cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

အလွယ်တကူဖော်စပ်နိုင်သော ပိုးသတ်ဆေးများ

. ပိုးမွှား
အလွယ်တကူဖော်စပ်နိုင်သော ပိုးသတ်ဆေးများ
  • သဘာဝပစ္စည်းများနှင့် အလွယ်တကူဖော်စပ်နိုင်သော ပိုးသတ်ဆေးများကို ဟိုရှေးယခင် စိုက်ပျိုးရေးကာလမှာ အသုံးပြုခဲ့ကြသည်။ ထို့နောက် ခေတ်စနစ်တွေ ပြောင်းလဲလာသလို စိုက်ပျိုးရေးလုပ်ငန်းလည်း အတူလိုက်ပါပြောင်းလဲလာခဲ့သည်။

    အထွက်ကောင်းမျိုး၊ အထွက်ကောင်းစိုက်နည်းတို့ကျင့်သုံးလာကြရာတွင် ဓာတုဗေဒပစ္စည်းများဖြင့် ပိုးသတ်ဆေးများ၏ စွမ်းအားကိုလည်း အသုံးပြုလာခဲ့ကြရပါတော့သည်။

    နှစ်ကာလကြာရှည်လာသောအခါ ဓာတုဆေးများ၏ အန္တရာယ်ကို သိရှိလာကြပြီး သဘာဝပိုးသတ်ဆေးများ၊ အလွယ်တကူကိုယ်တိုင်ပြုလုပ်နိုင်သော ပိုးသတ်ဆေးများဖြင့် စိုက်ပျိုးထုတ်လုပ်မှု၊ အော်ဂဲနစ်စိုက်ပျိုးရေး၊ အော်ဂဲနစ်လယ်ယာထွက်ကုန်သီးနှံ၊ ဥယျာဉ်ခြံသီးနှံများကို လိုလားတောင့်တလာကြပြန်သည်။ ဤတွင် ဆပ်ပြာ၊ ရေနံ၊ ရေနံချေး၊ ပရုတ်၊ ထင်းရှူးဆီ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်း၊ ငရုတ်တို့က ပြုလုပ်နိုင်သော ပိုးသတ်ဆေးများကို အော်ဂဲနစ်စိုက်ခင်းများတွင် အဓိကအသုံးပြုလာခဲ့ကြသည်။ မဲရိုင်းပင်၊ ပိစပ်ပင်၊ တမာပင်တို့အပြင် ဆေးရွက်ကြီးအပင်တို့ကလည်း တစ်စိတ်တစ်ပိုင်း ပါဝင်လာတော့သည်။


    ဆပ်ပြာဖျော်ရည်မှာ လွယ်ကူသည်။ အဝတ်လျှော်ဆပ်ပြာ (ရွှေဝါကဲ့သို့ ဆပ်ပြာခဲ၊ ဆပ်ပြာတုံး) ကို ပါးပါးလှီးပြီး ရေနှင့်ရောရသည်။ဆပ်ပြာတောင့်ပေါင်ဝက်၊ ရေနှစ်ဂါလန်ကို မီးပေါ်တင်ပြီး အရည်ပျော်အောင် ကျိုပါ။ ထို့နောက် အအေးခံပြီး ဆေးဖျန်းပုံးတွင်ထည့်၍သုံးလျှင် စုပ်ပိုးများ၊ ပျ၊လှေးကဲ့သို့ သေးငယ်နုနယ်သော ပိုးပျော့များကာကွယ်နှိမ်နင်းနိုင်သည်။


    ရေနံ၊ ဆပ်ပြာဖျော်ရည် မှာ ဆပ်ပြာ တောင့်ပေါင်ဝက်၊ ရေတစ်ဂါလန်၊ ရေနံဆီနှစ်ဂါလန် လိုအပ်သည်။ ပထမနည်းကဲ့သို့ဆပ်ပြာကိုမီးဖြင့်အပူပေးကျိုပါ။ ဆပ်ပြာပျော်သွားပါက မီးဖိုမှချပါ။ ရေနံဆီလောင်းထည့်ပြီး ဆပ်ပြာရည်နှင့် ရေနံဆီ ရောသွားအောင်မွှေပေးပါ။


    ဆေးရည်တစ်ဆ၊ ရေ ၁၆ဆ ရောဖျန်းရသည်။



    ရေနံချေး၊ ဆပ်ပြာရည် သည် ပုရွက်ဆိတ်၊ လှေးနှင့် ယင်များ နှိမ်နင်းနိုင်သည်။ဆပ်ပြာပျော့ပျော့ ပေါင်ဝက်နှင့် ရေငါးဂါလန်ရောစပ်၍ မီးဖြင့်ကျိုပါ၊ ဆပ်ပြာပျော်လျှင် မီးဖိုမှချ၍ ရေနံချေးတစ်ဂါလန်၏ လေးပုံတစ်ပုံထည့်လောင်းပြီး မီးဖိုပေါ်ပြန်တင်ပါ။ ပူလာချိန်ရောနှောသမသွားအောင်မွှေပါ။ ဆေးရည်စေးကပ်ပျစ်ချွဲလျှင် မီးဖိုမှချ၍ အအေးခံပါ။ ဆေးပေါင်ဝက် သို့မဟုတ်တစ်ပေါင်ခွဲကိုရေငါးဂါလန်တွင် ထည့်၍သမအောင်မွှေပေးရသည်။ ကြာရှည်ထားနိုင်သောဆေးအဖြစ် ရရှိသည်။ သုံးလိုသောအခါ ရေနှင့် လိုသလောက်ဖျော်၍ ပက်ဖျန်းနိုင်သည်။ စုပ်ပိုးများကို နှိမ်နင်းရာတွင် အသုံးပြုသည်။ နေအိမ်၌ စားပွဲများ၊ ပုရွက်ဆိတ်တက်လာမှု ကာကွယ်နိုင်သည်။ ကျွဲ၊ နွားအနာများ သုတ်လိမ်းနိုင်သည်။ ကျွတ်၊မျှော့ကာကွယ်ရန် သုတ်လိမ်းနိုင်သည်။


    ပရုတ်ဆေးဖျော်ရည်


    ပရုတ် ၁၄ ပေါင်၊ ရေနံဆီ တစ်ဂါလန်၊ ကျွဲကော်တစ်အောင်စ၊ ဆပ်ပြာတစ်ပေါင်သုံးရသည်။ ခွက်တစ်ခုတွင် ပရုတ်နှင့် ရေနံဆီရောစပ်ပြီး ပရုတ်ပျော်ရန် ရေနွေးပူနှင့်ဖျော်ပါ။ အခြားတစ်ခွက်တွင် ကျွဲကော်နှင့် ဆပ်ပြာကို ရေတစ်ဂါလန်ထည့်၍ မီးဖြင့်ကျိုပါ။အဆိုပါခွက်နှစ်ခွက်ကို ရောစပ်ပြီး မွှေပေးပါ။ ရရှိသောဆေးကို ရေဂါလန်ဝက် ထပ်မံရောစပ်ပက်ဖျန်းလျှင် ခူကောင်၊ လောက်ကောင်၊ ကိုက်စားပိုးများ နှိမ်နင်းနိုင်သည်။


    ထင်းရှူးဆီဆေးရည်


    ထင်းရှူးဆီနှစ်ပေါင်၊ အဝတ်လျှော်ဆော်ဒါတစ်ပေါင်၊ ဆပ်ပြာတောင့် တစ်ပေါင်၏ လေးပုံတစ်ပုံ၊ ရေတစ်ဂါလန်လိုအပ်သည်။ဆော်ဒါမှုန့်ကို ရေတွင်ထည့်ကျိုချက်ပါ။ ဆော်ဒါရည်ထဲသို့ ထင်းရှူးဆီမှုန့်ထည့်၍မွှေပါ။ မီးပေါ်တင်၍ ကျိုချက်ပါ။ ကော်ဖီရောင်ဖြစ်လာသည်အထိ မွှေပါ။ ထို့နောက် ဆပ်ပြာကိုလှီးထည့်ပြီး ဆပ်ပြာ အရည်ပျော်သွားသည်အထိ မွှေပြီးကျိုချက်ပါ။ ဆေးရည်လီတာဝက် (ရေသန့်ဘူးသည်တစ်လီတာရှိသည်) ကို ရေနှစ်ဂါလန်နှင့်ရောစပ်ပြီးဖျန်းလျှင် ရသည်။


    ကာဘော်လစ်ဆေးရည်


    ကာဘော်လစ်တစ်ပေါင်၊ ဆပ်ပြာတစ်ပေါင်၊ ရေဂါလန်ဝက်လိုအပ်သည်။ဆပ်ပြာကို ရေတွင်ထည့်ပြီး မီးနှင့်ကျို၊ ကာဘော်လစ်ရည်လောင်းထည့်ပြီး ရောသွားအောင် မွှေကာ အအေးခံလိုက်သည်နှင့် ဆေးရည်ရရှိသည်။ ဆေးရည်တစ်ဆ၊ ရေ ၁၀ ဆ


    ရောစပ်ဖျန်းလျှင် ပုရွက်ဆိတ်နှင့် အခွံပါးပိုးငယ်များ နှိမ်နင်းနိုင်သည်။


    ဆေးရွက်ကြီးရည်


    ဆေးရွက်ကြီးတစ်ပေါင်၊ ရေလေးဂါလန်၊ ဆပ်ပြာတစ်ပေါင်ကို ကျိုချက်ပြီးအအေးခံသုံးလျှင် ပုရွက်ဆိတ်၊ ပျ နှိမ်နင်းနိုင်သည်။


    ကြက်သွန်နီ၊ ကြက်သွန်ဖြူဆေးရည်


    ဆေးရည်သည် လုပ်ကိုင်ရမှု လွယ်ကူသည်။ ကြက်သွန်ဖြူဥကြီးတစ်လုံး၊ ကြက်သွန်နီဥကြီးတစ်ဥ (အခွံမခွာဘဲ လှီးပါ)၊ ငရုတ်ဆီဟင်းခပ်ဇွန်းတစ်ဇွန်း၊ ရေသန့်ဘူး လေးပုံသုံးပုံရောစပ်၊ မီးအပူပေးရမည်။ နာရီဝက်ခန့်ကြာလျှင် အအေးခံပြီး ဖန်ပုလင်းတွင် ထည့်၍ထားလျှင် တစ်လကြာ အသုံးပြုနိုင်သည်။ အပင်မှာကျသော ပိုးအပျော့စားများ နှိမ်နင်းနိုင်သည်။ အသုံးပြုလျှင် ဆေးရည်တစ်ဇွန်း(ဟင်းခပ်ဇွန်း) ကို ရေသန့်ဘူး လေးပုံတစ်ပုံ ရေရောသုံးနိုင်သည်။ မွှားပင့်ကူနီဖျက်ပိုးကို ပိုးနှင်ဆေးအဖြစ် အဝေးပြေးစေသည်။ခြင်နိုင်ဆေးအဖြစ် ရေဝပ်အိုင်များ ဖျန်းနိုင်သည်။ ကြက်သွန်ဖြူအဆီသည် လူ၏ ဝမ်းတွင်းမှ သန်ကောင်များကို အလွယ်တကူထွက်ကျစေနိုင်သည်ဟု ဆေးကျမ်းတွင် ပါရှိသည်။ ပူခြင်း၊ ခါးခြင်း၊ စပ်ခြင်းအရသာပါရှိသော ကြက်သွန်ဖြူသည် ထုထောင်းပြီးအုန်းဆီနှင့် ပျစ်ပျစ်ဖျော်ပြီး ထိခိုက်ရှမှုအနာပေါ်လိမ်းလျှင် အနာမရင်းဘဲ ပျောက်ကင်းသည်။ ကျွဲ၊ နွား ဒေါင့်သန်းရောဂါလည်း ဤနည်းဖြင့် ကုသကြသည်။


    တမာ


    တမာပိုးသတ်ဆေး ထုတ်ယူရာတွင် ဖျက်ပိုးများ အစာစားချင်စိတ်နည်းလာခြင်း၊ ပိုးမျိုးဆက်မပွားအောင် မြုံစေခြင်း၊ တွန်းကန်သတ္တိရှိခြင်းကို အသုံးချထုတ်ယူကြသည်။ တမာစေ့ဆီ၊ တမာစေ့ကြိတ်ဖတ်၊ တမာစေ့အမှုန့်၊ တမာကြိတ်ဖတ်ရည်ကို သုံးကြသည်။ မကွေးမြို့နယ်ထဲမှ ဂျီအေပီစနစ်ဖြင့် ပဲ၊ နှမ်းစိုက်ပျိုးသူများသည် တမာကြိတ်ဖတ်မှုန့်ကို လယ်ယာထဲ ကြဲပက်ပြီး မြေတွင်းအောင်းဖျက်ပိုး ကာကွယ်နှိမ်နင်းကြသည်။ တစ်ဧက နှစ်အိတ်သုံးသည်နှင့် အဆင်ပြေသည်ဟု မကွေးမြို့နယ်၊ ဆားတိုင်ကန်ကျေးရွာက တောင်သူတစ်ဦးက ပြောသည်။ ပိုးနှိမ်၍ရသလို တမာစေ့ကြိတ်ဖတ်က မြေသြဇာလည်းဖြစ်စေသည်။ တမာဆီ၊တမာရွက်၊ တမာတစ်ပင်လုံးမှ လူသုံးအလှကုန်ပစ္စည်းမျိုးစုံတို့ ပြုလုပ်ရာတွင် ဆပ်ပြာ၊ သွားတိုက်ဆေး၊ ပိုးသတ်ဆေးများမှာယနေ့ အသုံးများနေသော ပစ္စည်းဖြစ်သည်။


    ဆေးဂန္ဓမာ အရွက်ခြောက်၊ အပွင့်မှုန့်တစ်ကျပ်သား၊ ရေနှစ်ဂါလန်နှင့် ရောဖျော်ဖျန်း၍ ဟင်းသီးဟင်းရွက်ဖျက်ပိုးများကို နှိမ်နင်းနိုင်သည်။


    ကြက်ဆူကျားအစေ့


    (ဘိုင်အိုဒီဇယ်) ခြံစည်းရိုးကြက်ဆူနှင့် ကြက်ဆူကျား (ဝမ်းနုတ်ဆေး) ဟူ၍ကြက်ဆူပင်နှစ်မျိုးရှိရာ ကြက်ဆူကျားသည်မြင်းခြံတစ်ဝိုက်တွင် ဧကကျယ်ကျယ် တစ်ကွင်းတစ်စပ် စိုက်ကြလေ့ရှိသည်။ ကြက်ဆူစေ့ကြိတ်ဖတ်၊ ကြက်ဆူစေ့ဆီသည် ခူ၊ ပေါက်ဖတ်နှိမ်နင်းနိုင်သည်။


    ဆင်တုံးမနွယ်


    ပင်လုံးပြန့်ပိုးသတ်ဆေး ထုတ်နိုင်သည်။


    မဲရိုင်းပင်


    တစ်ပင်လုံးကြိတ်ခြေ၍ စစ်ရည်ထုတ်ပြီး ပင်လုံးပြန့်ပိုးသတ်ဆေး ထုတ်လုပ်နိုင်သည်။ ယခင်က ပိုးသတ်ဆေးအဖြစ် ရောင်းချခဲ့ဖူးသည်။


    ပိစပ်ပင်


    မြေသြဇာလည်း ရနိုင်သလို ပိုးသတ်ဆေးလည်း ရသည်။ မြေအောင်းပိုးများ နှိမ်နင်းရာတွင် အပင်ကို ခုတ်စဉ်း၍ မြေထဲမြှုပ်ထည့်သည်။


    နွားသေး


    နွားသေးကို ရေသန့်ဘူးတစ်ဘူးထဲထည့်ပြီး နှစ်ပတ်နေလှန်းပါက အစွမ်းပိုကောင်းလာကာ အဆိုပါနွားသေးတစ်ဘူးကို ရေသန့်ဘူးခြောက်ဘူးနှင့် ဖျော်၍ ဟင်းသီးဟင်းရွက်ပင်ကျသောပိုးများ နှိမ်နင်းပက်ဖျန်းနိုင်သည်။


    နွားချေး


    နွားချေးလည်း နှစ်ရက်နေလှန်းပြီးရေသန့်ဘူး ၁၀ ဘူးနဲ့ ရေဖြည့်၊ နှစ်ပတ်ရေစိမ်၊ နေ့စဉ်မွှေပေးခြင်းဖြင့် အနံ့ပျောက်လျှင် နွားချေးဖတ်များစစ်ထုတ်ပြီး ရရှိသောနွားချေးရည်ကို ရေသုံးဂါလန်နှင့် ရောဖျော်ဖျန်းက ပိုးသတ်ဆေးနှင့် ရွက်ဖျန်းမြေသြဇာရရှိပါသည်။ ဖော်ပြပါနည်းလမ်းများမှာ ရှေးရိုးနည်းများဖြစ်ကြပါသည်။ ဓာတုဆေးများ ပေါ်လာသောအခါ လက်ဝင်သော အဆိုပါနည်းများကို အသုံးပြုမှုနည်းပါးလာပြီးအသင့်ဖျော်သုံး ပိုးသတ်ဆေးများ အသုံးပြုလာကြရာမှတဖြည်းဖြည်းနှင့် နှစ်ကာလကြာသော် ပတ်ဝန်းကျင်ညစ်ညမ်းမှု၊ ပိုးများ၏ ဗီဇအရ ပိုးသတ်ဆေးကို ခံနိုင်ရည်ရှိလာမှု၊ပိုးသတ်ဆေးအသုံးများမှု၊ အသုံးမှားမှုတို့ကြောင့် မြေကြီးညံ့လာမှု၊ ဆေးနှုန်းထားကို ပို၍ပို၍ သုံးလာရမှုတို့ကြောင့် ဓာတုဆေးမသုံးဘဲ စိုက်ပျိုးကြသည့် အော်ဂဲနစ်သီးနှံ၊ ဂျီအေပီသီးနှံ စိုက်ပျိုးထုတ်လုပ်၊ရောင်းဝယ်၊ စားသုံးမှုသည် ခေတ်စားလာကြပါသည်။

    ကျယ်ကျယ်ပြန့်ပြန့်မဖြစ်သေးသော်လည်း၊ အထွက်နှုန်းနည်းပါးသော်လည်း အော်ဂဲနစ်ဟင်းသီးဟင်းရွက်၊သစ်သီးဝလံထွက်ကုန် ရောင်းချမှုဈေးကွက်သည် မြို့နယ်များစွာတွင် ပေါ်ထွက်လာပါပြီ။ ဈေးကောင်းလည်း ရလာကြပါသည်။ ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာလယ်ယာသီးနှံကို ရွေးချယ်စားသုံးလာကြပါသည်။ ထို့ကြောင့် ရှေးရိုးနည်း၊သဘာဝနည်းဖြစ်သော်လည်း ဟိုတုန်းက ယခုလိုပစ္စည်းများနှင့် စိုက်ပျိုးရေးတွင် အသုံးပြုခဲ့ကြဖူးသည်ကို ဖော်ပြလိုက်ရခြင်းဖြစ်ပါသည်။ အထူးသဖြင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးသူများအတွက် ရည်ရွယ်ပါသည်။ လူတိုင်းကလည်း ဟင်းသီးဟင်းရွက်များနှင့် နေ့စဉ် မကင်းနိုင်ကြပေ။

    ဆွေရည်

    မြန်မာတောင်သူကြီးများ ဂျာနယ်

    ----


  • article
likes12comments0
views291views2228