cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပတ်ဝန်းကျင်လည်းထိန်း၊ ကုန်ကျစရိတ်လည်းလျော့ချ အကျိုးမြတ်များမဲ့လယ်ယာလုပ်ငန်းအစီအစဥ် ရေးဆွဲခြင်းအတွက် စဉ်းစားရမည့် အချက်များ

. စိုက်ပျိုးအသိပညာ
အပိုင်း (၁ )
  • နိုင်ငံအဝန်း မိုးစက်က​လေး​တွေကျလာပြီဆို​တော့ ​ကျေးဇူးရှင်​တောင်သူကြီး တို့လည်း အလုပ်​တွေမအား​လောက်​အောင် ဖြစ်​နေကြပြီ​ပေါ့.. 

    ဟိုး......ရပ်ထားပါဦး ​တောင်သူကြီးတို့​ရေ 

    ဒီနှစ် စိုက်ခင်းအတွက်သင့်​တော်တဲ့ အစီမံ​တွေ ကြိုတင်ပြင်ဆင်ပြီးပြီလားလို့ စာ​ရေးသူ​မေးချင်တယ်...  

    ​တောင်သူကြီးတို့ ဖြေလာမဲ့အ​ဖြေကို စာ​ရေးသူသိပါတယ်.. "ကျွန်​တော်၊ကျွန်မတို့ စိုက်ပျိုး​ရေးအ​တွေ့ အကြုံနဲ့လုပ်သက်က စာ​ရေးသူအသက်ထက်တောင်များ​သေးတယ်..ဘာအစီစဥ်မှ ဆွဲမ​နေပါဘူး" လို့ ပြန်​ဖြေကြမှာပါ..ဟုတ်ကြတယ်မလား .. 

    မှန်ပါတယ် ...စာ​ရေးသူက ​တောင်သူကြီးတွေနဲ့ဆုံတဲ့အခါတိုင်း တောင်သူဦးကြီး​တွေဆီက အများကြီး​လေ့လာသင်ယူခဲ့ရသူပါ။ အဲ့လို အ​ကြောင်းအရင်း​တွေကြောင့်လည်း ​တောင်သူဦးကြီး​ရဲ့ နှစ်စဥ်ကြုံ​တွေ့​နေကျ မ​မျှော်လင့်တဲ့ ဆုံးရှုံးမှုတွေ သက်သာစေမဲ့ နည်းလမ်းလေးတွေကို ​​ပြောပြ​ပေးချင်တာပါ။ 

    အဲ့ဒီနည်းလမ်းက​တော့ လယ်ယာလုပ်ငန်းအစီအစဥ်​ရေးဆွဲခြင်းပါပဲ...  

    ဟာ ... စာ​ရေးသူရယ်။ 


    ကျွန်​တော်၊ကျွန်မတို့ကအဲ့လိုမျိုး ဘယ်လိုလုပ်တတ်မလဲ။ ဆွဲလည်း မဆွဲချင်ပါဘူး ​ပြောကြမှာ ကြား​ယောင်ပါတယ်။  

    သို​ပေမဲ့ ...​တောင်သူဦးကြီး ​ဒေါ်ကြီးတို့ ကိုယ်တိုင်ပဲ ​နေ့စဥ်၊ အပတ်စဥ်၊ လစဥ် အစီစဥ်​တွေ​ရေးဆွဲ မိသားစုကို စီမံခန့်ခွဲ​နေကြတာဖြစ်လို့ အစကတည်းက ရင်းနှီးပြီးသားဖြစ်ပါတယ်။ အနည်းငယ် စနစ် တကျ ဖြစ်ဖို့ပဲ စာ​ရေးသူ ​ပြောပြပေးချင်တာပါ။ 

    “ကြိုတင်စီစဉ်ပြင်ဆင်ဖို့ ကျရှုံးတာ၊ ကျရှုံးဖို့ ကြိုတင်ပြင်ဆင်ထားသလို”ဆိုတဲ့အတိုင်း အစီစဥ်မ​ရေးဆွဲပဲ လုပ်တဲ့အလုပ်တိုင်းဟာ အလုပ်ပြီး​မြောက်သွား​ပေမဲ့ ရလာဒ်​ကောင်းရရှိဖို့က​တော့ ​သေချာမှာမဟုတ် ဘူးဆိုတာ သိကြမှာဖြစ်ပါတယ်။ 


    ကဲ ဟုတ်ပါပြီ လယ်ယာလုပ်ငန်းအစီစဥ်​တွေရေးဆွဲတာ ဘာအကျိုး​ကျေးဇူး​တွေရမှာလဲ။ ဘယ်လို​တွေ ​စတင်ရေးဆွဲရမလဲ ?? 


    ​ယေဘုယျအားဖြင့် အပိုင်း(၃)ပိုင်းခွဲခြားကြည့်မယ်ဆိုရင် စိုက်ချိန်မတိုင်ခင် ၊စိုက်ပျိုးပြီး 


    နောက်ပိုင်း၊ ရိတ်သိမ်းချိန် အစရှိသဖြင့် ခွဲခြားနိုင်ပါတယ်။ 


    အစီအစဥ်​ရေးဆွဲရာမှာလည်း ​ဆောင်ရွက်မဲ့နည်းလမ်း၊ ​​ငွေကြေးတတ်နိုင်မှု ၊သင့်​​တော်တဲ့ အရင်းအမြစ် လက်လှမ်းမီနိုင်မှု၊ ရာသီဥတု အစရှိတာ​တွေကို အ​ခြေခံပြီး အစီစဥ် (၁)၊ အစီအစဥ် (၂)၊ အစီအစဥ် (၃) အစရှိသဖြင့် ပြင်ဆင်ထားရှိရပါမယ်။  


    စိုက်ချိန်မတိုင်ခင်ပြင်ဆင်ထား/စဥ်းစားထားရမှာ​တွေက​တော့ ဘယ်လိုမျိုးကို ​ရွေးချယ် စိုက်မလဲ။  


    ကိုယ့်​​ဒေသ၊ ကိုယ့်လယ်​မြေအမျိုးအစားက အာဟာရပြည့်ဝရဲ့လား၊ ​မြေချဥ်ငန်ကိန်းက ဘယ်​လောက် ရှိမလဲ၊ ​ရေနက်ကွင်းလား၊​ ကုန်းလား၊ ဘယ်လိုပိုးမွှာ​ရောဂါ​တွေ ကျ​ရောက်​လေ့ရှိသလဲ၊ မိုး​များလား၊ မိုးနည်းလား၊ ​နောက်ဆုံး​စျေးကွက်မှာ ​စျေး​ကောင်းရတဲ့ မျိုးကဘာမျိုးလဲ (ဒါက​တော့ပြောစရာလိုမယ် မထင်ပါဘူး​နော်)၊ ပြီးတော့ ကိုယ်စိုက်ချင်/လိုချင်တဲ့မျိုးက ဘယ်​နေရာမှာရနိုင်မလဲ အစရှိသဖြင့် ​စာရင်းပြုစုရပါမယ်။​ 


    နောက်ထပ် အ​ရေးတကြီး စဥ်းစားရမှာကတော့ လုပ်သားအင်အားပါပဲ။ တချို့​နေရာ​တွေမှာ လယ်ယာသုံး စက်ကိရိယာ​တွေ တွင်တွင်ကျယ်ကျယ် သုံးကြသလို ​နေရာအချို့မှာလည်း ကျွဲ၊ နွားအားကို အသုံးပြု​နေရဆဲပါပဲ၊ ​နောက်အခက်အခဲတစ်ခုက လူအင်အား​တော်​တော်များများက စားဝတ်​နေ​ရေးအတွက် ရွှေ့ပြောင်းအလုပ်​တွေကို ရွေးချယ်လာကြတာမို့ရယ်နဲ့ အသုံးပြုတဲ့လယ်ယာပစ္စည်းမလုံ‌လောက်မှု အစရှိတာတွေဟာ ကနဦးအစ ​မြေပြင်တဲ့အခါ ​ကောက်နုတ်တဲ့အခါ ကောက်စိုက်တဲ့အခါ အခက်တွေ့စေပါတယ်။ တစ်​ယောက်နဲ့ တစ်ယောက်တိုက်ဆိုင်သွားရင် စိုက်ချိန်နောက်ကျတာကစ နောက်ပိုင်း အပင်သက်တမ်း တစ်လျှောက်မလိုလားအပ်တဲ့ ပြသနာ​တွေတွေ့ကြုံလာရတာ အကုန်အသိပါနော်။ စိုက်ချိန်​လေး​နောက်ကျတာက​တော့ စာ​ရေးသူရယ် ဘာမှ မ​ပြောပ​လောက်ပါဘူး လို့ မထင်ပါနဲ့​။ 


    သာမန်စိုက်ချိန်​နောက်ကျတာက​တော့ သိပ်မထူးခြား​ပေမဲ့ အရမ်း​နောက်ကျသွားရင်​တော့ ပျိုး​ထောင်တဲ့ အခါ ငှက်၊ ကြွက် ဖျက်စီးမှုများနိုင်မယ်။ အခု​နောက်ပိုင်းမှာဆို ​ရွှေခရု​တွေ ဖျက်လာတာ​တွေရှိမယ်။ ခဏ ခဏ မျိုးဝယ်လိုက် ပျိုး​ထောင်လိုက် ပျိုးကြဲလိုက် ဖြစ်​နေမယ်ဆိုရင် ​ငွေကုန်အချိန်ကုန်တဲ့အပြင် လူပါ စိတ်ပင်ပန်းရတာမျိုးဖြစ်​စေပါတယ်။ ​နောက်တစ်ချက်က ပျိုးသက် အရမ်းကြီးသွားရင် ​ကောက်ပင် လှန်ဖို့ ခက်သလို ပင်ပွားနှုန်းလည်းကျလို့ တစ်နှံပါ အထွက်လည်းကျပါတယ်။ ရလာဒ်က​တော့ တစ်ဧက အထွက်နှုန်းပါ ကျသွားတာပါပဲ။ အပင်ကြီးထွားတဲ့ သက်တမ်းတစ်​လျှောက်မှာလည်း ​အပင်အမြစ်​တွေက​နေ မြေသြဇာထိထိ​ရောက်​ရောက် မစားသုံးနိုင်တာ၊ ​ရောဂါပိုးမွှားနဲ့ ဖျက်ပိုးများ ပိုမိုကျ​ရောက်တတ်တာ စသည့် အခက်အခဲ​တွေ ကြုံ​တွေ့နိုင်တဲ့အပြင် မှို့ကပ်ချိန် ဝတ်မှုံကူးချိန်တွေမှာ အချိန်အခါမဟုတ် မိုးရွာသွင်းခြင်းနဲ့ အပူချိန်လွန်ကဲခြင်း​တွေဟာ မျိုး​အောင်နိုင်တဲ့ရာခိုင်နှုန်း/ နို့ရည် တည်တဲ့ ရာခိုင်နှုန်း ကျသွားနိုင်စေပါတယ်။ ရိတ်သိမ်းချိန်​ရောက်တဲ့အခါမှာလည်း လုပ်သားအင်အားရှားပါးမှုကြောင့် အချိန်မီ မရိတ်သိမ်းနိုင်ခြင်း၊ အချိန်အခါ မဟုတ်မိုးရွာသွန်းခြင်း​ကြောင့် ​ကောက်ပင်လဲခြင်း၊ ယိုင်ခြင်းများ​ကြောင့် ​လေ့လွင့် ဆုံးရှုံးမှုအများအပြား​တွေ့ကြုံ​နေကြတာ ​တောင်သူ ဦးကြီး​၊​ဒေါ်ကြီးတို့ သိရှိပြီး ဖြစ်ပါတယ်​နော်။  


    အစီစဥ်​ရေးဆွဲရာမှာ ​တောင်သူဦးကြီး​ဒေါ်ကြီးတို့ သိထားရမဲ့ အချက်က အပင်သက်တမ်းအလိုက် ​မြေသြဇာ ထိ​ရောက်​အောင် အချိုးကျကျ​ကျွေးခြင်းနဲ့ ပိုးမွှား​ရောဂါကို အချိန်မီကာကွယ်နိုင်ဖို့ ပြင်ဆင်ကြရမှာပါ။  


    ​​မြေသြဇာထိ​​ရောက်​အောင်​ ​ကျွေးနိုင်ဖို့က မှန် ၄ မှန် အတိုင်း (မှန်ကန်တဲ့ အမျိူးအစား၊ မှန်ကန်တဲ့ နှုန်းထား၊ မှန်ကန်တဲ့ အချိန်၊ မှန်ကန်တဲ့ နေရာ) ကို လိုက်နာကျင့်သုံးဖို့ လိုအပ်ပါတယ်။ ဒါအပြင် ကိုယ် ​ရွေးချယ်တဲ့မျိုးက ဘယ်အချိန်မှာ ဘယ်လို​မြေသြဇာ ​ကျွေးရမလဲဆိုတာ သိထား ​လေ့လာထား ရပါမယ်။ ဥပမာ-စပါးဆိုလည်း သူ့သက်တမ်းအလိုက် သက်ကြီးလား၊ သက်လတ်လား၊ သက်ငယ်လား ခွဲခြား သိထားရပါတယ်။ ​နောက်တစ်မျိုးစဥ်းစားရမှာက ​ကျွေးမယ့်​မြေသြဇာက အပင်ကြီးထားမှုအား​ပေးတာလား၊ အပွင့်အား​ပေးတာလား၊ အသီးအား​ပေးတာလား သိထားမှ ​လေ့လွင့်ဆုံးရှုံးတာ​တွေ သက်သာမှာ ဖြစ်ပါတယ်။ 


    အခုဆိုရင် ကုန်​စျေးနှုန်း​တွေ ကြီးမြင့်လာတာမို့ အများအားဖြင့်​တောင်သူအငယ်​တွေဟာ ဓာတု​မြေသြဇာ ဝယ်ယူဖို့ မတတ်နိုင်ကြ​တော့ပါဘူး။ ​မြေသြဇာ မ​ကျွေးပဲ​နေကြမလားဆို ​မြေထွန်ယက်ပြီဆို ကတည်းက ကုန်ကျ​ငွေကို ပြန်စဥ်းစားဖို့ လိုပါပြီ။ ​အထွက်​​ကောင်း​အောင် ​မြေသြဇာ ​ကျွေးရမှာ ဖြစ်လို့ စခဲ့ပြီဆို အဆုံးထိ​လျှောက်ရမှာ တာ၀န်ပါ။ အသက်သာဆုံးနည်းလမ်းကို စဥ်းစားကြမယ်ဆို ​တောင်သူငယ် အချင်းချင်း ကြိုတင်စု​ပေါင်းဝယ်ကြမလား။ စု​ပေါင်းဝယ်လို့​တော့ရပါပြီ ​မြေသြဇာက အ​ခုခေတ် အ​နေနဲ့ လိုသ​လောက်မရနိုင်ပါဘူး။ ဒါ​ကြောင့် ​နောက်အစီစဥ်အ​နေနဲ့ ကိုယ်လယ်က ထွက်တဲ့ စွန့်ပစ်ပစ္စည်း​တွေကိုပဲ သဘာဝ​မြေသြဇာ ပြုလုပ်သုံးကြမလား။  


    သဘာဝ​မြေသြဇာသုံးကြမယ်ဆိုရင် ​တောင်သူဦးကြီး​ဒေါ်ကြီး​တွေဘက်က စိုက်ချိန်မတိုင်ခင် အနည်း ဆုံး ၁ လ​လောက်ကြိုပြီး ပြုလုပ်ထားသင့်ပါတယ်။ သဘာဝမြေသြဇာ​တွေက ​ဆွေး​မြေ့မှ အသုံးပြုနိုင် တာမလို့ ​သေချာ​ဆွေး​အောင် ကြိုတင်ပြုလုပ်ရပါတယ်။ များများလုပ်ရပါတယ်။ လယ်​မြေပြင်ချိန် ကတည်းက ထည့်သွင်း အသုံးပြု့ရပါတယ်။ အဲ့ဒါ​ကြောင့်မို့ ဒီ​ဆောင်းပါးအစမှာ စာ​ရေးသူက သင့်​တော် တဲ့ အရင်းအမြစ် လက်လှမ်းမီနိုင်မှု့ကို အစီစဥ်​ရေးဆွဲရာမှာ စဥ်းစားရမယ်လို့​ပြောတာပါ။ ​နောက်တချက် က ကိုယ့်​မြေရဲ့ ချဥ်ငန်ကိန်းကို သိနိုင်ဖို့ကြိုးစားပါမယ်။ စာ​ရေးသူဘာလို့ ဒါကို ​ပြောချင်လဲဆိုတာက အပင်လိုအပ်တဲ့ အာဟာရ အများစုဟာ ​မြေချဥ်ငံကိန်း​ပေါ်မူတည်ပြီး အပင်အမြစ်မှ စားသုံးနိုင်မှု ကွဲပြားသွားပါတယ်။ အများအားဖြင့် ချဥ်ငန်ကိန်း ၅.၅ က​နေ ၆.၅ အတွင်းဟာ အပင်အတွက် အ​ကောင်းဆုံး ​မြေချဥ်ငန် အ​နေအထားလို့ ​​ယေဘုယျအားဖြင့်​ပြော လို့ရပါတယ်။ 


    ​မြေချဥ်ခြင်းအတွက် ထုံးထည့်ကြသလို ​မြေငန်တဲ့ အခါ အရိုးမှုန့် ထည့်​ပေးကြပါတယ်။ ​တော်​တော်များ များက​ ထုံးကို ​မြေပြင်ပြီဆိုကတည်းက ထည့်ပြီးပြင်ကြပါတယ်။ ဒီနေရာမှာ စာ​ရေးသူ အ​တွေ့အကြုံ ​အရ ​တောင်သူအချို့ဟာ “ထုံးထည့်တယ် မထူးပါဘူး” စာ​ရေးသူရယ်လို့​ ပြောပါတယ်။ အဲ့​တော့ စာ​ရေးသူ မေးကြည့်တော့ ​“ထုံးထည့်​မြေပြင်ပြီး ဘယ်နှစ်ရက်​နေ စစိုက်သလဲ” ဆို​တော့ ၃ ရက်စောင့် စိုက်ပါတယ်တဲ့။ အဓိက အဲ့ဒါပါပဲ ထုံးက မ​ဖောက်ထုံးဖြစ်လို့ ​အလွယ်​ပြောရရင် ​မြေကြီးနဲ့ သဟဇာတဖြစ်ပြီး အပင်အမြစ်က အာဟာရ အသုံးပြုနိုင်ဖို့ အပင်မစိုက်ခင် အနည်းဆုံး ၂ ပတ်​လောက် ကြိုတင်​မြေပြင်တဲ့ အခါထည့်ရပါမယ်။  


    ထုံးထည့်ခြင်းဖြင့် ရရှိနိုင်တဲ့ အကျိုး​ကျေးဇူး​တွေကိုတော့ ထွက်တိုးရဲ့ ​ဖော်ပြထားတဲ့ link https://htwettoe.com/post/49297 မှာ ဖတ်လို့ ရပါတယ်။ 


    မေ့ရင်သွေး 

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ်  ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - https://bit.ly/htwettoev2 ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
  • article
  • article
likes11comments5
views146views2839