သံပုရာပင် ပန်းပွင့်နှုန်း ကောင်းစေရန် ဆောင်ရွက်နည်း
သံပုရာအထွက်ကောင်းဖို့ဆိုရင် ပန်းပွင့်နှုန်းကောင်းဖို့လိုပါတယ်။ အပင်တစ်ပင်ဟာ အသီးသီးရမယ့် အရွယ် ရောက်လာပြီဆိုရင် သေချာပြုစုစောင့်ရှောင့်မှသာ အပွင့်ရော အသီးရော ကောင်းပြီး အထွက်နှုန်းသေချာမှာဖြစ်ပါတယ်။
ရေလိုအပ်ချက်စီမံခန့်ခွဲခြင်း
အပူလျော့ပိုင်းဒေသမှာရှိတဲ့ စိုက်ပျိုးရေးသမားတွေဟာ ပန်းပွင့်ဖို့ဆိုရင် အပူချိန်က အဓိကကျနေပါတယ်။ ဒါပေမယ့် အပူပိုင်းဒေသများအတွက်တော့ ရေဟာ အဓိကကျနေတဲ့အချက် ဖြစ်ပါတယ်။ သံပုရာပင်တွင် သီနှံလိုအပ်ချက်ရဲ့ ၅၀ ရာခိုင်နှုန်း ရေပေးတာဟာ လုံးဝရေမပေးတာနဲ့ယှဉ်လျှင် ပန်းပွင့်နှုန်းပိုကောင်းစေပါတယ်။ ဒါကြောင့်မို့ အသင့်အတင့် ရေဖြတ်တဲ့နည်းဟာ သံပုရာပန်းပွင့်နှုန်းကို အားပေးရာရောက်ပါတယ်။
အပင်ရဲ့ စာသိုလှောင်ထားသည့် အခြေအနေအား ထိန်းညှိပေးခြင်း
အစာရရှိမှုဟာ အပင်ရဲ့ အစာချက်ဖြစ်စဉ်ကနေ အမြစ်၊ ပင်စည် စတဲ့ အပင်ရဲ့ အစိတ်အပိုင်းများမှာ ဘယ်လောက် များများသိုလှောင်ထားသလဲဆိုတဲ့ အရာပေါ်မူတည်နေပါတယ်။ သံပုရာပင်မှာ အပွင့်၊အဖူးတွေ ကြွေတယ်ဆိုတာဟာ ဖြစ်ရိုးစဉ်ပါဘဲ။ အဲလိုကြွေပေးမှသာ အပင်ထဲမှာ သိုလှောင်အစာများ ကျန်ရှိနေမှာပါ။ အပင်ဟာ ရှိသမျှအဖူး အပွင့်တွေဆီ အစာအားလုံး မပို့နိုင်တော့တဲ့အခါ အင်အားမမျှတော့တဲ့အခါ အချို့သော အဖူးတွေ အပွင့်တွေကို ကြွေကျပါတယ်။
ကောင်းကောင်းကြီးထွားပြီး အရွက်တွေမှာ အဖူးထွက်ချိန်အထိ အစာတွေကို သိုလှောင်ထားပြီး ပန်းပွင့်လာချိန်နဲ့ အသီးတင်ချိန်မှာ အရွက်ထဲရှိတဲ့ အစာတွေ ကုန်သွားပါတယ်။ အဲဒီလိုအချိန်မှာ အရွက်မှာ ဖျက်ပိုးကျတာတို့ ရောဂါ တစ်ခုခုကျပြီး အရွက်မရှိတော့တဲ့ အပင်ထဲမှာ အစာသိုလှောင်ထားမှုမရှိသလောက်ဖြစ်သွားပါတယ်။ ရလဒ်ကတော့ အဖူး၊ အပွင့်၊ အသီးကင်းတွေ ကြွေကျပါတယ်။
ဒါကြောင့်မို့ သံပုရာစိုက်သူအချို့ဟာ သီးကင်းအရာများလာလျှင် ချွေပေးတာမျိုးတွေလုပ်ပေးပါတယ်။ တစ်ချိန် တည်းမှာဘဲ အချို့ကတော့ အကိုင်းတွေ နှိမ်ပေးပါတယ်။ ကိုင်းနှိမ်ပေးခြင်းဖြင့် အလင်းမဝင်ရောက်နိုင်တဲ့ အပင်ရဲ့တွင်းပိုင်းတွေဆီ နေရောင်ရရှိပြီး အစာချက်အားပိုကောင်းစေသလို တစ်ဖက်မှာလည်း ပန်းပွင့်များ အလွန်အကျွံထွက်လာမှာကို ထိန်းချုပ်ပေးပါတယ်။ သို့သော် အလွန်အကျွံ ကိုင်းနှိမ်ပေးခြင်းဟာ မကောင်းပါဘူး။ ဘာလို့လဲဆိုတော့ ကိုင်းနှိမ်တာများသွားရင် အပင်မှာ လက်ကျန်အရွက်အလွန်နည်းသွားပြီး အစာချက်အားနည်းကာ အစာသိုလှောင်အားနည်းသွားမှ စိုးလို့ဖြစ်ပါတယ်။
ဟော်မုန်းနှင့်ဓါတုဆေးများဖြန်းပေးခြင်း
သံပုရာတွင် အချိန်ကိုက်ပန်းပွင့်ဖို့ဆိုရင် အအေးဓါတ်ညီမျှဖို့လိုပါတယ်။ ဖော့စဖော့ရပ် မြေဩဇာဟာ ပန်းပွင့်ဖို့ အတွက် အလိုအပ်ဆုံး ဖြစ်ပြီး သဲဆန်တဲ့မြေတွေမှာ ချို့တဲ့တတ်ပါတယ်။ ယင်း ဖော့စဖော့ရပ်ဓါတ်ချို့တဲ့ပါက အခြားဓါတ်များဖြစ်သည့် သံဓါတ်၊ အလူမီနီယံဓါတ်နဲ့ ကယ်လ်ဆီယမ်ဓါတ်များစုပ်ယူမှုကို အားနည်းစေပါတယ်။ နိုက်ထရိုဂျင် ဓါတ်ဟာလည်း အပင်ပိုင်းကြီးထွားဖို့အတွက်အရေးကြီးတဲ့အတွက် ထည့်ပေးဖို့လိုပါတယ်။ ရွက်ဖျန်းအနေနဲ့လည်း ဖျန်းနိုင်ပါတယ်။
ဟော်မုန်းနဲ့ပတ်သက်လို့ဆွေးနွေးရရင် ဂျစ်ဘရယ်လင် ဟာ ပန်းပွင့်နှုန်းကို ဟန့်တားစေပါတယ်။ ဒါကြောင့် အဖူးနဲ့ ပန်းပွင့်နှုန်းအရမ်းများနေ၍ လျော့ချချင်တဲ့အခါမှသာဖြန်းပေးလေ့ရှိပါတယ်။ အောက်ဇင်ကိုတော့ အသီးကင်းအရမ်းများ နေ၍ အရေအတွက်လျော့ချင်တဲ့အခါမှာ ဖြန်းလေ့ရှိပါတယ်။ ဆိုက်တိုကိုင်နင်ဟာ အပင်ရဲ့ ဆဲတွေဖွံ့ဖြိုးဖို့အတွက် အားပေးပါတယ်။ အီသလင်းကတော့ အပင်ရဲ့ အရွက်၊ အပွင့်နဲ့အသီးတွေကြွေဖို့အတွက် အဓိကသုံးကျပါတယ်။ အချုပ် အနေဖြင့် ဆိုရမယ်ဆိုရင် အပင်ဟော်မုန်းများကို အပင်ရဲ့ လိုအပ်ချက်အလိုက် သင့်တော်တဲ့အချိန်မှာ သင့်တော်တဲ့ ပမာဏဖျန်းမှသာ အကျိုးရှိမည်ဖြစ်ပါကြောင်း အကြံပြုလိုက်ပါတယ်ခင်ဗျာ။။
Source: https://edis.ifas.ufl.edu/publication/HS1399
--------