cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မြေချဉ်နှင့် ဆားပေါက်မြေဆီလွှာများအား ထုံးနှင့် ဂျစ်ပဆန်အသုံးပြု၍ ပြုပြင်ခြင်း

. အပင်အာဟာရ
ထုံးထည့်၍ မြေချဉ်များကို ပြုပြင်ခြင်းသည် မြေချဉ်များ၏ မြေချဉ်ငန်ကိန်းကို သမမျှတစေရန် အသုံးများဆုံး နည်းတစ်ခုဖြစ်ပြီး ထုံးကျောက် (Limestone- CaCO3)၊ မဖောက်ထုံး (Quick Lime- CaO)၊ ဖောက်ထုံး (Hydrated or Slaked Lime - Ca(OH)2)၊ Dolomite (Limestone - CaMg(CO3)2)တို့ကို အသုံးပြုနိုင်ပါသည်။
  • ယနေ့ကမ္ဘာတစ်ဝန်းတွင် ကြုံတွေ့နေရသော ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကြောင့် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ မိုးခေါင်ခြင်း၊ အပူချိန်လွန်ကဲစွာ မြင့်တက် ခြင်း၊ ရေကြီးရေလျှံခြင်းတို့ကို ရင်ဆိုင်ကြုံတွေ့နေရပါသည်။ ထိုရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကြောင့် ရရှိသည့်မိုးရေချိန် ပမာဏအနည်း အများအပေါ်မူတည်၍ စိုက်ပျိုးမြေများတွင် မြေချဉ်ခြင်း၊ မြေငန်ခြင်းပြဿနာများလည်း ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရပါသည်။

    မြေချဉ်ခြင်း

    ‘မြေချဉ်ခြင်း’ ဆိုသည်မှာ မြေဆီလွှာအရည်ထဲတွင် ဟိုက်ဒရိုဂျင်အိုင်းယွန်း ပမာဏများလာခြင်းကြောင့် ဖြစ်ပါသည်။ မြေချဉ်ဖြစ်စေသော အကြောင်းရင်းများမှာ အငန်ဓါတ်များ ရေနှင့်အတူ စိမ့်ဝင်ပျောက်ဆုံးပြီး မြေမှုန်များတွင် ဟိုက်ဒရိုဂျင်နှင့် အလူမီနီယမ်အိုင်းယွန်း များ အစားထိုးဝင်ရောက်လာခြင်း၊ သီးနှံပင်များမှ အာဟာရဓာတ်များ စားသုံးဖယ်ရှားခြင်း၊ အချဉ်ဓာတ် ဖြစ်စေသော အမိုးနီးယားအခြေခံ(ယူရီးယား၊ ဆာလ် ဖာ) ဓာတ်မြေဩဇာများ သုံးစွဲခြင်း၊ စိုက်ပျိုးသီးနှံပင် အကြွင်းအကျန်များ ဆွေးမြည့်သည့်ဖြစ်စဉ်မှ ဟိုက်ဒရိုဂျင်အိုင်းယွန်းများ ထွက်လာခြင်းနှင့် ရှင်သန်ကြီးထွားနေသည့် သီးနှံပင်အမြစ်များမှ အချဉ်ဓာတ်များ ထုတ်လွှတ်ခြင်းတို့ကြောင့် ဖြစ်ပါ သည်။

    စိုက်ပျိုးမြေများတွင် မြေချဉ်ခြင်းကြောင့် စိုက်ပျိုး သီးနှံပင်များ ကောင်းစွာကြီးထွားရှင်သန်နိုင်မှု မရှိ ခြင်း၊ မြေဆီလွှာအတွင်းရှိ အဏုဇီဝပိုးများ၏ လုပ်ဆောင်ချက်များ ကျဆင်းလာခြင်း၊ အလူမီနီယမ်၊ မန်းဂနိစ်နှင့် သံဓာတ်များ ပျော်ဝင်မှုများလာ၍ အပင် များကို အဆိပ်အတောက်ဖြစ်စေလာခြင်း၊ ကယ်လ်စီ ယမ်၊ မက်ဂနီစီယမ်နှင့် ပိုတက်စီယမ်ဓာတ်များ ပါဝင်မှုနည်းပါးလာသဖြင့် သီးနှံပင်အာဟာရဓာတ်များ ချို့တဲ့လာခြင်း၊ စိုက်ပျိုးရေးလုပ်ငန်းများတွင် အသုံးပြု သော ပေါင်းသတ်ဆေးနှင့် နီမတုတ်သတ်ဆေးတို့၏ အာနိသင်များ ကျဆင်းလာခြင်း စသည့်ဆိုးကျိုးများ ဖြစ်ပေါ်စေပါသည်။

    မြေချဉ်များအား ပြုပြင်ခြင်း

    မြေဆီလွှာအချဉ်ပေါက်နေသော မြေများအား ပြုပြင်ရာတွင် အချဉ်ဓာတ်ကို ဓာတ်ပြယ်စေရန်နှင့် ချေဖျက်ရန် ထုံးကို အများဆုံး အသုံးပြုကြပါသည်။ မြေချဉ်ငန်ကိန်း (pH) ၅ ဒသမ ၅ အောက် ရောက်ရှိသော မြေချဉ်များကို ထုံးထည့်ခြင်းဖြင့် ပြုပြင်နိုင်သော်လည်း မြေချဉ်ငန်ကိန်း (pH) ၆ ထက်ပိုသော စိုက်ပျိုးမြေများတွင် ထုံးထည့်ခြင်းကို မဆောင်ရွက်သင့်ပါ။ ထို့ပြင် စိုက်ပျိုးမြေများ၏ အပေါ်ယံမြေဆီလွှာ (၄-၆)လက်မတွင် မြေချဉ်ပါက ပြုပြင်ဆောင်ရွက်၍ရသော်လည်း အောက်ဘက်ရှိ မြေဆီလွှာ အချဉ်ပေါက်ခြင်းကို ပြုပြင်ရန် ခက်ခဲပါသည်။ ထုံးထည့်၍ မြေချဉ်များကို ပြုပြင်ခြင်းသည် မြေချဉ်များ၏ မြေချဉ်ငန်ကိန်းကို သမမျှတစေရန် အသုံးများဆုံး နည်းတစ်ခုဖြစ်ပြီး ထုံးကျောက် (Limestone- CaCO3)၊ မဖောက်ထုံး (Quick Lime- CaO)၊ ဖောက်ထုံး (Hydrated or Slaked Lime - Ca(OH)2)၊ Dolomite (Limestone - CaMg(CO3)2)တို့ကို အသုံးပြုနိုင်ပါသည်။

    သို့ရာတွင် ထည့်သွင်းမည့် ထုံးပမာဏအနည်း အများသည် အသုံးပြုမည့်ထုံး၏ သန့်စင်မှုနှင့် မှုန်ညက်မှု၊ မြင့်စေချင်သည့် မြေချဉ်ငန်ကိန်း(pH)၊ ထည့်သွင်းမည့် မြေအမျိုးအစားနှင့် အစိုဓာတ်ရရှိမှု အပေါ်မူတည်ပါ သည်။ ထို့ကြောင့် ထုံးထည့်၍မြေချဉ်များကို မပြုပြင် မီ မြေနမူနာရယူ၍ ဓာတ်ခွဲစစ်ဆေးထားသည့် အဖြေ၊ မြေသားအနုအကြမ်းနှင့် အော်ဂဲနစ်သစ်ဆွေး ဓာတ်များပါဝင်မှုအပေါ်မူတည်၍ ထုံးထည့်ခြင်းကိုဆောင်ရွက်သင့်ပါသည်။ ဆိုလိုသည်မှာ သဲဆန်သော မြေများတွင် ထုံးပမာဏကို လျှော့ချ၍ ထည့်သွင်းနိုင် သော်လည်း ရွှံ့စေးမြေများနှင့် အော်ဂဲနစ်များသော မြေများတွင် ထုံးပမာဏ ပိုမိုထည့်သွင်းရမည် ဖြစ်ပါ သည်။

    တစ်ဧကတွင် မြေချဉ်ငန်ကိန်း pH တစ်ယူနစ် တက်လာစေရန် သဲဆန်သောမြေတွင် ထုံးပိဿာ(၁၅၀-၃၀၀)၊ နုန်းမြေတွင် ပိဿာ (၃၀၀-၅၀၀)နှင့် ရွှံ့စေးမြေတို့ တွင် ပိဿာ(၆၅၀) ခန့်ထည့်သွင်းနိုင်ပါသည်။ ထို့ပြင် ထည့်သွင်းရမည့် အကြိမ်အရေအတွက်သည် မြေသား အနု အကြမ်း၊ နိုက်ထရိုဂျင်မြေဩဇာ အသုံးပြုမှုအခြေ အနေနှင့် ယခင်စိုက်ပျိုးသီးနှံမှ စားသုံးဖယ်ထုတ်လိုက် သည့် အာဟာရဓာတ်ပမာဏအပေါ် မူတည်သဖြင့် ထုံးဖြင့် မြေချဉ်ပြုပြင်ရာတွင် တစ်ကြိမ်တည်း ထည့်သွင်းခြင်းထက် သုံးနှစ်ဆက်တိုက် သုံးကြိမ် ခွဲထည့်ပေးသင့်ပါသည်။

    ထုံးဖြင့်မြေချဉ်များကို ပြုပြင်ခြင်းအားဖြင့် အဆိပ်အတောက်ဖြစ်နေသည့် Al3+ နှင့် H+ များကို ဖလှယ်ထုတ်နိုင်ပြီး မြေချဉ်ငန်ကိန်း pH တက်စေခြင်း၊ သီးနှံပင်ကြီးထွားမှုအတွက်လိုအပ်သည့် Ca2+ နှင့် Mg2 ပိုမိုရရှိစေနိုင်ခြင်း၊ မြေသားတည်ဆောက်မှုနှင့် ရေထိန်းစွမ်းအားကောင်းလာသည့်အပြင် အဏုဇီဝ သက်ရှိများ၏ လုပ်ငန်းဆောင်ရွက်မှုများ ကောင်းလာ သဖြင့် နိုက်ထရိုဂျင်ဖမ်းယူနိုင်မှု ပိုမိုအားကောင်းစေလာ ပြီး မြေဆီလွှာ၏ စိုက်ပျိုးထုတ်လုပ်မှုစွမ်းအား ပိုမို ကောင်းမွန်လာခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိစေပါသည်။

    မြေငန်ခြင်း

    ထိုမြေချဉ်ခြင်းဖြစ်စဉ်များအပြင် ရွာသွန်းမိုး ရေချိန်ထက် ပင်ငွေ့ပျံနှုန်းများသည့် အပူပိုင်းဇုန်ဒေသ များတွင် ရေရရှိမှုနည်းပါးသဖြင့် မြေဆီလွှာအတွင်းရှိ ဆားများပျော်နေသောရေများ မြေပေါ်သို့ ရောက်ရှိလာ ပြီး အပူချိန် မြင့်မားမှုတို့ကြောင့် ရေများအငွေ့ပျံ့ ပျောက်ဆုံးပြီး မြေပေါ်တွင် ဆားများသာ စုဝေးကျန်ခဲ့ ခြင်းဖြင့် ဆားဆပ်ပြာပေါက်မြေများ ဖြစ်ပေါ်လာစေပါ သည်။ ထိုကုန်းတွင်းပိုင်း ဆားပေါက်မြေများကို မြန်မာနိုင်ငံအလယ်ပိုင်း ခြောက်သွေ့ဒေသများဖြစ် သည့် မန္တလေး၊ စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့တွင်တွေ့ရှိနိုင်ပြီး ဒီရေနှင့် မုန်တိုင်းကြောင့် ပင်လယ်ဆားငန်ရေ ဝင်ရောက်သည့် ပင်လယ်ကမ်းရိုး တန်းဒေသများတွင်လည်း တွေ့ရှိနိုင်ပါသည်။ ထို့ပြင် ရေသွင်းစိုက်ပျိုးသည့် ဒေသများတွင် မြေအောက် ရေထုတ်ယူသုံးစွဲမှုများလာပြီး မြေအောက်ရေလွှာမြင့် တက်လာခြင်းနှင့်အတူ မြေဆီလွှာအောက်ပိုင်းရှိ ဆားများ အပေါ်ယံသို့ ရောက်ရှိအနည်ကျ၍ ဆား ပေါက်နိုင်ပြီး စနစ်မကျသည့် မြေယာအသုံးချမှုပုံစံနှင့် စီမံခန့်ခွဲမှုတို့ကြောင့်လည်း ဆားပေါက်မြေများ ဖြစ်ပေါ် နိုင်ပါသည်။

    “ဆားပေါက်ခြင်း” ဆိုသည်မှာ ရေပျော်ဆားများ ပါဝင်သည့် မြေများကို ခေါ်ဆိုခြင်းဖြစ်ပါသည်။ ပါဝင် သည့် ဆားအမျိုးအစားနှင့် မြေချဉ်ငန်ကိန်းအပေါ်မူတည် ၍ ဆားပေါက်မြေကို အုပ်စုနှစ်စု ခွဲခြားနိုင်ပြီး မြေချဉ်ငန်ကိန်း pH သည် ၈ ဒသမ ၅ ထက်နည်း၍ စုစုပေါင်းဆားပါဝင်မှု/လျှပ်စစ်ဖြတ်စီးဆင်းမှု (EC) သည် 4 dSm-1 ထက်များပြီး ဖလှယ်ထုတ်နိုင်သော ဆိုဒီယမ်နှင့် တွယ်ကပ်နိုင်သော ဆိုဒီယမ်ပါဝင်မှုအချိုး နည်းပါးသည့်မြေကို ဆားပေါက်မြေ (Saline Soil)ဟု သတ်မှတ်နိုင်သော်လည်း EC တန်ဖိုး 4 dSm-1 ထက်များပြီး ဖလှယ်ထုတ်နိုင်သော ဆိုဒီယမ်နှင့် တွယ်ကပ်နိုင်သော ဆိုဒီယမ်ပါဝင်မှုအချိုးများသည့် မြေများကို ဆပ်ပြာပေါက်မြေ (Sodic Soil) ဟု သတ်မှတ်နိုင်ပါသည်။ ဆားပေါက်မြေများသည် ယေဘူယျအားဖြင့် အဖြူရောင်ရှိပြီး မြေသားဖွဲ့စည်းမှု၊ လေဝင်လေထွက်နှင့် ရေစိမ့်ဝင်နိုင်မှုကောင်းသည့် မြေအမျိုးအစားဖြစ်သော်လည်း ဆပ်ပြာပေါက်မြေများ သည် အမည်းရောင်ရှိ၍ မြေသားတည်ဆောက်ပုံညံ့ သဖြင့် အလွယ်တကူ ကွဲအက်ကြေပျက်နိုင်ပြီး လေဝင်လေထွက်နှင့် ရေစိမ့်ဝင်မှုသည်လည်း အလွန် ညံ့သည့် မြေမျိုးဖြစ်ပါသည်။

    မြေဆီလွှာတွင် ဆားပေါက်ခြင်းကြောင့် သီးနှံပင်မှ ရေသောက်သုံးရန်ခက်ခဲလာခြင်း၊ မြေတွင်အစိုဓာတ်ရှိ သော်လည်း သီးနှံပင်များ အပင်ညှိုးခြောက်ဝါလာ၍ အပင်ပုခြင်း၊ အပင်ပေါက်ခြင်းကို အဟန့်အတား ဖြစ်စေခြင်း၊ အာဟာရဓာတ်နှင့် ရေစုပ်ယူနိုင်စွမ်း ကျဆင်းလာခြင်း၊ ကလိုရင်း၊ ဆာလဖိတ်စသည့် အိုင်းယွန်းများ ပါဝင်မှုများလာ၍ အပင်ကြီးထွားမှုနှင့် သဘာဝပေါက်ပင်များ ပေါက်ရောက်မှုကို အဟန့် အတားဖြစ်စေခြင်းအပြင် ရေအရည်အသွေးကိုပါ ကျဆင်းစေနိုင်ပါသည်။ ဆပ်ပြာပေါက်မြေများတွင် ဆိုဒီယမ်ပါဝင်မှုများလာသဖြင့် မြေမှုန်များ တွယ်ကပ်မှု အားနည်းလာပြီး မြေသားတည်ဆောက်မှု ပုံပျက်လာ ခြင်း၊ မြေစေးများအလွှာလိုက် သိပ်သည်းပိတ်ဆို့ လာခြင်း၊ ရေနှင့် လေဝင်လေထွက်ညံ့လာသဖြင့် ရေများအမြစ်ဇုန်သို့ မဆင်းနိုင်တော့ဘဲ မြေမျက်နှာပြင် ပေါ်တွင် ဗွက်ပေါက်လာခြင်း၊ မြေအောက်ရေလွှာတိမ် ပါက ရေပြည့်ဝချိန်တွင် မြေကျွံ၍ ခြောက်သွေ့ချိန်တွင် တုန်ခါသည့် ဒုံပေါက်မြေများဖြစ်လာခြင်း စသည့် ဆိုးကျိုးများကို ဖြစ်ပေါ်စေပါသည်။

    ဆားပေါက်မြေကို ပြုပြင်ခြင်း

    ဆားပေါက်မြေများကို ပြုပြင်ရာတွင် ရေအရည် အသွေးကောင်းမွန်သည့် သွင်းရေများအသုံးပြု၍ ခိုင်ခန့်စွာ ဆောက်လုပ်ထားသည့် ရေထုတ်မြောင်း အတိုင်း ဆားများကို အမြစ်ဇုန်အောက်ရောက်သည်အထိ စိမ့်ဝင်ပျောက်ဆုံးခြင်းနည်းဖြင့် ဆေးကြောပြုပြင်နိုင်ပါ သည်။ သို့သော် ဖယ်ထုတ်လိုက်သည့်ဆားပမာဏသည် သွင်းရေထုထည်၏ အနက်ပေါ်တွင် များစွာမူတည်နေ ပါသည်။ သုတေသနတွေ့ရှိချက်များအရ သွင်းရေထု ထည် ၆ လက်မအနက်သည် ယင်းဆားပေါက်မြေမှ စုစုပေါင်း ဆားပါဝင်မှုပမာဏ၏ ၅၀ ရာခိုင်နှုန်း၊ သွင်းရေထုထည် ၁၂ လက်မသည် စုစုပေါင်း ဆား ပမာဏ၏ ၈၀ ရာခိုင်နှုန်းနှင့် သွင်းရေထုထည်အနက် ၂၄ လက်မသည် စုစုပေါင်း ဆားပါဝင်မှုပမာဏ၏ ၉၀ ရာခိုင်နှုန်းကို ဖယ်ထုတ်နိုင်ပါသည်။

    ဆပ်ပြာပေါက်မြေများကို ပြုပြင်ဆောင်ရွက်ရာ တွင် မြေမှုန်တွင်တွယ်ကပ်၍ ဖလှယ်ထုတ်နိုင်သည့် ဆိုဒီယမ်အိုင်းယွန်းများကို ကယ်လ်စီယမ်ဖြင့် အစားထိုးရန် ဂျစ်ပဆန်ကျောက်မှုန့် (CaSo4.2H2O)ကို အသုံးပြုခြင်းဖြစ်ပါသည်။ လိုအပ်သည့် ဂျစ်ပဆန် ပမာဏသည် မြေဆီလွှာထဲရှိ ဖလှယ်ထုတ်နိုင်သော ဆိုဒီယမ်ပါဝင်မှု၊ မြေအမျိုးအစား၊ မြေသားအစိုဓာတ် အပေါ်တွင် များစွာမူတည်ပါသည်။ ယေဘုယျအားဖြင့် မြေသား ၁၀၀ ဂရမ်တွင် ဆိုဒီယမ် ၁ Meq ပါဝင်သည့် မြေတစ်ဧကကို ခြောက်လက်မအနက် မြေပြုပြင် လိုပါက ဂျစ်ပဆန်ကို တစ်တန်နှုန်းဖြင့် ပြုပြင်ရန် လိုအပ်ပြီး မြေတစ်ဧကကို တစ်ပေအနက်အထိ ပြုပြင်လိုပါက ဂျစ်ပဆန် နှစ်တန်နှုန်း ထည့်ပေးရ မည် ဖြစ်ပါသည်။ ဂျစ်ပဆန် ထည့်သွင်းပြီးနောက် ထယ်နှံ့စပ်စွာထိုး၍ ကန်သင်းပြည့် ရေသွင်းပေးရပါမည်။ ၎င်းရေကို (၇-၁၀) ရက်အထိ ပိတ်လှောင်ပြီး စနစ်တကျဖြင့် နက်နက်တူးဖော်ထားသည့် ရေထုတ် မြောင်းအတိုင်း ရေထုတ်ပေးရမည် ဖြစ်ပါသည်။ ဂျစ်ပဆန်ထည့်သွင်းပြီးနောက် ရေသွင်းခြင်းနှင့် ပြန်လည်ရေထုတ်ခြင်းကို အနည်းဆုံး နှစ်ကြိမ်လုပ် ပေးရပါမည်။ ဂျစ်ပဆန်နှင့် ဖလှယ်ထုတ်နိုင်သည့် ဆိုဒီယမ်ပမာဏကို စိမ့်မြောင်းအတွင်းရှိ ရေအရည် အသွေးကို ဓာတ်ခွဲစစ်ဆေးဖြင့် သိရှိနိုင်ပါသည်။

    ဤမြေဆီလွှာပြုပြင်ပစ္စည်းများဖြစ်သည့် ထုံးနှင့် ဂျစ်ပဆန်ထည့်သွင်းရာတွင် ဓာတ်ပြုဖြစ်စဉ်များ မြန်လာစေရန်၊ မြေဆီလွှာအတွင်း အစိုဓာတ် လုံလောက်မှုရှိရန်၊ ကြဲပက်မှုညီညာပြီး မြေဆီလွှာအတွင်း ပျံ့နှံ့မှုရှိစေရန် ထယ်ရေးနက်နက် ထိုးပေးပြီး သီးနှံမစိုက်မီ (၁-၃)လ ကြိုတင် ထည့်သွင်းရမည်ဖြစ် ပါသည်။ ဂျစ်ပဆန်ကို စိုက်ပျိုးရေးသုံးမြေသြဇာအဖြစ် လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် အသုံးပြုခဲ့ကြပါ သည်။ ဂျစ်ပဆန်ထည့်သွင်းခြင်းအားဖြင့် မြေသား ဖွဲ့စည်းမှုကောင်းလာစေပြီး မြေစေးများတွင် မျက်နှာ ပြင်ကွဲအက်မှုကို နည်းပါးစေပြီး ကြပ်တည်းမြေများကို ဖွယ်လာသဖြင့် စိုက်ပျိုးသီးနှံပင်များ၏ အမြစ်စီးဆင်းမှု အားကောင်းစေပြီး လေဝင်လေထွက်နှင့် ရေထိန်း စွမ်းအား ကောင်းစေသည့်အပြင် မြေဆီလွှာတိုက်စားမှု ကို သက်သာစေနိုင်သဖြင့် သီးနှံပင်အတွက် လိုအပ် သည့် အာဟာရဓာတ်များကိုပါ ရရှိစေနိုင်ပါသည်။ မြေဆီလွှာ၏ ရုပ်ဂုဏ်သတ္တိနှင့် ဓာတုဂုဏ်သတ္တိများ တိုးတက်လာစေသည့်အပြင် သီးနှံပင်များအတွက် မရှိမဖြစ်လိုအပ်သော အာဟာရအချို့ကိုလည်း ထုတ်ပေးနိုင်သည့်အတွက် တောင်သူများအနေဖြင့် ဂျစ်ပဆန်ကျောက်မှုန့်ကို စနစ်တကျ အသုံးပြုပါက သီးနှံအထွက်တိုးစေမည် ဖြစ်ပါသည်။

    အချုပ်အားဖြင့်ဆိုသော် ဆားပေါက်မြေနှင့် မြေချဉ် များကို ပြုပြင်ရာတွင် ဂျစ်ပဆန်နှင့်ထုံးကို အသုံးပြု၍ ပြုပြင်နိုင်သော်လည်း စနစ်ကျသည့် မြေယာအသုံးချမှု ပုံစံများ၊ စိုက်နည်းစနစ်များ၊ အမိုးနီးယားအခြေခံ မြေဩဇာတစ်မျိုးတည်း အသုံးပြုခြင်းထက် မြေဆီလွှာ ၏ အခြေအနေကို ထိန်းညှိပေးသည့် သဘာဝမြေဩဇာ များ တွဲဖက် အသုံးပြုခြင်း၊ မြေချဉ်နှင့် ဆားငန်ဒဏ်ကို ခံနိုင်သည့် သီးနှံမျိုးများကို ရွေးချယ်စိုက်ပျိုးခြင်း၊ မြေဆီလွှာ အငွေ့ပျံခြင်းကို လျှော့ချရန် ကောက်ရိုး၊ နှမ်းရိုးများဖြင့် ဖုံးအုပ်ခြင်း၊ အပေါ်ယံမျက်နှာပြင် စွတ်စိုနေစေရန် အစက်ချစနစ်ဖြင့် ရေသွင်းခြင်း၊ နွေထယ်ရေးခံခြင်းစသည့် စိုက်ပျိုးမြေဆီလွှာများကို စနစ်တကျစီမံခန့်ခွဲခြင်းဖြင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှု ကို အဟန့်အတားဖြစ်စေသည့် မြေဆီလွှာပြဿနာများ ကို ဘက်စုံနည်းလမ်းများဖြင့် ပြုပြုင်ဆောင်ရွက်သင့် ကြောင်း တိုက်တွန်းအပ်ပါသည်။

    မြင့်မြင့်ထွန်း (မြေအသုံးချရေးဌာနခွဲ)

    Source: https://www.moi.gov.mm/.../mekhnynng...

    -------------------------------------------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
  • article
13 ကြိုက်
101 ကြည့်ရှု