cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

စပါးပင်ရှင်သန် ဖြစ်ထွန်းမှုအပေါ် မိုးလေဝသ အခြေအနေ၏ သက်ရောက်မှုများ

. ရာသီဥတု သတင်းများ
စပါးသီးတွေစုံလို့ ရင့်မှည့်မှုကို စတင်နေသော ကာလတွင် အပူချိန်ပြောင်းလဲမှုကို ခံကြရတတ်သည်။
  • မိုးလေဝသဟူသော ဝေါဟာရကို Meteorology ဟု ခေါ်ပါသည်။ တဖန် ရာသီဥတုကိုတော့ Weather ဟု ခေါ်ပါသည်။ စင်စစ်တော့ ရာသီနှင့်ဥတု ကွဲပြားပါသည်။ ဥတုမှာ လချီကြာအောင် ယေဘုယျသဘော မိုးရွာ၊ နေပူ၊ လေတိုက်တာတွေ အနည်းနှင့်အများ တူနေတတ်သည်။ Weather မှာတော့ တစ်နေ့အတွင်း နာရီပိုင်းအတွင်းမှာ ခုပူလိုက်၊ ခုအေးလိုက်၊ ခုလေတိုက်လာလိုက်၊ခုငြိမ်သွားလိုက် ဖြစ်တတ်ခြင်းကို ရာသီလို့ နားလည်ထားကြသည်။ နားလည်ထားသင့်ပါသည်။ စပါးပင်သည် ကွင်းကျယ် အမိုး၊အကာမဲ့သော လယ်မြေမှာ ရှင်သန်ဖြစ်ထွန်း ရသည်ဖြစ်ရာ (မှန်လုံအိမ် စမ်းသပ်ကွက်မှ စပါးပင်ကို မဆိုလိုပါ) နာရီနှင့်အမျှ ပြောင်းလဲလာနိုင်သော မိုးရွာခြင်း၊ နေပူခြင်း၊ လေတိုက်ခြင်း၊ အအေးလှိုင်းကျရောက်ခြင်းတို့ကို ခံကြရပေသည်။

    စပါးပင်ရဲ့ ဘဝစက်ဝန်းကို အကြမ်းအားဖြင့် ပင်ပိုင်း ဖြစ်ထွန်းမှုအပိုင်း (ကာလ)၊ ပွင့် သီးကြီးထွားမှုကာလနှင့် ရင့်မှည့်မှု ကာလဟူ၍ ခွဲခြားနားလည်သင့်ပါသည်။ စပါးပင်ရဲ့ ပင်ပိုင်းကြီးထွားမှု ကာလမှာ ပါဝင်သည့် ပင်ပွားထွက်သည့် ရက်ပိုင်းများသည် အပူချိန်နှင့် လင်းတာတုံ့ပြန်မှုအပြောင်းအလဲအပေါ် အကဲဆတ်စွာ တုံ့ပြန်လေ့ရှိသည်။ (Sensitive response to Tempe- rature and Photo-period)၊ ပွင့်သီး ကြီးထွားမှုကာလတွင်လည်း အနှံလောင်းသန္ဓေ တည်မည့်ရက် မတိုင်မီ (နားလည်အောင်ရေးပြရလျှင် အနှံစထွက်မည့်ကာလမတိုင်မီ) အပူ၊ အအေးနှင့် အလင်းရောင်ရရှိမှု အခြေအနေရဲ့ လွှမ်းမိုးမှုကို ခံရစမြဲပါ။

    စပါးသီးတွေစုံလို့ ရင့်မှည့်မှုကို စတင်နေသော ကာလတွင် အပူချိန်ပြောင်းလဲမှုကို ခံကြရတတ်သည်။ စပါးပင်အပွင့်၊ အနှံ၊ အစေ့အဆံ ကြီးထွားမှု၊ နှံစရွက်ဖုံးမှ ကျွတ်ကျွတ် လွတ်လွတ်ထွက်နိုင်မှုစသော အဆင့်ဆင့် ကြီးထွားမှုဖြစ်စဉ်တို့သည် တစ်ပြိုင်နက်ထဲဖြစ်ပေါ်နေသော မိုးရွာသွန်းမှု၊ လေတိုက်ခတ်မှု၊ အပူချိန်မြင့်မားမှု၊ ရုတ်တရက် အေးသွားမှုတို့ကို အချိန်မရွေး ကြုံတွေ့တုံ့ပြန်ကြရပေသည်။ ထိုသို့သော နေ့၊ ညမရွေးသဘာဝဘေးရန်တို့ကို ကြံ့ကြံ့ခံကာ လူတွေ စားဖို့ စပါးစေ့ စပါးနှံဖြစ်အောင် ရုန်းကန်ရသည့်စပါးကား တကယ့်အံ့ဖွယ် ချီးကျူးစရာ အဖိုးတန်သီးနှံ ဖြစ်တော့သည်။

    စပါးသီးနှံဖြစ်ထွန်းဖို့ အသင့်တော်ဆုံးသော မိုးရေချိန်ပမာဏ၊ အလိုရှိသော အပူချိန်၊ နေရောင်ခြည်နှင့် အလင်းရောင် ရရှိသည့်ကာလ (အတို၊ အရှည်) နှင့် လေထုတွင်းရှိ စိုထိုင်းဆတို့သည် စပါးပင် ရှင်သန်ကြီးထွား ဖြစ်ထွန်းမှုကာလများတွင် ရင်ဆိုင်ရသည်။ သုတေသီ အိုဝင်က စပါးပင်ဖြစ်ထွန်းမှုအတွက် အပူချိန်

    သည် ဆဲလ်စီးယပ်(စ်) ၂၀ နှင့် ၃၀ ဒီဂရီကြားမှာ ရှိသင့်သည်။ ထို့ထက် မနိမ့်၊ မပိုသင့်ဟု ပြောသည်။ သုတေသီ ဒေါင်နေးနှင့် ဝဲလ်တို့ကတော့ စပါးစိုက်ခင်းထဲကရေသည် အပူချိန် ၂၅- ၃၀ ဒီဂရီဆဲလ်စီယပ်(စ်)ကြား ရှိသင့်သည် ဟု တင်ပြခဲ့ကြသည်။ နေရောင်ခြည် စွမ်းအင် ရရှိမှုသည် စပါးစိုက်ဧရိယာအမျိုးမျိုး ဒေသကွဲပြားသည့်တိုင် စပါးထွက်ကို များစွာအကျိုးသက်ရောက်စေနိုင်သောအချက်ဖြစ်သည်။

    စပါးနှံတွင်ရှိသော စပါးအစေ့အဆံ ပြည့်ပြည့်၀၀ဖြစ်စေဖို့အတွက် အနှံထွက်ပြီး နောက်ပိုင်းကာလရရှိသော နေရောင်ခြည်ရဲ့ အကျိုးသက်ရောက်မှုမှာ များစွာအရေးပါလှပေသည်။ စပါးမရိတ်သိမ်းမီ (တစ်လခွဲမှ နှစ်လကြားကာလ) အတွင်း နေရောင်ခြည် ရရှိမှုအချိန်နာရီသည်လည်း စုပေါင်း အကျိုးသက်ရောက်မှုကို ဖြစ်စေပါသည်။ ယခုခေတ်မှာ လင်းတာမတုံ့ပြန်သော စပါးမျိုးများ အတန်အသင့်ဖော်ထုတ်နိုင်ခဲ့စေကာ ကျယ်ပြန့်စွာတည်ရှိနေသော အာရှဒေသ စပါးစိုက်နိုင်ငံ အသီးသီးအတွက် သဘာဝရာသီအရ စွတ်စိုကာလနှင့် ခြောက်သွေ့ကာလ များစွာကွာခြားတတ်သော နေရာများအတွက် သီးသန့် ရာသီလိုက်သောမျိုး၊ ရာသီမလိုက်သောမျိုးတွေရှိဖို့လိုအပ်နေဆဲပါဘဲ။

    စပါးပင်သည် ကောင်းမွန်စွာ ရှင်သန် ဖြစ်ထွန်းစေဖို့အတွက် အတန်အသင့်မြင့်သော လေထုစိုထိုင်းဆ လိုအပ်ပေသည်။ အကောင်းဆုံး အခြေအနေမှာ လေထုစိုထိုင်းဆ ၇၀-၈၀ ရာခိုင်နှုန်းကြား ရှိသင့်သည်။ ထိုထက်နိမ့်သော အခြေအနေမှာ စပါးပင်ပန်းပွင့်ဖို့ ခက်ခဲမည်။ ၄၀ ရာခိုင်နှုန်း အောက်ရောက်လျှင် စပါးပင် ပန်းမပွင့်တော့ပေ။ လေထုစိုထိုင်းဆ သိပ်မြင့်မားလွန်းလျှင်လည်းလေဆောင်၊ မြေဆောင်၊ မျိုးစေ့ဆောင်ပါလာတတ်သည့် ရောဂါတွေက လျင်မြန်စွာလှုပ်ရှားလာကာ စပါးပင်ကို ဒုက္ခလှလှပေးတော့သည်။ သို့မဟုတ်ပါကလည်း စပါးစေ့များ အနှံများပင် အပင်ပေါက် လာတတ်သည်ဟု ပြောပါသည်။

    လေတိုက်ခတ်မှုကို ယခင်က များစွာအလေးမထားခဲ့ကြပေ။ သို့သော်လည်း ဗွေလှည့်ဝန်းဝိုက်ပြီး ခပ်ပြင်းပြင်း တိုက်ခတ်လာတတသော ရာသီပြောင်းစ လေပြင်းသည် စပါးပင်များကို နေရောင်ခြည် ပုံမှန်ရနေကျမှ သွေဖယ်သွားတတ်၍ အလင်းဖြင့် ကစီဖွဲ့မှုကို ထိခိုက်နိုင်သည်။ ပြင်းပြင်းထန်ထန်ဆက်တိုက် တိုက်ခတ်နေပါက စပါးပင်ရဲ့ဝတ်မှုန်ခံ ခြောက်သွေ့ကာ ကျလာသော ဝတ်မှုန်ကို ဆွဲယူမထားနိုင်ဘဲ ဝတ်မှုန်ကို လေဖြင့်သယ်ဆောင်ဖယ်ရှားခြင်း ခံရတတ်၍ အဖျင်းအမှော်များတတ်ကြောင်း သုတေသီ ဗင်ကာတာရာမန်က ပုဂ္ဂိုလ်ရေး ဆက်သွယ်ပြောပြခဲ့သည်ဟု ပြောပါသည်။

    ရေသွင်းရေလှောင်သမန်းမှာ စိုက်ကြသည့် စပါးပင်များ ပြုစုထိန်းသိမ်းရာတွင် စီမံစောင့်ရှောက်ဖို့ အထူးလိုအပ်ပါသည်။ သမန်းအောက်ခြေ မကောင်းလျှင် (သဲပါဝင်မှု) များတဲ့ လယ်တွေမှာ ရေစိမ့်ဆင်း ဆုံးရှုံးမှုများတတ်ပါသည်။ ရေဆင်းစိုက်ပျိုးရေး သုတေသနဌာနရှိ ဆန်စပါးစိုက်ကွင်း ခပ်များများသည် မူလ ရေဆင်းဟောင်းရဲ့ သဲသောင်များစွာ ပါဝင်ရာ ရေလှောင်ထား၍ ကြာကြာမနေတတ်သည်ကို(၁၉၈၀-၁၉၉၀) ပြည့်နှစ်များအတွင်းမှာ ကြုံခဲ့ရသည်။

    ယခုအခါ နှစ်ကြာလာ၍ သီးနှံဌာနစုကမြေများမှာ စပါးပင်အပြင် ပဲမျိုးစုံ သီးထပ်သီးနှံများပါစိုက်လာရာ အော်ဂဲနစ်ဒြပ် များလာလောက်၍ ရေအတန်ကြာနေလောက် ပြီ ထင်ပါသည်။ စပါးပင်ရဲ့ ရေနှင့် အစိုဓာတ်လိုအပ်မှုအရေးကြီးဆုံးကာလမှာ ပင်ပွားထွက်ဖို့ အားယူချိန်ကာလ၊ အနှံလောင်း သန္ဓေတည်စကာလနှင့် အနှံထွက် (ပန်းပွင့်ဆဲ) ကာလတွေဖြစ်ကြောင်းကို သုတေသီ Gosh,Bhattacharjce & Datta တို့က တင်ပြထားသလို၊ အခြား အိန္ဒိယ သုတေသီတွေကလည်း တင်ပြခဲ့ဖူးပါသည်။

    အများအားဖြင့် အရှေ့တောင်အာရှနှင့် တောင်အာရှဒေသမှာ အစဉ်အလာအားဖြင့် မုတ်သုံမိုးကို အားထားပြီး စပါးစိုက်ပျိုးလာကြရာ၌ မိုးရာသီကာလမှာ အမြဲလိုလို မိုးအုံ့မှိုင်းနေသော ကောင်းကင်အောက်မှာ နေရောင်ခြည်က ပီပီပြင်ပြင်၊ ကြည်ကြည်လင်လင်မရသော်လည်း အမြင့်ဆုံး အပူချိန်က ၂၅ ဒီဂရီဆဲလ်စီယပ်(စ်)ထက် မပိုသော်လည်း အနိမ့်ဆုံးအပူချိန် (ညဉ့်အပူချိန်) ကလည်း ၂၀ ဒီဂရီဆဲလ်စီယပ်(စ်)ထက် မနိမ့်သောကြောင့် ဤသို့သော အပူချိန် ကာလများတွင် ဖြစ်ထွန်းရသော စပါးပင်ပိုင်း (Vegetative phase) ကာလမှာအမြဲလိုလို ဖြတ်သန်းကြရသည်ဖြစ်ရာ စပါးပင်ရဲ့ အစာစုစည်းမှုအရ ကောင်းမွန်သောအခြေအနေတော့ မဟုတ်ပေ။

    ဤအချက်သည်ပင် မိုးစပါး၏ ပျမ်းမျှအထွက်သည် နွေစပါး၏ ပျမ်းမျှအထွက်ကို မမီသည့်အကြောင်း ဖြစ်လောက်ပေသည်။ စပါးအထွက်ထက် အရည်အသွေးကိုသာ ဦးစားပေးရမည်ဆိုလျှင် အညာဒေသစစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းလိုနေရာမျိုးမှာ မိုးလယ်လောက်မှာမှ စိုက်သော အရည်အသွေးကောင်းများအတွက် လိုအပ်သော နေရောင်ခြည်ရနိုင်သော အချိန်ကာလ၊ သင့်တင့်သော အပူချိန်များ ရတတ်သဖြင့် အနံ့မွှေးသော အရည်အချင်းကိုပါ ရနိုင်ခြင်း ဖြစ်ပါသည်။ ညဉ့်အပူချိန် ၂၀ ဒီဂရီအောက် ၁၇-၁၈ လောက်အထိ ဆင်းတတ်သောရက်များမှာ အနှံထွက်ခြင်း၊ ပန်းပွင့်ခြင်းကြုံသဖြင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းစိုက် ပေါ်ဆန်းဘေးကြားများနှင့် များစွာဆီလျော်နေသည်ကို သတိပြုသင့်ပေသည်။

    သုတကျော်

    မြန်မာတောင်သူကြီးများ ဂျာနယ်

    ---

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
likes7comments0
views135views2606