ဧရာဝတီတိုင်းဒေသကြီးအတွက် မိုးလေဝသနှင့် ငါးမွေးတောင်သူများအား အကြံပြုချက်
ဟင်္သာတ၊ ညောင်တုန်း၊ မအူပင်၊ မြောင်းမြ၊ ဓနုဖြူ၊ ပန်းတနော်၊ ကျိုက်လက်၊ ဝါးခယ်မ၊ ကျုံပျော်၊ ဇလွန်၊ လပွတ္တာ၊ ပုသိမ်၊ ဖျာပုံ၊ အင်္ဂပူ၊ ကြံခင်း၊ လေးမျက်နှာ၊ ဒေးဒရဲ၊ မော်လမြိုင်ကျွန်း၊ ကန်ကြီးထောင်၊ ငပုတောမြို့နယ်
၂၀၂၄ ခုနှစ်၊ ဧပြီလ (၁၂)ရက်နေ့မှ (၁၈)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဖော်ပြပါမြို့နယ် ၂၀ တွင် မိုးရွာရန် ၁၀ ရာခိုင်နှုန်း အောက် သာရှိပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။
စိုက်ပျိုးရေးအကြံပြုချက်
စပါးခင်း ပိုးလောင်မီးကျရောက်မှုသတိပြုရန်
(က) ဒေသအလိုက် ပျံ့နှံ့တည်ရှိမှု
စပါး ပိုးလောင် မီးများကို လွန်ခဲ့သော နှစ်အများစု၌ ဧရာဝတီတိုင်း ဒေသကြီး အတွင်း မြို့နယ်၊ ကျေးရွာ တချို့တွင် ဆိုးရွားစွာကျရောက် ခဲ့သည်။ မန္တလေးတိုင်း ဒေသကြီး၊ နှစ်သီးစား စိုက်သော နေရာများ၌ စီးပွား ထိခိုက်မှု အဆင့်ထိ ကျရောက်သည်။ မွန်ပြည်နယ်၊ ပဲခူးတိုင်း ဒေသကြီးနှင့် ရန်ကုန်တိုင်း ဒေသကြီး တို့တွင်လည်း အနည်းငယ်စီ ကျရောက်ကြောင်း တွေ့ရသည်။
(ခ) ဆိုးရွားစွာ ကျရောက်တတ်သည့် အခြေအနေများ
ပျိုးခင်းနှင့် စိုက်ခင်း နှစ်မျိုးလုံးတွင် ကျရောက်သည်။ စိုက်ခင်း ပျိုးခင်း နှစ်ခုလုံးတွင် စိုထိုင်းဆ များပြောသောရက် များတွင် သတိထားရမည်။ ထိုရက်မျိုးတွင် လေတိုက်မှု သာမန် ထက်ပိုပါက လေကြောင်း အတိုင်း စပါးလောင်မီးများ လွင့်ပါလာ တတ်သဖြင့်လေကြောင်း ကျသော အရပ်များ သတိ ထားရန် လိုသည်။ မိုးများသောနှစ်များတွင် ပိုးလောင်မီးကျရောက်မှု နည်းတတ်သည်။ ရေကြီးနစ်မြုပ်ပြီး ပြန်ကျသော အခင်းများ တွင် ရေဝပ်နေရာများ ကျန်ရှိခဲ့ပါက ထို အခင်းများကို ဂရုစိုက်ပါ။
(ဂ) ဖျက်ဆီးမှု လက္ခဏာ
အကောင်ငယ်နှင့် အကောင်ကြီး အဆင့် နှစ်မျိုးလုံး ဖျက်ဆီးသည်။ အကောင်ငယ်သည် အရွက် ထွင်းပိုး ဖြစ်ပြီး အကောင်ကြီးသည်အပင်ပေါ်နှင့် အပင် ဝန်းကျင်တွင် စားသော ပိုးကောင် ဖြစ်သည်။ အကောင် ငယ်ကြောင့် အရွက်များ ခြောက်ကုန်ပြီး အကောင်ကြီးသည် အရွက်၏ အစိမ်းရောင် တစ်သျှူးကို အလျားလိုက် ခြစ်စားသဖြင့် အရွက်တွင် အဖြူရောင် အလျားလိုက် အစင်းများ တွေ့ရသည်။ ထိုအခါ စပါးရွက်များ ဝါခြောက်ကုန်၍ ၎င်း ဖျက်ပိုးကို ’Fire pest’ သို့မဟုတ် ’Scorching pest’ ပိုးလောင်မီး ဟုခေါ်သည်။
စပါးရွက် မျက်နှာပြင် နှစ်ခုကြား၌ အကောင်ငယ် ဝင်၍ ထွင်းစား သဖြင့် နေရောင်တွင် ထောင်ကြည့်ပါက အကောင်ငယ်ရွေ့လျားမှုကို တွေ့နိုင်သည်။ လက်နှင့် စမ်းသပ်ကြည့်ပါက ဖုနေကြောင်း တွေ့ရသည်။ ဖျက်ပိုး ကျရောက်မှု နည်းပါက စပါးပင် သေမသွားသော်လည်း များစွာ အားနည်း၍ ကျရောက်မှု များပါက အပင်ခြောက်၍ သေနိုင်သည်။
(ဃ) ဘဝစက်ဝန်း
ကျိုင်းမသည် စပါးရွက်ထိပ် ဖျား၏ မျက်နှာပြင် နှစ်ခုကြားတွင် ဥ၊ ဥတံဖြင့် ထိုးသွင်းကာ တစ်လုံး စီအုပြီး တစ်ခါအုလျှင် ၅၀ ခန့် အုနိုင်သည်။ အုပြီးအပေါ်မှ အမည်းရောင် အစင်း များများဖြင့် ဖုံးခဲ့လေ့ရှိသည်။ ဥမှပေါက် လာသော လောက်အကောင် ငယ်များသည် အရွက် မျက်နှာပြင် နှစ်ခုအတွင်း စားသောက်ပြီး ရုပ်ဖုံး ဆက်လက် လုပ်သည်။ ဥ အဆင့် ၄-၅ ရက်၊ အကောင်ငယ် အဆင့်၇-၁၂ ရက်၊ ရုပ်ဖုံး ၄-၅ ရက် စုစုပေါင်း ၃ ပတ်ခန့် ကြာသည်။ တစ်နှစ်တွင် ခြောက်သားခန့် ပေါက်ပွားသည်။
(င) ဖျက်ကောင် ပုံသဏ္ဌာန်
အကောင်ငယ်လောက် ။ ။ ခန္ဓာ ကိုယ်အရောင် အဝါဖျော့ရောင်ရှိပြီး ဦး ခေါင်းအညိုရောင်ရှိသည်။ ၃ ဒသမ ၅ မမ ခန့်ရှိသည်။
ရုပ်ဖုံး။ ။ အညိုရောင် ဖြစ်သည်။ အပေါ်ဘက်နှင့် အောက်ဘက် ခပ်ပြားပြား ဖြစ်နေသည်။ ခြေလက် များသည် ခန္ဓာကိုယ်နှင့် ပူးကပ်မနေ။ ယခင်နေသွားသော လှိုဏ်ခေါင်းတွင် ဆက်နေသည်။
အကောင်ကြီး။ ။ သံမဏိပြာရောင် Steel-blue colour ရှိသည်။ ၄ ဒသမ ၅ မမ မှ ၅ မမခန့်ရှိသည်။ ရှေ့တောင်နှင့် Thorax (ကျော
ဆစ်) ပေါ်တွင် ဆူးကြမ်း များပါသည်။
(စ) ကာကွယ်နှိမ်နင်း နည်းများ
စိုက်ပျိုးနည်း စနစ်ဖြင့် ကာကွယ် နှိမ်နင်းနည်း
၁။ စပါးခင်းပတ်ဝန်းကျင်တွင် ပေါင်းမြက်များ သုတ်သင် ရှင်းလင်းပါ။
၂။ အကောင်ကြီး များကို လက်ကိုင် ပိုက်ဖြင့် ဝှေ့ယမ်း ဖမ်းဆီးပါ။
၃။ အဝါကွက်ပါသော အရွက်များ တွေ့ပါက ခူးယူဖျက်ဆီးပစ်ပါ။
၄။ ရွက်ထိပ်ဖျားများတွင် ဥများအု တတ်သဖြင့် အရွက်ထိပ်ဖျား များကို ဖြတ်ပစ်ပါ။ စွတ်စိုသော အခြေအနေကို နှစ်သက် သဖြင့်ဖြစ်နိုင်ပါက ရေထုတ်ပေးပါ။ ရေထုတ်ရာတွင် နာရီပိုင်းခန့်သာ ထုတ်ရန်လိုပါသည်။
၅။ အချို့ဒေသ များတွင် ဆေးလိပ်ခုံမှ ဆေးရွက်ကြီးအမှုန့်အစများကို ပျိုးခင်း (၂-၃) ပြည်ခန့် ကြဲပက်ပေးခြင်းဖြင့် ကျရောက်မှုသက်သာသည်။ ကျရောက်သည့် နေရာတွင် ပိုးကျရောက်ရာနေရာကိုသာ ဆေးချခြင်း ပြုလုပ်နိုင်သည်။
၆။ ဓာတုဆေးများ အသုံးပြုမည်ဆိုပါက အဆီဖိတ်၊ ကာတက်ဟိုက်ဒရိုကလိုရိုဒ် တစ်ခုခုပါဝင်တဲ့ဆေးများ ပက်ဖျန်းပေးနိုင်ပါသည်။
Weather Source: CIAT
------------------
ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက
ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download
ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483
တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


