သီးထိုးယင်ဘက်စုံကာကွယ်နှိမ်နင်းနည်းများ
မြန်မာနိုင်ငံရှိ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်များတွင်ကျရောက်သောအဓိကသီးထိုးယင်မျိုးစိတ်များ
သီးထိုးယင်သည် ဒူးရင်းသီး၊ နာနတ်သီး၊ အုန်းသီးကဲ့သို့အခွံမာသီးများမှလွဲ၍ သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက်များတွင်ကျရောက်ဖျက်ဆီးပြီး မြန်မာနိုင်ငံ၏ဒေသအားလုံးတွင် ပျံ့နှံ့ကျရောက်လျက်ရှိပါသည်။ ၎င်းတို့ကြိုက်နှစ်သက်သော သစ်သီးအမျိုးအစား၊ ယင်ကောင်၏သွင်ပြင်လက္ခဏာ၊ သက်တမ်းစသောအချက်များအပေါ်မူတည်၍ မျိုးစိတ်အမျိုးမျိုးရှိကြပါသည်။ မြန်မာနိုင်ငံတွင်ကျရောက်ဖျက်ဆီးသည့် အဓိကမျိုးစိတ်များမှာ
၁။ Bactrocera dorsalis, ၂။ Bactrocera correcta, ၃။ Bacterocera cucurbitae
ကျရောက်သည့်သီးနှံများ
သရက်၊ မာလကာ၊ ရှောက်၊ လိမ္မော်၊ ပိန္နဲ၊ ထောပတ်၊ ကျွဲကော၊ နဂါးမောက် စသည့်သစ်သီးဝလံများနှင့် ဘူး၊ ဖရုံ၊ ခဝဲ၊ သခွား၊ ကြက်ဟင်းခါး စသည့်ဟင်းသီးဟင်းရွက်များ။
ဘဝစက်ဝန်းနှင့်ဖျက်ဆီးပုံလက္ခဏာများ
ဘဝစက်ဝန်းအဆင့်ဆင့်နှင့် စားသောက်နေထိုင်ပုံတို့ကိုသေချာစွာသိမှသာလျှင် ထိရောက်စွာနှိမ်နင်းနိုင်မည်ဖြစ်ပါသည်။
(က) ဥအဆင့်
ဥများသည် အဖြူရောင်၊ ရှည်မျောမျောနှင့် (၁)မီလီမီတာခန့်ရှည်သည်။ သာမာန်မျက်စိဖြင့်မြင်နိုင်ပြီး အသီးထဲတွင် (၁-၂) ရက်ခန့်အကြာတွင်အကောင်ပေါက်နိုင်သည်။
(ခ) လောက်ကောင်အဆင့်
အဆင့်(၃)ဆင့်ရှိသည်။ အသီးထဲတွင်ပေါက်ခါစ ပထမအဆင့်လောက်ကောင်သည် (၁)မီလီမီတာခန့်ရှည်ပြီး အသီးအသားတွင်းစတင်စားသောက်နေထိုင်၍ (၂)ရက်မြောက်နေ့တွင်ဒုတိယအဆင့် လောက်ကောင်သို့ပြောင်းပြီးလျင်မြန်စွာကြီးထွားလာကာ (၃)ရက်အတွင်း (၇-၈) မီလာမီတာခန့်အထိရှည်လျားလာပြီး တတိယအဆင့်သို့ရောက်သည်။
လောက်ကောင်အဆင့်သည် အသီးအတွင်းတွင် (၆-၁၀)ရက်ခန့်အထိ နေထိုင်စားသောက် ဖျက်ဆီးပါသည်။
ပိုးကျအသီးသည် (၄-၇) ရက်အတွင်းရေစိုနာကွက်များနှင့်အတူပျော့ပုပ်၍ ကြွေကျလာပါသည်။
(ဂ) ပိုးရုပ်ဖုံးအဆင့်
အသီးပုပ်အတွင်းရှိနောက်ဆုံးအဆင့်လောက်ကောင်သည် အသီးအတွင်းမှခုန်ဆင်း၍ မြေကြီးအတွင်းသို့ဝင်ရောက်နေထိုင်ကာ ရုပ်ဖုံးအဆင့်သို့ပြောင်းလဲပြီး (၆-၁၀)ရက်ခန့်ကြာလျှင် အကောင်ကြီးထွက်လာပါသည်။
(ဃ) အကောင်ကြီးအဆင့်
သီးထိုးယင်အထီးနှင့်အမသည် (၂-၄)လအထိ မိတ်တစ်ကြိမ်သာလိုက်ပြီး ယင်မသည်အကြိမ်များစွာ ၎င်း၏ “ဥအုတံ”ဖြင့် (၀.၅ စင်တီမီတာ)ခန့် သစ်သီးအခွံပေါ်မှထိုး၍အသားထဲသို့ “ဥ”အုချပါသည်။ တစ်နေ့တွင် (၁-၆) ကြိမ်ခန့်အထိအုပါသည်။ အသီးမျက်နှာပြင်ပေါ်တွင် အစက်အပြောက်များဖြစ်ပေါ်နေပြီး ရေစိုနာပျော့ကွက်များနှင့်အတွင်းသားပုပ်နေပါသည်။
ကာကွယ်နှိမ်နင်းနည်းများ
၁။ သရက်ပန်းစတင်ပန်းပွင့်ချိန်မှ (၅၅-၆၅)ရက်အတွင်း သရက်သီး (ကြက်ဥအရွယ်)တွင်အိတ်စွပ်ပါ။ အိတ်မစွပ်မီ မှတ်ပုံတင်ထားသည့်သင့်လျော်သောဓာတုပိုးသတ်ဆေးနှင့်မှိုသတ်ဆေးတစ်မျိုးမျိုးကို အညွှန်းပါနှုန်းထားအတိုင်းပက်ဖြန်းပါ။
၂။ အထီးဆွဲဆောင်ဟော်မုန်း (Methyl Eugenol) နှင့်သင့်တော်သောဓာတုပိုးသတ်ဆေးအနည်းငယ်ရော၍ ထောင်ချောက်ပြုလုပ်ပြီး (၁)ဧကလျှင် ၅ခုနှုန်းတပ်ဆင်ကာယင်ထီးများအားဖမ်းဆီးပြီးအစုအပြုံလိုက် ဖျက်ဆီးပစ်ပါ။
၃။ ကြွေကျအသီး၊ အသီးပုပ်များအားအပတ်စဥ်စုဆောင်းပြီး အောက်ပါနည်းလမ်းများကိုအသုံးပြု၍ဖျက်ဆီးပါ။
(က) မြေကျင်း (အနည်းဆုံးအနက် ၁.၅ ပေ)ခန့်တွင် မြေမြုပ်ပါ။
(ခ) ပလပ်စတစ်အိတ်အတွင်းထည့်၍ပုပ်ဆွေးသည်အထိထားရှိပြီး မြေဆွေးပြုလုပ်သုံးစွဲပါ။ ဖြစ်နိုင်လျှင်ကပ်ပါးနဂျီကောင်လေးများအပြင်ထွက်နိုင်ပြီး ပိုးလောက်ကောင်မထွက်နိုင်သော အရွယ်အစားရှိသည့် အပေါက်လေးများပါသောအိတ်များကိုအသုံးပြုကာ သဘာဝမိတ်ဆွေပိုးများထိန်းသိမ်း မွေးမြူနိုင်သည်။
(ဂ) အသီးကြွေများကို တိရစ္ဆာန်များအားကျွေး၍ ဖျက်ဆီးပါ။
၄။ ပရိုတိန်းမျှားစာနှင့်ရေအရော ၅၀ မီလီမီတာတွင် ပိုးသတ်ဆေး (Fipronil 5 SC) 1cc ရောပြီးခြံစည်းရိုးအပင်များတွင် ၁ ပင်လျှင် (၃)နေရာခန့် (၁)ပတ်လျှင် တစ်ကြိမ်အသီးကင်းဝင်ချိန်မှ စ၍ ခူးဆွတ်ချိန်အထိဖျန်း၍ နှိမ်နင်းကာကွယ်ပါ။
သီးနှံကာကွယ်ရေးဌာနခွဲ (သီးထိုးယင်ဓာတ်ခွဲခန်း)
-----
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို Like, Share နှင့် Download လုပ်ထားပါ - https://bit.ly/htwettoev2