cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

တရုတ်ဝယ်လိုအားကြောင့် စျေးကောင်းရနေတဲ့ မြန်မာကွမ်းသီးနု

. ဈေးကွက်သတင်းများ
တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံကနေ သွင်းကုန်ပစ္စည်းတွေ တင်သွင်းရာမှာ ကွမ်းသီးနု တင်သွင်းတဲ့ စျေးကွက်က အကြီးဆုံးသွင်းကုန်လုပ်ငန်းတွေထဲက တစ်ခုအပါအဝင်ဖြစ်လာတာပါ။
  • မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုအနေနဲ့ တရုတ်နိုင်ငံဘက်ကို ပို့ကုန်တင်ပို့ရာ အများစုသိကြတာက ဆန်စပါး၊ ပဲ၊ ပြောင်း၊ ဖရဲသီး စတဲ့ လယ်ယာထွက်ကုန်ပစ္စည်းတွေပါ။

    တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံက ထွက်ရှိတဲ့ လယ်ယာထွက်ကုန်ပစ္စည်းတွေကို အဓိကတင်သွင်းနေတယ်ဆိုပေမယ့်လည်း အခြားထွက်ကုန်ပစ္စည်းချို့ကို တင်သွင်းနေတာတွေလည်း ရှိနေပါတယ်။အဲဒီအထဲမှာ မြန်မာနိုင်ငံက ထွက်ရှိတဲ့ ကွမ်းသီးအနုကို ဝယ်ယူတင်သွင်းတဲ့ စျေးကွက်ကလည်း တစ်ခုအပါဝင်ဖြစ်ပါတယ်။

    အခုနောက်ပိုင်းမှာ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံက ထွက်ရှိတဲ့ ကွမ်းသီးအနုကို ဝယ်ယူတင်သွင်းမှုက သိသိသာသာများလာတယ်လို့ ကွမ်းသီးပင် စိုက်ပျိုးတဲ့ တောင်သူတွေက ဆိုပါတယ်။ဒါကြောင့် တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံကနေ သွင်းကုန်ပစ္စည်းတွေ တင်သွင်းရာမှာ ကွမ်းသီးနု တင်သွင်းတဲ့ စျေးကွက်က အကြီးဆုံးသွင်းကုန်လုပ်ငန်းတွေထဲက တစ်ခုအပါအဝင်ဖြစ်လာတာပါ။

    ကွမ်းသီးအနုဆိုတာကတော့ ကွမ်သီးရဲ့ အပြင်ပိုင်း အခွံစိမ်းနေတာကို ယေဘုယျအားဖြင့် ကွမ်းသီးနုလို့ သတ်မှတ်ခေါ်ဆိုကြတာဖြစ်ပါတယ်။တရုတ်ကုန်သည်တွေအနေနဲ့ ကွမ်းသီးနုကို ဝယ်ယူရာမှာ အခိုင်လိုက်အနေနဲ့သော်လည်းကောင်း၊ အလုံးလိုက်အနေနဲ့သော်လည်းကောင်း၊ ကီလိုချိန်နဲ့သော်လည်းကောင်း ဝယ်ယူကြတာဖြစ်ပါတယ်။

    လက်တွေ့ မြေပြင်မှာ ဝယ်ယူကြတာကတော့ ကွမ်းသီးနုကို အလုံးလိုက်အနေနဲ့ ဝယ်ယူကြတာများတယ်လို့ ဆိုပါတယ်။

    တရုတ်နိုင်ငံကနေ ဝယ်ယူတဲ့ အရည်အသွေးမီ ကွမ်းသီးနုရဲ့ အလေးချိန်က ၂၀ ဂရမ်ကနေ ၃၀ ဂရမ်အထိ ရှိရမှာဖြစ်တယ်လို့ သိရပါတယ်။ဒီနှစ်မှာတော့ အရည်သောက်အရွယ် ကွမ်းသီးနုတွေကို တရုတ်ကုန်သည်တွေက ကျေးရွာတွေအထိဆင်းပြီး စျေးကောင်းပေးဝယ်ယူနေတာကြောင့် ကွမ်း သီးအနုတွေရဲ့ စျေးနှုန်းတွေက အမြင့်စျေးမှာ ရရှိနေတယ်လို့ ဧရာ၀တီတိုင်းဒေသကြီးရှိ ကွမ်းသီးပင်စိုက်ပျိုးတဲ့ တောင်သူတွေက ပြောဆိုထားပါတယ်။

    “ကွမ်းသီးအနုတွေက ၅ လပိုင်းလောက်ကနေ စပြီးပေါ်တာပေါ့။ ၆ လပိုင်း ၇ လပိုင်းရောက်ရင်တော့ ကွမ်းသီးနု လှိုင်လှိုင်ပေါ်တယ်လို့ ပြောလို့ရပါတယ်။ကွမ်းသီးစျေးအနေနဲ့ကတော့ ကွမ်းသီးအမှည့်တွေထက် ကွမ်းသီးအနုတွေက စျေးပိုရပါတယ်။ကွမ်းသီးနုတွေကို အဓိကဝယ်ယူတာကတော့ တရုတ်ကုန်သည်တွေပေါ့။တရုတ်ကုန်သည်တွေက ကွမ်းသီးအနုကိုပဲ အဓိကထားဝယ်ယူကြပါတယ်။ဒါကြောင့် ကွမ်းသီးအနုက စျေးကောင်းရနေတာပေါ့။ကွမ်းသီးအနုစျေးနှုန်းက အရင်နှစ်က တစ်လုံး ငွေကျပ် ၃၀ နဲ့ ၄၀ ကျပ် ဝန်းကျင်လောက်သာရရှိပေမယ့် ဒီနှစ်မှာတော့ ကွမ်းသီးအနုတစ် လုံးရဲ့စျေးနှုန်းက ငွေကျပ် ၇၀ အထိ စျေးနှုန်းမြင့်တက်သွားတယ်။ဒါကြောင့် ကွမ်းသီးပင်စိုက်ပျိုးသူတွေက ကွမ်းသီးနုတွေကို ထွက်ရှိသလောက် ခူးယူရောင်းချကြတယ်” လို့ ဧရာ၀တီတိုင်းဒေသကြီး လူကောင်းကျွန်းကျေးရွာမှာနေတဲ့ ကွမ်းသီးပင်စိုက်ပျိုးသူ ဦးဝင်းမြင့်က ဆိုပါတယ်။

    ဧရာ၀တီတိုင်းဒေသကြီးမှာ မြစ်ချောင်းနဲ့နီးတဲ့ မြို့နယ်အများစုမှာ ကွမ်းသီးပင်တွေကို စိုက်ပျိုးကြပါတယ်။ကွမ်းသီးပင်က နှစ်ရှည်ပင်ဖြစ်တဲ့အတွက် ကွမ်းသီးပင် တစ်ပင်ကနေ အသီးသီးဖို့ ၇ နှစ်လောက် အချိန်ကြာတယ်လို့ ဆိုပါတယ်။အရင်ကတော့ ဧရာ၀တီတိုင်းဒေသကြီးမှာ ကွမ်းသီးစျေးကွက်က ကွမ်းသီးမှည့်တွေကို ခြောက်ခံပြီး ခြောက်သွားတဲ့အခါ ကွမ်းသီးတွေကို ခွဲခြမ်းပြီး အလေး ချိန်ပိဿာနဲ့ပဲ ဒေသအသီးသီးကို တင်ပို့ရောင်းချတာဖြစ်ပါတယ်။အခုနောက်ပိုင်းမှာတော့ ကွမ်းသီးခြောက်စျေးကွက်ထက် ကွမ်းသီးနုစျေးကွက်ကို အားထားသူတွေ များလာတယ်လို့ ဆိုပါတယ်။ကွမ်းသီးစိုက်ပျိုးသူတွေက စျေးကောင်းပေးဝယ်တဲ့ တရုတ်ကုန်သည်တွေကို ကွမ်းသီးနုတွေ ပိုမိုရောင်းလာကြတယ်လို့ ဆိုပါတယ်။

    တရုတ်နိုင်ငံအနေနဲ့ ကွမ်းသီးနုများကို မြောက်မြားစွာဝယ်ယူပြီး ကုန်ချောအဖြစ် ပြန်လည်ထုတ် လုပ် ရောင်းချနေတာဖြစ်တယ်လို့ သိရပါတယ်။ကုန်ချောထုတ်လုပ်ရာတွင် ကွမ်းသီးရဲ့ အထဲက အဆံကို အသုံးပြုခြင်းမျိုးမဟုတ်ဘဲ အပေါ်က အစိမ်းရောင်အခွံကို အသုံးပြုကြတာဖြစ်တယ်လို့ ဆိုပါတယ်။တရုတ်လူမျိုးတွေဟာ ကွမ်းသီးတွေကို အရသာပိုကောင်းအောင် ပေါင်းစပ်ဖော်ထုတ်ပြီး အဆာပြေ သရေစာအဖြစ် စားသုံးကြတယ်လို့ သိရပါတယ်။ကွမ်းသီးများကို အရသာပိုကောင်းအောင် ပေါင်းစပ်ဖော်ထုတ်ပြီး အဆာပြေ သရေစာအဖြစ် ပြုလုပ်ထားမှုကို တရုတ်လူမျိုးတွေဟာ လူကြီး၊ လူငယ်မရွေး စားသုံးကြတဲ့ ရိုးရာ အဆာပြေစာတစ်ခု လည်းဖြစ်တယ်လို့ ဆိုပါတယ်။

    ကွမ်းသီးနုရဲ့ အပေါ်က အခွံကို သရေစာပြုလုပ်ရာမှာလည်းကောင်း၊ ဆေးဖော်စပ်ရာမှာလည်း ကောင်း အသုံးပြုကြတယ်လို့ သိရပါတယ်။ကွမ်းသီးနုကနေ ဖော်စပ်တဲ့ ဆေးတွေကတော့ အစာ ခြေဆေး၊ သန်ချဆေး၊ ခံတွင်းရနံ့သန့်စင်ဆေးရည်တွေနဲ့ စိတ်နဲ့ပတ်သက်တဲ့ စိတ်ကျရောဂါဆိုင်ရာ ရောဂါတွေကို ကုသနိုင်တဲ့ ဆေးတွေ ထုတ်လုပ်တာဖြစ်တယ်လို့ သိရပါတယ်။

    တရုတ်နိုင်ငံကထုတ်လုပ်တဲ့ ကွမ်းသီးနုကရတဲ့ အဆာပြေ သရေစာဟာ တရုတ်နိုင်ငံမှာသာမကဘဲ အရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နဲ့ ကမ္ဘောဒီးယားနိုင်ငံတွေမှာပါ ရေပန်းစားနေပြီး ဈေးကွက်ထိုးဖောက်ဝင်ရောက်နေပြီဖြစ်တယ်လို့ သိရပါတယ်။

    တရုတ်နိုင်ငံအနေနဲ့ ကွမ်းသီးထုတ်လုပ်မှု လုပ်ငန်းကနေရရှိတဲ့ ဝင်ငွေက တစ်နှစ်ကို ယွမ်ဘီလီယံ ၃၀ အထိ ရရှိနေတယ်လို့ အချက်အလက်ဖော်ပြချက်တွေအရ သိရပါတယ်။

    ဒါကြောင့် အိမ်နီးချင်း တရုတ်နိုင်ငံက ဝယ်ယူတဲ့ ကွမ်းသီးနုစျေးကွက်က အခိုင်အမာရှိနေတာကြောင့် မြန်မာနိုင်ငံက ထွက်ရှိတဲ့ ကွမ်းသီးနုစျေးနှုန်းကလည်း အမြင့်စျေးမှာပဲ ဆက်လက်ရှိနေမှာဖြစ်တယ်လို့ ကွမ်းသီးအရောင်းအဝယ်ပြုလုပ်တဲ့ ကုန်သည်တွေနဲ့ ကွမ်းသီးပင် စိုက်ပျိုးတဲ့ တောင် သူတွေက အခိုင်အမာယုံကြည်နေကြပါတယ်။

    နှောင်ကြိုး

    Opinion Leaders မှ ကူးယူဖော်ပြပါသည်။

    -----

    သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


  • article
likes8comments2
views187views2331