cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ထုံးထည့်ပေးခြင်းဖြင့် မြေဆီလွှာနှင့်သီးနှံအပေါ်သက်ရောက်မှု

. မြေပြုပြင်ခြင်း
ယခုနှစ်တွင် ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး၊ မွန်၊ ကရင်၊ တနင်္သာရီနဲ့ ရှမ်းဒေသအချို့မှာ မြေဆီလွှာထုံးထည့်ခြင်းလုပ်ငန်းကို တွင်တွင်ကျယ်ကျယ် ဆောင်ရွက်လာကြတာ တွေ့ရပါတယ်။ ထုံးထည့်ပင်ထည့်သော်လည်းမြေချဉ်၍ ထုံးထည့်တာလို့လောက်သာ သိရှိထားကြပါတယ်။ ထုံးဘာကြောင့်ထည့်ရတယ်၊ ဘယ်လိုအကျိုးပြုမှုတွေရှိတယ်၊ တခြားဘယ်ရည်ရွယ်ချက်တွေနဲ့ ထုံးထည့်ရတယ်၊ ထုံးဘယ်လောက်ထည့်ရမယ်ဆိုတာ အသေးစိတ်ဂဃနဏ သိရှိနားလည်သဘောပေါက်မှုနည်းတာ တွေ့ရပါတယ်။
  • article
  • ထုံးကို မြေဆီလွှာထဲ ဘာကြောင့်ထည့်ရတယ်၊ ဘယ်လိုအကျိုးပြုမှုတွေရှိတယ်၊ ထုံးဘယ်လောက်ထည့်ရတယ်ဆိုတာ သိရှိနားလည်သဘောပေါက်ထားမှသာ ထည့်ရကျိုးနပ်မှာဖြစ်ပါတယ်။ ထုံးကို (၁) မြေချဉ်ကိုပြုပြင်ရန် ထည့်သွင်းခြင်း၊ (၂) မြေဆီလွှာအတွင်း အပင်အာဟာရဓာတ်များ ထိန်းချုပ်ခံရမှုက ကင်းလွတ်အောင်ထည့်သွင်းခြင်း၊ (၃) မြေဆီလွှာအတွင်း အပင်အာဟာရဓာတ်များက အပင်များကိုအဆိပ်သင့်ခြင်းက ကင်းလွတ်စေရန် ထည့်သွင်းခြင်း၊ (၄) တချို့ဒေသများတွင် ရွှေခရုအန္တရာယ်ကကာကွယ်ရန် ထည့်သွင်းခြင်း၊ (၅) သစ်သီးဝလံပင်တွေ အသီးအရည်အသွေးကောင်းစေရန် ထည့်သွင်းခြင်း (ကျွဲ ကော၊ သရက်၊ပန်းသီး၊ လိမ္မော်) ပြုလုပ်ကြတာ တွေ့ရှိရပါတယ်။ သီးနှံစိုက်ပျိုးတဲ့မြေဆီလွှာမှာ မြေချဉ်ခြင်း၊ ငန်ခြင်းဆိုတာ ဖြစ်ပေါ်လေ့ရှိပါတယ်။ မြေချဉ်ခြင်း၊ ငန်ခြင်းကို ယူနစ်နဲ့ပြောရင်တော့ အညွှန်းကိန်း ၄ ဒသမ ၅ အောက်ဆိုရင် အလွန်ချဉ်၊ ၄ ဒသမ ၅ မှ ၅ ဒသမ၅ ဆိုရင် အချဉ်များ၊ ၅ ဒသမ ၆မှ ၆ ဒသမ ၁ ဆိုရင် အလယ်အလတ်ချဉ်၊ ၆ ဒသမ ၁ မှ ၆ ဒသမ ၅ ဆိုရင် အနည်းငယ်ချဉ်၊ ၆ဒသမ ၅ မှ ၇ ဒသမ ၅ ဆိုရင်သမလုနီးပါး၊ ၇ ဒသမ ၅ မှ ၈ ဒသမ ၅ ဆိုရင်အနည်းငယ်ငန်၊ ၈ ဒသမ ၅ မှ ၉ ဆိုရင်အလယ်အလတ်ငန်၊ ၉ အထက်ဆိုရင် အလွန်ငန်ဆိုပြီး သတ်မှတ်ထားပါတယ်။


    အများအားဖြင့် မိုးရေချိန်များတဲ့ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ ရခိုင်၊ မွန်၊ ကရင်၊ တနင်္သာရီနဲ့ ဂဝံဆန်တဲ့ ရှမ်းပြည်နယ်တချို့ဒေသတွေမှာ မြေချဉ်လေ့ရှိပါတယ်။ မြန်မာနိုင်ငံအထက်ပိုင်းဒေသ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ နေပြည်တော်ဒေသတွေမှာ တချို့နေရာတွေ မြေငန်တာဖြစ်ပေါ်လေ့ရှိပါတယ်။ မြေချဉ်ငန်ကိန်း သမအခြေအနေမှ ကိန်းဂဏန်း ၁ (တစ်) တိုးသွားတိုင်း ဆယ်ဆငန်သွားပြီး ကိန်းဂဏန်း ၁ (တစ်)လျော့သွားတိုင်း ဆယ်ဆပိုချဉ်သွားခြင်းဖြစ်ပေါ်ပါတယ်။ မြေချဉ်ခြင်းဖြစ်ပေါ်မှု အကြောင်းတရားများမှာ ကောင်းကင်ထက်လေထုအတွင်း ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့၊ဆာလ်ဖာဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့၊ မီသိန်းဓာတ်ငွေ့၊ နိုက်ထရိတ်ဓာတ်ငွေ့၊ နိုက်ထရပ်ဓာတ်ငွေ့များဟာ မိုးရေနှင့်ပေါင်းစပ်ကာအက်စစ်မိုးများအဖြစ် ကမ္ဘာမြေပေါ်သို့ပြန်ကျလာရာက မြေဆီလွှာချဉ်ခြင်း ဖြစ်ပေါ်စေပါတယ်။ နောက်တစ်ချက် မြေချဉ်စေတဲ့အကြောင်းတရားကတော့ ယူရီးယားဓာတ်မြေသြဇာကို လွန်ကဲစွာအသုံးပြုခြင်း၊ရေနဲ့အတူ ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်၊ ပိုတက်စီယမ်၊ နိုက်ထရိုဂျင်၊ ဖော့စ်ဖရပ်၊ဆာလ်ဖာ စသောဓာတ်များ စိမ့်ဝင်စီးဆင်းပျောက်ဆုံးခြင်းဖြစ်ပြီး အဲဒီဓာတ်တွေနေရာမှာ ဟိုက်ဒရိုဂျင်အိုင်းယွန်းများနဲ့ အလူမီနီယမ်အိုင်းယွန်းများ အစားထိုးဝင်ရောက်ခြင်း၊ အော်ဂဲနစ်ပစ္စည်းများ ပြိုကွဲခြင်းကြောင့် ဟိုက်ဒရိုဂျင်အိုင်းယွန်းများ ထွက်လာခြင်းများကြောင့် မြေချဉ်ရခြင်းဖြစ်ရတယ်။ မြေဆီလွှာချဉ်ခြင်းကြောင့် သီးနှံပင်အာဟာရများဖြစ်တဲ့ နိုက်ထရိုဂျင်၊ ဖော့စ်ဖရပ်၊ ဆာလ်ဖာဓာတ်များ စားသုံးနိုင်သောအခြေအနေကို အထောက်အကူဖြစ်စေတဲ့ ဇီဝရုပ်များ ရှင်သန်လှုပ်ရှားမှုကို ဟန့်တားသဖြင့် အပင်များက အာဟာရစုပ်ယူရရှိမှုကို ထိခိုက်စေပါတယ်။ မြေဆီလွှာအတွင်းနိုက်ထရိုဂျင်ဓာတ်ကို ဖမ်းပေးသော ဘက်တီးရီးယားများ ရှင်သန်မှု လျော့နည်းခြင်းဖြစ်စေပါတယ်။ အမိုးနီးယားမှ နိုက်ထရိုဂျင်နိုက်ထရိတ်သို့ ဓာတ်တိုးပေးသောဘက်တီးရီးယားများ လျော့နည်းစေပါတယ်။


    အော်ဂဲနစ်ပစ္စည်းများကို ပြိုကွဲစေတဲ့ သက်ရှိအဏုဇီဝပိုးများ လျော့နည်းစေပါတယ်။ တစ်ဖန်မြေချဉ်ခြင်းကြောင့် အပင်အာဟာရဓာတ်များ ချို့တဲ့ခြင်း၊ အဆိပ်သင့်ခံရခြင်းများ ခံစားရစေပါတယ်။ မြေဆီလွှာချဉ်ငန်ကိန်း ၄ မှ ၅ ဒသမ ၃ ရှိနေရင်အပင်များကို အလူမီနီယမ်နှင့်မဂ္ဂနီးစ်အဆိပ်သင့်စေပြီး ကယ်လ်စီယမ်၊မဂ္ဂနီစီယမ်၊ မော်လစ်ဘ်ဒီနန်၊ ဖော့စ်ဖရပ်များ ချို့တဲ့စေပါတယ်။ အလူမီနီယမ်အဆိပ်သင့်ခံရပါက သီးနှံသစ်ပင်ဟာ အမြစ်များဆဲလ်ကွဲပွားခြင်း၊ ဆဲလ်ရှည်ထွက်ခြင်းကိုအဟန့်အတားဖြစ်စေပါတယ်။ စပါးရွက်များပေါ်မှာ ရွက်ကြောကြား၌ လိမ္မော်ရောင်ရောင်မညီဖြစ်ပေါ်ပြီး စပါးပင်ကြီးထွားမှုညံ့ဖျင်း၍အပင်ပုစေပါတယ်။ မဂ္ဂနီစီယမ်ချို့တဲ့မှုနဲ့ သွယ်ဝိုက်ပတ်သက်နေပါတယ်။ မဂ္ဂနီးစ်အဆိပ်သင့်ခံရပါက စပါးရွက်ကြောများကြားဝါညိုရောင်အစက်အပြောက်များစတင်ဖြစ်ပွားပြီး ရွက်လယ်ကြောဧရိယာ တစ်ခုလုံးသို့ ပျံ့နှံ့သွားပါတယ်။ အလူမီနီယမ်နဲ့မဂ္ဂနီးစ်အဆိပ်သင့်ခြင်း ကင်းလွတ်စေရန် ထုံးတစ်ဟက်တာ တစ်တန်မှ သုံးတန်ထည့်ပေးခြင်း၊ အမြစ်ကြီးထွားသန်မာစေရန်ဆာလ်ဖိတ် (သို့) နိုက်ထရိတ်ဓာတ်ပါသော ဂျစ်ပဆန်ကျောက်မှုန့်၊ သစ်စိမ်းမြေသြဇာ၊ ကလိုရင်းပါသောမြေသြဇာ၊ ဖော့စ်ဖရပ်ဓာတ်ချို့တဲ့မှု မဖြစ်ပေါ်စေရန် ကျောက်မှုန့်မြေသြဇာတစ်ဟက်တာ တစ်တန်နှုန်း ထည့်ပေးပြီး ကုစားနိုင်ပါတယ်။ မြေချဉ်ငန်ကိန်း ၅ ဒသမ ၆ မှ ၆ ဒသမ၁ အလယ်အလတ်ချဉ်နေပါက ဖော့စ်ဖရပ်၊ ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်နဲ့ မော်လစ်ဘ်ဒီနန်ဓာတ်များ ချို့တဲ့စေပါတယ်။ ဒီအခြေအနေမှာ ယူရီးယားမြေသြဇာနဲ့ တီစူပါဓာတ်မြေသြဇာ သုံးစွဲခြင်းက ရှောင်ဖို့ လိုအပ်ပါတယ်။


    မြေချဉ်ငန်ကိန်း ၆ ဒသမ ၁ မှ ၆ ဒသမ ၅ အနည်းငယ်ချဉ်အခြေအနေမှာသံဓာတ်ချို့တဲ့စေပြီး ဖော့စ်ဖရပ်ဓာတ်ပျော်ဝင်မှု များစေပါတယ်။ မြေချဉ်ငန်ကိန်းအလယ်အလတ်ငန်အခြေအနေမှာ ဖော့စဖရပ်ဓာတ်ပျော်ဝင်မှုများစေပြီး မော်လစ်ဘ်ဒီနန်ဓာတ်ချို့တဲ့စေပါတယ်။ အများအားဖြင့် သီးနှံပင်များကို အာဟာရဓာတ်များက အဆိပ်သင့်ခြင်း၊ အာဟာရချို့တဲ့ခြင်း ဖြစ်ပေါ်ရခြင်းမှာ မြေဆီလွှာချဉ်ခြင်းက တရားခံအစစ်ဖြစ်ပါတယ်။ချဉ်နေတဲ့မြေဆီလွှာဟာ သီးနှံများ ကြီးထွားရှင်သန် အထွက်နှုန်းကောင်းပေးဖို့ အလွန်အဟန့်အတားဖြစ်စေပါတယ်။ တောင်သူလယ်သမားကြီးများက ချဉ်နေတဲ့မြေဆီလွှာကို မပြုပြင်မမွမ်းမံဘဲသီးနှံများ စိုက်နေကြမယ်ဆိုပါက အပင်လည်းမကြီးထွား၊ အထွက်လည်းမများ၊ အကျိုးစီးပွားလည်းမတိုးပွား အချည်းနှီးသာဖြစ်နေမှာဖြစ်ပါတယ်။ ချဉ်တဲ့မြေကို ပြုပြင်ဖို့တစ်ခုတည်း သော နည်းလမ်းမှာ ထုံးထည့်ပေးခြင်းသာဖြစ်ပါတယ်။ မြေဆီလွှာကို ထုံးထည့်ပေးခြင်းဟာ မြေချဉ်ဖြစ်ပေါ်ခြင်းကိုလည်း ကုစားနိုင်ခြင်း၊ မြေချဉ်မှုကြောင့် သီးနှံပင်များအပေါ် အာဟာရဓာတ်များ အဆိပ်သင့်ခြင်းက ကင်းလွတ်စေခြင်း၊ သီးနှံပင်များအတွက်လိုအပ်သော အာဟာရဓာတ်များ ချို့တဲ့မှုဖြစ်ပေါ်ခြင်းကကင်းဝေးစေခြင်း စတဲ့ တစ်ချက်ခုတ် သုံးချက်ပြတ်လုပ်ငန်းစဉ်ဖြစ်ပါတယ်။ မြေချဉ်စေမှုက လျော့ပါး၊ အဆိပ်သင့်ခြင်းကကင်းလွတ်၊ အာဟာရချို့တဲ့ ခြင်းက ကင်းဝေးသဖြင့် သီးနှံပင်များ အာဟာရပြည့်စုံလုံလောက်စွာ စားသုံးရပြီးအထွက်များအကျိုးပွားစေမှာဖြစ်ပါတယ်။


    မြေချဉ်များကို ပြုပြင်ရမဲ့ထုံးကို လေ့လာကြည့်ရင် အမျိုးအစားအမျိုးမျိုးတွေ့နိုင်ပါတယ်။ (က) ထုံးကျောက် (ထုံးအာနိသင်၁၀၀ ရာခိုင်နှုန်း) (CaCO3) ၊ (ခ) မဖောက်ထုံး (ထုံးအာနိသင် ၁၅၀ မှ ၁၇၀ ရာခိုင်နှုန်း) (CaO)၊ (ဂ) ဖောက်ထုံး (ထုံးအာနိသင် ၁၂၀ မှ ၁၃၅ ရာခိုင်နှုန်း) Ca(OH) 2၊ ဒိုလိုမိုက် (ထုံးအာနိသင် ၁၀၀ ရာခိုင်နှုန်း) (CaCO3 + MgCO3) တို့ဖြစ်ပါတယ်။ထုံးဟာ မြေချဉ်ကို ပြုပြင်ရုံသာမက မြေဆီလွှာအတွင်း အာဟာရဓာတ်များ ထိန်းချုပ်ခံရမှုက လွတ်ကင်းစေပြီး အပင်ကလွယ်ကူစွာ စားသုံးနိုင်စေရန် ဖန်တီးပေးခြင်း၊ သီးနှံပင်ကို အဆိပ်သင့်စေတဲ့ အလူမီနီယမ်၊ မဂ္ဂနီးစ်၊ သွပ်၊ သံဓာတ်များကင်းဝေးစေတဲ့ အကျိုးများပေးပါတယ်။ မြေဆီလွှာအချဉ် အခြေအနေမှာ ရှင်သန်ပေါက်ဖွားကြီးထွားနိုင်တဲ့ ကပ်ပါးမှိုရောဂါအမျိုးမျိုးကို ထိန်းချုပ်နှိမ်နင်းပေးနိုင်ပါတယ်။ ရွှံ့စေးမြေ၊ သဲမြေများရဲ့ ရူပဂုဏ်သတ္တိကောင်းမွန်အောင်ပြောင်းလဲစေပါတယ်။ အမြစ်အဖွဲ့အစည်း ကြီးထွားဖွံ့ဖြိုးမှုကို အကျိုးပြုစေပါတယ်။သစ်သီးဝလံပင်များကို ထုံးထည့်ပါက သစ်သီးအရသာ ချိုမွှေးပြီး အရည်အသွေးကောင်းစေပါတယ်။ (ဥပမာ - ကျွဲကောသီးချိုမွှေးစေ) ထုံးဆိုသော်လည်း ကယ်လ်စီယမ်ပါဝင်တိုင်း ထုံးမဟုတ်ပါ။ လချေး(ကယ်လ်စီယမ်ဆာလ်ဖိတ်) ဟာ ထုံးမဟုတ်ပါ။ မြေချဉ်ငန်ကိန်းကို ပြောင်းလဲစေရန် မစွမ်းဆောင်နိုင်ပါ။ မြေချဉ်ကို ပြုပြင်ဖို့ ထုံးကို ထည့်သွင်းအသုံးပြုရာမှာ မြေအမျိုးအစားအလိုက်၊ မြေချဉ်ငန်ကိန်းအလိုက် ထည့်သွင်းရမဲ့ ထုံးပမာဏကို စိုက်ပျိုးရေးဦးစီးဌာန၊ မြေအသုံးချရေးဌာနခွဲက သုတေသနပြု သတ်မှတ်ထားပါတယ်။ သဲမြေ မြေချဉ်ငန်ကိန်း ၄ ဒသမ ၅၊ ၅ ဒသမ ၅ အခြေအနေမှာ တစ်ဟက်တာ ထုံး သုညဒသမ ၇ တန်၊ မြေချဉ်ငန်ကိန်း ၅ ဒသမ ၅ မှ ၆ ဒသမ ၅ ရှိနေပါက တစ်ဟက်တာ ထုံးတစ်တန်၊ နုန်းသမမြေ မြေချဉ်ငန်ကိန်း ၄ ဒသမ ၅ မှ ၅ဒသမ ၅ ရှိနေပါက တစ်ဟက်တာ ထုံး ၂ ဒသမ ၈ တန်၊ မြေစေးမြေ မြေချဉ်ငန်ကိန်း ၄ ဒသမ ၅ မှ ၅ ဒသမ ရှိနေပါကတစ်ဟက်တာထုံး ၃ ဒသမ ၇ တန် ထည့်ပေးရန်ဖြစ်ပါတယ်။ (တစ်တန် = ပိဿာ ၆၀၀)။ အထူး သတိပြုရမှာကတော့ထုံးကို မြေဆီလွှာအတွင်း ထည့်မယ်ဆိုပါက သီးနှံမစိုက်ပျိုးမီ အနည်းဆုံး တစ်လကြိုတင်၍ ထည့်ပေးဖို့လိုအပ်ပါတယ်။


    သီးနှံစိုက်ပျိုးချိန်နဲ့ နီးကပ်စွာ ထည့်သွင်းပါက ထုံးက သီးနှံပင်ကို လောင်စေမှာဖြစ်ပါတယ်။ ဒါကြောင့် တောင်သူလယ်သမားကြီးများက မိမိရဲ့လယ်ယာမြေ မြေချဉ်များကို ထုံးထည့်ပြုပြင်စိုက်ပျိုးခြင်းဖြင့် သီးနှံများအထွက်တိုး အကျိုးများကြစေကြောင်းတိုက်တွန်းလိုက်ပါတယ်။


    အောင်ဆန်း (စိုက်ပျိုးရေး)

    မြန်မာတောင်သူကြီးများဂျာနယ်


    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို Like, Share နှင့် Download လုပ်ထားပါ - bit.ly/fbhtwettoe


likes12comments2
views419views2071