မိုးအကြို အစေ့ထုတ်ပြောင်းသီးနှံစိုက်ပျိုးနည်းစနစ်
အစေ့ထုတ်ပြောင်းသီးနှံတစ်ဧကလျှင်ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက်အထောက်အကူပြုပေးနိုင်သည့်အောက်ဖော်ပြပါစိုက်ပျိုးနည်းစနစ်များအတိုင်းဆောင်ရွက်သွားရမည်ဖြစ်ပါသည်။
စိုက်ပျိုးနည်းစနစ်
- မိုး၊ဆောင်းရာသီများတွင်အပင်ဦးရေ (၂၀၀၀၀ မှ၂၅၀၀၀) ရရှိရန်တန်းကြား×ပင်ကြား
(၃၀ʺ × ၉ʺ)ခြား၍ မျိုးစေ့နှုန်း(၅ ကီလို)သုံးစွဲစိုက်ပျိုးရပါမည်။
- ကျွဲ၊နွားတိရိစ္ဆာန်အညစ်အကြေးများကို(၃-၄)လထိ ကောင်းစွာဆွေးမြေ့ပြီးမှသာလျှင် သဘာဝမြေဩဇာအဖြစ်မြေပြင်စဉ်တွင်တစ်ဧကလျှင်(၃-၅)တန်ထည့်သွင်းပေးသင့်ပါသည်။
- အထွက်နှုန်းပိုမိုရရှိရန်ယူရီးယား(၅၆)ပေါင် ၊တီစူပါ(၁၁၂)ပေါင်၊ ပိုတက်ရှ်(၅၆)ပေါင်နှုန်းတို့ကို မြေပြင်စဉ်တွင်ထည့်ရန်လိုအပ်ပြီး(၂၀-၂၁)ရက်သားတွင်ယူရီးယား(၅၆) ပေါင်၊ပိုတက်ရှ်(၂၈)ပေါင်နှုန်း၊ (၃၅-၄၀)ရက်သားတွင်ယူရီးယား(၅၆)ပေါင်၊ပိုတက်ရှ်(၂၈)ပေါင်နှုန်းထည့်သွင်းရမည်။
- အပင်ပေါက်စုံပြီး(၁၄)ရက်သားတွင်တစ်ကျင်းလျှင်(၁)ပင်ချန်မဖြစ်မနေသားခွဲပြီး အပင်ခြေမြေဆွခြင်း ဆောင်ရွက်ပေးရမည်။စိုက်ကွက်တွင်ရေမဝပ်စေရန်ဆောင်ရွက်ပေးရမည်။
- အပင်ပေါက်စုံပြီး(၃၅-၄၀)ရက်သားဘောင်တင်ပြီးသည်အထိ ပေါင်းမြက်ကင်းစင်အောင် ဆောင်ရွက်ပေးရမည်။
- စိုက်ပျိုးချိန်နှင့်နို့ရည်တည်ချိန်တွင်ကြွက်ဝမ်းပူများဖျက်ဆီးတတ်သဖြင့်စိုက်ခင်းပတ်လည်သန့်ရှင်းရန်နှင့် ကြွက်ဆေးချပေးရမည်။
မြေအမျိုးအစား
- မြေဩဇာထက်သန်သောနုံးမြေ၊နုံးမြေစေး၊သဲနုံးမြေ၊ရေဝပ်ခြင်းမရှိလေဝင်လေထွက်မျှတ၍မြေဆီလွှာနက်သောမြေမျိုးတွင်အထူးသင့်တော်ပါသည်။မြေအချဉ်ငံဓာတ် (၅.၃ မှ ၇.၃)တွင်စိုက်ပျိုးနိုင်ပြီး မြေအချဉ်ငံဓာတ်(၆-၇ ) သည် အကောင်းဆုံးဖြစ်ပါသည်။
စိုက်ပျိုးချိန်
- မိုးရာသီတွင်(မေလဆန်း)မှ(ဇွန်လကုန်)၊ဆောင်းရာသီတွင်(စက်တင်ဘာလ)မှ (အောက်တိုဘာလ)အတွင်းစိုက်ပျိုးသင့်ပါသည်။
- မြစ်ဝကျွန်းပေါ်ဒေသနှင့်ကိုင်း/ကျွန်းစိုက်ဧရိယာများတွင် နိုဝင်ဘာလကုန် ဒီဇင်ဘာလဆန်းပိုင်းအထိ စိုက်ပျိုးကြပါသည်။
မျိုး
- အများဆုံးစိုက်ပျိုးသည့်မျိုးစေ့မှာပြည်ပမှမှာယူရသောစပ်မျိုးများဖြစ်ပါသည်။ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှလည်း ပြည်တွင်းစပ်မျိုးများထုတ်လုပ်ဖြန့်ဖြူးပါသည်။
- CP စပ်မျိုးများ (CP-၈၀၈၊ CP-၈၀၁၊ CP-၈၀၉) မျိုးများကို အများဆုံးစိုက်ပျိုးပါသည်။
- Golden Tiger, Golden Power, Pacific Crown, Armo) စသည့်စပ်မျိုးများလည်းစိုက်ပျိုး ပါသည်။
သက်တမ်းအလိုက်အပင်ပြုစုစောင့်ရှောက်ခြင်း
- စိုက်ပြီး (၇)ရက်အကြာတွင်အပင်မပေါက်သည့်ကျင်းများတွင်မျိုးစေ့ထပ်ချပေးရမည်။
- အပင်ပေါက်စုံပြီး(၁၄)ရက်သားတွင်တစ်ကျင်းလျှင်(၁)ပင်ချန်မဖြစ်မနေသားခွဲပြီးအပင်ခြေမြေဆွခြင်းဆောင်ရွက်ပေးရမည်။
- (၂၀-၂၁)ရက်သားတွင်မြေဩဇာထည့်သွင်းပြီးကြားထွန်လိုက်ပေးရမည်။
- (၃၅-၄၀)ရက်သားတွင်မြေဩဇာထပ်မံထည့်သွင်းပြီးဘောင်တင်ပေးရမည်။
- စိုက်ကွက်တွင်ရေမဝပ်စေရန်ဆောင်ရွက်ပေးရမည်။
- ဘောင်တင်ပြီးသည့်အထိပေါင်းမြက်ကင်းစင်အောင်ဆောင်ရွက်ပေးရမည်။
- ပန်းဖြိုင်ဖြိုင်ပွင့်ချိန်နှင့်နို့ရည်တည်ချိန်အစိုဓာတ်မလုံလောက်ပါကရေသွင်းပေးရမည်။
ရိတ်သိမ်းချိန်လွန်လုပ်ငန်းများ
- ပြောင်းဖူးဖက်များအဝါရောင်သန်းစပြုပြီးပြောင်းဖူးအညှာကိုလက်သည်းဖြင့် ခြစ်ကြည့်ပါကအမည်းရောင်အမှတ်(Black Layer)တွေ့ရှိချိန်(သို့မဟုတ်)ပြောင်းရွက်များ (၈၀-၉၀%)ခြောက်သွေ့ချိန်ရိတ်သိမ်းရမည်။
- မရင့်မှည်ခင်ရိတ်သိမ်းခြင်း၊နောက်ကျ၍ရိတ်သိမ်းခြင်းရှောင်ရမည်။
- ရိတ်သိမ်းပြီးချက်ချင်းဖက်ခွာ၍(၅-၇)ခန့်နေလှန်းပြီးအစိုဓာတ်(၁၅%)ရှိချိန်တွင်စနစ်တကျချွေပေးရမည်။
- ချွေပြီးအစေ့များကိုမြေကြီးနှင့်တိုက်ရိုက်မထိစေရန်ဖျာ၊မိုးကာ၊ကွန်ကရစ်အခင်းပေါ်တွင်ခပ်ပါးပါးဖြန့်၍နေလှန်းအခြောက်ခံပြီးအစေ့များအစိုဓာတ်(၁၂%)ရှိချိန် သန့်စင်ပြီးလေလုံအိတ်များ၊သံပုံးများဖြင့်စနစ်တကျသိုလှောင်ရမည်။
တန်ဖိုးမြှင့်ထုတ်ကုန်များ
- အစေ့ထုတ်ပြောင်းသီးနှံကိုမွေးမြူရေးလုပ်ငန်းသုံးစပ်စာအဖြစ်အသုံးပြုခြင်း၊ပြောင်းဖူးဆီ(စားသုံးဆီ)၊ပြောင်းဖူးကစီမှုန့်၊ပြောင်းဖူးကလူးကို့စ်(အရည်/အမှုန့်)၊ ပြောင်းဖူးနှင့်ပြုလုပ်သောတစ်ဆင့်မြင့်အရည်၊အီသနောလောင်စာ၊အရက်ချက်လုပ်ခြင်းစသည့်တန်ဘိုးမြှင့်ထုတ်ကုန်များထုတ်လုပ်နိုင်ပါသည်။
စိုက်ပျိုးရေးဦးစီးဌာန
-----
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ -
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။