cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

သတိပြုစရာ နှမ်းဖိုရောဂါ

. ရောဂါ
နှမ်းဖိုရောဂါသည် အလွန်သေးငယ်သော ရောဂါဖြစ်စေ သက်ရှိ ဖိုင်တိုပလပ်စမာကြောင့် ဖြစ်ရပါသည်။ အပင်၏ အစာကြောတစ်ရှူးထဲတွင်ကပ်ပါးပြုနေထိုင်ပြီး တစ်ပင်နှင့်တစ်ပင် ကူးစက်ပျံ့နှံ့ရာတွင် ဖြုတ်ပိုးကဲ့ သို့သော စုပ်စားပိုးများမှတစ်ဆင့် ကူးစက်ကြပါသည်။
  • ညောင်ဦး-ကျောက်ပန်းတောင်း ကားလမ်းပေါ်၌ ဆိုင်ကယ်စီးလာစဉ် အရှေ့ကောင်းကင်ဆီက ကြီးမားလှပသော သက်တံကြီးကိုမြင်ရသောအခါ အံ့သြမိပါသည်။ အရှေ့အရပ်မျက်နှာပြင် ပြည့်လုနီး ကြီးမား၍ ရှေးခေတ် အမျိုးသမီးများ ဆင်ယင်လေ့ရှိသောရွှေစိုက်ဘီးသဏ္ဌာန် ကွေးကွေးကိုင်းကိုင်း ရှိလှသည်။ မြင်ရသည်မှာ ကြည်နူးစရာပင်။

    ဒီနှစ် အညာတွင် မိုးအလွန်ခေါင်ပါသည်။ မကြာမကြာ မိုးရွာတတ်သော်လည်း မိုးဖွဲရုံသာသာဖြစ်၍ ရေစီးအောင်မရွာခဲ့။ နွေကာလနှစ်ခုဆက်သလို ပူပြင်းခြောက်သွေ့နေခဲ့သည်။သက်တံများကို မမြင်ဖူးသည်မှာ ကြာခဲ့လှပေါ့။ အညာကျေးရွာများစွာ သီးနှံစိုက်မိုးမရရှိသဖြင့် ထွန်ရေးပက်လက်နှင့် မိုးကိုမျှော်ခဲ့ကြရသည်။ မိုးရွာစေရန် ရိုးရာယုံကြည်မှုအရ ငါးရံ့မင်းပရိတ်ရွတ်ခြင်း၊ လွန်ဆွဲပွဲများ ပြုလုပ်ခြင်းတို့ ဆောင်ရွက်ကြကုန်၏။

    ကံအားလျော်စွာပင် မိုးကွက်ကျားရွာခြင်း၏ အကျိုးကျေးဇူးအရ ကျွနု်ပ်မွေးဖွားရာ ဇာတိရွာတစ်ဝိုက်တွင် မိုးနှမ်းစိုက်ပျိုးနိုင်ခဲ့၏။ ထိုနှမ်းခင်းကလေးများမှာ မိုးပြတ်သွားလိုက် ညှိုးနွမ်းသွားလိုက်၊ မိုးကလေး နည်းနည်းရွာလိုက် ပြန်လန်းဆန်းလာလိုက်နှင့် သုံးပေခွဲအမြင့် အထိ ကြီးလာပြီးအသီးလည်း အတော်အသင့် ကြည့်ကောင်းအောင် သီးလိုက်သေးသည်။ တစ်ကြိမ်မျှထွန်ရေးကြောင်းထဲ ရေစီးအောင်မရွာသော မိုးအောက်တွင် သည်မျှ အပင်ဖြစ်ထွန်းနိုင်သော နှမ်းသီးနှံ၏ သဘာဝမှာလည်း ချီးကျူးဖွယ်ရာဖြစ်သည်။

    နှမ်းသည် အာဖရိကမူရင်းဒေသဖြစ်ပြီး ရှေးအကျဆုံး ဆီထွက်တစ်နှစ်ခံသီးနှံအဖြစ် ကမ္ဘာအနှံ့ စိုက်ပျိုးခဲ့ကြသည်။ လက်ရှိကာလတွင်တရုတ်၊ အိန္ဒိယ၊ မြန်မာတို့သည်ကမ္ဘာတွင် နှမ်းသီးနှံအများဆုံး စိုက်ပျိုးသည့်နိုင်ငံများ ဖြစ်ကြသည်။ ဆူဒန်၊ နိုက်ဂျီးရီးယား၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ အီသီယိုပီးယား၊ ထိုင်း၊ တူရကီ၊ မက္ကဆီကို တို့တွင်လည်း စိုက်ပျိုးကြသည်။ နှမ်းဆီသည် စားဆီများအားလုံးထဲတွင် အနံ့၊အရသာ ကောင်းမွန်မှုမှာ ထိပ်တန်းစားဖြစ်သည်။ အခွံပါ နှမ်းစေ့တွင် ပရိုတိန်း ၂၀ ရာခိုင်နှုန်း၊ စားဆီ ၅၀ရာခိုင်နှုန်း၊ Oleic acid ၄၇ ရာခိုင်နှုန်းခန့်၊ Leno Lenic ၃၉ ရာခိုင်နှုန်းခန့်တို့ ပါဝင်သည်။ နှမ်းကို ချက်ပြုတ်ဆီ၊ အသုပ်၊ ဟင်းလျာနှင့် မုန့်ပဲသရေစာတို့တွင်သာမကအချို့စက်မှုကုန်ကြမ်းများဖြစ်သော သုတ်ဆေး၊ အရောင်တင်ဆီ၊ ဆပ်ပြာ၊ ရေမွှေး၊ ဆေးဝါးဖော်စပ်ခြင်း၊ အင်းဆက်ပိုးသတ် ဆေးတို့တွင် လည်း ကုန်ကြမ်းအဖြစ် အသုံးပြုကြသည်။

    နှမ်းစေ့တွင် ကယ်လ်စီယမ်ဓာတ် ကြွယ်ဝပြီး ၁ ဒသမ ၃ ရာခိုင်နှုန်း ပါဝင်သည်။ နှမ်းဖတ်ကို တိရစ္ဆာန်အစာအဖြစ် အသုံးပြုကြသည်။ နှမ်းကို အသုံးတွင်ကျယ်မှုရှိသော်လည်း အခြားသီးနှံများနှင့်စာလျှင် စိုက်ပျိုးထွက်ရှိမှု နည်းပါးသည်။ နှမ်းသီးနှံထွက်ရှိမှုကို ဟန့်တားသော အခက်အခဲများမှာ နှမ်း သီးနှံတွင် ရောဂါများ ကျရောက်တတ်ခြင်းနှင့် နှမ်းသီးများမှာ အပင်၏အောက်ခြေမှ အပေါ်သို့တက်၍ တဖြည်းဖြည်းပွင့်သီးသွားတတ်ခြင်းဖြစ်ရာ နှမ်းရင့်မှည့်ချိန်တွင်အောက်သီးများကွဲ၍ အစေ့များ မြေပေါ်သို့ ကျတတ်ခြင်းဖြစ်သည်။

    နှမ်းအထွက်ကို ထိခိုက်အောင် အသီးကွဲမှုလျင်မြန်သော မျိုးမှာရိုးစိမ်းနှမ်းမျိုး ဖြစ်သည်။ ထိုကဲ့သို့သောနှမ်းမျိုးသည် ရိတ်သိမ်းချိန်တွင် အချိန်မလွန်စေရန် အလွန်ဂရုစိုက်ရပါသည်။ သို့သော် မိုးခေါင်ဒဏ်၊ ပိုးမွှားရောဂါဒဏ်ခံနိုင်မှုတွင် အခြားမျိုးကွဲများထက် သာလွန်ကြောင်း တွေ့ရှိရသည်။ နှမ်းအထွက်နှုန်းကို ဆွဲချပစ်နိုင်သော နှမ်းရောဂါနှစ်မျိုးမှာ နှမ်းဖိုရောဂါနှင့် နှမ်းရိုးမည်းရောဂါတို့ ဖြစ်ကြပါသည်။

    နှမ်းဖိုရောဂါ

    နှမ်းဖိုရောဂါ ဖြစ်ပွားနေသော နှမ်းပင်များတွင် ရောဂါပင်ပြလက္ခဏာများ တစ်ထပ်တည်းမတူညီကြပါ။ အဓိကအားဖြင့် ပန်းပွင့်များကအဖြူရောင်ဖြစ်နေရမည့်အစား အစိမ်းရောင်ဖြစ်နေကြသည်။ ပင်စည်တစ်လျှောက် အပွင့်စိမ်းဖြစ်ပေါ်နေခြင်းမျိုးလည်း ရှိသည်။ အပင်၏ ထိပ်ဖျားတွင် အရွက်သေးသေးကလေးများစုပြီး အဆုပ်လိုက်ဖြစ်နေတတ်သည်။ အသီးများကွဲထွက်နေတတ်ခြင်း၊ အသီးထဲကအစေ့များ အညှောက်ပေါက်နေခြင်းတို့လည်း ဖြစ်လေ့ရှိသည်။ အသီး၊ အပွင့်များပေါ်တွင် အနက်ရောင်စစ်ထုတ်ရည်များ တွေ့ရသည့်အခါလည်း ရှိသည်။ အပင်ဝါနေခြင်းလည်း တွဲ၍ဖြစ်တတ်သည်။

    ဤကဲ့သို့ ရောဂါလက္ခဏာများ ကွဲပြားရခြင်းမှာ အပင်၏ အသက်အရွယ်နှင့် ရောဂါဝင်ရောက်သည့် အချိန်တို့အပေါ်တွင် မူတည်ပါသည်။ အပင်ကြီးထွားမှုအစောပိုင်းတွင် ရောဂါဝင်ရောက်ခဲ့လျှင် ဆစ်ကြားရှည်ထွက်မှု ရပ်ဆိုင်းခြင်း၊ အရွက်အရွယ်အစား သေးငယ်ခြင်း၊ အပင်ပုခြင်း၊ ပန်းခိုင်အပင်ထိပ်ဖျားမှာ အရွက်သေးသေးကလေးများ စုပြုံပြွတ်ခဲနေသည့်ပုံသဏ္ဌာန် ဖြစ်ပေါ်စေပါသည်။ နောက်ပိုင်းအချိန်တွေမှာ ရောဂါဝင်ရင် အပွင့်များ အရွက်စိမ်းအရောင်ပြောင်းသွားခြင်း၊ ရွက်ကြောများ ထင်ရှားလာခြင်း၊ အသီးများမှာ သာမန်နှင့်မတူဘဲ သေးသွယ်ရှည်မျောလာခြင်းတို့ ဖြစ်စေသည်။

    နှမ်းဖိုရောဂါ ဘာကြောင့်ဖြစ်သလဲ

    နှမ်းဖိုရောဂါသည် အလွန်သေးငယ်သော ရောဂါဖြစ်စေ သက်ရှိ ဖိုင်တိုပလပ်စမာကြောင့် ဖြစ်ရပါသည်။ အပင်၏ အစာကြောတစ်ရှူးထဲတွင်ကပ်ပါးပြုနေထိုင်ပြီး တစ်ပင်နှင့်တစ်ပင် ကူးစက်ပျံ့နှံ့ရာတွင် ဖြုတ်ပိုးကဲ့ သို့သော စုပ်စားပိုးများမှတစ်ဆင့် ကူးစက်ကြပါသည်။ ဖိုင်တိုပလပ် စမာကို ၁၉၆၇ ခုနှစ်တွင် ဂျပန်သိပ္ပံပညာရှင်များက လေ့လာတွေ့ရှိခဲ့ပြီး မိုက်တိုပလပ်စမာကဲ့သို့သော သက်ရှိများအဖြစ် ဖော်ပြခဲ့ကြသည်။

    ဆဲနံရံမပါရှိဘဲ အရွယ်အစားအားဖြင့် ၁ာာထက်ပင် သေးငယ်သည်ဟု ဆိုပါသည်။ ၎င်းသက်ရှိများသည် ဖြုတ်ပိုး၏ ခန္ဓာကိုယ်ထဲတွင်ရှင်သန်ပွားများနိုင်ကြောင်း သိရှိရပါသည်။ ဖိုင်တိုပလပ်စမာတို့သည် အပင်မျိုးစိတ် ၇၀၀ ကျော်အတွင်း၌ ရောဂါဝင်ရောက်စေနိုင်ပြီး အမျိုးမျိုးသော ရောဂါလက္ခဏာများကို ဖြစ်ပေါ်စေနိုင်ပါသည်။ နှမ်းဖိုရောဂါကိုဖြစ်စေသည့် ရောဂါဖြစ်စေ သက်ရှိ ဖိုင်တိုပလပ်စမာကို သယ်ဆောင်သော အင်းဆက်မှာ ဖြုတ်ညိုဖြစ်သည်ဟု ဖော်ပြကြပါသည်။ ထို့ပြင် အခြားဖြုတ်မျိုးစိတ်များကြောင့်လည်း နှမ်းဖိုရောဂါဖြစ်ပွားမှု မြင့်မားစေပါသည်။

    ရောဂါရအပင်မှ ဖြုတ်၏ ခန္ဓာကိုယ်အတွင်း ရောဂါရရှိချိန်မှာ ၃-၄ ရက်အတွင်း၌ ဖြစ်သည်။ဖြုတ်က ကျန်းမာသောအပင်ကို စားသောက်၍ ရောဂါပိုးများ ရောက်ရှိသွားရန် မိနစ် ၃၀ကြာသည်။ အပင်အတွင်း၌ အဏုဇီဝပိုးများပေါက်ပွားချိန်မှာ ၁၅-၆၃ ရက်အထိ ကြာသည်ဟု သိရှိရပါသည်။ ဖြုတ်ပိုး၏ အရွယ်မရောက်သေးသော အကောင်ငယ်များက ရောဂါပိုးကို မသယ်ဆောင်နိုင်သေးကြောင်း မှတ်သားရပါသည်။

    ရောဂါပိုးလက်ခံပင်များမှာ မုန်ညင်း၊ မုန်လာမျိုးရင်းဝင်အပင်များ၊ ကုလားပဲ၊ ပိုက်ဆံလျှော်၊ ပဲမျိုးရင်းဝင်အပင်များ၊ မြေပဲ စသည်တို့ဖြစ်ကြသည်။

    နှမ်းဖိုရောဂါကို ဘယ်လိုကာကွယ် နှိမ်နင်းရမလဲ

    ရောဂါဖြစ်စေသည့် သက်ရှိကို ဖြုတ်ပိုးက သယ်ဆောင်လာသဖြင့် ဖြုတ်ပိုးများ ခိုအောင်းနေထိုင်သည့် ပေါင်းမြက်များ၊ ရောဂါလက်ခံပင်များကို ရှင်းလင်းဖယ်ရှားပစ်ရပါမည်။နှမ်းကို ဝါ၊ မြေပဲတို့နှင့် သီးညှပ်မစိုက်သင့်ပါ။ နှမ်းနှင့် ပဲစင်းငုံ ခြောက်တန်း၊ တစ်တန်း စိုက်ပျိုးသင့်ပါသည်။

    နှမ်းဖိုရောဂါလက္ခဏာ ပြနေသော နှမ်းပင်များကို အချိန်မီနုတ်၍ ဖယ်ရှားပစ်ရပါမည်။ အင်မီဒါကလိုပရစ် 70 ws 5g / kg နှုန်းဖြင့် မျိုးစေ့ကိုလူးနယ်စိုက်ပျိုးခြင်းကဖြုတ်ပိုးနှင့် အခြားဖျက်ပိုးများကို တစ်လအထိ ကာကွယ်နိုင်ပါသည်။ ဖြုတ်ပိုးများ ကျရောက်မှုကို ကာကွယ်နှိမ်နင်းရန်ဒိုင်မီသိုရိတ် ၅၀ အီးစီးကို ၅၀၀ ml/ha နှုန်းဖြင့် နှမ်းစိုက်ပြီး ရက် ၃၀၊ ရက် ၄၀၊ ရက် ၆၀ တို့တွင် ပက်ဖျန်းသင့်ပါသည်။ (သို့မဟုတ်) အဆီတာမီပရစ် ၂၀ ရာခိုင်နှုန်းအက်စ်ပီ သုည ဒသမ ၃ ဂရမ် လီတာနှုန်း၊ရက် ၂၀ ကြားတစ်ကြိမ် ဖျန်းရန်လိုအပ်ပါသည်။ နှမ်းစိုက်တောင်သူများ နှမ်းဖိုရောဂါဘေးမှ ကင်းဝေးပြီး နှမ်းအထွက်တိုးကြပါစေ။

    သုတကျော်

    မြန်မာတောင်သူကြီးများ ဂျာနယ်

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
likes5comments0
views217views1735