွှင့်ပစ်ရမယ့်အသီးအရွက်အတိုအစများ) ကီလိုဝက်။

    (၃) အုန်းစိမ်းရည် ၁၀ ဇွန်း။

    (၄) EM (Effective Microorganism) တစ်ဇွန်း။

    (၅)သကြားလေးဇွန်း။

    (၆) ရေသန့်တစ်လီတာ။

    ပြုလုပ်သုံးစွဲနည်း

    - သန့်ရှင်းပြီး အဖုံးပါတဲ့ ဘူးတစ်ခုထဲသို့ နုပ်နုပ်စဉ်းထားတဲ့ ဟင်းသီးဟင်းရွက်အတိုအစများကိုထည့်ပါ။

    - ထမင်းခြောက်ကီလိုဝက်ကိုထည့်ပါ။

    - အုန်းစိမ်းရည် ၁၀ဇွန်း၊ EM တစ်ဇွန်း၊ သကြားလေးဇွန်း၊ ရေသန့်တစ်လီတာ တို့ကိုထည့်ပြီးနောက် သမသွားအောင်ကောင်းစွာမွှေပေးပါ။

    - ပြီးရင်အဖုံးလုံအောင်ပိတ်ပြီး အရိပ်ထဲမှာ တစ်ပတ်ထားပါ။

    - ရက်ပြည့်တဲ့အခါ စွပ်ကျယ်စ (သို့) ပိတ်ပါးစနဲ့စစ်ယူပြီး ရရှိတဲ့အရည်ကို အသုံးပြုနိုင်ပါတယ်။

    - ဆေးဖျန်းပုံးတစ်ပုံးကို ရေအပြည့် လေးဂါလန်ခန့်ထည့်ပြီး ဆေးရည်စတီးဇွန်းငါးဇွန်း ထည့်ဖျန်းနိုင်ပါတယ်။

    - အပင်ရင်း၊ ပင်စည်၊ အရွက်အားလုံး ဖျန်းနိုင်ပါတယ်။

    - သဘာဝပစ္စည်းများနဲ့ ပြုလုပ်ထားတဲ့ ဓာတ်မြေသြဇာအရည်ဖြစ်တဲ့အတွက် အရွက်လောင်တာမရှိနိုင်ပါ။

    - NPK ၁၅ ပတ်လည် ဓာတ်မြေသြဇာအရည်နဲ့ အာနိသင်ညီမျှတယ်လို့ဆိုပါတယ်။

    အသုံးပြုနိုင်သော သီးနှံများ

    စပါး၊ အစေ့ထုတ်ပြောင်း၊ ပဲမျိုးစုံ၊ မတ်ပဲ၊ ပဲတီစိမ်း၊ ကုလားပဲ၊ ပဲစင်းငုံ၊ မြေပဲ၊ ဟင်းသီးဟင်းရွက်မျိုးစုံ၊ သစ်သီးဝလံပင်များ၊ သရက်၊ကျွဲကော၊ ငှက်ပျော၊ လိမ္မော်၊မက်မန်း၊ ဒူးရင်း၊ ကြက်မောက်၊ မင်းကွတ်၊သံပရာ၊ ထောပတ်သီး၊ ဖရဲ၊ သခွားမွှေး စသည်တို့မှာအသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။

    သီးနှံတစ်မျိုးကို ငါးကြိမ်၊ ခြောက်ကြိမ်လောက် ဖျန်းနိုင်ပါက ပို၍သိသိသာသာကောင်းမွန်တယ်လို့ ဆိုပါတယ်။

    ပြည်ပကဝင်လာတဲ့ ၁၅ ပတ်လည်၊ ၁၆ ပတ်လည် NPK အရွက်ဖျန်းမြေသြဇာတွေဟာ ဈေးနှုန်းလည်းကြီးမြင့်တယ်။

    ဓာတ်ကြွင်းလည်းကျန်မယ်၊ ဒီသဘာ၀ NPK မြေသြဇာအရည်ဟာ မိမိပြည်တွင်းက ပစ္စည်းတွေနဲ့ လွယ်လွယ်လုပ်လို့ရမယ်၊ ဈေးနှုန်းလည်းသက်သာမယ်၊ ဓာတ်ကြွင်း အန္တရာယ်လည်း ကင်းဝေးမယ်။

    ဒါကြောင့် အကျိုးကျေးဇူးများစွာ ရရှိနိုင်တဲ့အတွက် တောင်သူလယ်သမားကြီးများက စမ်းသပ်ပြုလုပ်သုံးစွဲသင့်ပါတယ်လို့ ထပ်ဆင့်မျှဝေလိုက်ရပါတယ်ခင်ဗျား။

    အောင်ဆန်း(စိုက်ပျိုးရေး)

    မြန်မာတောင်သူကြီးများ ဂျာနယ်


  • article
  • ငါးအမိုင်နိုအက်ဆစ် (သို့) အပင်များအတွက် အဏ္ဏဝါ၏လက်ဆောင်

    သဘာဝရွက်ဖျန်းအားဆေးများအနက် သဘောအကျဆုံးမှာ ငါးအမိုင်နိုအက်ဆစ်ဖြစ်သည်။ တောင်သူများထံ နည်းပညာပေးရန်ရောက်ရှိတိုင်း ငါးအမိုင်နိုအက်ဆစ်ရွက်ဖျန်းအားဆေး (Fish Amino Acid, ငါးအမိုင်နိုအက်စစ်(FAA)) ၏ အကျိုးရှိပုံများအား ပြန်ကြားရသလို၊ VFRDC တွင် ဆောင်ရွက်ခဲ့သည် သုတေသနများနှင့် မိမိကြီးကြပ်ခဲ့သည် မဟာသိပ္ပံနှင့် Postdoc ကျောင်းသားများ၏ သုတေသနရလဒ်များအရ ငါးအမိုင်နိုအက်စစ်(FAA) ၏ အပင်ဖွံ့ဖြိုးမှုအပေါ် အကျိုးသက်ရောက်မှုများစွာရှိကြောင်း တွေ့ရှိရပါသည်။ အော်ဂဲနစ်သမားများ တွင်ကျယ်စွာအသုံးပြုနေကြသည့် ရွက်ဖျန်းအားဆေးတစ်ခုလည်းဖြစ်သည်။

    သတ္တဝါများကဲ့သို့ အပင်များသည်လည်း အမိုင်နိုအက်ဆစ်ကိုလိုအပ်သည်။ ပရိုတင်းများတည်ဆောက်ရန် အခြေခံဖြစ်သော်လည်း၊ အပင်များ၏ အမိုင်နိုအက်ဆစ်ထုတ်လုပ်မှုသည် နည်းပါးလေ့ရှိပြီး၊ အလုံအလောက်မရရှိလျှင် အပင်ကြီးထွားမှု၊ ပန်းပွင့်မှုနှင့် အထွက်နှုန်းကို ထိခိုက်နိုင်သည်။ ဥပမာ အမိုင်နိုအက်ဆစ်နှင့် ဆက်စပ်နေသည့် Indole နှင့် Pyrrol compounds များအား အပင်များ၏လိုအပ်ချက်မှာ အနည်းငယ်သာဖြစ်သော်လည်း လုံးဝမရရှိလျှင် သီးနှံဖွံ့ဖြိုးမှုနှင့် အထွက်နှုန်းကျဆင်းတတ်၏။

    အပင်များအတွက်အဓိကလိုအပ်သည့် နိုက်ထရိုဂျင်ကဲ့သို့ အာဟာရများသာမက၊ ဖော့စဖရက်နှင့် ပိုတက်စီယမ်များ၊ ကြီးထွားမှုလှုံ့ဆော်သည့်ဓာတ်များပါ ငါးအမိုင်နိုအက်ဆစ်တွင်ပါဝင်သည်။ ငါးအမိုင်နိုအက်စစ်(FAA) ပြုလုပ်သည့်ငါးအမျိုးအစားအလိုက်အာဟာရဓာတ်များပါဝင်မှုကွာခြားနိုင်သော်လည်း protein, vitamins, amino acids, docosahexaenoic acid (DHA) နှင့် eicosapentaenoic acid (EPA) ကဲ့သို့သော essential fatty acids များ ပါဝင်လေ့ရှိသည်။ အမိုင်နိုအက်ဆစ်များသည် phytohormone များနှင့် အပင်ကြီးထွားစေသည့်ပစ္စည်းများ၏ ရှေ့ပြေးများဖြစ်သည်။ ဥပမာဆိုရလျှင် Tryptophan သည် Auxin ဖြစ်ပေါ်ရန် ရှေ့ပြေးဖြစ်သကဲ့သို့ Methionine သည် ethylene ၏ ရှေ့ပြေးဖြစ်သည်။ ထို့ပြင် အပင်များအား အမိုင်နိုအက်ဆစ်များပက်ဖျန်းပေးခြင်းဖြင့် auxins, gibberellins နှင့် cytokinins များ၊ အပင်ကြီးထွားလာချိန်တွင် ABA နှင့် ethylene ကဲ့သို့သော ဟော်မုန်းနှင့် PGRs များကို တိုးလာစေသည်။

    ငါးအမိုင်နိုအက်စစ် (FAA) အား အရွက်မျက်နှာပြင်မှ စုပ်ယူနိုင်သဖြင့် ရွက်ဖျန်းအားဆေးအဖြစ်လည်းကောင်း၊ မြေဆီသြဇာတိုးတတ်စေ၍ အဏုဇီဝများပွားများလာစေရန်အတွက် မြေဆီလွှာအတွင်း ထည့်သွင်းပေးခြင်းဖြင့်လည်းကောင်း အသုံးပြုကြပါသည်။

    ငါးအမိုင်နိုအက်စစ် (FAA) ပြုလုပ်နည်း

    ၁။ ယေဘူယျအားဖြင့် ငါးနှင့် တင်လဲရည်/ထန်းလျက်/သကြား/သကြားညို ဆတူထည့်လေ့ရှိသည်။

    ၂။ ငါးအကောင်ကြီးပါက ခုတ်ထစ်ပါ၊ ငါးသေးငါးနုတ်များ၊ ငါးခေါင်း/အူ/ကလီစာများကိုပါ အသုံးပြုနိုင်သည်။

    ၃။ မြေအိုး၊ ကော်ပုံး သို့မဟုတ် ထည့်စရာတစ်ခုခုအတွင်းသို့ ငါးနှင့် ထန်းလျက်/သကြားများကို တစ်ထပ်စီထည့်ပါ။

    ၄။ အပေါ်ဆုံးအထပ်သည် ထန်းလျက်/သကြားဖြစ်နေပါစေ။

    ၅။ တင်လဲရည်/ထန်းလျက်အရည်အသုံးပြုမည်ဆိုပါက သမအောင်ရောမွှေပေးပါ။

    ၆။ အကျိုးပြု EM သို့မဟုတ် ကိုယ်တိုင်ပြုလုပ်သည့် ဒေသခံ IMO ကို ထည့်သွင်းပေးခြင်းဖြင့် ငါးများပြိုကွဲမှုကို မြန်ဆန်စေမည်။ (ပျစ်နေလျှင် ရေကျက်အေးထပ်ထည့်ပေးပါ)

    ၇။ သတိပြုရမည့်အချက်မှာ အဆိုပါထည့်သွင်းပစ္စည်းများကို အိုး/ခွက်၏ ၃ ပုံ ၂ ပုံခန့်အထိသာ ထည့်၍ ၁/၃ ပုံကို အလွတ်ချန်ပေးခြင်းဖြင့် ဓာတ်ပြုခြင်းကိုမထိခိုက်စေဘဲ၊ လျှံကျခြင်းမှ ကာကွယ်နိုင်သည်။

    ၈။ အဖုံးသေချာဖုံး၍ အေးမြပြီးခြောက်သွေ့ပြီး၊ ပုရွက်ဆိတ်မလာနိုင်သောနေရာ၌ ထားရှိပါ။

    ၉။ ရက်အနည်းငယ်အတွင်း တင်လဲရည်/ထန်းလျက်/သကြားနှင့် ငါးတို့အကြား (ပျစ်ရာမှကျဲရာသို့ စီးဆင်းခြင်းဖြစ်စဉ်ကြောင့်) ငါးများအရည်အပျော်လာမည်။ အနံ့ဆိုးပျောက်၍ ချိုအီသည့်အနံ့တစ်ခုထွက်လာမည်။

    ၁၀။ ငါးအမျိုးအစားနှင့် အသုံးပြုသည့်အစိတ်အပိုင်းအလိုက် (၄၅) ရက်မှ (၉၀)ရက်အတွင်း ငါးအမိုင်နိုအက်စစ်(FAA) ကိုရရှိမည်။ ပုပ်နံ့မရှိ၊ စေးကပ်၍ အရောင်ရင့်မှသာ ကောင်းမွန်သည် ငါးအမိုင်နိုအက်စစ်(FAA) ဖြစ်သည်။

    ၁၁။ အပင်အရွယ်ကိုလိုက်၍ ရေနှင့် ၁း၁၀၀၀ မှစ၍ အချိုးအစားအမျိုးမျိုးပြောင်းလဲသုံးနိုင်သည်။

    အထက်ပါအချက်များမှာ ငါးအမိုင်နိုအက်စစ်(FAA) ပြုလုပ်နည်းဖြစ်၍ ပညာရှင်နှင့် တောင်သူများသိရှိကြပြီးဖြစ်သည်။

    ထပ်မံဖြည့်စွတ်လိုသည့်အချက်များရှိပါသည်။

    ငါးအစိတ်အပိုင်း

    မည်သည့်ငါးဖြင့်ပြုလုပ်သင့်ပါသလဲ?

    VFRDC တွင် ဆောင်ရွက်ခဲ့သည် သုတေသနများအရ ငါးအမိုင်နိုအက်စစ်(FAA) ကို ငါးသေးငါးနုတ်ဖြင့်ပြုလုပ်ပါက ငါးအကြီးနှင့် ငါးခေါင်း/အူ/ကလီစာစသည်တို့ဖြင့်ပြုလုပ်သည်ထက် အာဟာရဓာတ်များပိုမိုပါဝင်၍ အထူးသဖြင့် Phosphorous, Iron, Calcium များ ပါဝင်မှုမြင့်မားသည်ကို တွေ့ရှိရသည်။ အကျိုးအာနိသင်အနေဖြင့် အပင်ဖွံ့ဖြိုးမှုနှင့် အထွက်နှုန်း ပိုမိုကောင်းမွန်သည်ကိုတွေ့ရှိရပါသည် (ဖရုံ၊ ပြောင်းချို)။

    တင်လဲရည်/ထန်းလျက်/သကြား/သကြားညို

    ငါးနှင့်ရောရန် မည်သည့်ပစ္စည်းကိုအသုံးပြုရမလဲဟု မေးလေ့ရှိသည့် မေးခွန်းဖြစ်သည်။ အားလုံးကို အသုံးပြုနိုင်ပါသည်။

    -ဖွေးဆွတ်နေသောသကြားဖြူတွင် သတ္တုဓာတ်နှင့်ဗီတာမင်များမပါဘဲ သကြားဓာတ်သာအဓိကပါမည်။

    -သကြားညိုတွင်တင်လဲရည်အနည်းငယ်ပါဝင်နေပြီး သကြားဓာတ်နှင့်အတူ အခြားအာဟာရများပါဝင်သည်။ ထို့ပြင်သကြားညိုသည် သကြားဖြူထက် calcium, iron နှင့် potassium များ ပိုမိုပါဝင်သည်။

    -တင်လဲရည် စားပွဲတင်ဇွန်း (၁)ဇွန်းတွင် (Manganese: 13%, Magnesium: 12%, Copper: 11%, Vitamin B-6: 8%, Selenium: 6%, Potassium: 6%, Iron: 5%, Calcium: 3%) ပါဝင်ခြင်းကြောင့် တင်လဲရည်ဖြင့် ငါးအမိုင်နိုအက်စစ်(FAA) ပြုလုပ်ပါက သကြားဓာတ်အပြင် အခြားအာဟာရများပါ ငါးအမိုင်နိုအက်စစ်(FAA) တွင် ပါဝင်သွားနိုင်သည်။

    -ထန်းလျက်တွင် တင်လဲရည်ကဲ့သို့အာဟာရများပါဝင်၍ သတ္တုဓာတ်ပိုများသည်။ ထန်းလျက်သည် ငါးအမိုင်နိုအက်စစ် (FAA) တွင် Sulphur ကဲ့သို့ အနံ့ဆိုးထွက်စေသည့် ဘက်တီးရီးယားများပွားများမှုကိုတားဆီး၍၊ အမိုင်နိုအက်ဆစ်များအဖြစ် အမြန်ပြိုကြွစေနိုင်သည့် Saccharomycetes ကဲ့သို့သော micro-fungi များအား အားပေးသည်။

    -သကြားဖြူနှင့်သကြားညိုတွင် အချိုဓာတ်ပိုမိုမြင့်မားသောကြောင့် ငါးအမိုင်နိုအက်စစ်(FAA) ပြုလုပ်ရာတွင် ငါးများဆွေးမြည့်မှု ပိုမိုမြန်ဆန်သည်။ သတိထားရမည့်အချက်မှာ အထက်အောက် ပုံမှန်မွှေပေးရမည်။

    -တင်လဲရည်/ထန်းလျက်တွင်ပါဝင်သည့်သကြား၏ ပျော်ဝင်မှုနှေးကွေးမှုကြောင့် ငါးအမိုင်နိုအက်စစ်(FAA) ပြုလုပ်ရာတွင် အနည်းငယ်နှေးသော်လည်း အခြားအာဟာရဓာတ်များ ပိုမိုပါဝင်သည်ကို တွေ့ရှိရပါသည်။

    EM သို့မဟုတ် IMO ထည့်သွင်းခြင်း

    -ငါးအမိုင်နိုအက်စစ် (FAA) ပြုလုပ်ရာတွင် EM သို့မဟုတ် IMO ထည့်သွင်းရခြင်းမှာ အကျိုးပြုအဏုဇီဝများပိုမိုပါဝင်စေရန်၊ ငါးများဆွေးမြည့်မှုမြန်ဆန်စေရန်နှင့် ပုပ်မသွားစေရန်ဖြစ်သည်။

    -EM မရရှိနိုင်ပါက မထည့်ဘဲ ပြုလုပ်နိုင်သည်။ ငါးအမိုင်နိုအက်စစ် (FAA) ရရှိမှုအချိန်ကွာခြားမှုမရှိပါ။

    -Papain သို့မဟုတ် သင်္ဘောသီးအခွံမှရရှိသည့်အစေးများအား ထည့်သွင်းပေးပါက ငါးများဆွေးမြည့်မှုမြန်ဆန်သည်။ (ပရိုတင်းမှ အမိုင်နိုအက်ဆစ်နှင့် peptides အဖြစ် အမြန်ပြိုကွဲသွားစေနိုင်သည့် Papain ၏အာနိသင်ကြောင့် ၄င်းကို အသားများအမြန်နူးစေရန်အသုံးပြုလေ့ရှိကြသည်။)

    ငါးပိနှင့် ငါးချဥ်များအားအသုံးပြုနိုင်ပါသလား

    -ငါးပိတွင်လည်း ပရိုတင်း၊ အမိုင်နိုအက်ဆစ်၊ မီးစုန်းဓာတ်၊ သံဓာတ်နှင့် အခြားအနည်းလိုဓာတ်များပါဝင်သော်လည်း မြေကိုငန်စေခြင်းကြောင့် အသုံးမပြုသင့်ပါ။

    -ငါးချဥ်ကြောင့် မြေချဥ်ငန်ဓာတ်ပြောင်းလဲမှုမရှိဘဲ မြေဆီလွှာအတွင်း အကျိုးပြုအဏုဇီဝများအရေအတွက်တိုးတက်လာခြင်း၊ အနည်းလိုအာဟာရဓာတ်များ ရရှိနိုင်ခြင်း၊ အချို့အပင်များ၌အမြစ်ဖုဖြစ်ပွားမှုများပြားလာခြင်း စသည့်ကောင်းကျိုးများရရှိနိုင်ပါသည်။

    အခြားသိထားသင့်သည့်အချက်များ

    (က) ငါးအမိုင်နိုအက်စစ် (FAA) ပြုလုပ်ပြီးနောက် (၃) ရက်တစ်ကြီမ် ဒုတ်သန့်သန့်ဖြင့်မွှေပေးပါက မပုပ်တော့ဘဲ ဆွေးမြည့်မှု မြန်ဆန်လာသည်ကို တွေ့ရသည်။

    (ခ) ပလပ်စတစ်ပုံး/ခွက်ဖြင့်ထည့်သွင်းပြုလုပ်သည်ထက် မြေအိုးဖြင့်ပြုလုပ်ပါက ပြင်ပအပူချိန်မြင့်မားမှုမှကာကွယ်ပြီး၊ ငါးအမိုင်နိုအက်စစ်(FAA) ရရှိမှုမြန်ဆန်သည်။

    (ဂ) အနံ့ဆိုးထွက်လာပါက သကြားရည်/တင်လဲရည်ထပ်ထည့်ပေးပါ။

    (ဃ) အပင်များငယ်စဉ်တွင်ဖျန်းပါက နှုန်းထားလျှော့ပေးပါ။

    (င) မျိုးစေ့များစိမ်ပေးပါက အပင်ပေါက်ရာခိုင်နှုန်းကောင်းမွန်၍ အမြစ်ဖြစ်ထွန်းမှုမြန်ဆန်သည်။

    ငါးအမိုင်နိုအက်စစ် (FAA): Fish Amino Acid

    EM: Effective Microorganisms

    IMO: Indigenous microorganism

    ABA: Abscisic acid

    PGRs: Plant growth regulators

    (ဒေါက်တာဝဏ္ဏထွန်း)


  • article
  • ကောက်ရိုး၊ နှမ်းရိုးဖြင့် မြေဆွေးပြုလုပ်နည်း

    - စည်းပိုင်းပြတ်ထဲသို့ ရေဂါလံ (၂၀) ထည့်ပါ။

    - အသင့်သုံး အီးအမ် (EM) ဖျော်ရည် နို့ဆီခွက် (၃) ခွက်နှင့် တင်လဲရည် (၃) ခွက် လောင်းထည့်၍တုတ်ဖြင့်မွှေပါ။

    ( နို့ဆီခွက် (၃) ခွက်= ၁ လီတာ)

    - အရိပ်အောက်တွင် လယ်ယာစွန့်ပစ် ပစ္စည်းများဖြစ်တဲ့ ( ကောက်ရိုး၊ နှမ်းရိုး များကို) အလျား ( ၆ ပေ) အနံ ( ၃ ပေ) ၊ ထု ( ၆ လက်မ) ရှိအောင် တစ်လွှာပုံပါ။

    - လယ်ယာထွက်စွန့်ပစ်ပစ္စည်းများ တစ်လွှာချင်းပေါ်တွင် ရေရောစပ်ပြီး အီးအမ် (EM) ဖျော်ရည် ( ၃) ဂါလံကို ဖျန်းပေးရပါမည်။

    - နွားချေးနှင့်ဖွဲနုရောပြီး ( ၈) ပြီ ထပ်၍ ဖြူးပါ။

    - ယင်းကဲ့သို့ အလွှာခြောက်လွှာထိ ထပ်၍ ပုံပါ။

    - အပေါ်မှ ပလပ်စတစ်ဖြင့် လုံအောင်ဖုံးပါ။ ( သို့မဟုတ်) စွန့်ပစ်ပစ္စည်း တခုခုဖြင့် လုံအောင်ဖုံးပါ။ ( သို့မဟုတ်) စွန့်ပစ်ပစ္စည်းတစ်ခုခုဖြင့် လုံအောင်ထူထူဖုံးပါ။

    - ( ၄-၅) ရက်ကြာလျှင် မြေဆွေးပုံးအတွင်း လက်ဖြင့် စမ်းကြည့်၍ တအားပူလျှင် အထပ်အောက်လှန်ပေးပါ။ ခြောက်နေလျှင်ရေဖျန်းပေးပါ။

    - အဖြူရောင်မမှုမျှင်များ တွေ့လျှင် ဆွေးမြေ့နေကြောင်း သိရှိနိုင်ပါသည်။

    - (၇- ၁၀) ၇က်အကြာ တစ်ဝက်တစ်ပျက် ဆွေးမြေ့နေသည့် အခြေအနေတွင်ပင် စတင် အသုံးပြုနိုင်သည်။

    - တစ်ဧကအတွက် ( ၈ပုံ= ၂ တန်) မှ ( ၂၀ ပုံ= ၅ တန်) သုံးပါ။

    - စိုက်ထယ်ရေးပြင်ချိန်တွင် ဖြန့်ထည့်၍ အသုံးပြုနိုင်ပါသည်။

    - နှစ်ရှည်ပင်၊ ဟင်းသီးဟင်းရွက်နှင့် ဥယျဉ်ခြံ သီးနှံပင်များတွင် အစိုဓာတ်ရှိချိန်တွင် အပင်ခြေတွင်ထည့်၍ မြေဖုံးပြီး သုံးပါ။

    References- စိုက်ပျိုးရေးဦးစီးဌာန


  • article
  • အီးအမ်ဘိုကာရှီမြေဆွေး ပြုလုပ်နည်း

    အီးအမ်ဘိုကာရှီဆိုသည်မှာ ဂျပန်ဝေါဟာရဖြစ်ပြီး အဓိပ္ပာယ်မှာ အချဉ်ဖောက်ထားသော (သို့) ဆွေးမြေ့အောင်လုပ်ထားသော အော်ဂဲနစ်ပစ္စည်းများ ဖြစ်ပါသည်။ဘိုကာရှီမြေဆွေးသည် အကျိုးပြုအဏုဇီ၀ သက်ရှိများကို သီးနှံစွန့်ပစ် ပစ္စည်းများ၊ တိရိစ္ဆာန်ချေးများနှင့် စနစ်တကျ ရောနှောပြုလုပ်ရရှိသော မြေဆွေးဖြစ်သည်။

    ဘိုကာရှီမြေဆွေးသည် ရိုးရိုးမြေဆွေးကဲ့သို့ အချိန်ကြာကြာ ဆွေးမြေ့အောင် စောင့်ရန်မလို။အဆွေးမြန်သည်။အကျိုးပြု အဏုဇီဝများပါသည်။နှစ်ပတ်ကျော်လျှင် စိုက်ခင်းတွင် အသုံးပြုနိုင်သည်။အပင်အတွက် အာဟာရကြွယ်ဝစေသည့်အပြင် မြေသားတည်ဆောက်မှုကိုလည်း ကောင်းစေသည်။

    ပြုလုပ်နည်း

    ၁. ရှေးဦးစွာ စည်ပိုင်းပြတ်(သို့) အဝကျယ် အိုးတစ်လုံးထဲတွင် အသင့်သုံးအီးအမ် (၁)ဆ၊ တင်လဲရည် (၁)ဆနှင့် ရေ (၉၈)ဆ ရောစပ်ပါ။

    ၂. ကောက်ရိုးများကို အီးအမ်ဖျောရည်ထဲနှစ်ပြီး ရေစစ်၍ အရိပ်အောက်တွင် အလျား(၆)ပေ၊ အနံ(၃)ပေ၊ အထူ(၆) လက်မခန့် ဖြန့်ခင်းလျက် မြေပေါ်တွင်ပုံပါ။၎င်းအပုံကို ပွမနေစေရန် တတ်နိုင်သမျှ ဖိသိပ်ပေးပါ။

    ၃. ထို့နောက် ၎င်းကောက်ရိုးပုံအပေါ်တွင် နွားချေးအထူ (၁) လက်မခန့် ဖုံးအုပ်ပေးရမည်။ (ဖြစ်နိုင်ပါက တစ်လွှာတွင် ဖွဲနုလက်တစ်ဆုပ်ခန့် ထည့်နိုင်လျှင် ပိုကောင်းပါသည်။)

    ၄. ဤနည်းအတိုင်း ကောက်ရိုးတစ်လွှာ၊ နွားချေးတစ်လွှာ အဆင့်ဆင့် ထပ်ပုံပြီး အမြင့် ၄ပေခန့်အထိ ရအောင်ပုံပါ။

    ၅. ထို့နောက် ပလတ်စတစ်စ (သို့) ပီနန်အိတ်ခွံများဖြင့် လုံအောင်ဖုံးပါ။ ပီနန်အိတ်ခွံမရှိပါက ကောက်ရိုးဖြင့် အထူ (၆)လက်မခန့် တတ်နိုင်သမျှ လုံအောင် ပတ်လည်ဖုံးအုပ်ပေးရပါမည်။

    ၆. တစ်ပတ်ခန့်အကြာတွင် အဖြူရောင်မှိုမျှင်များ ထွက်လာသည်ကို တွေ့ရမည်ဖြစ်ပြီး (၁၅) ရက်ခန့်ကြာလျှင် အသုံးပြုနိုင်ပြီဖြစ်သည်။အဖြူရောင်မှုမျှင် များများထွက်လေ ကောင်းလေဖြစ်သည်။ (၁၅) ရက်အတွင်း အသင့်သုံးစွဲနိုင်သည့် အီးအမ်မြေဆွေးပုံကို ရရှိစေမည်ဖြစ်ပါသည်။

    ၇. အရိပ်ရှိသော နေရာ၊ ရေမဝပ်သောနေရာတွင် ပြုလုပ်ပါ။

    အီးအမ်မြေဆွေးများသည် အခြားမြေဆွေးများကဲ့သို့ လုံးဝဆွေးအောင် စောင့်စရာမလိုဘဲ သုံးနိုင်ပါသည်။ အပင်အတွက် အန္တရာယ်မရှိပါ။ အီးအမ်ဖြင့် ပြုလုပ်သော မြေဆွေးသည် အီးအမ်မပါသော မြေဆွေးထက် အပင်အတွက် လိုအပ်သော အာဟာရဓါတ်ပါဝင်မှု ပိုများပြီး အပင်ကို အန္တရာယ်ဖြစ်စေသော ဓာတ်ငွေ့နှင့် အပူဓာတ်ပါဝင်မှုနည်းပါသည်။

    ကောက်ရိုးအစား ပြောင်းရိုး၊ ဂျုံရိုး၊ နှမ်းရိုး၊ ပဲမှော်၊ မြေပဲခွံ၊ လွှစာ၊ သစ်ရွက်ခြောက်၊ အမှိုက် စသည့် အော်ဂဲနစ် ပစ္စည်းများကို အသုံးပြုနိုင်ပါသည်။ပေါင်းရှင်းထားသော မြက်စိမ်းများ၊ သစ်ရွက်စိမ်း၊ ဗေဒါပင် အစိမ်းများလည်း သုံးနိုင်ပါသည်။

    တင်လဲရည် မရနိုင်ပါက ထန်းလျက်ကို အသုံးပြုနိုင်ပါသည်။တင်လဲရည်၊ ထန်းလျက် မထည့်ဘဲလုပ်လျှင် ရနိုင်သော်လည်း မကောင်းပါ။ကောက်ရိုးကို အီးအမ်စိမ်းခြင်း ပြုလုပ်ရန် ခက်ခဲပါက တစ်လွှာပုံပြီးတိုင်း နွားချေးအလွှာပေါ် အီးအမ်ဖျော်ရည်ကို အထက်ပါ အချိုးအတိုင်းရေရော၍ ဖျန်းနိုင်ပါသည်။ ရေဖျန်းပုံး အပေါက်သေးသေးနှင့် မြေကြီးပေါ် ရေရွှဲအိုင်သည်အထိ အချိန်ယူဖျန်းရပါမည်။အဓိကမှာ ကောက်ရိုးမျက်နှာပြင်အနှံ့ ရေထိရန်လိုအပ်ပါသည်။ ရေဖျန်းရာတွင် ရေလျှောမကျစေရန် အပေါ်ဆုံးအလွှာပြုလုပ်ရာတွင် အနည်းငယ်ချိုင့်ထားပါ။အစိုဓာတ် ရှိနေစေရန် အခါအားလျော်စွာ ရေဖျန်းပေးပါ။ မြေဆွေးပုံပြုလုပ်ရာတွင် အပုံဘေးနှုတ်ခမ်းပတ်လည် အဆွေးနည်းပြီး အလယ်ပိုင်းကသာ ပိုမိုဆွေးလေ့ရှိပါသည်။ထို့ကြောင့် ကောင်းစွာမဆွေးသော ဘေးပတ်လည်နေရာ နည်းသွားစေရန် အပုံသေးသေးများစွာမပုံဘဲ အပုံကြီးကြီးတစ်ပုံသာ ပုံသင့်ပါသည်။ အနံ (၆)ပေထားပြီး အလျားကို နေရာရှိသလောက်ထား၍ အမြင့်ကို (၄)ပေထားသင့်ပါသည်။ သို့သော်တွက်ချက်မှုလွယ်ကူစေရန် အလျား(၆)ပေ၊ အနံ(၃)ပေ၊ အမြင့် (၃)ပေထားပြီး ထိုမြေဆွေးပုံတစ်ပုံအတွက် လိုအပ်သော ပစ္စည်းများကို အောက်ပါအတိုင်း တွက်ယူနိုင်ပါသည်။

    ၁။ အသင့်သုံးအီးအမ် ၃လီတာ (ရေသန့်ဘူး ၃ဘူး)

    ၂။ တင်လဲရည် ၃လီတာ (ရေသန့်ဘူး ၃ဘူး)

    ၃။ ရေ ၄ဂါလံပုံး (၂၀)ပုံး

    ၄။ နွားချေး ၃ တင်း

    ၅။ ဖွဲနု ၁ပြည် (ထည့်နိုင်ပါက ထည့်ရန်)

    အထက်ပါ အချိုးအစားမှ မြေဆွေး ၂ တန်ရပါမည်။ တစ်ဧက အတွက် အသုံးပြုရန် မြေဆွေး ၅ တန်လိုအပ်ပါမည်။

    ပါမောက္ခ ဒေါက်တာမြင့်လွင်၏ အကျိုးပြု အဏုဇီ၀ (အီးအမ်) နည်းပညာ စာအုပ်မှ ကောက်နှုတ်တင်ပြထားပါသည်။ 


  • article
  • တီကောင်စွန့်ပစ်မြေဩဇာ ပြုလုပ်နည်းနှင့်အသုံးပြုနည်း

    သီးနှံပင်များအတွက် အရေးပါသည့် တီကောင်စွန့်ပစ်မြေဩဇာ

    တီကောင်စွန့်ပစ်မြေသြဇာဆိုသည်မှာ လယ်ယာစွန့်ပစ်ပစ္စည်း၊ မီးဖိုချောင်စွန့်ပစ်ပစ္စည်းအစရှိသည့် စွန့်ပစ်ပစ္စည်းအစရှိသည့် စွန့်ပစ်ပစ္စည်းများကို တီကောင်လေးများက စားသုံး၍ သီးနှံပင်များအတွက် အသုံးဝင်သော သြဂဲနစ်မြေသြဇာ(ဇီဝမြေသြဇာ) အဖြစ် ပြန်လည်ပြုလုပ် သုံးစွဲခြင်းဖြစ်သည်။

    ➤တီကောင်စွန့်ပစ်မြေဩဇာကို စီးပွါးဖြစ် ထုတ်လုပ်ခြင်း

    တီကောင် စွန့်ပစ်မြေဩဇာ ထုတ်လုပ်ရန် ၂၀ပေအရှည်၊ ၅ပေအကျယ်၊ အမြင့်၃ပေ ရှိသော ကန်တစ်ခု ပြုလုပ်ရမည်။ ကန်၏အောက်ခြေတွင် ပိုလျှံသည့်ရေများကို စုစည်းစစ်ထုတ်ရန် အနည်းငယ် နိမ့်လျောသည့် ရေထွက်ပေါက်တစ်ခုပါရှိရမည်။ တီကောင်မွေးမည့်ကန်၏ အောက်ခြေတွင် ဗန်ဒါရွက်ခြောက် (သို့) သစ်ရွက်ခြောက်များကို (၄)လက်မ အထူခင်းပေးရသည်။ ထိုအပေါ်မှ စင်းထားသော ငှက်ပျောအူ၊ အစာစိမ်းများ၊ သီးနှံ အကြွင်းအကျန်များကို တစ်ပေအထူရအောင် ထည့်ပေးရမည်။ ထိုအပေါ်မှ နွားချေး(၅)အိတ်ကို ဖြန့်ထည့်ပေးပြီး အစိုဓါတ်ရရှိစေရန် ရေအနည်းငယ်လောင်းပေးရမည်။ ထို့နောက် တီကောင်များ ကို တစ်စတုရန်းပေလျှင် အကောင် (၁၀၀) နှုန်းဖြင့် တီကောင် (၁၀၀၀၀) ထည့်ပေးရမည်။ ထိုအပေါ်မှ အစာစိမ်းများကို တစ်ပေခန့် ထပ်ထည့်ပေးရမည်။ သစ်ရွက်ခြောက်များကို အပေါ်မှ (၂)လက်မခန့် ထည့်ပေးပြီး ဂုန်နီအိတ်ဖြင့် အုပ်ပေးရမည်။ အစိုဓါတ် မပြတ်စေရန် နေ့စဉ်စစ်ဆေး၍ လိုအပ်ချိန်တွင် ရေလောင်းပေးရမည်။ (၂)လ အကြာတွင် တီကောင်များ ပွါးများနေပြီး အစာများလည်း စားသုံးပြီးဖြစ်သည်။ (၃)လ အကြာတွင် တီကောင်စွန့်ပစ်မြေဩဇာ ရရှိပါမည်။

    ➤မြေဆွေးဖယ်ထုတ်ခြင်း

    တီကောင် စွန့်ပစ်မြေဩဇာ ထုတ်လုပ်ရန် မြေဆွေးကန်အားရေ (၂-၃) ရက် ဖြတ်လိုက်ရမည်။ တီကောင်များသည် ကန်အောက်ခြေရှိ အစိုဓါတ်ရှိရာ နေရာများသို့ ရောက်ရှိသွားမည်ဖြစ်သည်။ အပေါ်ယံမြေဆွေးအား ဖယ်ထုတ်ပြီး နေရိပ်တွင် အခြောက်ခံ၍ သိုလှောင်ထားနိုင်သည်။

    ➤သတိပြုရမည့်အချက်များ

    တီကောင်များအား ငှက်၊ ခြ၊ ပုရွက်ဆိတ် နှင့် ကြွက်များရန်မှ ကာကွယ်နိုင်ရန် မြေဆွေးပုံပေါ်မှ ဂုန်နီအိတ်အုပ်ထားရမည်။ မြေဆွေးပြုလုပ်နေစဉ်အတွင်း လုံလောက်သည့်အစိုဓါတ်မရှိခြင်းသည် တီကောင်များကို သေစေသည်။ ရေဝပ်ပါကလည်း တီကောင်များ အသက်မရှင်နိုင်ပေ။ ထို့ကြောင့် အစိုဓါတ်ကို မနည်းလွန်း မများလွန်းစေရပါ။ မြေဆွေးရရှိပြီးနောက် တီကောင်များကို အခြားမြေဆွေးပုံအသစ်တစ်ခုတွင် ပြောင်းထည့်ပေးရမည်။

    တီကောင်မှ ခြေဖျက်ထားသော မြေနမူနာတွင် အာဟာရဓါတ်ပါဝင်မှု

    မြေချဉ်ငံဓါတ် (pH) - ၆.၈

    စုစုပေါင်း နိုက်ထရိုဂျင် (%) - ဝ.၉၃- ၁.၉၄%

    အပင်စားသုံးနိုင်သော ဖော့စဖိတ်ဓါတ် - ဝ.၄၇%

    အပင်စားသုံးနိုင်သော ပိုတက်စီယမ်ဓါတ် - ၁.၇၀%

    ကယ်လစီယမ် - ၄.၄၀%

    မဂ္ဂနီစီယမ် - ဝ.၄၆%

    ➤တီကောင်စွန့်ပစ်ရည်ထုတ်ယူသုံးစွဲခြင်း

    တီကောင်စွန့်ပစ်ရည်သည် အပင်များကို လျင်မြန်စွာ ကြီးထွားစေနိုင်ပြီး ပိုးမွှားများရန်မှလည်း ကာကွယ်ပေး နိုင်သည်။ မြေဆွေးပုံပြုလုပ်ပြီး (၃-၄)ရက်ကြာလျှင် ရေကန်ပိုက်မှတစ်ဆင့် တီကောင်စွန့်ပစ်ရည်များ ထွက်ကျလာမည်။ ထိုစွန့်ပစ်ရည်အား ချဉ်ငံဓါတ်တိုင်းတာ၍ ဩဂဲနစ်မြေဩဇာရည်အဖြစ် အသုံးပြုကြသည်။ ဟင်းသီးဟင်းရွက်နှင့် သစ်ခွပင်များတွင် စမ်းသပ်ပက်ဖျန်းရာ အထူးဖြစ်ထွန်းသည်ကို တွေ့ရှိရပါသည်။ ၂၀ပေအရှည်၊ ၅ပေအကျယ်၊ အမြင့်၃ပေ ရှိသော ကန်တစ်ကန်မှ တီကောင်စွန့်ပစ်မြေဩဇာအစိုအလေးချိန် (၁)တန်ခန့် နှင့် စွန့်ပစ်အရည် လီတာ(၅၀)ခန့် ရရှိကြောင်းတွေ့ရှိရပါသည်။

    ➤တီကောင်စွန့်ပစ်မြေဩဇာသုံးစွဲခြင်း

    တီကောင်စွန့်ပစ်မြေဩဇာကို လယ်ယာသီးနှံ၊ ဥယျာဉ်ခြံသီးနှံ၊ ပန်းအလှပင်နှင့် ဟင်းသီးဟင်းရွက်များတွင် သီးနှံ၏ မည်သည့် အသက်အရွယ်တွင်မဆို သုံးစွဲနိုင်သည်။ လယ်ယာသီးနှံများတွင် တီကောင်စွန့်ပစ်မြေဩဇာ ၁တန်လျှင် ၁ဧက နှုန်းဖြင့် မျိုးစေ့များကို ရောပြီး ကြဲပက်စိုက်ပျိုးနိုင်သည်။ သို့မဟုတ်အပင်အမြင့် (၄-၆)လက်မ ရှိချိန်တွင် အတန်းလိုက်ထည့်သွင်းပေးနိုင်သည်။ ပုံမှန်ရေသွင်းပေးရမည်။

    သစ်သီးပင်များအတွက် အပင်သက်တမ်းကိုလိုက်၍ ၁ပင်လျှင် ၅ကီလိုမှ ၁၀ကီလိုထိ ထည့်သွင်းပေးနိုင်သည်။ အပင်ရွက်အုပ်တွင် ဧရိယာပတ်လည်တွင် (၆-၁၀)လက်မ အနက်ရအောင် ရေဝပ်ကျင်းတူးပေးပြီး နွားချေးခြောက်မှုန့်ပါးပါးဖြူးပေးပြီး အရိုးမှုန့်မြေဩဇာကို တီကောင်စွန့်ပစ်မြေဩဇာ (၂-၅)ကီလိုနှင့်ရောပြီး ထည့်ပေးရမည်။ အပေါ်မှမြေဖုံးပေးပြီး ရေလောင်းပေးရမည်။

    ဟင်းသီးဟင်းရွက်များအတွက် ရွေ့စိုက်မည့်ပျိုးပင်များ လျင်မြန်စွာ ကြီးထွားလားစေရန် တီကောင်စွန့်ပစ်မြေဆွေးအား ပျိုးဘောင်တွင် ၄၀၀ကီလိုလျှင် တစ်ဧကနှုန်းဖြင့် ထည့်ပေးရမည်။ ကျန်းမာသန်စွမ်းသည့်ပျိုးပင်များ ရရှိမည်။ ရွေ့စိုက်ချိန်နှင့် ရွေ့စိုက်ပြီး ၄၅ရက်သားအတွင်း တစ်ပင်လျှင် (၄၀၀-၅၀၀) ဂရမ်နှုန်း ထည့်ပေးရမည်။ ပြီးနောက် ရေသွင်းပေးရမည်။ ပန်းအလှပင်များအတွက် ၁ ဧကလျှင် (၃၀၀-၄၀၀)ကီလိုနှုန်း ထည့်ပေးရမည်။

    ဟင်းသီးဟင်းရွက်နှင့် ပန်းမုံလာကဲ့သို့ အပွင့်စားသီးနှံများအတွက် အပင်ခြေပတ်လည်ကို ထည့်ပေးပြီး မြေဖုံးပေးရမည်။ ရေကို ပုံမှန် လောင်းပေးရမည်။ တီကျစ်စာမြေဆွေး အစိုတစ်တန်ကို အခြောက်ခံပါက ၅၀၀ ကီလိုခန့် ရရှိပါမည်။

    ကိုးကား - တီကောင်မွေးမြူခြင်း (Vermiculture) နှင့် တီကောင်စွန့်ပစ်မြေသြဇာ (Vermicompost) ထုတ်လုပ်မှု လက်စွဲ၊ VFRDC

    စိုက်ခင်းမြေကို တူးကြည့်လို့ တီကောင်ရှိနေခြင်းက အပင်အတွက် အာဟာရပြည့်ဝသည့် မြေဖြစ်ပါတယ်။ 


  • article
  • သီးနှံ ဖွံ့ဖြိုးကြီးထွားစေတဲ့ နွားနို့ချဉ်ရည်ပြုလုပ်နည်း

    မိမိအိမ်တွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားသော သစ်သီးပင်၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ အတွက် အလွယ်တကူ ဖော်စပ်ပြုလုပ်နိုင်သော နွားနို့ချဉ်ရည်ပြုလုပ်နည်းကို ဖော်ပြပေးလိုက်ပါတယ်။

    ပါဝင်ပစ္စည်းများ

    နွားနို့ - ၁၀ ဆ

    ဆန်ဆေးရည် - ၁ ဆ

    - ဆန်ဆေးရည်ကိုမြေအိုး၏ သုံးပုံတစ်ပုံသာထည့်၍ (၇) ရက် အနယ်ထိုင်ပြီး အလယ်အရည်ကြည်ကို ယူပါ။

    - ၎င်းရေ (၁) ဆကိုနွားနို့ (၁၀)ဆ နှင့်ရော၍ မြေအိုးထဲသို့ ထည့်ပြီး (၇) ရက်နေပါက အလယ် ရေကြည်ကို ယူ၍ အသုံးပြုနိုင်ပါသည်။

    - မြေအိုးထဲထည့်ရာတွင် မြေအိုး၏ သုံးပုံနှစ်ပုံသာထည့်ပြီး သုံးပုံ တစ်ပုံကို လေဟာနယ် ထားပါ။

    - မြေအိုးများကိုစက္ကူဖြင့် လေလုံအောင်ဖုံးပြီး အရိပ်အောက်တွင်သာ ထားရပါမည်။

    - ချက်ခြင်းဖျန်းပါက တင်လဲရည် နှင့် ရောရန်မလိုပါ။

    - တာရှည်ထားလိုပါက တင်လဲရည် နှင့် ဆတူရောထားနိုင်သည်။

    - နို့ချဉ်ရည်ကိုရေနှင့် အဆ ၁၀၀ ရောပြီး အပင်ပေါ်နှင့် အပင်ခြေမြေပေါ် ဖျန်းနိုင်ပါသည်။

    - မြေဆွေးလုပ်ရာတွင် ထည့်သုံးက ဆွေးမြေ့မှုမြန်ပြီး မြေဆွေးအရည်အသွေး ပိုကောင်း စေပါသည်။ မြေပြုပြင်ရာတွင်လည်းသုံးနိုင်ပါသည်။

    Source - ဩဂဲနစ်တောင်သူလက်စွဲစာအုပ် ပါမောက္ခဒေါက်တာမြင့်လွင် 


likes15comments0
views476views1394