cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မိုးလေသာမှန်ရင် အမြတ်သေချာကျန်တဲ့ ငှက်ပျောစိုက်နည်း စ - ဆုံး

. စိုက်ပျိုးနည်းစနစ်များ
အခင်းသစ်တွင် တစ်ဧကအထွက်နှုန်း (၄၈) တန်၊ ပထမနှစ် လမိုင်းခင်းတွင် (၃၆) တန်နှင့် ဒုတိယလမိုင်း တွင် (၂၂) တန် ထွက်ရှိပါသည်။
  • ငှက်ပျောမျိုးများ

    ➤သီးမွှေးခွံဝါ

    နိုင်ငံတကာဈေးကွက်တွင် အရေးပါဆုံးမျိုးဖြစ်သည်။ ငှက်ပျောတစ်ဖီးတွင် အသီး(၁၂-၁၄) လုံးပါသည်။ တစ်ခိုင်လျှင် ငှက်ပျော (၆-၇) ဖီး ပါသည်။ သားတက်အထွက်ကောင်း၍ အဖူးအထွက်စောသည်။

    ➤သီးမွှေးခွံစိမ်း

    အသီးမှာ အစိမ်းရောင်မပျက် မှည့်သည်။ ချိုမွှေးသည်။

    ➤ရွှေနီ

    သက်ကြီးမျိုး ဖြစ်သည်။ သားတက်အထွက်နောက်ကျ၍ သားတက်အရေအတွက်နည်းသည်။ အသီးအလုံးကြီးသည်။

    ➤နံ့သာပု

    အနံ့မွှေးသည်။ ငှက်ပျောခိုင်ငယ်၍ အဖီးလည်းငယ်သည်။ ကြီးထွားမှု နှေးကွေးသည်။ သားတက် အထွက်နည်းသည်။

    ➤ဝက်မလွတ်

    အပင်ပုသည်။ ငှက်ပျောတစ်ဖီးလျှင် အသီး (၁၆-၁၇) လုံးပါသည်။ အအေးဒဏ် ခံနိုင်သည်။

    ➤ဖီးကြမ်း

    အကြမ်းခံ၍ စိုက်ပျိုးရလွယ်သည်။ စိုက်ပြီး (၈-၁၀) လအတွင်း အခိုင်ထွက်ပြီးနောက် (၃-၄) လအကြာတွင် တစ်အခိုင်ကို ခုတ်ယူနိုင် သည်။ ငှက်ပျောတစ်ဖီးတွင် (၁၀-၁၅) လုံးပါပြီး တစ်ခိုင်လျှင် (၆-၁၁) ဖီးပါသည်။

    ➤ဂျပ်ပြည့် (သို့မဟုတ်) လင်ပန်းပြည့်

    အပင်ကြီး၊ အခိုင်ကြီး၊ အသီးကြီးသော မျိုးဖြစ်သည်။ ငှက်ပျောခိုင်တွင် အဖီးနည်းပြီး အသီးအရေတွက်ပါ နည်းသည်။

    ➤ရခိုင်ငှက်ပျော

    အကြမ်းခံသည်။ သားတက်အထွက်မြန်သည်။ သားတက်များသည်။ မိခင်အပင်နှင့် သားတက်အပင်များ၊ ရှေ့ဆင့်နောက်ဆင့် အသီးခိုင်ဖြစ်ပေါ်သည်။

    ➤အစ္စရေးငှက်ပျော (Grand Naine)

    အသီးကြီးသည်။ တစ်ဖီးလျှင် (၁၂-၁၆) တစ်ခိုင်တွင် (၈-၁၂) ဖီးပါသည်။ (၈-၁၀) လအတွင်း အခိုင်ကျသည်။ နိုင်ငံတကာဈေးကွက်တွင် ထင်ရှားသော မျိုးဖြစ်သည်။

    ➤မြေအမျိုးအစား

    မြေသားနက်ရှိုင်း၍ ရေစိမ့်စီးဆင်းမှုကောင်းသော နုန်းမြေဖြစ်ပြီး မြေဆီသြဇာပြည့်စုံသောမြေ သည် အကောင်း ဆုံးဖြစ်သည်။ မြေအချဉ်အငံဓာတ်အနည်းငယ် မြင့်သော မြေတွင် စိုက်ပျိုးဖြစ်ထွန်းနိုင်သော်လည်း ဆားဓာတ် ပါဝင်မှု (ဝ.၀၅%) ထက်များသော ဆားပေါက်မြေတွင် မစိုက်ပျိုးသင့်ပါ။

    ➤ရာသီဥတု

    အပူချိန် (၁၀-၄၀)စင်တီဂရိတ်အတွင်း ကောင်းစွာပေါက်ရောက်သည်။ ပျှမ်းမျှအပူချိန် (၂၆.၇) ဒီဂရီစင်တီဂရိတ် နှင့် လစဉ် မိုးရေချိန် (၁၀) စင်တီမီတာခန့်သည် အကောင်းဆုံးဖြစ်သည်။ဆီးနှင်းကျခြင်းသည် အပင်ကြီးထွားမှုကို ထိခိုက်စေနိုင်သည်။ လေပူများ ပြင်းထန်စွာ တိုက်ခတ်ပါက ငှက်ပျောပင်များအားအနာတရ ဖြစ်စေသည်။

    ➤မျိုးပွားခြင်း

    သားတက်ဖြင့် မျိုးပွားကြသည်။ ယခုအခါ အပင်တစ်သျှုး မျိုးပွားနည်းဖြင့်လည်း မျိုးပွားလာကြပြီ။ သားတက်တွင် လှံစို့သားတက် နှင့် ရေစို့သားတက် ဟူ၍ ရှိပါသည်။ လှံစို့သားတက်သည် ပင်ခြေပိုင်းတွင် ကောင်းစွာကြီးထွားဖွံ့ဖြိုးပြီး အစောပိုင်းကာလတွင် အရွက်မှာ လှံသွားပုံ သေးရှည်သော ရွက်ပြားပါရှိသည်။ ရေစို့သားတက်မှာ ရွက်ပြားကြီးသည်။ လှံစို့သားတက်သည် (၁၁) လနှင့် အခိုင်ကျပြီး ရေစို့သားတက်မှာ (၁၅) လကြာမှသာ အခိုင်ကျသည်။ ရွေးချယ်ထားသော သားတက်၏ အမြစ်များနှင့် အသားပိုများအား ကတုံးတုံးပြီး သားတက်ခေါင်းကို ရွံ့ရည်တွင် နှစ်စိမ်ပါ။ ထို့နောက် သားတက်တစ်ခုကို Furandan ဆေး၊ အစေ့ခဲ (၂၀-၄၀) ဂရမ်နှုန်း ပက်ဖြူးပေးခြင်း ဖြင့် မြေတွင်းအောင်းပိုး နှင့် နီမတုတ်ကို ကာကွယ်ပါ။

    ➤မြေပြူူပြင်ခြင်း

    ထယ်နက်နက်ထိုးပြီး ထွန်မွှေကာ မြေညှိပါ။ ကျင်းအကျယ် (၆၀) စင်တီမီတာပတ်လည်တူးပါ။ နွားချေး၊ မြေဆွေး (၂၀-၃၀) ကီလိုဂရမ် ကို အပေါ်ယံမြေနှင့်ရော၍ စိုက်ကျင်းတွင် ထည့်ပါ။

    ➤စိုက်ပျိုးခြင်း

    အပင်မြင့်မျိုးများကို (၂.၇×၃) မီတာနှင့် အပင်ပုမျိုးကို (၁.၈×၁.၈) မီတာပတ်လည်တွင်ထား၍ စိုက်ပျိုးပါ။ အပင်သိပ်သည်းစွာ စိုက်စနစ် တွင် (၁.၅×၁.၅) မီတာပတ်လည် စိုက်ပျိုးလျှင် တစ်ဧက အပင် (၁၇၉၉) ပင် ဝင်ဆံ့သဖြင့် အထွက်နှုန်းမြင့်မားစေသည်။ အအေးလွန်ကဲ သည့် ဆောင်းရာသီနှင့် မိုးများစွာရွာသွန်းသည့် ကာလမှလွဲ၍ ကျန်အချိန်များတွင် စိုက်ပျိူးပါ။

    ➤ရေပေးသွင်းခြင်း

    မြေအမျိုးအစားနှင့် ရာသီဥတုပေါ်မူတည်၍ ရေသွင်းသည့်အကြိမ် ကွဲပြားပါသည်။ ပုံမှန်အားဖြင့် ဒီဇင်ဘာမှ ဇွန်လအထိ (၁၀) ရက် တစ်ကြိမ် ရေပေးသွင်းပါ။

    ➤မြေသြဇာနှုန်းထား

    စိုက်ကျင်းတစ်ကျင်းလျှင် နွားချေးမြေဆွေး (၂၀) ကီလိုဂရမ်၊ ဒိုလိုမိုဒ် ထုံးကျောက်မှုန့် (ဝ.၅) ကီလိုဂရမ်၊ တီစူပါ (၇၅) ဂရမ်ကို အပေါ်ယံ မြေနှင့် ရောပြီး အပင်မစိုက်ပျိုးမီ ကျင်းတွင်ထည့်ပါ။ စိုက်ပျိုးထားသော အပင်များ အမြစ်စွဲလျှင် တစ်ပင်လျှင် ယူရီးယား (၄၃၅) ဂရမ်၊ တီစူပါ (၂၁၀) ဂရမ်၊ ပိုတက် (၃၂၀)ဂရမ်နှုန်း ထည့်သွင်းပေးပါ။ ပထမနှစ် လမိုင်းခင်းတွင် တစ်ပင်ကို ယူရီးယား (၂၂၀) ဂရမ်၊ တီစူပါ (၁၀၀) ဂရမ်နှင့် ပိုတက် (၃၂၀) ဂရမ်နှုန်း ထည့်သွင်းပေးပါ။ ဒုတိယနှစ် လမိုင်းခင်းတွင် တစ်ပင်ကို ယူရီးယား (၁၁၀) ဂရမ်နှုန်း ထည့်သွင်း ပေးပါ။ ယူရီးယားကို (၃၀) ရက်၊ (၇၅) ရက်၊ (၁၂၀) ရက်နှင့် (၁၆၅) ရက်ခြား၍ အကြိမ်ကြိမ်ခွဲ၍ ထည့်သွင်းပေးပါ။ ပိုတက်ကို (၇၅) နှင့် (၁၆၅) ရက်ခြား၍ နှစ်ကြိမ်ခွဲထည့်သွင်းပေးပါ။ ဓာတ်မြေသြဇာထည့်သွင်းခြင်းကို ငှက်ပျောဖူးမထွက်မီ ( စိုက်ပြီး ၅-၆ လ အကြာ) အပြီးဆောင်ရွက်ပါ။

    ➤သားတက်များဖယ်ရှားခြင်း

    ပန်းပွင့်ချိန်အထိ မိခင်အပင်မှ သားတက်အားလုံးကို ဖယ်ရှားပေးပါ။ ပန်းပွင့်ပြီးနောက် သားတက်တစ်ခုသာ ထားရှိပါ။ အပင်ဦးရေ သိပ်သည်းစွာ စိုက်သည့်စနစ်တွင် အခင်းအသစ်တွင် ငှက်ပျောခိုင် (၇၅-၁၀၀) % ခုတ်ပြီးသည်အထိ သားတက်များကို ထားရှိနိုင်ပါသည်။

    ➤အပင်ပြုစုရာတွင် သတိပြုရမည့်အချက်များ

    ပေါင်းမြက်ရှင်းလင်းရာတွင် အမြစ်ထိခိုက်မှုမရှိစေရန် ဂရုစိုက်ဆောင်ရွက်ပါ။

    မိုးရာသီတွင် ရေစိမ့်ဆင်းမှုကောင်းရန်နှင့် အပင်ခြေရေမဝင်စေရန် အပင်ခြေကို မြေဖို့ပေးပါ။ သို့ရာတွင် နွေနှင့် ဆောင်းရာသီတွင် အပင်များကို ရေပေးသွင်းနိုင်ရန် ဆောင်ရွက်ပါ။

    သီးခိုင်ထွက်လာလျှင် ဝါးဖြင့် ကျားကန်ထောက်ပေးပါ။

    နေလောင်ခြင်း၊ ဖုန်တင်ခြင်း မရှိစေရန်နှင့် အသီးအရောင်လှပစေရန် အပြာရောင် ပလပ်စတစ်ဖြင့် စွပ်ပေးပါ။

    ခြောကသွေ့ဆွေးမြေ့နေသော အရွက်များနှင့် အပင်အစိတ်အပိုင်းများကို ဖယ်ရှားပေးပါ။

    အသီးကြီးထွားရန် ငှက်ပျောဖူး(အပိုဖူး) အား ဖြတ်ပေးပါ။

    စီးပွားရေးတွက်ခြေကိုက်ရန် ငှက်ပျောခင်းအား (၃-၅) နှစ်အထိသာ ထားပြီး အသစ်ပြန်စိုက်ပါ။

    အသီးခိုင်ခုတ်ပြီး (၃၀-၄၅) ရက်အထိ ပင်စည်မကို အရင်းမှ မခုတ်ဖြတ်ဘဲ နည်းနည်းချင်း ဖြတ်ပေးပါ။ ပင်စည်မမှ အစာအာဟာရ များသည် ကြီးထွားနေသော လမိုင်းအပင်(သားတက်) သို့ ရွေ့လျား ပို့ဆောင်ပေးခြင်းဖြင့် သားတက်ကြီးထွားမှုအတွက် အထောက်အကူ ဖြစ်စေပါသည်။

    ရောဂါများ

    ➤ပနားမားညှိုးသေရောဂါ

    အမြစ်ဒဏ်ရာများမှတစ်ဆင့် မှိုများဝင်ရောက်ပြီး အစာရေကြောဆီသို့ တိုက်ခိုက်ခြင်းကြောင့် အပင်ညှိုးရခြင်းဖြစ်သည်။ အပြင်ဘက်ဆုံး အရွက်များ စတင်ဝါလာခြင်း၊ ရွက်ညှာမှ ငိုက်ကျခြင်းများ စတင်ဖြစ်ပေါ်၍ မကြာမီ အရွက်များအားလုံး ငိုက်ကျပြီး အပင်သေသွားသည်။ ခံနိုင်ရည်ရှိမျိုးကို စိုက်ပျိူးပါ။ သီးမွှေးခွံဝါမျိုးများမှာ ဤရောဂါ ခံနိုင်ရည်ရှိသည်။ ရောဂါရအပင် ကို တူးထုတ်လိုက်ပါ။ ရောဂါရမြေတွင် (၃-၄) နှစ်အတွင်း ငှက်ပျောမစိုက်သင့်ပါ။ Carbendazim 2% ဆေးရည်ကို ငှက်ပျောခေါင်း တစ်ခုလျှင် (၃) စီစီ ထိုးသွင်းပေးပါ။ ငှက်ပျောခင်းအား ရေလွှမ်းပေးခြင်း သီးလှည့်စိုက်ပျိုးခြင်းဖြင့် ပြုလုပ်ပါ။

    ➤ရွက်ပျောက်ရောဂါ

    အရွက်များမရင့်မီ ရွက်နာများ၊ မျက်နှာပြင်များ၊ ခြောက်လာသည်။ ရောဂါပြင်းထန်ပါက အသီးများ ကြီးထွားရင့်မှည့်ခြင်း၊ မရှိတော့ချေ။ ရောဂါပြင်းထန်ပါက အခိုင်၊ အဖီးများငယ်သွား၍ အသီးမရင့်ဘဲ မှည့်သွားတတ်သည်။ Dithane M45, Calixin သို့မဟုတ် Meneb ပက်ဖျန်းပေးပါ။

    ➤ငှက်ပျောထိပ်စုရောဂါ

    ငှက်ပျောရွက်များအပေါ်တွင် အစိမ်းရောင်အစင်းများဖြစ်ပေါ်၍ ကျွတ်တ်သည်။ အရွက်များ သေးငယ်လာ ပြီးစုထောင်နေတတ်သည်။ ပျပိုးမှတဆင့် ဗိုင်းရပ်ရောဂါ ဖြစ်စေခြင်း ဖြစ်သည်။ ပျိပိုးများကို Decis ကဲ့သို့သော ပိုးသတ်ဆေးမျိုးဖြင့် ပက်ဖျန်းကာကွယ် နှိမ်နှင်းပါ။ ရောဂါရ အပင်များအား တူးထုတ်ပေးပါ။

    ပိုးမွှားများ

    ➤ငှက်ပျောအမြစ်ထိုးပိုး

    ပိုးကျသည့် သားတက်များ ညှိုးနွမ်းနေပြီး ကြီးထွားမှု မရှိတော့ပေ။ လေပြင်းတိုက်ပါက ဖြစ်သင့်သည်ထက် အပင်များ ကျိုးကျကုန်သည်။ ပင်စည်ခြေရင်းတွင် ပိုးလောက်ကောင်၊ ကျိုးကောင်ကြီးများကို ရှာဖွေနှိမ်နှင်းပါ။ အပင်ခြေတွင် ပေါင်းမြက်အမှိုက် ကင်းစင်ပါစေ။ Furadam ဆေးကို စတင်စိုက်ပျိုးချိန်တွင် ထည့်ပေးပါ။

    ➤အထွက်နှုန်း

    အခင်းသစ်တွင် တစ်ဧကအထွက်နှုန်း (၄၈) တန်၊ ပထမနှစ် လမိုင်းခင်းတွင် (၃၆) တန်နှင့် ဒုတိယလမိုင်း တွင် (၂၂) တန် ထွက်ရှိပါသည်။

    Source : စိုက်ပျိုးရေးဦးစီးဌာန

    ----

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
likes11comments0
views177views2244