cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

“ဒန့်သလွန်စိုက်ပျိုးနည်းစနစ်”

. စိုက်ပျိုးနည်းစနစ်များ
အင်္ဂလိပ်အမည် - Drum Stick

ရုက္ခဗေဒအမည် - Moriga oleifera

မျိုးရင်းအမည် - Moringaceae
  • မြန်မာအမည် - ဒန့်သလွန်

    အင်္ဂလိပ်အမည် - Drum Stick

    ရုက္ခဗေဒအမည် - Moriga oleifera

    မျိုးရင်းအမည် - Moringaceae

    ၁။ ရာသီဥတု

    ဒန့်သလွန်ပင်သည် အပူပိုင်းသီးနှံဖြစ်သော်လည်း တောင်ပေါ်မြေပြန့်မရွေးဖြစ်ထွန်းသဖြင့် ရာသီဥတုမရွေးသော အပင်ဟုဆိုနိုင်သည်။

    ၂။ မြေအမျိုးအစား

    ဒန့်သလွန်ပင်သည် သဲဆန်လွန်းသောမြေနှင့် ကျောက်စရစ်မြေများမှလွဲ၍ မြေမရွေးဖြစ်ထွန်းပါသည်။ ဒန့်သလွန် စိုက်ပျိုးရန် မြေဩဇာထက်သန်ပြီး ရေမဝပ်သော နုန်းမြေ၊ သဲနုန်းမြေ၊ နုန်းမြေစေးများသည် အကောင်းဆုံးဖြစ်ပါသည်။

    ၃။ စိုက်ပျိုးနည်းစနစ်

    ဒန့်သလွန်ပင်ကို အိမ်ခြံဝင်းများတွင် စားသုံးသီးပင်အဖြစ် တစ်ပင်၊ နှစ်ပင်ခန့် စိုက်ပျိုးကြသော်လည်း စနစ်တကျ စီးပွားဖြစ် စိုက်ပျိုးကြခြင်းမရှိကြသေးပါ။ ဒန့်သလွန်ကို အကိုင်းဖြတ်၍လည်းကောင်း၊ အစေ့ကိုတိုက်ရိုက်ချ၍လည်း ကောင်း စိုက်ပျိုးလေ့ရှိကြသည်။

    (က) ကိုင်းဖြတ်စိုက်နည်း

    အကိုင်းဖြတ်စိုက်ပျိုးခြင်းကို မိုးဦးကျချိန် ဇွန်လတွင် ဆောင်ရွက်ရသည်။ ဒန့်သလွန်ပင်ကို တစ်ပင်နှင့်တစ်ပင် ပေ(၂၀) ခန့်ခြား၍ စိုက်ရပါသည်။ ဒန့်သလွန်ပင်စိုက်မည့်နေရာကို (၃-၃-၃) ပေကျင်းတူး၍ မြေသားနှင့် နွားချေးဆွေး (သို့မဟုတ်) သစ်ရွက်မြေဩဇာဆတူခန့်ရော၍ ထည့်ရပါမည်။ ထို့နောက် (၁)လက်မခန့် အရှည်ရှိ တစ်နှစ်သား အဖျားကိုင်း များကိုဖြတ်၍ စိုက်ကျင်းတွင် စိုက်ရပါမည်။ ထိုစိုက်ကျင်းအတွင်းတွင် အနည်းဆုံး(၆) လက်မအထိ အကိုင်းကိုမြှုပ်စိုက်ရ ပါမည်။ အကိုင်းစိုက်ပြီးနောက် မိုးမရွာပါက အနည်းဆုံး တစ်နေ့တစ်ကြိမ် ရေလောင်းပေးရပါမည်။ ဒန့်သလွန်ပင်သည် အမြစ်ထွက်လွယ်သောအပင်ဖြစ်သဖြင့် မြေချစိုက်ထားသောကိုင်းသည် စိုက်ပြီးတစ်ပတ်အတွင်း အမြစ်ထွက်ပြီး ရှင်သန် ဖြစ်ထွန်းနိုင်ပါသည်။ကိုင်းဖြတ်သည့် ဒန့်သလွန် (၂)နှစ်သားအပင်သည် စတင်သီးပွင့်နိုင်ပါသည်။ သို့ရာတွင် (၄)နှစ်သား (၅)နှစ်သား ရောက်မှ အသီးများများသီးလေ့ရှိပါသည်။

    (ခ) အစေ့တိုက်ရိုက်ချ စိုက်နည်းစနစ်

    ဒန့်သလွန်ပင်ကို အစေ့တိုက်ရိုက်ချ၍လည်းရသည်။ ဒန့်သလွန်ပင်မှ မျိုးစေ့ယူရန်အတွက် နွေကာလ (မတ်လ၊ ဧပြီ လ)များတွင် ကောင်းစွာရင့်မှည့်သော ဒန့်သလွန်သီးသည် ဖြူမွဲမွဲအရောင်ရှိပြီး ကောင်းစွာရင့်မှည့်နေပါသည်။ ဒန့်သလွန် သီးမှ အစေ့ယူပြီး မိုးဦးကျအချိန် ဇွန်လတွင် မြေချစိုက်ပျိုးရပါမည်။ စိုက်မည့်နေရာကို (၁-၁-၁)ပေကျင်းတူးပြီး မြေသားနှင့် နွားချေးဆွေး (သို့မဟုတ်) သစ်ရွက်မြေဩဇာ ဆတူရော၍ ထည့်ရပါမည်။ ထို့နောက် ကျင်းအလယ်တွင် အစေ့ကို (၁)လက်မခန့် မြေမြှုပ်၍ စိုက်ရပါသည်။ စိုက်ချိန်တွင် မိုးမရွာပါက နေ့စဉ်အနည်းဆုံးတစ်ကြိမ် ရေလောင်းပေးရန်လိုသည်။ အစေ့စိုက်ပြီး တစ်ပတ်အကြာတွင် အပင်ပေါက်လာသည်။ အစေ့စိုက်အပင်တွင်လည်း တစ်ပင်နှင့်တစ်ပင် ပေ(၂၀)ခြား၍ စိုက်ခြင်းဖြင့် တစ်ဧကတွင် (၁၀၈)ပင် ဝင်မည်ဖြစ်ပါသည်။ ဒန့်သလွန်အစေ့အစိုက်ပင်သည် ကိုင်းဖြတ်စိုက်ပင်ကဲ့သို့ပင် (၂)နှစ်သားတွင် စတင်ပွင့်သီးနိုင်ပြီး (၄)နှစ် (၅)နှစ်သားရောက်မှ အသီးဖြိုင်ဖြိုင် သီးလေ့ရှိပါသည်။ ကိုင်းဖြတ်စိုက်ပင်ထက် အစေ့စိုက်ပင်က အသီးပိုသီးလေ့ရှိပါသည်။

    ဒန့်သလွန်ပင်အကိုင်းကို မြေထုတ်စီးနည်းဖြင့်လည်း စိုက်ပျိုးနိုင်ပါသည်။ မြေထုပ်စီး၍ စိုက်ခြင်းသည် ကိုင်းဖြတ် စိုက်ခြင်းထက် အပင်ဖြစ်ထွန်းရန်ပို၍ သေချာပါသည်။ သို့ရာတွင် ကိုင်းဖြတ်စိုက်နည်းဖြင့် လွယ်ကူစွာ စိုက်ပျိုးဖြစ်ထွန်း လျက်ရှိပြီး မြေထုပ်စီးစိုက်ပျိုးခြင်းကို အသုံးပြုခြင်းမရှိပေ။

    ၄။ အပင်ပြုစုနည်း

    ဒန့်သလွန်ပင် စိုက်ပျိုးကြရာတွင် စနစ်တကပြုစုခြင်းမရှိပေ။ ဒန့်သလွန်စိုက်ခင်းကို မိုးဦးတွင် တစ်ကြိမ်၊ မိုးအကုန် တွင်တစ်ကြိမ်၊ အပင်များကြားတွင် ပေါင်းမြက်များရှင်းလင်းပေးရပါမည်။ ဒန့်သလွန်ပင်သည် ရေငတ်ခံနိုင်သော အပင်ဖြစ် သော်လည်း ပူပြင်းခြောက်သွေ့သည့် မတ်လ၊ ဧပြီလများတွင် (၂)ရက်လျှင် တစ်ကြိမ်ကျ ရေသွင်း ရေလောင်း ပေးသင့်ပါ သည်။

    ၅။ မြေဩဇာကျွေးနည်း

    ဒန့်သလွန်ပင်စိုက်ရာတွင် မြေဩဇာကို စနစ်တကျ ကျွေးခြင်းမရှိကြသေးပေ။ သို့ရာတွင် ဒန့်သလွန်ပင်သည် အခြား အပင်များကဲ့သို့ပင် မြေဩဇာစနစ်တကျကျွေးမှသာလျှင် အပင်ဖြစ်ထွန်းမှုကောင်းပြီး အသီးဖြိုင်ဖြိုင်သီးပါမည်။ သီးထွက် ရနေသော အပင်ကြီးများတွင် မိုးဦးကျတစ်ကြိမ်၊ မိုးအကုန်တစ်ကြိမ် မြေဩဇာကျွေးခြင်းဖြင့် အပင်ဖြစ်ထွန်းမှု၊ ပွင့်သီးမှု ပိုကောင်းပြီး အသီးများများ တင်နိုင်သည်။ မိုးအကုန်တွင် မြေဩဇာကျွေးခြင်းသည်လည်း ဒန့်သလွန်ပင် အပွင့်အသီးလိုက် ချိန်ဖြစ်သဖြင့် အပွင့်ပွင့် သီးအားအကောင်းစေရန်အတွက် အထောက်အကူဖြစ်စေပါသည်။

    ၆။ ခူးဆွတ်ခြင်းနှင့်အထွက်

    ဒန့်သလွန်ညွန့်ကို ဟင်းချိုချက်စားရန် ဆွတ်ခူးလေ့ရှိသည်။ သို့ရာတွင် အသီးဆွတ်ခူးရန်အတွက် စီးပွားဖြစ်စိုက်နိုင် သော စိုက်ခင်းဖြစ်ပါက အညွန့်မခူးသင့်ပေ။ ဖေဖေါ်ဝါရီလ၊ မတ်လ၊ ဧပြီလများတွင် ဒန့်သလွန်သီး ဖြိုင်ဖြိုင်သီးသည်။ သို့ရာတွင် ဒန့်သလွန်သည် တစ်နှစ်ပတ်လုံး ပန်းပွင့်သော အပင်မျိုးဖြစ်သဖြင့် မိုးတွင်းကာလများတွင်လည်း ရက်ခြားခူးသွား နိုင်ပါသည်။ ပုံမှန်သီးပွင့်နေသော ဒန့်သလွန်ပင်ကြီးတစ်ပင်သည် တစ်နှစ်လျှင် အများဆုံး အသီး (၇၀၀)ထိ သီးနိုင်သည်။ ဒန့်သလွန်ပင်တစ်ပင်သည် ပျမ်းမျှတစ်နှစ်လျှင် အနည်းဆုံး (၂၀၀)ခန့်သီးနိုင်သည်။

    Source - စိုက်ပျိုးရေးဦးစီးဌာန

    ✦✦✦✦✦✦✦✦✦✦✦✦

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
likes10comments2
views146views1847