cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

စပါးကြဲပက်စိုက်ပျိုးလျှင် ပေါင်းမြက်ကို အလေးထားစေချင်

. ပေါင်းမြက်
စပါးတိုက်ရိုက် မျိုးစေ့ချစိုက်ပျိုးလျှင် ပေါင်းသတ်ဆေးကို မဖြစ်မနေသုံးသင့်သည်ဟု မြင်ပါသည်။
  • ဆည်၊ မြစ်၊ ချောင်း၊ ကန်၊ ရေတွင်း စသည်တို့က သွင်းရေ နည်းလမ်းအသွယ်သွယ်ဖြင့် ရေရရှိနိုင်သည့် ဒေသများတွင် နွေရာသီမှာတိုက်ရိုက်မျိုးစေ့ချနည်းစနစ်ဖြင့် စပါးကို ကျယ်ပြန့်စွာစိုက်ပျိုးကြောင်း မြင်တွေ့နိုင်သည်။ အများစုက ကြဲပက်စိုက်ပျိုးသည်။ကြဲပက်စိုက်ပျိုးခြင်းသည် လွန်ခဲ့သည့် အနှစ် ၃၀ လောက် ကျွန်တော်တို့ သုတေသန လုပ်စဉ်က ထင်ရှားသည့် နည်းစနစ်ဖြစ်သော အစိုတမန်းပြင်မျိုးစေ့ချ စိုက်ပျိုးနည်းစနစ် တစ်မျိုးဖြစ်ပါသည်။

    မြန်မာနိုင်ငံမှာသာမက ကမ္ဘာမှာပါ စပါးကို ကြဲပက်စိုက်ပျိုးမှုများ ရှိလာနေသည်။ တစ်ချိန်က မိုးစပါးမှာ ကြဲပက်စိုက်ပျိုးသူနည်းသည်။ ယခုမူ မိုးရော၊ နွေပါ စပါးကို ကြဲပက်စိုက်ပျိုးသူ များလာနေပါသည်။ကြဲပက်စိုက်ပျိုးသည့်အကြောင်းရင်းအကြောင်းရင်းများစွာရှိသည်။ အဓိကအချက်မှာ ပျိုးထောင်ကောက်စိုက်စနစ်နှင့် နှိုင်းယှဉ်လျှင် လုပ်အားခ ကုန်ကျစရိတ်ကို လျှော့ချနိုင်၍ဖြစ်သည်။ ပျိုးထောင်စရာမလို၊ ပျိုးခင်းကို ပြုစုစောင့်ရှောက်စရာမလို၊ပျိုးနုတ်စရာမလို၊ပြောင်းရွှေ့ကောက်စိုက်စရာမလိုပေ။

    အောက်ပိုင်းဒေသများတွင် လယ်သမားတစ်ဦးချင်းပိုင် မြေဧရိယာများပြားခြင်းသည်လည်း တစ်ချက်ပါဝင်သည်။ မုတ်သုံစောဝင်သဖြင့် အချိန်မီရိတ်သိမ်းပြီးဖို့ မြန်မြန်စိုက်ရန်လိုအပ်၍ ဖြစ်သည်။ အထက်ပိုင်းဒေသများတွင်ဆည်ရေဖြင့် နှစ်သီး၊ သုံးသီး သီးထပ်စိုက်ပျိုးရာတွင် တစ်သီးပြီးတစ်သီး တက်သုတ်ရိုက်စိုက်ရန် လိုပြန်သည်။ အချိန်ဆွဲနေ၍ မဖြစ်ပါ။ ကြဲပက်စိုက်ပျိုးစနစ်က လွယ်

    လွယ်ကူကူ စိုက်ပျိုးပြီးစီးပါသည်။

    လုပ်ကိုင်နည်းစနစ်မှန်

    စိုက်ပျိုးအောင်မြင်ရန် တစ်နည်းအားဖြင့် တစ်ဧကအထွက်နှုန်း မြင့်မားရန် အရေးပါသည့်အချက်များ ရှိသည်။ ပထမအချက်မှာ မြေကို ကောင်းစွာထွန်ယက်ပြီး ညီညာအောင် ကျမ်းရိုက်ရန်လိုသည်။ အချို့ဒေသကျမ်းတုံးဖြင့် ကျမ်းရိုက်သည့်စနစ် ကွယ်ပျောက်နေသည်။ နွားထွန်ဖြစ်စေ၊ စက်ကြီး၊ စက်ငယ်ဖြင့် ဖြစ်စေ ခုတ်မောင်းပြီး စပါးမျိုးစေ့ကို ပက်ကြဲလိုက်တော့သည်။ ကျမ်းရိုက်မှသာ တမန်းပြင်ညီမည်။ တမန်းပြင်ညီမှသာ ရေပြင်ညီမည်။ မြေလပ်ကုန်းပေါ်လာလျှင် ပေါင်းမြက်က ပေါက်လာတော့သည်။ ကျမ်းရိုက်မြေညှိခြင်းသည် ပေါင်းမြက်ကာကွယ်နှိမ်နင်းရေးအတွက် နည်းလမ်းကောင်းတစ်ခုဟု အသိပေးလိုပါသည်။ထွန်ရေးတမန်း ကောင်းစွာပြင်ပြီးပျိုးထောင်ကောက်စိုက်ရန်ကဲ့သို့ ကျမ်းတုံးဖြင့် ကျမ်းရိုက်မြေညှိသည့် လယ်သမားများကိုလည်း မြင်တွေ့ရသည်။

    ထို့နောက်လယ်ကွက်အတွင်းမှရေကိုပြောင်စင်အောင်ခါသည်။ရေပြောင်စင်အောင်ခါဖို့ဆိုတာတော်တော်ခက်သည်။ တမန်းပြင်ပေါ်မှာမြောင်းငယ်လေးတွေ အလျားလိုက်ဖော်ပြီးအနိမ့်ပိုင်းကန်သင်းအခြေရှိ ကန့်လန့်မြောင်းသို့ ရေကို ရောက်ရှိစေသည်။ ထိုကန့်လန့်မြောင်းသို့ ဝင်လာသမျှရေသည် ကတွတ်ပေါက်မှတစ်ဆင့် လယ်ကွက်ပြင်ပသို့ တဖြည်းဖြည်း စီးဆင်းစေခြင်းဖြင့် ကုန်စင်အောင်ထုတ်ပစ်ခြင်း ဖြစ်သည်။

    အချို့မှာ ရေကိုပြောင်စင်အောင် ခါပစ်လေ့မရှိ။ ရေစပ်စပ်ဖြင့် စပါးမျိုးစေ့ကို ကြဲချသူရှိသလို အချို့မှာ နှစ်ည၊ သုံးညဆိုလျှင် ခန်းမှာပဲဟု ရေပေါ်မှာ ကြဲပက်စိုက်ပျိုးသူလည်းရှိကြောင်း မြင်တွေ့ရဖူးပါသည်။ လယ်ကွက်အတွင်းကရေကို စိမ့်မြောင်းများဖော်ပြီး ကတွတ်ပေါက်သို့ စုစည်းစီးဆင်းစေခြင်းသည် ကရိကထများပြီး လက်ဝင်သည်။ စိုက်ဧရိယာများပြီး လုပ်သားရှားပါးမှုကြောင့် မလုပ်နိုင်ခြင်းဖြစ်နိုင်သည်။ လယ်ကွက်ထဲ ရေရှိနေလျှင် စပါးမျိုးစေ့များ အပင်ပေါက်တော့ပေါက်သည်။ နှေးကွေးနေမည်၊ ကြုံလှီနေမည်။

    အပင်မပေါက်ဘဲ အကွက်လိုက်လစ်ဟာနေတာ မြင်ဖူးပါသည်။ ကျွန်တော့်အတွေ့အကြုံအရ နည်းစနစ်မှန်ကို ထောက်ခံရလျှင် အစိုတမန်းပြင်ကို ကျမ်းရိုက်ပြီး လယ်ကွက်အတွင်းက ရေများကို ပြောင်စင်အာင်ထုတ်ပစ်သင့်ပါသည်။ ထိုမျှမက တမန်းပြင်ကို ဒီအတိုင်းတစ်ရက်ကြာ ထားလိုက်စေချင်သေးသည်။ တမန်းကြော အနည်ထိုင်ပြီး ခပ်တင်းတင်းအခြေအနေဖြစ်စေရန် ဖြစ်ပါသည်။ နောက်ရက်တွင်မှ စာပါးစပ်ပြူ အညှောက်ပေါက်မျိုးစေ့ကို တမန်းပြင်ပေါ်ညီညာစွာ ကြဲပက်စိုက်ပျိုးရန် ဖြစ်သည်။ တိုက်ရိုက်မျိုးစေ့ကြဲပက်စိုက်ပြီး သုံးရက်အကြာတွင်မူ လယ်ကွက်အတွင်းသို့ ရေကို ခပ်ပါးပါးသွင်းပေးရန် ဖြစ်သည်။ ခပ်ပါးပါးဆိုသည်မှာ စပါးအပင်ပေါက်ငယ်လေးများ၏ အရွက်ထိပ်ဖျားမမြုပ်ရုံအခြေအနေအထိ သွင်းပေးရန်ဖြစ်ပါသည်။

    မျိုးစေ့နှုန်းသုံးစွဲမှုမှန်တစ်ဧကမျိုးစေ့နှုန်း သုံးစွဲခြင်းနှင့် ပတ်သက်၍ အသိပေးလိုသည်။ ရေနေရေထိုင်နှင့် တမန်းမြေ ကောင်းမွန်စွာမပြုပြင်နိုင်မှုတို့ကြောင့်စပါးမျိုးစေ့ အပင်မပေါက်နိုင်မှု၊ ကြွက်၊ ငှက် အဖျက်အဆီးစသည်တို့ကြောင့် ဆုံးရှုံးနိုင်မှု၊ အပင်ပေါက်လာသော်လည်း ကြုံလှီပျက်စီး

    နိုင်မှုတို့ကို ခြုံငုံစဉ်းစားပြီး သုံးစွဲသင့်သည့် မျိုးစေ့နှုန်းကို ဆုံးဖြတ်သင့်သည်။ ထို့ပြင် မျိုးစေ့၏ အပင်ပေါက်ရာခိုင်နှုန်းကိုလည်း ထည့်သွင်းတွက်ချက်ရသည်။ ဆုံးရှုံးနိုင်သည့် ထိုအခြေအနေအရပ်ရပ်ကို ထပ်ဆောင်းပြီး သုံးစွဲသင့်သည့် မျိုးစေ့နှုန်းထက် ပိုမိုသုံးစွဲရန်တိုက်တွန်းပါသည်။ အပင်ပေါက်သေချာစေရန် ဖြစ်သည်။ အချို့လယ်သမားကြီးများက မျိုးစေ့နှုန်းကို တိုးမြှင့်သုံးစွဲလျှင် ပေါင်းမြက်ကိုကာကွယ်နှိမ်နင်းနိုင်မည်ဟု ယုံကြည်လျက်ရှိသည်။

    ထိုရှုထောင့်မှကြည့်၍ တစ်ဧကမျိုးစေ့နှုန်း သုံးစွဲမှုကို မတန်တဆ တိုးမြှင့်သုံးစွဲမှုများ တွေ့ကြုံဖူးသည်။ ပေါင်းမြက်ကို စပါးပင်များက ယှဉ်ပြိုင်နိုင်စွမ်းအားကောင်းအောင် ဆောင်ရွက်သည့် သဘောဖြစ်ပါမည်။သို့သော် မှန်ကန်သော နည်းလမ်းတစ်ရပ်တော့ မဟုတ်နိုင်ပါ။ မျိုးစေ့နှုန်း တိုးမြှင့်သုံးစွဲသည်ဖြစ်စေ၊ ပုံမှန်သုံးစွဲသည်ဖြစ်စေအစိုတမန်းပြင် တိုက်ရိုက်မျိုးစေ့ချစနစ်တွင် ဘက်စုံပေါင်းမြက် ကာကွယ်နှိမ်နင်းစနစ်ကို ဆောင်ရွက်ရန်လိုပါသည်။

    တစ်ဧကလျှင် မျိုးစေ့တစ်တင်းမှ တစ်တင်းခွဲသည် သင့်တော်သော မျိုးစေ့နှုန်းဖြစ်ကြောင်း သုတေသနပညာရှင်များ သာမက လယ်သမား အများစုကလည်း လက်ခံထားသည်။ သို့သော် မျိုးစေ့ချ နည်းစနစ်ပေါ် မူတည်ပါသည်။ ကြဲပက်ခြင်း၊ လက်ဖြူးချခြင်း၊ လက်စုချခြင်း၊ ခြောက်လက်မခြား မျိုးစေ့ချကိရိယာအသုံးပြုခြင်း၊ ရှစ်လက်မခြား မျိုးစေ့ချကိရိယာ အသုံးပြုခြင်း စသည်တို့အပေါ် မူတည်ပြီးမျိုးစေ့ကုန်ကျမှုကွာခြားမည်သာ ဖြစ်သည်။ မည်သည့် မျိုးစေ့ချ နည်းစနစ်ဖြင့် မျိုးစေ့ချသည်ဖြစ်စေ အလေးထားဆောင်ရွက်သင့်သည်မှာ ပေါင်းမြက်ကာကွယ်နှိမ်နင်းရေး ဖြစ်ပါသည်။

    ပေါင်းသတ်ဆေးသုံးစွဲမှုမှန်

    စပါးတိုက်ရိုက် မျိုးစေ့ချစိုက်ပျိုးလျှင် ပေါင်းသတ်ဆေးကို မဖြစ်မနေသုံးသင့်သည်ဟု မြင်ပါသည်။ ပေါင်းမြက်ကြောင့်စပါးအထွက်မလျော့စေရန် ဖြစ်သည်။ ပေါင်းမြက်ကာကွယ်နှိမ်နင်းရေးကို အလေးထားလုပ်ကိုင်နိုင်မှု နည်းပါးသေးကြောင်းတွေ့ရသည်။ ယခင်ထက် ဗဟုသုတကြွယ်ဝလာကြပြီ။ လက်လှမ်းမီရာ ကြောငြာအရစပါးပေါင်းသတ်ဆေးကို သုံးစွဲလာကြသည်။ သို့သော် စနစ်တကျ

    သုံးစွဲနိုင်သူ နည်းပါးသေးသည်။ သေစေချင်သော ပေါင်းမြက်နှင့် အသုံးပြုသည့် ပေါင်းသတ်ဆေး ကိုက်ညီရန် လိုပါသည်။ အချို့ပေါင်းသတ်ဆေးက မြက်အုပ်စုဝင်ပေါင်းများကို သေစေသည်။ ရွက်ပြားပေါင်းအုပ်စုကို မသေစေနိုင်သလို မုန်ညင်းအုပ်စုကို မသေစေနိုင်တာလည်း ရှိသည်။ အမျိုးအစားရွေးချယ်မှုမှန်ရန်လိုသည်။ ထို့ပြင် ပေါင်းမြက်မပေါက်မီ ဖျန်းရသည့် ပေါင်းသတ်ဆေးလား၊ပေါင်းမြက်ပင်ပေါက်ပြီးမှ သေစေရန် ဖျန်းရသည့်ပေါင်းသတ်ဆေးလား ကွဲပြားသေးသည်။ အမျိုးအစားကိုက်ညီဖို့ လိုပါသည်။ဆေးဖျန်းချိန်ကလည်း အရေးကြီးသေးသည်။ အညွှန်းတွင် အပင်ပေါက်ပြီး ဘယ်နှရက်အကြာတွင် ဖျန်းရန်ဟု ရေးထားတတ်သည်။

    အချို့ပေါင်းသတ်ဆေးက ပေါင်းမြက်အရွက် နှစ်ရွက်မှ သုံးရွက်ခန့် ထွက်ချိန် အပင်ငယ်စဉ်မှ ဖျန်းရန်ဖြစ်သည်။

    ထိုသို့ဖြစ်ပါက ဆေးဖျန်းမည့်ရက်တွင် ပေါင်းမြက်ပင်၏ အရွက်ထွက်မှုနှင့် ကိုက်ညီရန်လိုပါသည်။ ပေါင်းမြက်ပင်၏ အရွက်ထွက်ကြီးထွားမှုသည် ထိုအချိန်ရှိ နေ့အပူချိန်ပေါ်မူတည်နေပြန်သည်။ အပူချိန်မြင့်က ကြီးထွားနှုန်းမြန်ပြီး အေးသောရက်များတွင် ပေါင်းမြက်ကြီးထွားမှုမှာ နှေးနေတတ်ပါသည်။ ထိုသို့ဆိုလျှင် ပေါင်းသတ်ဆေးအာနိသင်ကောင်းဖို့ ဆေးဖျန်းချိန်သတ်မှတ်ထားသည့် အရွက်ထွက်မှုနှင့် ကွဲလွဲတတ်သေးသည်။ ပိုဆိုးသည်မှာ ပေါင်းမြက်ကိုမြင်မှ၊ သိသိသာသာကြီးထွားနေမှ ပေါင်သတ်ဆေးကို ဖျန်းနေခြင်းပင်ဖြစ်သည်။ ပေါင်းမြက်ပင်က ဖွံ့ဖြိုးကြီးထွားနေပြီဖြစ်လို့ နောက်ကျဖို့သေချာနေသည်။ မထိရောက်၍ ပေါင်းမြက်မသေဘဲ အကျိုးမရှိဖြစ်တတ်သည်ကို သတိမူရန်ဖြစ်ပါသည်။

    စပါးစိုက်ပျိုးနည်းစနစ်ပေါ် မူတည်ပြီး ပေါင်းမြက်ကြောင့် စပါးအတွက်ဆုံးရှုံးတာ

    ကွာခြားသည်။ ပျိုးထောင်ကောက်စိုက်စပါး (Transplanted Rice) ထက် အစိုတမန်းပြင် တိုက်ရိုက်စိုက်စပါး (Wet Seeded Rice)က ပေါင်းမြက်ကြောင့် ဆုံးရှုံးမှုများပါသည်။ အစိုတမန်းပြင် တိုက်ရိုက်စိုက်စပါးချင်းတူလျှင်လည်း စပါးကြဲပက် စိုက်နည်းစနစ်ကပိုလို့ဆုံးရှုံးနိုင်ပါသည်။ ထို့ကြောင့် ပေါင်းမြက်ကို အလေးထားပါလို့သာ ပြောလိုပါသည်။

    မောင်ဖူးဝေ(တောင်တွင်းကြီး)

    မြန်မာတောင်သူကြီးများ ဂျာနယ်

    ✦✦✦✦✦✦✦✦✦✦✦✦✦✦✦

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
likes7comments0
views234views2134