cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဆေးဖက်ဝင်နှင်းသီးအကြောင်း သိကောင်းစရာ

. ကျန်းမာရေးဆောင်းပါးများ
နှင်းသီးသည် ကယ်လိုရီနည်းပါးခြင်း၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပေါကြွယ်ဝခြင်း၊ ဗီတာမင်စီဓာတ် များကြွယ်ဝစွာပါရှိခြင်းတို့ကြောင့် ကျန်းမာရေးကို လွန်စွာအထောက်အကူပြုပေးနိုင်သည်။
  • ခေါင်းလောင်းပုံသဏ္ဌာန် အနီရောင်အသီးကို နှင်းသီးဟုခေါ်ကြသည်။ နှင်းသီးဟုဆိုသော်လည်း နှင်းကျသည့် ဆောင်းရာသီတွင်သာ အသီးသီးခြင်းမဟုတ်ဘဲ ဆောင်းအကုန်နွေအကူးနှင့် မိုးဦးကျချိန်တို့တွင် လည်း သီးလေ့ရှိသော ရာသီစာသီးနှံတစ်မျိုး ဖြစ်သည်။ အင်္ဂလိပ်အမည်မှာ Rose Apple သို့မဟုတ် Plum Rose သို့မဟုတ် Malay Apple ဟု အမျိုးမျိုးခေါ်ဆိုကြသည်။

    နှင်းသီးသည် ချိုမြမြအရသာရှိသည်။ အရည်ရွှမ်းသဖြင့် ရေငတ်လည်းပြေစေသည်။ ဈေးနှုန်းသက်သာ သဖြင့် နှင်းသီးပေါ်ချိန်ရောက်သောအခါ လူအများစုက ပန်းသီးအစား နှင်းသီးကိုသာ ရွေးချယ်စား ကြ သည်။ အခွံရဲရဲနီလေ ပိုချိုလေဖြစ်သည်။ အပေါ်ယံ အခွံမာတင်းနေသော အသီးများက လတ်ဆတ်မှုရှိသဖြင့် အရည်ပိုရွှမ်းသည်။ နှင်းသီးကို ပြည်တွင်း၌သရေစာသစ်သီးအဖြစ် စားသုံးလေ့ရှိကြပြီး တခြားနိုင်ငံများ၌ နှင်းသီး ကို အချိုရည်၊ ယို၊ ဂျယ်လီအဖြစ် ပြုလုပ်စားသုံးကြသည်။

    ဧရာဝတီတိုင်းဒေသကြီးမှထွက်ရှိသော နှင်းသီးသည် အရွယ်အစားကြီးမားသည့်အလျောက် အရသာ လည်း ပိုကောင်းသည်။ ဧရာဝတီတိုင်းဒေသကြီး၌ နှင်းသီးကို စီးပွားဖြစ်စိုက်ပျိုးကြပြီး ဒေသခံများက နှင်းပန်းသီး ဟု တင်စားခေါ်ဝေါ်ကြသည်။

    နှင်းသီးကို သိပ္ပံနည်းကျဓာတ်ခွဲ စမ်းသပ်ကြည့်ရာ ၁၀၀ ဂရမ်အလေးချိန်ရှိသော နှင်းသီးထဲတွင် ရေဓာတ် ၉၃ ဂရမ်၊ ခွန်အား ၂၄ ကယ်လိုရီ၊ ပရိုတင်း သုညဒသမ ၆ ဂရမ်၊ Lipid အဆီဓာတ် သုည ဒသမ ၃ ဂရမ်၊ ကစီဓာတ် ၅ ဒသမ ၇ ဂရမ်၊ ကယ်လ်စီယမ်၂၉ မီလီဂရမ်၊ သံဓာတ် သုည ဒသမ ၀၇ မီလီဂရမ်၊မဂ္ဂနီစီယမ် ၅ မီလီဂရမ်၊ မီးစုန်း ၈ မီလီဂရမ်၊ ပိုတက်စီယမ် ၁၂၃ မီလီဂရမ်၊ ဇင့် သုည ဒသမ ၀၆ မီလီဂရမ်၊ ဗီတာမင်စီ(အက်စ်ကောဘစ်အက်စစ်) ၂၂ဒသမ ၃ မီလီဂရမ် စသည်တို့ အသီးသီးပါရှိကြောင်း သိရသည်။

    နှင်းသီးသည် ကယ်လိုရီနည်းပါးခြင်း၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပေါကြွယ်ဝခြင်း၊ ဗီတာမင်စီဓာတ် များကြွယ်ဝစွာပါရှိခြင်းတို့ကြောင့် ကျန်းမာရေးကို လွန်စွာအထောက်အကူပြုပေးနိုင်သည်။ အမျိုးသားများ ဆီးကျိတ်ကင်ဆာဖြစ်စေမည့်အခွင့်အလမ်းကို နည်းပါးစေသည်။ အမျိုးသမီးများ ရင်သားကင်ဆာမဖြစ်အောင် ကြိုတင်ကာကွယ်ပေးနိုင်သည်။ တစ်နေ့လျှင် နှင်းသီးသုံးလုံးကို ရက်သတ္တပတ်တိတိ စားပေးခြင်းဖြင့် သွေးထဲရှိ ကိုလက်စထရောကို (၁၉) ရာခိုင်နှုန်းမျှ လျှော့ချပေးနိုင်သည်။နှင်းသီးတွင် ဆိုဒီယမ်ဓာတ် လုံးဝမပါရှိခြင်း၊ ဗီတာမင်စီပေါကြွယ်ဝခြင်းတို့ကြောင့် သွေးတိုးရောဂါရှိသူများကို လွန်စွာကောင်းကျိုးပြုပေးနိုင်သည်။ နှင်းသီး မှည့်မှည့် နီနီရဲရဲလေးများက အရသာချိုမြသော်လည်း ဂလူးကို့စ်ဓာတ်မပါရှိပေ။ ထို့ပြင် နှင်းသီးစားခြင်းက ပန်က ရိယကို ကောင်းကျိုးပြုသဖြင့် ဆီးချိုရောဂါသည်များအတွက် အထူးသင့်လျော်သည်။ အဆီဓာတ်မပါခြင်း၊ ကယ်လိုရီနည်းပါးခြင်း၊ ရေဓာတ်ကြွယ်ဝစွာပါရှိခြင်းတို့ကြောင့် နှင်းသီးစား၍ ကိုယ်အလေးချိန်မတက်အောင် ထိန်းထားနိုင်သည်။

    အိန္ဒိယနိုင်ငံတွင် နှင်းသီးအပင်၏ အရွက်ကို ပေါင်းခံပြီး ရေမွှေးရနံ့အဖြစ် အသုံးပြုကြသည်။ နှလုံး ရောဂါအမျိုးမျိုးနှင့် နှလုံးသွေးကြောဆိုင်ရာ ဝေဒနာရှင်များအတွက် အထူးသင့်လျော်သော သစ်သီးဖြစ်သည်။ ထို့ပြင် ရုတ်တရက် နှလုံးဖောက်ခြင်းမှလည်း ကာကွယ်ပေးနိုင်သည်။ အစာအိမ်နှင့် အစာခြေစနစ်ကို ကောင်းမွန် စေသည်။ မကြာခဏ ဝမ်းချုပ်တတ်သူများ စားသုံးသင့်သည်။ ဆီးရွှင်စေပြီး ဆီးလမ်းကြောင်းပိုးဝင်ခြင်းမှလည်း ကာကွယ်ပေးနိုင်သည်။ ထို့ပြင် အမျိုးသားများ ဖြစ်တတ်သော ဆီးကျိတ်ကင်ဆာမှလည်းကာကွယ်ပေးနိုင်သည်။

    အသည်းနှင့် ကျောက်ကပ်မှ အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်သည်။ တစ်နေ့ နှင်းသီးငါးလုံးစားပေးခြင်း ဖြင့်အရွယ်ရောက်ပြီးသူလူတစ်ယောက် တစ်နေ့တာကယ်လ်စီယမ် လိုအပ်ချက်ပမာဏကို အပြည့်အဝရရှိနိုင် သည်။ဗီတာမင်စီပေါကြွယ်ဝသော သစ်သီးဖြစ်၍ ကိုယ်ခံစွမ်းအား ကောင်းစေသည်။ ရာသီဥတု အပြောင်းအလဲ တွင် နှင်းသီးများများစားပေးခြင်းဖြင့် တုပ်ကွေး၊ ချောင်းဆိုးစသည့် ရာသီဖျားနာ ကူးစက်ရောဂါတို့ အလွယ်တကူ မဖြစ်စေနိုင်ပါ။ ကိုယ်ဝန်ဆောင်များ နှင်းသီးစားပေးခြင်းဖြင့် ခန္ဓာကိုယ်တွင်း ရေဓာတ်လျော့ပါးမှုမှ ကာကွယ်ရာ ရောက်သည်။ အသားအရေကြည်လင်စေသည်။ ဆံသားကျန်းမာရေးအတွက်လည်း ကောင်းကျိုးပြုပေးနိုင်သည်။

    အချုပ်အားဖြင့်ဆိုသော် နှင်းသီးစားမိ၍ ဓာတ်မတည့်ဝေဒနာ ပြဿနာများ မဖြစ်နိုင်ပေ။ ဘေးထွက်ဆိုးကျိုး ကင်းသော သစ်သီးဖြစ်၍ အရွယ်သုံးပါးမရွေး စားသုံးနိုင်သည်။ နှင်းသီးကို မြန်မာ့ဆေးကျမ်းတွင် အပူငြိမ်းသော အအေးစာအသီးဟုလည်း ဖော်ပြထားရာ နေပူဒဏ်ကိုကာကွယ်ရန် ရာသီစာသစ်သီး အဖြစ် စားသုံးသင့်သည်။

    အထူးသဖြင့် ခုခံအားကိုတိုးပွားစေပြီး အလွယ်တကူ ဖျားနာခြင်းမှ ကာကွယ်ပေးသဖြင့် ရာသီကူးပြောင်းစ မိုးဦး ကျတွင် ဖြစ်ပွားတတ်သော အအေးမိတုပ်ကွေးရောဂါများမဖြစ်အောင် ကြိုတင်ကာကွယ်သည့်အနေဖြင့် နှင်းသီး စားသုံးသင့်သည်။ သို့ပါ၍ အရသာလည်းရှိပြီး ဈေးနှုန်းချိုသာသည့်အပြင် ကျန်းမာရေးအတွက် ဆေးဖက်ဝင်လှ သော ရာသီစာနှင်းသီးကို စားသုံးကြစေလိုကြောင်း တိုက်တွန်း ရေးသားလိုက်ရပါသည်။

    ပေါက်ပေါက်

    ကျန်းမာရေး

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
likes9comments0
views205views1258