cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

လက်ပံပွင့်ချိန်

. သီးနှံသတင်းများ
တစ်မျှော်တစ်ခေါ် အဝေး တစ်နေရာဆီတွင် ပင်လုံးကျွတ် ရဲရဲနီအောင် ပွင့်နေသော လက်ပံပင်ကြီးကို မြင်နေရသည်။ လက်ပံပင်ကြီးမှာ သူ့ဘေးပတ်ဝန်းကျင်ရှိ အခြားသော သစ်ပင်များကို အုပ်မိုးလျက် မြင့်မြင့်မားမား တည်ရှိနေပေသည်။ ဒီလိုမျိုးအညာနွေ၏နေပူအောက်တွင် ရဲရဲတောက် လှပသော ပန်းများပွင့်နေသည့် လက်ပံပင်များကို မြင်တွေ့ရသည့်အချိန်တိုင်းဝယ် ငယ်စဉ်ကလေးဘဝက သူငယ်ချင်းများနှင့် အတူ လက်ပံပွင့်ကောက်ခဲ့ကြပုံများ မြင်ယောင်လွမ်းမောမိပါသည်။ ငယ်စဉ်အခါက နွေရာသီမှာပျော်စရာ အလွန်ကောင်းသည်။ နွေရာသီ ကျောင်းပိတ်ရက်ရှည်မှာ ကလေးတို့သဘာ၀ အားလပ်ချိန်တွေက များလှသည်။
  • article
  • article
  • article
  • article
  • article
  • article
  • article
  • article
  • နွေဦး၏အစမှာပင် ရုံးအဆောက်အဦး ရှေ့ရှိ တမာပင်ပေါ်မှ ရော်ရွက်ဝါတို့ တဖွဲဖွဲကြွေလေပြီ။ နေ့လည်ခင်းတွေမှာ နေပူသော်လည်း ရာသီဥတုက ကြည်လင်၍ မနေပါ။ မြူတွေဆိုင်းနေ သဖြင့် အဝေးသို့ မျှော်ကြည့်လေတိုင်း မှိုင်းမှိုင်းရီရီ။ မြောက်လေလည်းမဟုတ်၊ တောင်လေဟုလည်း မခေါ်သာ။ လေတစ်ချက်ဝှေ့လိုက်တိုင်း သစ်ရွက်ကြွေတို့က ဦးတည်ရာမဲ့ ရွေ့လျားကြလေသည်။

    တစ်မျှော်တစ်ခေါ် အဝေး တစ်နေရာဆီတွင် ပင်လုံးကျွတ် ရဲရဲနီအောင် ပွင့်နေသော လက်ပံပင်ကြီးကို မြင်နေရသည်။ လက်ပံပင်ကြီးမှာ သူ့ဘေးပတ်ဝန်းကျင်ရှိ အခြားသော သစ်ပင်များကို အုပ်မိုးလျက် မြင့်မြင့်မားမား တည်ရှိနေပေသည်။ ဒီလိုမျိုးအညာနွေ၏နေပူအောက်တွင် ရဲရဲတောက် လှပသော ပန်းများပွင့်နေသည့် လက်ပံပင်များကို မြင်တွေ့ရသည့်အချိန်တိုင်းဝယ် ငယ်စဉ်ကလေးဘဝက သူငယ်ချင်းများနှင့် အတူ လက်ပံပွင့်ကောက်ခဲ့ကြပုံများ မြင်ယောင်လွမ်းမောမိပါသည်။ ငယ်စဉ်အခါက နွေရာသီမှာပျော်စရာ အလွန်ကောင်းသည်။ နွေရာသီ ကျောင်းပိတ်ရက်ရှည်မှာ ကလေးတို့သဘာ၀ အားလပ်ချိန်တွေက များလှသည်။

    ထိုစဉ်က ကျေးလက်မှာ ယခုခေတ်လို ကျူရှင်ဟူ၍ မရှိသေးချေ။ ကျောင်းသားတို့မှာ ကျောင်းပိတ်ရက်ရှည်၏ နေ့လည်နေ့ခင်းများတွင်မန်ကျည်းပင်ရိပ် ကောင်းကောင်း အောက်၌ စိန်ပြေးတမ်း၊ ဖန်ခုန်တမ်း၊ ကြပ်ခွပ်တမ်း ကစားကြမည်။ နေပူပူတွင် လက်ပံပွင့်ကောက်သွားကြမည်။ အပင်မြင့်ထက်ဆီမှ လက်ပံပွင့်နီနီတွေက ကလေးများအဖွဲ့ကို ဖိတ်ခေါ်နေသကဲ့သို့ ရှိသည်။

    အပင်အောက်မှာလည်း လက်ပံပွင့်တို့ ပြန့်ကြဲလျက်။ ကလေးအုပ်စုမှာ ပျော်ရွှင်စွာ အော်ဟစ်လျက် လက်ပံပွင့်တွေကောက်ကြပါသည်။ လက်ပံပင်၏ ပင်စည်မှာ ဆူးများပါ၍ တုတ်ခိုင်သည်။ ပင်စည်မှာ အဖြူရောင်ရှိပြီးမိုးအမြင့်ဆီသို့ အဝေးကြီးမြင့်တက်သွားသည်။ ထို့ကြောင့် လက်ပံပင်ပေါ်သို့ မည်သူမျှ မတက်ကြချေ။ သို့သော် ကျွနု်ပ်တို့ အုပ်စုကဲ့သို့ပင် လက်ပံပင်ပေါ်၌ ပျော်ရွှင်စွာဆူညံအော်ဟစ်နေသော အုပ်စုတစ်ခုရှိပါသေးသည်။ သူတို့မှာ လက်ပံပွင့်တိုင်း လူတကာထက် အရင်ဆုံးရောက်နှင့် နေတတ်သောဇရက်(ဆက်ရက်ငှက်) အုပ်စုဖြစ်သည်။ ဇရက်တို့မှာ အုပ်စုဖွဲ့၍ နေထိုင် ကျက်စားတတ်သော ငှက်မျိုးဖြစ်သည်။ သူတို့က အသံတစ်မျိုးတည်းသာ အော်မြည်တတ်သော ငှက်မျိုးမဟုတ်။

    အော်မြည်သံ အမျိုးမျိုး တတ်ကျွမ်းကြသည်။ လက်ပံပွင့်ချိန်တွင် အပင်မြင့်ပေါ်မှဆူညံနေသော သူတို့အသံကို ခပ်လှမ်းလှမ်းမှပင် ကြားနိုင်လေသည်။ ရွာထဲမှ မိန်းကလေးတစ်စုသည် စကားကို ဆူညံစွာ အော်ဟစ်ပြောဆိုနေကြလျှင် လူကြီးသူမတွေက “လက်ပံပင် ဇရက်ကျသလိုဘဲ”ဟု ပြောဆိုလေ့ရှိသည်။ မည်သို့ဆိုစေ လက်ပံပွင့်ကောက်၍ပျော်ရသည်မှာ အပင်ပေါ်က ငှက်ကလေးများ၏ ပျော်ရွှင်စွာ အော်မြည်ဟစ်မြည်သံကြောင့် ပို၍ ပြည့်စုံခြင်း ဖြစ်သည်။

    လက်ပံပင်တွေ ဘယ်လောက်မြင့်ပါစေ လက်ပံပွင့်တွေကိုရော ဇရက်တွေကိုပါ မြင်နိုင်သည်။ငှက်တွေက ပန်းပွင့်တွေကို ထိုးစိတ်နေသည်ကိုလည်း မြင်ရပေသည်။ ပန်းပွင့်၏ ဝတ်ဆံကို သူတို့က စားလေသည်လား၊ ပန်းဝတ်မှုန်ကို လာယူသည့် ပျားနှင့် အင်းဆက်တွေကို စားလေသည်လား အတတ်မသိနိုင်ချေ။ လက်ပံပွင့်တွေက လေတိုက်၍ ကြွေသလို ငှက်တွေကြောင့်လည်း ကြွေကျသည်။ လက်ပံပွင့်ကြွေပုံမှာ ကြည့်လို့ အလွန်ကောင်းသည်။ လက်ပံပွင့်၏ ပွင့်ဖက်အုံမှာ ခွက်ကဲ့သို့ ပုံသဏ္ဌာန်ရှိပြီး ထူထဲနေသောကြောင့် အပွင့်တွေက မှောက်လျက်ကျရန် ခဲယဉ်းသည်။ ကြက်တောင်ကဲ့သို့ အနီရောင်ပွင့်ချပ်များ၊ဝတ်ဆံတိုင်များက အပေါ်ကနေပြီး လေထဲမှာ ချာချာလည်လျက် ကျလာသည်။

    ကျွန်ုပ်တို့ကလေးများသည် မြေကြီးပေါ်တွင် လက်ပံပွင့်တွေရှိပါလျက် အပင်မြင့်ပေါ်မှ ဝေ့ဝေ့လည်၍ကျလာသော လက်ပံပွင့်တွေကို လိုက်၍ဖမ်းယူရသည်မှာ ပျော်စရာအတိပင်။ “ငှက်ကလေးရေ၊ လက်ပံပွင့်တွေ ခြွေချလေသလား”ဟု အောက်မေ့ရအောင်ပင် ပန်းပွင့်နီနီတို့က လေထဲမှာ တဝဲဝဲလည်လျက် မြေသက်ကျဆင်းကြလေသည်။ လက်ပံပွင့်ချိန်တွင် အပင်ပေါ်၌ အရွက်ဟူ၍ လုံးဝမရှိချေ။ အပွင့်တွေချည်းသက်သက်သာ သစ်ကိုင်းတွေပေါ်မှာ နီနီရဲလျက် ရှိသည်။ ဖေဖော်ဝါရီလ၊ မတ်လဝန်းကျင်တွင် ပန်းများပွင့်ကြသည်။ ထို့ကြောင့်နွေရာသီ၏အလှကို ရုပ်လုံးကြွလာအောင် ဖော်ပြသည့်နှယ် ထင်ရှားသည်။ မိုးရာသီ၊ ဆောင်းရာသီတို့တွင် ပန်းပွင့်မရှိသော အချိန်မျိုးတွင်မူ အခြားသစ်ပင်များထက်ထူးခြားမှုမရှိ။ သူလိုငါလိုပင် ဖြစ်သည်။

    မေလတွင် အသီးများရင့်မှည့်သည်။ အသီးထဲတွင် ဝါဂွမ်းကဲ့သို့ လဲမှို့များ ပါဝင်သဖြင့် အသီးရင့်မှည့်ချိန်တွင် အသီးအက်ကွဲ၍ အပင်အောက်တွင် လဲမှို့များ ဖွေးဖွေးဖြူလျက် ရှိသည်။ လက်ပံပင်ကို အင်္ဂလိပ် အမည်အားဖြင့် Red Silk Cotton Tree ဟုခေါ်ဆိုကြသည်။သိပ္ပံအမည်မှာ Bombax Ceiba ဖြစ်သည်။ လက်ပံပင်ကို အိန္ဒိယ၊ တရုတ်နိုင်ငံတောင်ပိုင်း၊ ထိုင်ဝမ်၊ မလေးရှား၊ အင်ဒိုနီးရှားတို့မှာလည်း တွေ့ရှိနိုင်ပါသည်။ လက်ပံပင်၏ မူရင်းဒေသမှာ အပူပိုင်း တောင်အာရှ၊ အိန္ဒိယ၊ သြစတြေးလျမြောက်ပိုင်း၊ အပူပိုင်း အာဖရိကတို့ဖြစ်သည်ဟု ဖော်ပြကြသည်။ မြန်မာနိုင်ငံတွင် လက်ပံပင်များ သဘာဝအတိုင်း ပေါက်ရောက်ကြသော်လည်း တချို့နိုင်ငံများတွင်အလှဆင်ပင်များအဖြစ် လမ်းဘေးများ၊ ဥယျာဉ်များတွင် စိုက်ပျိုးကြသည်။ လက်ပံပင်၏ အစိတ်အပိုင်းအားလုံးလူတို့အတွက် အသုံးဝင်ပါသည်။ မြန်မာတို့ အညာကျေးလက်ဒေသများတွင် လက်ပံပွင့်များကောက်ယူပြီး အိမ်သို့ သယ်ယူကြသည်။ အပွင့်၏အနီရောင်ပွင့်ချပ်များကို ဖယ်ရှားသည်။

    ထိုပွင့်ချပ်များကို နွားများကြိုက်နှစ်သက်သဖြင့် နွားကျွေးနိုင်သည်။ လက်ပံပွင့်၏ ပွင့်ဖက်အုံမှာ ထူထဲသည်။ဝတ်ဆံတိုင်များမှာ ကြံ့ခိုင်ရှည်လျားပြီးတံမျက်စည်းနှင့် သဏ္ဌာန်ဆင်တူသည်။ ပွင့်ဖက်အုံကိုရော၊ ဝတ်ဆံတိုင်အစုအဝေးကိုပါဟင်းလျာအဖြစ် ချက်ပြုတ်စားသောက်နိုင်ပါသည်။ လက်ပံပွင့်များကို အခြောက်ခံ၍ ကြာရှည်ခံအောင် သိမ်းဆည်းထားနိုင်သည်။လက်ပံပွင့်အခြောက်များမှာ ခြောက်သွေ့မာကြောသဖြင့် ချက်ပြုတ်ကာနီးတွင် ပျော့ပြောင်းသွားစေရန် ရေနွေးဖြင့်စိမ်ခြင်း၊ ပြုတ်ခြင်းတို့ ပြုလုပ်ပေးသင့်သည်။ အိန္ဒိယတွင်လည်း လက်ပံပွင့်ဖက်အုံကို ဟင်းအဖြစ် စားသုံးသည်ဟု သိရပါသည်။ အပွင့်ကိုသာမက အရွက်နု၊အသီးတို့ကိုလည်း ဟင်းသီးဟင်းရွက်အဖြစ် ချက်စားနိုင်သည်ဟု ပြောပါသည်။

    အသီးရင့်မှည့်ချိန်တွင် အသီးထဲမှလဲမှို့ကို စုဆောင်း၍ခေါင်းအုံးမွေ့ယာ၊ ဆိုဖာများ၏အတွင်းသို့ ထည့်သွင်း အသုံးပြုနိုင်သည်။ လက်ပံပင်စည်၏ အသားမှာ နူးညံ့သဖြင့် မီးခြစ်ပုံးခွံ၊ မီးခြစ်ဆံ၊သစ်ထွင်းလှေ၊ ကနူးလှေများတွင် အသုံးပြုကြသည်။ လက်ပံပင်တစ်ခုလုံး ဆေးဖက်ဝင်သော အာနိသင်ရှိပါသည်။ အပင်ငယ်၏ အမြစ်ကို ဒဏ်ရာသွေးတိတ်ဆေးအဖြစ် လည်းကောင်း၊ ဝမ်းလျှောခြင်းကို ကုစားရန်နှင့် အားတိုးဆေးအဖြစ် အသုံးပြုနိုင်သည်။ ပင်စည်အခေါက်ကို ပျစ်ပျစ်သွေးပြီး အရေပြားပြဿနာများတွင် သုံးနိုင်သည်။ အရွက်၊ပွင့်ချပ်တို့ကို ချေမွပြီး မျက်နှာအသားအရေလှပစေရန် အသုံးဝင်သည်။ အသီးနုကို သဲခြေ၊ ကျောက်ကပ်နှင့် အနာယောင်တင်းမှုအတွက်လည်းကောင်း၊ လက်ပံအစေးကို သွေးတိတ်ဆေး၊ အားဆေး၊အဆုတ်တီဘီရောဂါ၊ တုတ်ကွေးဖျားရောဂါများအတွက် လည်းကောင်း၊ လက်ပံအမြစ်မှုန့်ကို ငရုတ်ကောင်း၊ ဂျင်းခြောက်မှုန့်တို့ကိုရော၍ အနည်းငယ်သောက်ယုံဖြင့် အအေးမိ၊ ချောင်းဆိုးခြင်းအတွက် လည်းကောင်း၊ အရွက်ကိုထုချေ၊ ရေစိမ်၊ စစ်၍သောက်ခြင်းဖြင့် သွေးသန့်စေရန်အတွက်လည်းကောင်း၊ အရွက်နုပြုတ်ရည်ကို အာခေါင်နာ၊ ကာလသား ရောဂါ၊ နူနာ၊ ပင့်ကူကိုက်နာ၊ မြွေကိုက်နာများကိုကုစားရန်အတွက် လည်းကောင်း၊ အမြစ်နုကို တီဘီရောဂါ၊ ချောင်းဆိုးရောဂါ သက်သာရန်နှင့် ဆီးရွှင်စေသော ဆေးအဖြစ်လည်းကောင်းအသုံးဝင်ကြောင်း ဖတ်ရှုရပါသည်။

    ခြုံ၍ပြောရလျှင် လက်ပံပင်၏ အစိတ်အပိုင်းတို့သည် လူတို့၏ ကျန်းမာရေးအတွက် အထောက်အကူပြုနေကြောင်း တွေ့ရှိရပါသည်။နွေဦးရာသီသို့ရောက်လေတိုင်း နေရောင်ခြည်ရင့်ရင့်၏ ဒဏ်ကို အံတုကာ ရဲရဲနီအောင် ပင်လုံးကျွတ်ပွင့်သည့် လက်ပံပင်များသည် နွေ၏ပန်းချီကို လှပအောင် ဆေးခြယ်နေမြဲဖြစ်ပါသည်။ လက်ပံပွင့်ချိန်တွင် နွေဦး၏အလှကို ခံစားမိယုံမက လက်ပံပင်များ၏ လူတို့အတွက်ကျန်းမာရေး အထောက်အကူပြုမှုများကို သိရှိရသဖြင့် လက်ပံပင်များကို တန်ဖိုးထားတတ်လာသည့် အသိတရားကိုပါ ရရှိခံစားမိပါတော့သည်။

    - ငွေသော်တာ(ကျောက်ပန်းတောင်း)

    မြန်မာတောင်သူကြီးများ ဂျာနယ်

    Photo crd

    ----------------

    ဆောင်းပါးသစ်များအတွက် ထွက်တိုးကို Like, follow, share, Download https://htwettoe.com/download လုပ်ထားပါ။

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်။


likes12comments0
views116views1827