cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ငှက်ပျောသီး စစ်ပွဲများမှ သင်ခန်းစာရယူခြင်း

. သတင်းစုံ
စပိန်နိုင်ငံနှင့် အမေရိကန် ပြည်ထောင်စုအကြား စစ်ပွဲပြီးဆုံးချိန် ၁၈၉၈ ခုနှစ်နှင့် ၁၉၃၄ ခုနှစ်အကြား ဖြစ်ခဲ့သော စစ်ပွဲများကို “ငှက်ပျောသီးစစ်ပွဲ Banana War” ဟု လူသိများခဲ့သည်။
  • ကမ္ဘာ့ ငှက်ပျောသီး စစ်ပွဲများ ဤကမ္ဘာတွင် နှစ်ကြိမ် ဖြစ်ခဲ့ဘူးသည်။ ပထမစစ်ပွဲမှာ အမေရိကန် ပြည်ထောင်စုနှင့် ဗဟိုအမေရိကနိုင်ငံများဖြစ်သော ဂျာဗား၊ ပနားမား၊ ဟွန်ဒူးရပ်(စ်)၊ နီကွာဂါရာမဂ္ဂစီကို၊ ဟေတီနှင့် ဒိုမီနီကန်အကြား ဖြစ်ခဲ့သော စစ်ပွဲများဖြစ်သည်။

    စပိန်နိုင်ငံနှင့် အမေရိကန် ပြည်ထောင်စုအကြား စစ်ပွဲပြီးဆုံးချိန် ၁၈၉၈ ခုနှစ်နှင့် ၁၉၃၄ ခုနှစ်အကြား ဖြစ်ခဲ့သော စစ်ပွဲများကို “ငှက်ပျောသီးစစ်ပွဲ Banana War” ဟု လူသိများခဲ့သည်။

    ငှက်ပျောသီးမှာ အပူပိုင်းဒေသမှ လူကြိုက်များလှသော သစ်သီးဖြစ်သည်။ စပျစ်သီးမှလွဲ၍ ဈေးကွက် အကျယ်ဆုံးအသီး ဖြစ်လာသည်။ ငှက်ပျောသီးကို တန်ဖိုးထားပြီး ဆေးသုံးသော နိုင်ငံများမှာ ကမ္ဘာ့သမပိုင်းမှနိုင်ငံများဖြစ်၍ ၎င်းင်းတို့၏ နယ်မြေ၊ ၎င်းတို့၏ ဒေသတွင် ငှက်ပျောစိုက်ပျိုး၍ မရပါ။ ထို့ကြောင့် ငှက်ပျောကို ဧက သိန်း၊ သန်းချီစိုက်ပျိုးနိုင်သော တောင်အမေရိက မြောက်ပိုင်းနိုင်ငံများနှင့် မြောက်အမေရိက၊ တောင်ပိုင်းနိုင်ငံများတွင် ငှက်ပျောစိုက်ပျိုးထုတ်လုပ်သောလုပ်ငန်းကြီးကို ပြုလုပ်ခဲ့ကြသည်။

    ဤနိုင်ငံများတွင် လက်တင် အမေရိကနိုင်ငံများ၊ ကာရေဗီယံနိုင်ငံများ ပါဝင်နေသည်။ ထိုအပူပိုင်း

    ဒေသများတွင် ငှက်ပျော စိုက်ပျိုးခြင်းလုပ်ငန်းကို လက်ဝါးကြီး အုပ်ထားသော အမေရိကန် ကုမ္ပဏီမှာ United Fruit Company ဖြစ်သည်။ အမေရိကန် ပြည်ထောင်စုနှင် စစ်ဖြစ်ပြီး စစ်ရှုံးသွားသော စပိန်၊ ကျူးဗား၊ ပြူတိုရစ်ကိုနှင့် ဖိလစ်ပိုင်နိုင်ငံများကို လက်လွှတ်လိုက်ရသည်။ ထိုဒေသများတွင် အမေရိကန်တို့၏ သြဇာသက်ရောက်မှု တိုးလာသည်။ ထို့ပြင် အမေရိကန်အစိုးရက ထုတ်ပြန်သောလက်တင်အမေရိကနိုင်ငံများနှင့် အမေရိကန် ဆက်ဆံရေးနှင့် ပတ်သက်သော မွန်းရိုးကြေငြာစာတန်း Monroe Doctrine က အခြေအနေကို ဖိအားဖြည့်ပေးခြင်း ဖြစ်သည်။

    ထိုစဉ်က အမေရိကန် သမ္မတဖြစ်သော သီအိုဒိုရူးစဗက်၏ သြဇာသက်ရောက်မှုကို ပိုဆိုးစေသည်။ ထိုသို့ဖြစ်ရသော အကြောင်းများတွင် ထိုဒေသတွင်း နိုင်ငံများ၌ တရားဥပဒေလွှမ်းမိုးမှု မရှိခြင်း၊ အဂတိလိုက်စားခြင်း၊ လုပ်သားများအပေါ် ဆက်ဆံရေးမမျှတခြင်းကြောင့်လည်း ဖြစ်၍ လူမှုရေးမညီမျှမှုကြောင့် ဆိုးသွမ်းလုယက်မှုများ ထူပြောခြင်း၊ သူပုန်အဖွဲ့များ၊ လှန်သူများရှိနေခြင်းကအခြေအနေကို ပို၍ထိန်းမနိုင်၊ သိမ်းမရ ဖြစ်စေသည်။ ထို အခြေအနေမျိုးတွင် လက်နက်များကို ထောက်ပံ့နိုင်သော အမေရိကန်တို့အတွက် နိုင်ငံရေးသြဇာ၊ စီးပွားရေးသြဇာ၊ စစ်ရေးသြဇာ ပိုကြီးလာတော့သည်။ ထိုဒေသတွင် ထိုကာလ၌ အမေရိကန်တို့၏ အကျိုးစီးပွားနှင့် သြဇာအရှိန်အဝါကို ပံ့ပိုးပေးသည့် အဖွဲ့အစည်းမှာ အမေရိကန်ရေတပ်ဖြစ်သည်။

    ထိုရေတပ်၏ အကြီးအကဲမှာ ဗိုက်ချုပ်စမက်လေဘတ်ဆိုသူ ဖြစ်သည်။ ထိုသူမှာ ထိုဒေသတွင် ၁၉၀၃ ခုနှစ်မှ ၁၉၃၄ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၁၄ ခုနှစ်နှင့် ၁၉၁၃ ခုနှစ်တွင် သူကိုယ်တိုင်ရေးသားသော စာအုပ်တွင် မိမိမှာအမေရိကန် လုပ်ငန်းရှင်ကြီးများထက် သူဌေးကြီးများ၏ အားထားရသော လူ့စွမ်းကောင်းအဖြစ် အမွှမ်းတင်ခဲ့သည်။ တချို့သော သမိုင်းဆရာများကမူကား ထိုသူကို ဓနရှင်ဝါဒ၏ လူဆိုးဂုဏ်ခေါင်းဆောင်ဟု ကင်ပွန်းတပ်ကြသည်။ အမေရိကန် ငှက်ပျောသီး လုပ်ငန်းရှင်ကြီးများသည် ထိုကြီးကျယ်သော ငှက်ပျော လုပ်ငန်းအတွက်လိုအပ်သော ရထားလမ်းများ တည်ဆောက်သည်။

    ဧက သိန်းသန်းချီသော ငှက်ပျောခင်းများအတွင်းမှ ငှက်ပျောခိုင်ကြီးများကို အထိအခိုက်မရှိဘဲ သယ်ယူနိုင်ရန် ကောင်းကင်ကြိုးတန်းများ ပြုလုပ်၍ ထုတ်ယူကြသည်။ ထို့နောက် ငှက်ပျောသီးဈေးကွက် ကြီးမားစွာရှိနေသော မြောက်အမေရိကနိုင်ငံ နှစ်နိုင်ငံဖြစ်သော

    အမေရိကန်ပြည်ထောင်စုမှ ကနေဒါနိုင်ငံသို့လည်းကောင်း၊ အနောက်ဥရောပနိုင်ငံများဆီသို့ ပင်လယ်ကူးသင်္ဘောကြီးများနှင့် တင်ပို့သည်။ ငှက်ပျောသီးများကို အခိုင်လိုက်သာမက အသီးလိုက်ထုပ်ပိုးပြီး သင်္ဘောကြီးများ၏ အအေးခန်းအတွင်း သယ်ယူကြသည်။

    ဈေးကွက်ကိုရောက်သောအခါမှ ဓာတုနည်း သို့မဟုတ် ရင့်မှည့်ဟော်မုန်းအသုံးပြုပြီး မှည့်စေသည်။ ဈေးကွက်က လိုအပ်သလောက်ကိုသာ မှည့်စေသည်။ အမေရိကန်တို့၏ ထိုဒေသအတွင်း သြဇာသက်ရောက်မှုကို ၁၉၃၄ ခုနှစ်၊ အမေရိကန်ထိုဒေသမှ သမ္မတ၏အမိန့်ဖြင့် ရုတ်သိမ်းချိန်အထိ ရှိခဲ့သည်။ ငှက်ပျောသီး စီးပွားရေးလုပ်ငန်းတွင် နိုင်ငံရေး၊ စစ်ရေးကိစ္စများစွာ ပါဝင်ရောယှက်ခဲ့သည်။

    လွန်ခဲ့သော ၁၅ နှစ်ဝန်းကျင်တွင် အနောက်ဥရောပနိုင်ငံများကလည်း အမေရိကန်တို့စိုက်ပျိုးသော ငှက်ပျောသီးလုပ်ငန်းကို အားကျပြီး ထိုဒေသများတွင် မိမိတို့ ငှက်ပျောလုပ်ငန်းများကို လုပ်ကိုင်ခဲ့ကြသည်။ မိမိတို့စိုက်ပျိုး၍ ထွက်လာသော ငှက်ပျောဈေးကွက်မှအမေရိကန်တို့၏ အရေးထားမှု ကို ခံစားရသည်။ ထို့ကြောင့် မိမိတို့တိုင်းပြည်များအတွင်း အမေရိကန်ငှက်ပျောများမဝင်ရောက်နိုင်ရန်တားဆီးပိတ်ဆို့မှုများပြုလုပ်ကြသည်။ ဤသည်မှာလည်း ခေတ်သစ်ကာလ၏ ကမ္ဘာ့ငှက်ပျောသီးစစ်ပွဲတစ်ရပ် ဖြစ်သည်။ သေနတ်သံမမြည်သော စီးပွားရေးစစ်ပွဲဖြစ်သည်။ ထိုအခြေအနေကို အမေရိကန်က ကမ္ဘာ့ကုန်သွယ်ရေးနှင့် အခွန်အတုတ်အဖွဲ့ကြီးဆီသို့ တိုင်ချက်ဖွင့်လိုက်ပြီး နှစ်အနည်းငယ်ကြာသောအခါ အမေရိကန်များကို အနိုင်ပေး၍ ဤဒုတိယငှက်ပျောသီးစစ်ပွဲကို အဆုံးသပ်ခဲ့သည်။

    မြန်မာတို့သည် ရှည်လျားသော သမိုင်းတစ်လျှောက် ငှက်ပျောနှင့် ရင်းရင်းနှီးနှီးရှိခဲ့သည်။ စားသုံးခြင်း၊ ကိုးကွယ်ပူဇော်ခြင်း၊ ယဉ်ကျေးမှုဓလေ့ကိစ္စများစွာတွင် ငှက်ပျောနှင့် ပူးပူးကပ်ကပ်ရှိခဲ့သည်။ ထို့ပြင် တချို့သော ရုက္ခဗေဒပညာရှင်များက မြန်မာနိုင်ငံအရပ်ရပ်တွင် ဗီဇကွဲသော ငှက်ပျော၊ အယာဉ်၊ အရိုင်း များစွာရှိနေခြင်းကြောင့် မြန်မာနိုင်ငံမှာ ငှက်ပျောသီး၏ မူရင်းဒေသ Centre of Origin ဟု ပြောကြသည်။ ယနေ့ ကမ္ဘာ့အသီးလောကတွင် ထင်ရှားကြော်ကြားသော ငှက်ပျောနှင့်ပတ်သက်၍ မြန်မာများအနေနှင့် စိုက်ပျိုးရေး သိပ္ပံနည်းပညာ အရလည်းကောင်း၊ စီးပွားရေးအရလည်းကောင်း မရရှိသေးသည်မှာ ဝမ်းနည်းဖွယ်ဖြစ်သည်။ လွန်ခဲ့သော နှစ်အနည်းငယ်မှစ၍ တရုတ်တို့သည် ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်းဒေသများတွင် ငှက်ပျောကို ဧကသောင်းချီ စိုက်ပျိုးခဲ့ကြသည်။ ငှက်ပျောသည် မြေသြဇာအစားများသော သီးနှံဖြစ်သကဲ့သို့ ရေသောက်များသော အပင်လည်းဖြစ်သည်။ ငှက်ပျောလာရောက်စိုက်ပျိုးသူတို့ထဲမှ ဒေသခံများအနေနှင့် မြေငှားခရယုံဖြင့် မကျေနပ်ဘဲ တရုတ်တို့၏ အောင်မြင်မှုမျိုးကို ရရှိရန် ပြုပြင်ပြောင်းလဲရန် လိုအပ်နေပြီဖြစ်

    သည်။ မြန်မာတို့၏ လှေခေတ်၊ လှည်းခေတ်ကရှိခဲ့သော ငှက်ပျောစိုက်နည်းစနစ်နှင့် တရုတ်တို့၏ ခေတ်မီတိုးတက်သော သိပ္ပံနည်းကျသော ငှက်ပျောစိုက်ပျိုးရေးစနစ်ကို နှိုင်းယှဉ်လေ့လာပြီး ခေတ်မီသော သိပ္ပံနည်းကျသော စိုက်ပျိုးရေးစနစ်ဖြင့်သာ စိုက်ပျိုးရန်လိုအပ်နေပြီ ဖြစ်သည်။ တရုတ်တို့၏ ငှက်ပျောစိုက်ပျိုးရေးကို ဝန်းကျင်သယံဇာတပျက်စီးမှု၊ ဓာတုအဆိပ်သင့်မှုမမျှသော စီးပွားရေး၊ လူမှုရေးစသည့်အမှုများကို ဝေဖန်ခြင်းထက် မြန်မာတို့၏ ငှက်ပျောစိုက်ပျိုးခြင်းကို ခေတ်မီပြီး၊သိပ္ပံနည်းကျသော လမ်းစဉ်ကိုသာ ဖော်ထုတ်အသုံးပြုရန်သည်သာ ထွက်ရလမ်းဖြစ်သည်။ မြန်မာတို့ ရင်ဆိုင်ဖြေရှင်းရမည့် သေနတ်သံမပါသော ငှက်ပျောသီးစစ်ပွဲတစ်ရပ်ကို သက်ဆိုင်သူတိုင်း သဘောပေါက်ရန် လိုအပ်ပါသည်။

    - ဦးဖရက်သိန်း

    မြန်မာတောင်သူကြီးများဂျာနယ်

    အတွဲ(၂၂) အမှတ်(၃၂၉)၊ နိုဝင်ဘာ ၂၆ - ဒီဇင်ဘာ ၂၊ ၂၀၁၈ ခုနှစ်

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
likes9comments0
views157views2292