cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ချစ်စရာငုရွှေဝါ နှင့် ငုပန်းအကြောင်း သိကောင်းစရာ 🎋🎋

. စိုက်ပျိုးနည်းစနစ်များ
ငုပင်မြစ်ကို တူးယူပြီး နုပ်နုပ်စဉ်းကာ သုံးခွက် တစ်ခွက်တင်ပြုတ်၍ သကြားခတ်လျက် တစ်နေ့သုံးကြိမ် (မနက်၊ နေ့လယ်၊ ည) တို့တွင် လူကြီးအကြမ်းပန်းကန်တစ်လုံး၊ ကလေးဟင်းစားဇွန်းတစ်ဇွန်း သောက်ပေးပါက အသားဝါရောဂါ သက်သာစေပါသည်။
  • ငုပင်သည် စိန်ပန်းမျိုးရင်း (Caesalpiniaceae) ဖြစ်ပြီး ရုက္ခဗေဒအမည်မှာ Cassia fistula Linn ဖြစ်သည်။ အင်္ဂလိပ်လို Golden Shower Flower ဟုလည်းကောင်း၊ Pudding Pipe Tree, Purging Cassia ဟုလည်းကောင်း အမျိုးမျိုးခေါ်ကြသည်။

    မြန်မာလို ငုပင်၊ ငုရွှေပင်၊ ဒီဃဖလ အသီးပင်ဟုလည်းခေါ်သည်။ ပင်လတ်မျိုးဖြစ်ကာ ပေ (၃၀) ထိမြင့် သည်။ လုံးပတ် (၃) ပေမှ (၅) ပေအထိရှိသည်။ အကိုင်းများမာ၍ တောင့်တင်းသည်။ အခေါက်က အပင်ငယ်စဉ် ချောမွတ်၍ အပင်ကြီးသော်ကြမ်းလာသည်။ ရွက်ပေါင်းဖြစ်ပြီး ရွက်လွှဲထွက်သည်။ အရွက်က (၁) ပေ (သို့) (၁) ပေကျော်ကျော်ရှည်သည်။ ရွက်မွှာ (၅ - ၇) စုံထိပါရှိ၍ မျက်နှာချင်းဆိုင်ထွက်သည်။ ပျမ်းမျှ (၁ - ၆) လက်မထိ ရှည်သည်။ ရှည်မျောမျောဘဲဥပုံရှိ၍ ရွက်ထိပ်ချွန်ပြီး ရွက်ရင်းသွယ်သည်။ ရွက်ကြောများ ထင်ရှားသည်။ အရွက် အောက်မျက်နှာပြင်၌ အမွေးနုကလေးများပါရှိသည်။ ရွက်နားညီပြီး လှိုင်းအနည်းငယ်တွန့်သည်။ ငုပင်အမျိုး အစားသုံးမျိုးရှိသည်။ ၎င်းတို့မှာ ငုကြီး (ခေါ်) ဖွားဖက်၊ ငုရွှေ (ခေါ်) ငုစပ်နှင့် ငုသိမ်တို့ဖြစ်ကြသည်။ ငုကြီး (ခေါ်) ဖွားဖက်သည် အမပင်ဖြစ်ပြီး ငုရွှေ (ခေါ်) ငုစပ်သည် အဖိုပင်ဖြစ်သည်။ ငုကြီးပင်က ငုရွှေ၊ ငုသိန်တို့ထက်ပို၍ အပင်ကြီးထွားသည်။ သို့သော် ငုကြီးခေါ်ဖွားဖက် တစ်မျိုးတည်းကိုသာ တိုင်းရင်းရိုးရာဆေးနည်း ဖော်စပ်ရာတွင် ထည့်သွင်းအသုံးပြုကြသည်။ ငုပင်တို့သည် မြန်မာနိုင်ငံအနှံ့အပြား၌ ပေါက်ရောက်သည်။ ပူပြင်း စိုစွတ်သော ရာသီဥတုမျိုးကို နှစ်သက်သော်လည်း ပူပြင်းခြောက်သွေ့သော ဥတုမျိုး၌လည်း ဖြစ်ထွန်းသည်။ အမြင့်ပေ (၄၀၀၀) အထိစိုက်ပျိုး ပေါက်ရောက်နိုင်သည်။ သဘာဝအလျောက် ပေါက်ရောက်ကာ ပန်းဥယျာဉ်တို့၌လည်း အလှစိုက်ပျိုးကြသည်။ အပွင့်သည် ရွှေဝါရောင်ရှိကာ အခိုင်လိုက်ပွင့်၍အပွင့်ကြီးသည်။ ပွင့်ခိုင် (၁) ပေကျော်ရှည် သည်။ တန်ခူး၊ ကဆုန်လတို့တွင် ပွင့်သည်။ အသီးတောင့်က (၁) ပေ (သို့) (၁) ပေခွဲခန့်ရှည်သည်။ မှည့်လျှင် အရောင်နက်လာသည်။ ဆောင်းရာသီတွင် အသီးမှည့်သည်။ အသီးအနှစ်သည် ချိုသက်သက်အရသာရှိသည်။

    ငုပန်းပင်နှင့်ကျန်းမာရေး

    ပဉ္စငါးပါး (အမြစ်၊ အခေါက်၊ အသီးအနှစ်၊ အပွင့်၊ အရွက်)အားလုံးဆေးဖက်ဝင်သည်။ မြန်မာ့ဆေးကျမ်းများ တွင် “ ငုနှစ် ”ဟုဖော်ပြလျှင် ငုအသီး၏ အတွင်းမှအနှစ်များကို ထည့်သွင်းဖော်စပ်ရသည်။ ဆေးအမည်တို့၌ “ဖွားဖက် ”ဟုဖော်ပြလျှင် အပွင့်ပွင့်သောငုကြီးပင်၏ အခေါက်ကို ဆိုလိုခြင်းဖြစ်ပါသည်။ မြန်မာ့ဆေးကျမ်း များအလိုအရ အသီးသည် ချိုသက်သက်ဖြစ်၏။ ဝမ်းကိုစင်ကြယ်စေ၏။ အရွက်သည် နူးညံ့စွာ ဝမ်းသက်စေ ၏။ အပွင့်သည်အေး၏။ ခါး၏။ ဖန်၏။ အနှစ်သည်ချို၏။ ဝမ်းသက်စေ၏။ လေ၊ သည်းခြေကိုနိုင်၏။ အသီး သည် နှုတ်မြိန်စေ၏။ နူနာကိုပယ်တတ်၏။ သလိပ်ကိုနိုင်၏ဟု ဖော်ပြထားပါသည်။

    ပဉ္စငါးပါးလုံးကို ရေနှင့် သွေးလိမ်းပါက ပွေးနာ၊ ဝဲခြောက်နှင့် သွေးဆိုးခြင်းကြောင့်ဖြစ်သော အရေပြား ရောဂါ အမျိုးမျိုးတို့ကို ပျောက်ကင်းစေသည်။

    ရေယုန်ကြီးနာအတွက် အရွက်ကိုကြိတ်၍ ရသောအရည်ဖြင့်လိမ်းကျံပေးပါ။အနာဆွေး၊ အနာပုပ်များအ တွက်ကိုလည်း အရွက်ကြိတ်ရည်လိမ်းပေးခြင်းဖြင့် အနာပေါက်၊ အသားနုတက်၍ ပျောက်ကင်းစေပါသည်။

    အဆစ်အမျက် ရောင်ရမ်းခြင်းအတွက် အရွက်ကိုပူအောင်လုပ်၍ ကြပ်ထုပ်ထိုးပေးပါ။

    နူနာနှင့်အရေပြားရောဂါများ အတွက် အရွက်ကိုရှလကာရည်နှင့် ကျောက်ပျဉ်တွင်ကြိတ်ပြီး ထိုကြိတ်ရည်ဖြင့် အသားထဲစိမ့်ဝင်အောင်လိမ်းပေးပါ။

    ဝမ်းချုပ်ပါက အရွက်နု (၃) ရွက်၊ (၄) ရွက်ကို ရေဆေး၍ ထမင်းဖြင့်စားပါ။ (သို့) ဟင်းချိုချက်သောက်ပါ (သို့) မီးမြှိုက်၍စားပါ။

    ငုပွင့်ကိုပြုတ်၍ တို့စားပါက ဝမ်းပျော့ပျော့သွားစေသည်။

    ငုပင်၏အသီးတောင့်ကိုခူးယူပြီး ၎င်းအသီးတောင့်ထဲရှိ အစေ့သုံးစေ့ကိုထုတ်၍ ညအိပ်ခါနီး ဝါးစား ပြီး ရေသောက်လိုက်ရုံမျှဖြင့် နံနက်အိပ်ရာထ ရှောရှောရှူရှူ ဝမ်းသက်စေပါသည်။ ဘေးထွက်ဆိုး ကျိုးမရှိ သဘာ၀ ၀မ်းနုတ်ဆေးသဖွယ် အားကိုးထိုက်ပါသည်။

    မန်ကျည်းမှည့်နှစ် (၂) ပဲသားနှင့် ငုနှစ်(ငုအသီး၏ အတွင်းမှအနှစ်များ) (၂) ပဲသားတို့ကို ဆတူရော၍ ညဦး ပိုင်းတွင် ရေစိမ်ပြီး ၎င်းအရည်ကို ညအိပ်ရာဝင် ရေစစ်သောက်ပေးပါက နံနက်၌ ဝမ်းကောင်းစွာသက် ပြီး ဝမ်းချုပ်ရောဂါပျောက်သည်။ စမြင်းရောဂါလည်း ပျောက်ကင်းစေပါသည်။

    နားနှင့် ပတ်သက်သော နားရောဂါအမျိုးမျိုးအတွက် ငုနှစ်ပြုတ်ရည်ကို နားထဲခတ်ထည့်ပေးပါ။

    ကလေးများ ဝမ်းဖောဝမ်းရောင်ခြင်း၊ လေထိုးလေအောင့်ခြင်းအတွက် ငုနှစ်ကို ကျောက်ပျဉ်၌ ပျစ်ပျစ် သွေး၍ ကလေး၏ ချက်ပတ်လည်တွင် လူးပေးပါက ပျောက်ကင်းသည်။

    ကလေး၊ လူကြီး ဆီးအောင့်၊ ဆီးချုပ်လျှင် ငုသီးအတွင်းမှ အနှစ်ကိုခြစ်ယူပြီး ရေနှင့်ရောစပ်ကာ နေ့ဘက် တွင် ချက်ပတ်ဝန်းကျင်၌ လိမ်းပေးလျှင်သက်သာစေပါသည်။

    အရွက်ကို ရေသုံးခွက်တစ်ခွက်တင် ကျိုချက်သောက်ပါက ဆီးကျင်၊ ဆီးအောင့်၊ ဆီးချုပ်ခြင်း ကို သက်သာပျောက်ကင်းစေပါသည်။ကျောက်ကပ်မကောင်း၍ ဖောရောင်ခြင်းကိုလည်း သက်သာစေသည်။ (သို့သော် ရေခဲရေမသောက်ရ)

    ငုကြီးပင်အခေါက်ကို အမှုန့်ပြုပြီး အုန်းဆီဖြင့်ရောစပ်ကာ အရေပြား(ပွေး၊ ဝဲ၊ ညှင်း)တို့ကို နေ့စဉ်လိမ်း ပေးပါက သက်သာစေပါသည်။

    အပင်မြစ်ကို နွားနို့ (၂) ကျပ်သားနှင့်ပြုတ်၍နံနက်တိုင်း ရေနွေးကြမ်းပန်းကန်တစ်လုံးခန့်သောက်ပေးသော် လေရောဂါပျောက်စေပါသည်။

    ငုပင်မြစ်ကို တူးယူပြီး နုပ်နုပ်စဉ်းကာ သုံးခွက် တစ်ခွက်တင်ပြုတ်၍ သကြားခတ်လျက် တစ်နေ့သုံးကြိမ် (မနက်၊ နေ့လယ်၊ ည) တို့တွင် လူကြီးအကြမ်းပန်းကန်တစ်လုံး၊ ကလေးဟင်းစားဇွန်းတစ်ဇွန်း သောက်ပေးပါက အသားဝါရောဂါ သက်သာစေပါသည်။

    ငုကြီးပင်မှ မနုမရင့်အရွက်များ၊ လောက်သေရွက် မနုမရင့်များ၊ တရုတ်စံကား အကျော်အဖြူပွင့်များ၊ ဥနှဲရွက်မနုမရင့်များ၊ မြင်းခွာပင် ပဥ္စငါးပါး၊ ထိကရုံးပင် ပဥ္စငါးပါး စသည့်ဆေးဖက်ဝင်အစွမ်းထက်ခြောက်မျိုးကို လက်တစ်ဆုပ်စာစီ ဆတူရော၍ နေပူပူမှာအခြောက်လှန်းပါ။ ပြီးနောက် မတူးမချစ်အောင် မီးဖိုပေါ်တွင်လှော်ပြီး လက်ဖက်ခြောက်အစား ရေနွေးဆူဆူတွင် နေ့စဉ်ခတ်၍သောက်သုံးပါ။ သောက်သုံးခြင်းဖြင့် ဆီးကောင်း၍ ကျောက်ကပ်ကိုအားရှိစေသည်။ ဝမ်းမှန်၍ ဝမ်းပျော့ပျော့သွားစေသည်။ လေသက်၍ လေတဖြူးဖြူးလည် မည်။ ချွေးတစိုစိုထွက်မည်။

    အိန္ဒိယဆေးကျမ်းများတွင်လည်း ငုပင်နှင့်ပတ်သက်၍ ယခုလိုရေးသား ဖော်ပြထားကြောင်း လေ့လာသိရှိရပါ သည်။ ငုပင်အရွက်က ဝမ်းသက်စေသော အစွမ်းအာနိသင်ရှိသည်။ ငုသီးအနှစ်က ဝမ်းသက်စေပြီး အပူအပုပ်၊ အခိုး၊ အကင်းများစင်ကြယ်စေသည်။

    ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်များဝမ်းချုပ်ပါက ငုအသီး၏အတွင်းမှအနှစ်ကို စားခြင်းဖြင့် ဘေးဥပဒ် လုံးဝမဖြစ်စေဘဲ ဝမ်းမှန်၍လေသက်စေသည်။ နာတာရှည် ဝမ်းချုပ်ရောဂါရှိသူများက ငုအသီး၏အတွင်းမှ အ နှစ်ကို နှစ်သက်ရာ ဝမ်းနုတ်ဆေးတစ်ခုခုဖြင့် ရော၍ စားပေးပါ (သို့)အသီးအနှစ်ကို ကော်ဖီထဲထည့် ဖျော် သောက်ပါ။

    အချုပ်အားဖြင့်ဆိုသော်အပွင့်ပွင့်သော ငုကြီး(ခေါ်)ဖွားဖက်ပင်သည် မသေဆေးပင်များတွင် တစ်ပါးအပါ အဝင်ဖြစ်ပါသည်။ မြန်မာတိုင်းရင်း ဆေးဆရာတို့ ရသာယန(အသက်ရှည်ဆေး) ဖော်စပ်ရာ၌ ငုကြီးပင်၏ အမြစ်ကို ဖော်စပ်လေ့ရှိကြသည်။အထက်တွင်ဖော်ပြထားသည့်အတိုင်း ငုပန်းပင်သည် ကိုယ်ဝန်ဆောင်အပါ အဝင် ကျား/မ အ ရွယ်သုံးပါးမရွေးအတွက် ဘေးထွက်ဆိုးကျိုးကင်းကာ ဆေးဖက်ဝင်လှပါသည်။

    ပေါက်ပေါက်

    ------------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
likes8comments0
views210views1196