cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ထရိုင်ခိုဒါးမားမှိုအသုံးပြုခြင်း၏အကျိုးကျေးဇူးများ

. ဇီဝမြေဩဇာ
ထရိုင်ခိုဒါးမားမှိုသည် သီးနှံစိုက်ခင်းမြေများတွင် သဘာဝအတိုင်းရှိနေသော အကျိုးပြုဇီဝ သက်ရှိမှိုတစ်မျိုးဖြစ်ပါသည်။ အကျိုးသက်ရောက်မှုကောင်းသော ထရိုခိုဒါးမားမှိုမျိုးများသည် သီးနှံပင်ကြီးထွားမှုကို အားပေးပြီး သီးနှံမြေဆောင်ရောဂါများကို ကာကွယ်ပေးနိုင်ပါသည်။
  • ဇီဝမြေဩဇာဆိုသည်မှာ အပင်အတွက် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အကျိုးပြု နိုင်သည့် အဏုဇီဝသက်ရှိများပါဝင်သော မြေဩဇာကို ဆိုလိုပါသည်။ စိုက်ပျိုးရေးသုတေသနဦးစီးဌာနတွင် သဘာဝမြေဩဇာသုတေသနများအပြင် ဇီဝမြေသြဇာဖြစ်သည့် ပဲမြစ်ဖုဇီဝမြေသြဇာ၊ ထရိုင်ခိုဒါးမားမှို၊ အီးအမ်ဘိုကာရှီ အစရှိသည်တို့ကို သုတေသနပြု ထုတ်လုပ်လျက်ရှိပါသည်။

    ထရိုင်ခိုဒါးမားမှိုသည် သီးနှံစိုက်ခင်းမြေများတွင် သဘာဝအတိုင်းရှိနေသော အကျိုးပြုဇီဝ သက်ရှိမှိုတစ်မျိုးဖြစ်ပါသည်။ အကျိုးသက်ရောက်မှုကောင်းသော ထရိုခိုဒါးမားမှိုမျိုးများသည် သီးနှံပင်ကြီးထွားမှုကို အားပေးပြီး သီးနှံမြေဆောင်ရောဂါများကို ကာကွယ်ပေးနိုင်ပါသည်။ သို့ဖြစ်ပါ၍ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ သုတေသနပြုလုပ်၍ အကျိုးပြု ထရိုခိုဒါးမားမှိုတစ်မျိုးကို ရှာဖွေဖော်ထုတ်ခဲ့ပါသည်။

    ထရိုင်ခိုဒါးမားမှိုကို မြေဆွေးပြုလုပ်ရာတွင်လည်းကောင်း၊ မျိုးစေ့ဆေးစီရင်ရာတွင် လည်းကောင်း၊ ပျိုးအိုး၊ ပျိုးထုပ်၊ ပျိုးဘောင်များတွင် ထည့်သွင်းအသုံးပြုခြင်းဖြင့်လည်းကောင်း၊ ရောဂါကျစိုက်ခင်းများတွင် ထည့်သွင်းအသုံးပြုခြင်းဖြင့်လည်းကောင်း အမျိုးမျိုးအသုံးပြုနိုင်ပါသည်။

    ထရိုင်ခိုဒါးမားမှိုကိုအသုံးပြုပြီး ထရိုင်ခိုဒါးမားမြေဆွေးကို ထုတ်လုပ်နိုင်သည်။ ထရိုင်ခို ဒါးမားမြေဆွေးကို ပြုလုပ်ရာတွင် ထရိုင်ခိုဒါးမား(၁၀)ထုပ်ကို နွားချေး(၂)တင်း၊ ဖွဲနု(၅)ပြည်တို့နှင့် သမအောင်ရောစပ်၍ အစိုဓာတ်သင့်တင့်ရှိရုံဖြင့် နှံ့စပ်အောင်နယ်ပါ။ ထရိုင်ခိုဒါးမားမြေဆွေး အရောကို ပလပ်စတစ်(သို့မဟုတ်) မိုးကာဖြင့် (၅-၇)ရက်အကြာ လုံခြုံအောင်ဖုံးအုပ်ထားပေးခြင်းဖြင့် အသုံးပြုနိုင်သော ထရိုင်ခိုဒါးမားမြေဆွေးကို ရရှိပါသည်။ အဆိုပါပမာဏသည် စိုက်ခင်း တစ်ဧကစာအတွက် လုံလောက်ပါသည်။ ပွားများရန် အခြေအနေမပေးပါက တစ်ဧကလျှင် မှိုမျိုး(၆၀)ထုတ်ကို စိုက်ခင်းထဲသို့ တိုက်ရိုက်ကြဲပက်ပြီး ထွန်မွှေကာအသုံးပြုနိုင်ပါသည်။ ၎င်းကို နောက်ဆုံးထယ်ရေးပြင်ချိန်တွင် ထည့်သွင်းအသုံးပြုခြင်းဖြင့် နှမ်းရိုးမဲရောဂါ၊ ခါးရိရောဂါ၊ မြစ်ခြောက်ဆွေးရောဂါ၊ မြစ်ပုပ်ရောဂါ၊ မြက်ဖုံးခြောက်ရောဂါ၊ ပင်ညှိုးရောဂါ၊ ပင်ရင်းပုပ်ရောဂါ များကို ကာကွယ်နိုင်ပါသည်။

    ၎င်းအပြင် ထရိုင်ခိုဒါးမားမှိုထုတ်ကို မြေဆောင်၊ မျိုးစေ့ဆောင် မှိုရောဂါများကို ကြိုတင် ကာကွယ်နိုင်ရန်အတွက် မျိုးစေ့ဆေးစီရင်ရာတွင်လည်း အသုံးပြုနိုင်ပါသည်။ အသုံးပြုပုံမှာ ပဲ၊ နှမ်း၊ ပြောင်းမျိုးစေ့များအတွက် မစိုက်ပျိုးမီ ရေတွင် မိနစ်(၃၀) မှ (၂) နာရီခန့် စိမ်ပါ။ မျိုးစေ့(၂)ပြည် ကို ထရိုင်ခိုဒါးမားမှို(၁)ထုပ်နှုန်းဖြင့် လူးနယ်၍ မိနစ်(၃၀)ကြာ လေသလပ်ခံပြီးမှ စိုက်ပျိုးပါ။ စပါးမျိုးစေ့ မှိုဆောင်ရောဂါများအတွက် စပါးမျိုးကို တစ်ရက်ရေစိမ်ပါ။ မျိုးစေ့(၁)တင်းအတွက် ထရိုင်ခိုဒါးမား(၇)ထုပ်ကို ရေ(၂)ဂါလံတွင် ဖျော်ပြီး ထိုဖျော်ရည်တွင် မိနစ်(၃၀)စိမ်ပြီးနောက် ပျိုး အုပ်ပါ။ ပျိုးထုတ်၊ ပျိုးအိုး၊ ပျိုးဘောင်များတွင် ထည့်သွင်းအသုံးပြုမည်ဆိုပါက ထရိုင်ကိုဒါးမား မှိုမျိုး(၁)ဆ၊ ဖွဲနု(၄)ဆနှင့် မြေ(၁၀)ဆရော၍ အသုံးပြုပါ။

    ထရိုင်ခိုဒါးမားမှိုကို အသုံးပြုခြင်းဖြင့် အပင်ကြီးထွားမှုကို အားပေးသည့် ဟော်မုန်းများ ထုတ်ပေးနိုင်ခြင်း၊ အပင်၏အာဟာရများ စုပ်ယူအသုံးပြုမှုကို တိုးစေနိုင်ခြင်း၊ အပင်များအတွက် အနည်းလိုအာဟာရဓာတ်များ(Mn, Fe, Zn, Cu, Rock Phosphate)ကိုလည်း ပျော်ဝင်အောင် ကူညီပေးခြင်း၊ အပင်အတွက် နိုက်ထရိုဂျင်အသုံးပြုမှုစွမ်းရည်ကိုလည်း တိုးတက်စေနိုင်ခြင်း၊ အပင်များအား အာဟာရချို့တဲ့ခြင်း၊ ရေငတ်ခြင်း၊ မြေဆောင်၊ မျိုးစေ့ဆောင်ရောဂါများကို ခံနိုင်ရည်ရှိစေခြင်းဖြင့် သီးနှံပင်များကြီးထွားဖွံ့ဖြိုးမှုကို အားပေးခြင်း၊ ပျိုးခင်းပျိုးဘောင်များတွင် အသုံးပြုခြင်းဖြင့် ပျိုးပင်ကျန်းမာသန်စွမ်းစေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါသည်။

    စိုက်ပျိုးရေးသုတေသနဦးစီးဌာန

    ----

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
likes8comments3
views163views1775