cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

နှင်းဆီပင်ကို အိုးနဲ့စိုက်တဲ့အခါ

. စိုက်ပျိုးနည်းစနစ်များ
အပင်စိုက်တဲ့အခါ အသုံးပြုမည့်အိုး၏ အောက်ခြေအလယ်တွင် ရေထွက်ပေါက်တစ်ပေါက်တည်းပါသည်ထက် အောက်ခြေတစ်ဝိုက် ၃ - ၄ ပေါက်ပါရှိခြင်းက ပိုကောင်းပါတယ်။
  • ယနေ့ခေတ်မှာ နှင်းဆီပန်းပင်လေးတွေကို အိမ်တွင်းတစ်ပိုင်တစ်နိုင်အဖြစ် ပန်းအိုးတွေနဲ့ စိုက်ပျိုးတဲ့အလေ့အထကို တွေ့မြင်လာရပါတယ်။ ဝါသနာပါ၍စိုက်သည်ဖြစ်စေ၊ အလှစိုက်သည်ဖြစ်စေ ပန်းပွင့်တွေဝေဆာနေသည့်အပင်ကို မြင်တွေ့လိုသည်မှာတော့ လူတိုင်းလိုလိုပင်ဖြစ်ပါတယ်။ ထို့အတွက် နှင်းဆီပင်တွေကို ပန်းအိုးနဲ့စိုက်တဲ့အခါမှာ ကောင်းစွာရှင်သန်ပွင့်ဖူးနိုင်ရန်အတွက် ပြုစုစောင့်ရှောက်ပေးဖို့က အရေးကြီးလှပါပေတယ်။ ယနေ့မှာတော့ နှင်းဆီပင်ကိုအိုးနဲ့စိုက်တဲ့အခါ ကြုံရတတ်တဲ့ပြဿနာတွေနဲ့ ကာကွယ်ပြုစုနည်းတွေကို ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။

    အိုးနဲ့စိုက်တဲ့အခါ ဘယ်လိုပြဿနာတွေဖြစ်လာနိုင်သလဲ?

    စိုက်ပျိုးချိန်ကြာလာတဲ့နောက် ဖြာထွက်လာတဲ့အမြစ်တွေက အိုးနံရံရောက်တဲ့အခါ ဆက်လက်ကြီးထွားနိုင်စွမ်းမရှိတော့ပဲ အိုးထဲမှာအမြစ်တွေလုံးထွေးလာပြီးတော့ မြေလုံးကို ပိုက်ကွန်ပုံစံ ရစ်ပတ်လာပါတော့တယ်။ အဲ့နောက်မှာတော့ အမြစ်တွေညိုမဲလာပြီး အပင်ကြီးထွားမှု ရပ်တန့်ကာ အိုးကြပ်ခြင်း (Pot-bound) ကိုဖြစ်စေပါတယ်။ နောက်တစ်ချက်အနေနဲ့ကတော့ အိုးထဲမှာ မြေပမာဏလျော့နည်းလာတဲ့အတွက် အာဟာရချို့တဲ့လာခြင်းဖြစ်ပေါ်စေပါတယ်။ ထို့အပြင် ရေလောင်းမှုပမာဏများတဲ့အခါ အိုးအတွင်းမှာရှိတဲ့ အာဟာရဓါတ်တွေက ရေနဲ့အတူ ပျော်ဝင်စိမ့်ဆင်းသွားခြင်းတို့ ဖြစ်ပေါ်စေပါတယ်။ ရေမကြာခဏလောင်းခြင်းကလည်း မြေကျပ်စေပြီးတော့ ရေစီးဆင်းမှုညံ့ဖျင်းခြင်းကို ဖြစ်စေတတ်ပါတယ်။

    ဒီလိုပြဿနာတွေမဖြစ်အောင် ဘယ်လိုကာကွယ်ပြုစုရမလဲ?

    အပင်အိုးကျပ်ခြင်း လျော့နည်းစေရန်အတွက် အဝအကျယ် ၁၂ လက်မအရွယ်အိုးများဟာ အသင့်တော်ဆုံးဖြစ်ကြပါတယ်။ ၎င်းအရွယ်အစားကို အသုံးပြုခြင်းဖြင့် နှစ်စဉ်အိုးပြောင်းခြင်း ပြုလုပ်ရန်မလိုပါဘူး။ အကယ်၍သင်က ကိုင်းဖြတ်လိုပါက ကိုင်းဖြတ်ခြင်းမပြုလုပ်မီ အပေါ်ယံမြေသား အဟောင်း ၃ လက်မခန့်ကို ဖယ်ထုတ်ပြီး မြေဆွေးမြေဩဇာ လတ်လတ်ဆတ်ဆတ် ပြန်ဖြည့်ပေးသင့်ပါတယ်။ ဤနည်းဖြင့် လျော့နည်းသွားသော အာဟာရဓါတ်များကို ပြန်ပြည့်စေပါတယ်။ ၁၀ လက်မအရွယ်အိုးကို အသုံးပြုပါက နှစ်စဉ်မိုးအကုန်မှာ အိုးလဲပေးသင့်ပါတယ်။ နေ့စဉ်ရေလောင်းပေးခြင်းဖြင့် မြေကျပ်စေနိုင်တာကြောင့် သုံးရက်တစ်ကြိမ်လောက်သာ ရေကိုအသင့်အတင့်လောင်းပေးသင့်ပါတယ်။ ရေလောင်းတဲ့အခါမှာလည်း ညနေခင်းရေလောင်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ မြေကျပ်သည့်အခါ အပင်ခြေမှခွာပြီး လက်ထိုးခက်ရင်းဖြင့် မြေဆွပေးတာမျိုး လုပ်သင့်ပါတယ်။ အပင်စိုက်တဲ့အခါ အသုံးပြုမည့်အိုး၏ အောက်ခြေအလယ်တွင် ရေထွက်ပေါက်တစ်ပေါက်တည်းပါသည်ထက် အောက်ခြေတစ်ဝိုက် ၃ - ၄ ပေါက်ပါရှိခြင်းက ပိုကောင်းပါတယ်။ ရေစီးဆင်းမှုကို ပိုကောင်းစေရုံသာမက အိုးကျပ်၍ပိုလျှံနေသော အမြစ်များ ၎င်းအပေါက်များမှ ထွက်လာခြင်းဖြင့် နှင်းဆီပင်အား အိုးပြောင်းသင့်ပြီဖြစ်ကြောင်းကိုလည်း သိနိုင်ပါတယ်။ အိုးပြောင်းပြီး မြေဆီဩဇာအသစ်ထည့်ပြီးတိုင်း ကိုင်းဖြတ်ပေးပါ။

    အိုးဖြင့်နှင်းဆီစိုက်ပျိုးမည်ဆိုပါက စိုက်ပျိုးမြေကို အောက်ပါအတိုင်းရောစပ်နိုင်ပါတယ်။

    • နုံးမြေ - သုံးဆ

    • နွားချေးဆွေး - တစ်ဆ

    • သစ်ရွက်ဆွေး - တစ်ဆ

    • ပြာ - တစ်ဆ

    • အရိုးမှုန့် - လက်ဆုပ်တစ်ဝက်

    ၎င်းတို့ကို မသုံးမီ တစ်ပတ်ခန့်ကြိုပြီး ရောစပ်၍နှပ်ထားပါ။ မြေမထည့်မီ အိုးအောက်ခြေ ရေထွက်ပေါက်အား အိုးခြမ်းပဲ့များဖြင့် သေချာစွာပိတ်ပြီး ၎င်းအပေါ်၌ ကျောက်စရစ်ခဲများကို နှစ်လက်မအထူခန့် ထားပေးရပါမယ်။ ရေလောင်းရန်အတွက် အိုးနှုတ်ခမ်းမှ တစ်လက်မ နှစ်လက်မခန့် ချန်ပြီး မြေထည့်ပါ။ အိုးထဲ၌ အပင်ကို ခပ်နက်နက် မစိုက်သင့်ပါ။ အဖူးမြှုပ်ထားသော သို့မဟုတ် အကိုင်းဆက်ထားသော နေရာအား မြေအောက်၌ လက်မဝက်ခန့် မြုပ်ရုံသာစိုက်ပါ။

    Source - ဒေါက်တာညိုညို (ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်)(အောင်မြင်သောနှင်းဆီစိုက်ပျိုးရေးစာအုပ်)

    ---

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
  • article
  • article
  • article
likes8comments0
views115views2809