cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

“ပူပြင်းရာသီ အင်းဆက်ဖျက်ပိုးများပေါက်ပွားလေပြီ”

. ရာသီဥတု သတင်းများ
ဖျက်ပိုးများတွင် အင်းဆက်ဖျက်ပိုးမျိုးပေါင်းထောင်ကျော်ဟာ သီးနှံ စိုက်ခင်းများကို ခြိမ်းခြောက်နေကြောင်း သိရပါတယ်။
  • သုတေသနတွေ့ရှိချက်အရ ကမ္ဘာ့ရာသီဥတု ပူနွေးလာမှုနဲ့အတူ ဖျက်ပိုးများအရေအတွက် ပိုများလာ သကဲ့သို့ စားချင်တဲ့အာသီသလည်း ပိုမိုလာကြကာ ကမ္ဘာ့သီးနှံစိုက်ပျိုးထုတ်လုပ်မှုတွင် ချိန်းခြောက်မှု အန္တရာယ် ကျရောက်လာနိုင်တယ်လို့သိရပါတယ်။ လေ့လာတွေ့ရှိချက်အရ အပူချိန် (၂) ဒီဂရီစင်တီဂရိတ် ပိုမိုမြင့်တက် လာပါက ဖျက်ပိုးများကြောင့် သီးနှံအထွက် လျော့နည်းဆုံးရှုံးစေမှာဖြစ်ပါတယ်။ ယခုအခါ သီးနှံဖျက်အင်းဆက် ပိုးများ၊ မှိုများနဲ့ ဘက်တီးရီးယားအပါအဝင် ဖျက်ပိုးများကြောင့် ကမ္ဘာ့သီးနှံအထွက်ဟာ (၁၀ ရာခိုင်နှုန်းမှ ၁၆ ရာခိုင် နှုန်း)ထိ လျော့နည်းနေကြောင်း သိရပါတယ်။ ဖျက်ပိုးများတွင် အင်းဆက်ဖျက်ပိုးမျိုးပေါင်းထောင်ကျော်ဟာ သီးနှံ စိုက်ခင်းများကို ခြိမ်းခြောက်နေကြောင်း သိရပါတယ်။

    အမေရိကန်တက္ကသိုလ်မှ ပါမောက္ခကာတစ်ဒပ်ချ်ရဲ့အဆိုအရ ရာသီဥတုပြောင်းလဲမှုကြောင့် အင်းဆက် ဖျက်ပိုးများရဲ့ ပိုမိုတက်ကြွလှုပ်ရှားမှု ဖြစ်လာစေရန် နည်းလမ်းနှစ်သွယ်ရှိကြောင်း သိရပါတယ်။ ပထမနည်းလမ်းမှာ အပူချိန်မြင့်မားလာခြင်းကြောင့် အင်းဆက်ပိုးရဲ့ အစာချေမှု ပိုမိုလျင်မြန်လာစေပါတယ်။ သို့အတွက် သီးနှံများကို ပိုမိုလျင်မြန်တဲ့နှုန်းနဲ့ စားသောက်နိုင်ခြင်းကြောင့် ပျက်စီးမှုများစေနိုင်ပါတယ်။ ဒုတိယနည်းမှာ အင်းဆက်ပိုးများ ဟာ သွေးအေးသတ္တဝါများ ဖြစ်ကြပါတယ်။ ရာသီဥတုပူနွေးလာခြင်းကြောင့် အင်းဆက်ပိုးများရဲ့ တက်ကြွလှုပ်ရှားမှု ပိုမိုမြန်ဆန်လာစေကာ မျိုးပွားနှုန်း ပိုမိုများလာစေခြင်းဖြစ်ပါတယ်။ အင်းဆက်ပိုးများရဲ့ ခန္ဓာကိုယ်အပူချိန်ဟာ ပတ်ဝန်းကျင်ရဲ့ အပူချိန်ကိုခြေရာခံပြီးလိုက်ပါတယ်။ သို့အတွက် ပတ်ဝန်းကျင်လေထုရဲ့ အပူချိန်ဟာ အင်းဆက် ပိုးများရဲ့ အောက်ဆီဂျင်သုံးစွဲမှု၊ ကယ်လိုရီလိုအပ်မှုနဲ့ အခြားသော ဇီဝတွင်းဖြစ်ပျက်မှုဖြစ်စဉ်ရဲ့နှုန်းထားတို့အပေါ် အကျိုးသက်ရောက်မှု ဖြစ်စေပါတယ်။ ပူနွေးတဲ့ရာသီဥတုဟာ ပိုးကောင်များ ပိုမိုပေါက်ပွားများပြားလာစေခြင်း ကြောင့်လို့ သုနေသီများကပြောပါတယ်။ ကမ္ဘာ့ရာသီဥတုပူနွေးလာမှုကြောင့် အင်းဆက်ပိုးများရဲ့ ဖျက်ဆီးမှုပိုမို များပြားလာစေကာ အစားအစာလုံခြံစိတ်ချရမှုကို ထိခိုက်စေနိုင်သကဲ့သို့ စိုက်ပျိုးရေးလုပ်ငန်းများကြောင့်လည်း ပတ်ဝန်းကျင်ထိခိုက်မှုများ ဖြစ်လာစေနိုင်ပါတယ်။ ပိုးသတ်ဆေးများ ပိုမိုတိုးတက်သုံးစွဲခြင်း၊ မျိုးဗီဇပြုပြင် ပြောင်းလဲထားတဲ့ သီးနှံ(ဂျီအမ်အို)များ အသုံးပြုခြင်းနဲ့ သီးနှံများအလှည့်ကျ စိုက်ပျိုးခြင်းစတဲ့ စိုက်ပျိုးရေးနည်း စနစ်များဟာ အင်းဆက်ပိုးများရဲ့ဖျက်ဆီးမှုကြောင့် သီးနှံအထွက်လျော့နည်းစေမှုကို သက်သာစေရန် ကူညီပေးနိုင် မှာဖြစ်ပါတယ်။ သို့သော် အပူချိန်မြင့်တက်လာမှုကြောင့် သီးနှံထုတ်လုပ်မှုစွမ်းအားအများဆုံးရှိတဲ့ သမပိုင်းဒေသ များမှာ အင်းဆက်ပိုးများရဲ့ ဦးရေများပြားမှုက အနိုင်ရရှိသွားစေမှာ ဖြစ်ပါတယ်။ သို့အတွက် သီးနှံဈေးနှုန်းများ မြင့်မားလာစေကာ အကျိုးဆက်အဖြစ် အဓိကခံစားကြရမယ့် သူများကတော့ အစားအစာလုံလောက်စွာ မရရှိ နိုင်သူများ ဖြစ်ကြပါတယ်။ ယခုအခါ အင်းဆက်ပိုးများဟာ ကမ္ဘာ့အစားအစာထုတ်လုပ်မှုပမာဏ စုစုပေါင်းရဲ့(၁၀ ရာခိုင်နှုန်း)ကို စားသုံးနေကြောင်းသိရပါတယ်။

    အကယ်၍ ရာသီဥတုပြောင်းလဲလာမှုကို မရပ်တန့်နိုင်ပါက ယခုရာစုနှစ်ကုန်တွင် အင်းဆက်ပိုးများ စားသုံးမယ့် အစားအစာများရဲ့ ပမာဏဟာ (၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်း) ထိ တိုးတက်လာနိုင်တယ်လို့ သုတေသီများက ခန့်မှန်းပါတယ်။ သုတေသနတွေ့ရှိချက်အရ ကမ္ဘာ့သမပိုင်းဒေသများမှာ အပူချိန်မြင့်တက်လာ သည်နဲ့အမျှ ကြိုတင်မှန်းဆထားတဲ့အတိုင်း အင်းဆက်ပိုးများရဲ့ ဇီဝဖြစ်ပျက်မှုဖြစ်စဉ်နှုန်း ပိုမိုမြန်လာစေကာ အစာစားချင်စိတ်ကို ပိုမိုနှိုးဆွပေးစေမှာ ဖြစ်ပါတယ်။ ထို့အတူ မျိုးပွားမှုနှုန်းဟာလည်း သတ်မှတ်အညွှန်းကိန်းအထိ မြင့်တက်လာစေပါမယ်။ ထို့နောက် ယနေ့အပူပိုင်းဒေသများမှာရှိနေတဲ့ အပူချိန်ခန့်ထိ အပူချိန်မြင့်လာသော် အင်းဆက်ပိုးများရဲ့ မျိုးပွားနှုန်းဟာ တန့်သွားစေမှာဖြစ်ပါတယ်။

    သို့အတွက် တောင်သူများနဲ့ သက်ဆိုင်ရာ အစိုးရများဟာ အပူချိန်မြင့်မားလာမှုကြောင့် အင်းဆက်ပိုးများရဲ့ ဇီဝဖြစ်ပျက်မှုဖြစ်စဉ် မြန်လာစေကာ သီးနှံများ ပိုမိုပျက်စီးစေနိုင်မှုမှ သက်သာစေနိုင်မယ့် နည်းလမ်းများကို ရှာဖွေအသုံးပြုသွားကြရန် လိုအပ်မှာဖြစ်ပါတယ်။ ဥပမာ ဖျက်ပိုးဒဏ်ခံနိုင်ရည်ရှိတဲ့သီးနှံမျိုးများ မွေးမြူထုတ်လုပ် စိုက်ပျိုးခြင်း၊ သီးနှံများကို ဒေသပြောင်းရွှေ့စိုက်ပျိုးခြင်းစသည်တို့ဖြစ်ပါတယ်။ သို့သော် ဒီနည်းစနစ်များကို ရှာဖွေဖော်ထုတ်အသုံးပြုနိုင်ရန်အတွက် အချိန်လိုအပ်မှာ ဖြစ်သကဲ့သို့ ငွေကြေးကုန်ကျမှုလည်း ရှိမှာဖြစ်ပါတယ်။ ကျရောက်လာတဲ့ ဖျက်ပိုးများကို ပိုးသတ်ဆေးများသုံးစွဲကာ နှိမ်နင်းတဲ့နည်းစနစ်ကို အသုံးပြုနေကြပါတယ်။ သို့သော် ဖျက်ပိုးများဟာ ရာသီဥတုပူနွေးလာသော် ပိုးသတ်ဆေးဒဏ်ကို ပိုမိုခံနိုင်ရည်ရှိလာစေနိုင်ပါတယ်။ သို့အတွက် ပိုးသတ်ဆေးများ အစားဖျက်ပိုးများကိုစားသုံးတဲ့ အင်းဆက်ပိုးများ တိုးပွားလာစေခြင်းစတဲ့ ဇီဝနည်းနဲ့ နှိမ်နင်းကာကွယ်နည်းများကို ပြောင်းလဲရှာဖွေ အသုံးပြုသင့်ပါတယ်။ သီးနှံများကို စိုက်ချိန်ပြောင်းလဲစိုက်ပျိုးခြင်း သီးနှံများအလှည့်ကျ စိုက်ပျိုးခြင်းစတဲ့ စိုက်ပျိုးနည်းစနစ်များကို ပြောင်းလဲကျင့်သုံးသွားရန် လိုအပ်မှာဖြစ်ပါတယ်။ အဓိကအားဖြင့် အပူချိန်မြင့်တက်လာမှုကို လျှော့ချပေးစေနိုင် ရန်အတွက် မှန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို လျှော့ချပေးစေနိုင်တဲ့ နည်းစနစ်များကို သက်ဆိုင်သူများအားလုံး စုပေါင်းကျင့်သုံး ဆောင်ရွက်သွားကြရန် ဖြစ်ပါတယ်။

    -ဒေါက်တာစိန်လှဗိုလ်

    မြန်မာတောင်သူကြီးများ ဂျာနယ်

    ---

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
likes11comments0
views168views1794