cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

သဘာဝပိုးသတ်ဆေးအဖြစ်အသုံးပြုသောအပင်များမှာရော ဖျက်ပိုးကျပါသလား?

. ပိုးမွှား
ဒါကြောင့်အဆိပ်ထုတ်တဲ့အပင်တွေဟာ သူ့အဆိပ်သူပြန်မသင့်နိုင်တာပါ။
  • သဘာဝပိုးသတ်ဆေးအဖြစ်အဓိက အားထားအသုံးပြုကြတဲ့ ဆေးရွက်ကြီး၊ တမာပင်တွေမှာ ပိုးမကျဘူးပေါ့။

    ဒီအပင်တွေကတော့ ဖျက်ပိုးကင်းစင် ကျန်းမာပျော်ရွှင်လို့ ..................... ထင်ကြပါတယ်။

    No, No, No ပါ.........။

    ဆေးရွက်ကြီးမှာကျတဲ့ ဖျက်ပိုးတွေကလည်း အများသားပါ။ အရွက်စားခူကောင်၊ ယင်ဖြူ၊ ပင်စည်ထိုးပိုး၊ အသီးထိုးပိုး၊ ပျ စသည်ဖြင့် များစွာရှိကြပါတယ်။ တမာပင်မှာဆိုရင်လဲ အကြေးပိုးအပါအဝင် (၁၄)မျိုးလောက် ပိုးကျတက်ပါသတဲ့။

    ကဲ.........ဘယ့်နှယ့်ရှိစ။ သူတို့ကိုယုံလို့ ပိုးသတ်ဆေးအဖြစ် သုံးပါမယ်ဆိုမှ သူတို့ဆီမှာလည်း ပိုးကျတယ်ဆိုတော့?

    အပင်တွေဟာ၊ သူ့ကိုစားမယ့်ရန်သူ့တွေထံမှကာကွယ်ဖို့နဲ့ ပြန်တိုက်ခိုက်ဖို့အတွက် အဆိပ်မျိုးစုံထုတ်ပါတယ်။ တချို့အဆိပ်တွေက သေစေနိုင်သလို၊ အချို့က အစာစားချင်စိတ်မရှိအောင်လုပ်ပါတယ်၊ မျိုးပွားလို့မရအောင်လုပ်ပါတယ်၊ တချို့ကတော့ အစာခြေလို့မရအောင် ထုတ်လုပ်ပါတယ်။ ဥပမာ- ပီလောပီနံဥကို အစိမ်းစားတဲ့အခါ ဥမှာပါတဲ့ glycol cyanide ကနေ ဆိုင်ရာနိုက်အဆိပ်ထုတ်ပြီး စားမိတဲ့တိရစ္ဆာန်ကို အဆိပ်သင့်စေပါတယ်။ ဆေးရွက်ကြီးပင်မှာပါတဲ့ နီကိုတင်းအဆိပ်ကလည်း စုပ်စားပိုးအများစုရဲ့ အာရုံကြောစနစ်ကိုတိုက်ခိုက်ပါတယ်။ ဒါကြောင့်မို့ ဆေးရွက်ကြီးကို သဘာဝပိုးသတ်ဆေးအဖြစ် ရှေးနှစ်ပေါင်းများစွာကတည်းက အသုံးပြုခဲ့တာဖြစ်ပါတယ်။ နီကိုတင်းအရမ်းများရင် လူအပါအဝင်သတ္တဝါအချို့ရဲ့ကြွက်သားတွေကို ရာသက်ပန်ကျုံ့သွားစေပြီး အကြောသေသွားစေနိုင်ပါတယ်၊ အသက်အန္တရာယ်ကိုခြိမ်းခြောက်နိုင်ပါတယ်။

    နောက်မေးခွန်းတစ်ခုက အဆိပ်ထုတ်တဲ့အပင်တွေမှာရော အဲဒီ့အဆိပ်ပြန်မသင့်စေဘူးလားမေးစရာရှိပါတယ်။ ဥပမာ- မြွေဆိပ်က မြွေကိုမသေစေဘူးလားပေါ့။ ဆေးရွက်ကြီးပင်မှာဆိုရင် အခြောက်ခံပြီးအပင်အလေးချိန်ရဲ့ (၀.၃) ကနေ (၅)ရာခိုင်နှုန်းအထိ နီကိုတင်းပါတာမို့ မနည်းပါဘူး။

    အဆိပ်ထုတ်တဲ့အပင်တွေဟာ အဆိပ်တွေကိုထုတ်လုပ်ပြီးနောက် စိတ်ချရတဲ့ နေရာတွေမှာ သော့ခတ်သိမ်းထားလိုက်ပါတယ်။ ဥပမာ- ဆဲလ်တွေထဲက Vacuole လိုမျိုး သိုလှောင်လို့ကောင်းမယ့် နေရာတွေပေါ့။ ဆေးရွက်ကြီးအပင်ထဲမှာဆိုရင် နီကိုတင်းကို အဆိပ်မရှိတဲ့ပုံစံဖြစ်အောင် ပြောင်းလဲပြီးတော့မှ တစ်သျှူးတွေထဲမှာ သိုလှောင်တာမို့ သူ့ကိုပြန်ဒုက္ခမပေးနိုင်ပါဘူး။ အခြားသတ္တဝါတွေကဆေးရွက်ကြီးကို စားသုံးလိုက်မှသာ အဆိပ်မရှိအောင် ဖုံးအုပ်ထားတဲ့ မော်လီကျူးကပျက်သွားပြီး၊ ဆေးစွမ်းပြတာပါ။ နောက်ဖြစ်နိုင်စွမ်းကတော့ နီကိုတင်းက အာရုံကြောစနစ်ကိုသာအဓိက တိုက်ခိုက်တာမို့၊ အာရုံကြောစနစ်တွေမပါတဲ့ ဆေးရွက်ကြီးပင်အတွက် ဘာမှမဖြစ်ပါဘူး။

    ဒါကြောင့်အဆိပ်ထုတ်တဲ့အပင်တွေဟာ သူ့အဆိပ်သူပြန်မသင့်နိုင်တာပါ။

    မြေဆိပ်တွေကတော့ သတ္တဝါတွေရဲ့သွေးလှည့်စနစ်ထဲကိုရောက်မှ မြွေဆိပ်တက်စေတာပါ၊ သေစေတာပါ။ မြွေတွေမှာ မြေဆိပ်တွေကို ဂလင်းအကျိတ်တွေထဲမှာသာ သိုလှောင်ထားပါတယ်။ ဒါကြောင့် မြွေပေါက်ထားတဲ့သားကောင်တွေကို ပြန်မျိုချတဲ့အခါ၊ အဆိပ်တွေပါနေပေမယ့် သူ့ရဲ့အဆိပ်တွေက အစာခြေလမ်းကြောင်းထဲပဲရောက်ပြီး၊ သွေးလှည့်စနစ်ထဲမရောက်နိုင်တာမို့ သူ့အဆိပ်ကို သူကပြန်ခံနိုင်ရည် ရှိတာဖြစ်ပါတယ်။ နောက်တစ်ခုက သူ့အဆိပ်ကိုခံနိုင်ရည်ရှိတဲ့ ခုခံအားကောင်းဆဲလ်တွေရှိနေတာကြောင့် လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့်မျိုးတူမြွေအချင်းချင်းအကိုက်ခံရရင် ခံနိုင်ရည်ရှိပြီး၊ မျိုးမတူတဲ့ မြွေရဲ့အကိုက်ခံရရင်တော့ သူလည်းပဲ အဆိပ်သင့်နိုင်ပါတယ်။

    ကဲပါလေ နီကိုတင်းအကြောင်းပြန်ပြောရအောင်။

    သုတေသနတစ်ခုမှာ ဆေးရွက်ကြီးအပင်ရဲ့ DNA ထဲက နီကိုတင်းထုတ်တဲ့ ဗီဇကိုအစွမ်းမပြအောင် ပိတ်လိုက်ပြီး၊ သာမာန်ဆေးရွက်ကြီးအပင်တွေနဲ့အတူ စိုက်ခင်းထဲမှာ စမ်းသပ်စိုက်ပျိုးပါတယ်။

    မျှော်လင့်ထားသလိုပါပဲ။ နီကိုတင်းမထုတ်နိုင်အောင်ဗီဇပြောင်းထားတဲ့အဆိုပါဆေးရွက်ကြီးအပင်တွေဟာ ဆေးရွက်ကြီးမှာကျလေ့ရှိတဲ့ အနီရောင်ဦးချိုပါ hornworm ဘောက်ဖက်တွေရဲ့ ဖျက်စီးခြင်းကို အဆိုးရွားဆုံးခံရပါတယ်။ သာမာန်အပင်တွေထက် (၂)ဆလောက် အဖူးတွေနဲ့ အရွက်တွေ အစားခံရပါတယ်။

    ဒီသုတေသနအရ ဆေးရွက်ကြီးပင်ရဲ့ခုခံအားစနစ်ကနေ အခြားအဆိပ်တွေထုတ်ချင်ထုတ်နိုင်ပေမယ့်၊ နီကိုတင်းကြောင့်သာ ဆေးရွက်ကြီးမှာကျတဲ့ဖလံဘောက်ဖက်ကို ကာကွယ်နိုင်ခဲ့ပါတယ်။ နီကိုတင်းမရှိပါက ဖျက်ပိုးကြောင့်ဖျက်စီးခံရမှု အလွန်များပါတယ်။

    ဘောက်ဖက်တွေကလည်း နီကိုတင်းကိုခံနိုင်ရည်ရှိပေမယ့်၊ ရွေးချယ်ခွင့်ရပါက နီကိုတင်းမပါတဲ့ အပင်တွေကိုသာ ရွေးချယ်စားတဲ့စရိုက်ရှိကြောင်းတွေ့ရပါတယ်။ အဆိပ်မသင့်တော့တဲ့အတွက် ဘောက်ဖက်တွေက စားသမျှအားရှိပြီး ပိုမိုကြီးထွားလာကြောင်းတွေ့ရှိရပါတယ်။

    ဒီလိုမျိုး အဆိပ်ရှိတဲ့အပင်တွေကိုမှ စားသောက်လိုတဲ့ ဆေးရွက်ကြီး hornworm အပါအဝင် အင်းဆက်တွေကရော ဘယ်လိုမျိုးခံနိုင်ရည်တွေရှိနေလို့ ဒါတွေကိုမှ တန်းတန်းစွဲဖြစ်နေရပါသလဲ?

    အစိမ်းရောင်အစင်းကျားရှိပြီး ဦးချိုပါတဲ့ ဒီဘောက်ဖက်မျိုးဟာ ဆေးရွက်ကြီး၊ အာလူးနဲ့ ခရမ်းချဥ်တွေမှာ ကျလေ့ရှိပါတယ်။ အခြားအင်းဆက်တွေခံနိုင်ရည်မရှိတဲ့ နီကိုတင်းပမာဏကို ဆေးရွက်ကြီး hornworm ဘောက်ဖက်တွေက ခံနိုင်ရည်ရှိပါတယ်။ ဆေးရွက်ကြီးမှာပါလာတဲ့နီကိုတင်းအချို့ကို ဘောက်ဖက်ရဲ့ DNA ထဲကဗီဇ (တိတိကျကျပြောရရင် ဗီဇအမည် CYP6B46)က ဓာတ်ပြယ်အောင် ညွှန်ကြားပါတယ် (ဘယ်လိုပစ္စည်းတွေအဖြစ် ဓာတ်ပြယ်သွားလဲဆိုတာကိုတော့ ဘောက်ဖက်ရဲ့မစင်နဲ့ ခန္ဓာကိုယ်ထဲမှာ ခုထိရှာမတွေ့သေးပါဘူး)။ နီကိုတင်းအချို့ကိုတော့ ဘောက်ဖက်ရဲ့ခန္ဓာကိုယ်ထဲမှာ သွေးလိုမျိုးစီးဆင်းနေတဲ့အရည် (haemolymph) တွေထဲကို ပို့ဆောင်ပါတယ်။ ထို့နောက် ဘောက်ဖက်ရဲ့ဘေးတဖက်တချက် လေရှူပေါက်တွေကတဆင့် နီကိုတင်းကို ရှုထုတ် သို့မဟုတ် ထုတ်လွှင့်ပါတယ်။ အမှန်တော့ ခန္ဓာကိုယ်အရည်တွေထဲရောက်နေတဲ့ နီကိုတင်းပမာဏရဲ့ ၀.၆၅ % ကိုသာ ပြန်ရှုထုတ်ပေမယ့်၊ အခြားပိုးကောင်တွေကို ထွက်ပြေးစေဖို့ နီကိုတင်းအဆိပ်ငွေ့တွေက လုံလောက်ပါတယ်။ အဆိပ်ငွေ့တွေကြောင့် ပင့်ကူအပါအဝင် အခြားအင်းဆက်တွေ သူ့ကိုမစားနိုင်တော့ဘူးပေါ့၊ ပရိုတိန်းတွေပြည့်နေတဲ့ဘောက်ဖက်ခန္ဓာကိုယ်ထဲကို ကပ်ပါးကောင်တွေလာဥထည့်ဖို့ နကျယ်ကောင်တွေ အနားမကပ်တော့ဘူးပေါ့။ ဘယ်လောက်တော်တဲ့ ဘောက်ဖက်ပါလဲ? အဆိပ်ကိုလည်းစားနိုင်တယ်၊ သူ့ကိုကာကွယ်ဖို့အတွက်လဲ ပြန်အသုံးချပါတယ်။

    နိဂုံးချုပ်ရရင် အဆိပ်တွေထုတ်တဲ့အပင်တွေဟာ သူတို့ထုတ်တဲ့အဆိပ်တွေကို ခံနိုင်ရည်ရှိအောင် စိတ်ချရတဲ့ ပုံစံအဖြစ်ပြောင်းပါတယ်။ မော်လီကျူးအချို့နဲ့ချိတ်ဆက်ပြီး အသွင်ပြောင်းထားစေပါတယ်။ ဒါကြောင့်သူတို့ မသေနိုင်ပါဘူး။

    အဆိပ်တွေထုတ်တဲ့အပင်တွေကို စားသုံးနိုင်အောင်လို့ အင်းဆက်တွေနဲ့ရွက်စားသတ္တဝါတွေမှာ အဆိပ်ပြယ်စေတဲ့ ဗီဇတွေရှိပြီး၊ ဓာတ်ပြယ်စေပါတယ်၊ အသွင်ပြောင်းစွန့်ထုတ်ပါတယ်၊ သူတို့ကိုကာကွယ်ပေးနိုင်တဲ့အရာအဖြစ် လိမ္မာပါးနပ်စွာ ပြန်လည်အသုံးချပါတယ်။ ဒါကြောင့်အချို့ဖျက်ပိုးနဲ့ သတ္တဝါတွေဟာ အဆိပ်ရှိအပင်တွေကို စားသုံးနိုင်ခြင်းဖြစ်ပါတယ်။ ဒါကြောင့်မို့ ဆေးရွက်ကြီးပင်၊ တမာပင်တို့သည်လည်း လောကီသားပေမို့ ဒီလိုမျိုးဖျက်ပိုးအချို့ကိုတော့ ခံနိုင်ရည်မရှိရခြင်းဖြစ်ပါတယ်။

    (Entomologist တစ်ယောက်မဟုတ်တာမို့ ပညာရပ်ပိုင်းဆိုင်ရာ ဝေါဟာရအသုံးအနှုန်းများမှားယွင်းလျှင် ကျွန်တော့်တာဝန်သာ ဖြစ်ပါကြောင်း။)

    ဒေါက်တာဝဏ္ဏထွန်း

    ------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ -

    https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို Like, Share နှင့် Download လုပ်ထားပါ - https://bit.ly/htwettoev2


  • article
likes8comments0
views157views1711