cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မိုးရာသီမှာ ကိုယ်ခံအားစနစ်ကောင်းမွန်စေဖို့ စားပေးသင့်တဲ့ အစားအစာများ

. ကျန်းမာရေး
ရေနွေးကြမ်းပုံမှန်သောက်ပေးသင့်ပါတယ်။ ရေနွေးကြမ်းမှာပါတဲ့ အခါးဓာတ်(Tarmin)က ဗိုင်းရပ်၊ ဗက်တီးရီးယားတွေကို တိုက်ထုတ်နိုင်ပါတယ်။
  • မိုးရာသီရောက်ပြီ။ အပြင်ကစိုထိုင်းဆ၊ လေထုထဲကအပူလှိုင်း၊ အသက်ရှူလမ်းကြောင်းနဲ့ ပတ်သက်တဲ့နှာရည်ယိုတာ၊ အသက်ရှူ ကျပ်တာ၊ လေပြွန်ရောင်တာ မကြာခဏခံစားရနိုင်ပါတယ်။ ရာသီဥတုအပြောင်းအလဲကြောင့် အအေးမိတာ၊ ဖျားတာဖြစ်နိုင် ပါတယ်။ အစာအဆိပ်သင့်တာ၊ တုပ်ကွေး၊ ဝမ်းပျက်ဝမ်းလျှော၊ အသားဝါရောဂါ၊ အူရောင်ငန်းဖျား၊ တိုက်ဖွိုက်၊ အစာအိမ်ရောင်ရမ်းတာတို့ အလိုလိုဖြစ်လာတတ်ပါတယ်။

    မိုးတွင်းမှာကိုယ်ခံစွမ်းအားမြှင့်တင်ပေးတဲ့ အစာစားသင့်ပါတယ်။ လူတို့စားသောက်တဲ့ အစာထဲမှာ ကိုယ်ခံစွမ်းအားမြှင့်တင်ပေးတဲ့ အစားအသောက်တွေပါနေတယ်။ မိုးရာသီမှာ အရည်ရွှမ်းတဲ့လိမ္မော်၊ သံပရာ၊ရှောက်သီး၊ ပဲတောင့်ရှည်၊ ပဲဖြူလေး၊ ကြက်ဟင်းခါးသီး၊ နနွင်း၊ သရက်သီး၊ မင်းကွတ်သီး၊ ဒူးရင်းသီးတို့ ပေါများလှပါတယ်။ ရေနွေးကြမ်းပုံမှန်သောက်ပေးသင့်ပါတယ်။ ရေနွေးကြမ်းမှာပါတဲ့ အခါးဓာတ်(Tarmin)က ဗိုင်းရပ်၊ ဗက်တီးရီးယားတွေကို တိုက်ထုတ်နိုင်ပါတယ်။

    အသားဓာတ်နဲ့ ကယ်စီယမ်ကြွယ်ဝတဲ့ နို့နဲ့နို့ထွက်ပစ္စည်း၊ အစေ့အဆန်၊ အခွံမာသီးတွေကအရိုးနဲ့သွားကို အကျိုးပြုရုံသာမက ကိုယ်ခံစွမ်းအားမြှင့်တင်စေပါတယ်။ ကြက်ဥ၊ ကြက်ဥအနှစ်က မိုးတွင်းစားသောက်သင့်ပါတယ်။ လတ်ဆတ်ဖို့လိုပါတယ်။ ကြက်ဥရဲ့ အပြင်မှာညစ်ပတ်နေပြီး ကွဲရာအက်ရာရှိနေရင် မစားသင့်ပါဘူး။ အချို့မှိုတွေ ကိုယ်ခံစွမ်းအား တိုးမြင့်တတ်စေပေမယ့် ဘယ်ကရမှန်း မသိတဲ့မှို(အဆိပ်သင့်မှို)ကြောင့်ဒုက္ခရောက်တတ်ပါတယ်။

    မိုးတွင်းကာလ ကောက်ပဲသီးနှံစားပေးသင့်ပါတယ်။ အစားအသောက်တစ်ခုကို အလွန်အကျွံ မစားမိဖို့လိုတယ်။ အဆီအအိမ့်၊ အချိုများလွန်းတဲ့ အစားအသောက်တွေက ဆီးချို၊ သွေးချို၊ သွေးတိုးနဲ့ အဝလွန်ခြင်းဖြစ်စေပါတယ်။ ဆန်၊ ဂျုံ၊ ပြောင်းတို့လို ကောက်ပဲသီးနှံတွေ နည်းနည်းစီနဲ့ အကြိမ်ကြိမ်ခွဲပြီး စားသင့်တယ်။ ကစီဓာတ်ကြွယ်ဝတဲ့ အစားအသောက်ကို နည်းနည်းစီ ပုံမှန်စားပေးရင် အစာချေဖျက်ဖြစ်စဉ်မြန်လာကာ အဆိပ်အတောက်တွေ ဖယ်ထုတ်ပေးတယ်။ လတ်ဆတ်တဲ့အသီးအရွက်တွေ ဦးစားပေးသင့်ပါတယ်။ အသီးအရွက်တွေကြောင့် ဗိုက်ပြည့်နေတဲ့အခါ အခြားအစားအသောက်တွေကို စားသောက်ချင်စိတ် လျော့နည်းသွားတယ်။ မိုးတွင်းမှာ သင်္ဘောသီး၊ ပန်းသီး၊ သစ်တော်သီး အလွယ်တကူ ဝယ်ယူရနိုင်သလို ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ဟင်းနုနယ်၊ ဆလတ်ရွက်အပါအဝင် အခြားစိမ်းစိမ်းစိုစို အရွက်တွေလည်း စားနိုင်တယ်။

    သခွားသီးမှာဓာတ်တိုးမှုဆန့်ကျင်ပေးတဲ့ Antioxidant အာနိသင်ရှိတာကြောင့် နေထိုင်ကောင်းစေဖို့ကူညီပေးတယ်။ လတ်ဆတ်တဲ့ အသီးအရွက်သုပ်၊ သစ်သီးဖျော်ရည်တွေက ကျန်းမာရေး အထောက်အကူပြုတယ်ဆိုပေမယ့် ဝမ်းဖောဝမ်းရောင်လေပွတာတွေ ဆက်ဖြစ်လာနိုင်တာကြောင့် အလွန်အကျွံ မစားသင့်ပါဘူး။ သိမ်းဆည်းတဲ့နေရာမှာ သစ်သီးတစ်လုံး တစ်ခြမ်းစားပြီး ကျန်တဲ့ တစ်ခြမ်း ရေခဲသေတ္တာထဲ ထည့်သိမ်းကာ ပြန်စားမယ်လုပ်လို့ရပေမယ့် မိုးရာသီမှာပြင်ပစိုစွတ်မှုကြောင့် ခွဲလက်စသစ်သီးမှာ ပိုးကောင်တွေ ပေါက်ပွားရှင်သန်ကာ ပျို့အန်တာ၊ ဝမ်းပျက်ဝမ်းလျှောတာဖြစ်နိုင်တယ်။

    အစာချေဖျက်တဲ့အစာ စားပေးသင့်ပါတယ်။ ဒိန်ချဉ်သည် အစာချေဖျက်အားကောင်း၍ စားသင့်သလို ချင်း(ဂျင်း)သည် အစာချေဖျက်မှုမြန်စေလို့ အအေးမိတာကို တိုက်ထုတ်နိုင်သော အစားအသောက်တစ်မျိုးဖြစ်တယ်။ ကြက်သွန်ဖြူ၊ ငရုတ်ကောင်း၊ တရုတ်နံနံ စတာတွေက အစာချေဖျက်မှုမြန်စေပြီး ကိုယ်ခံစွမ်းအားမြင့်တက်စေတယ်။ ပျားရည်ကလည်း အစာချေဖျက်မှုကိုမြန်စေပြီး အူလမ်း ကြောင်းရှိ အကျိုးပြုဘက်တီးရီးယားကို ထိန်းပေးတယ်။ ရုတ်တရက် ဝမ်းပျက်ဝမ်းလျှောတာ ဟန့်တားပေးနိုင်တယ်။ ချောင်းဆိုး တာနဲ့အအေးမိတာ ပျားရည်ကကုသနိုင်ပါတယ်။ သဘာဝဆေးဝါးဖြစ်တယ်။

    ရေသန့်သောက်သင့်ပါတယ်။ မိုးရေပဲဆိုပြီး မိုးရေခံရေစစ်နဲ့ စစ်ပြီးမသောက်သင့်ဘူး။ အက်စစ် သို့မဟုတ်ဗေ့စ်ဖြစ်နေတတ်တယ်။ ရေသန့်ဟာဆိုရင် ရေကတစ်ဆင့်ကူးစက်နိုင်တဲ့ ဝမ်းနဲ့ဆိုင်တဲ့ရောဂါများ ကာကွယ်ပေးတယ်။ ချက်ပြုတ်တဲ့နေရာ၊ သောက်တဲ့ နေရာ အသုံးပြုတဲ့ရေက သန့်ရှင်းနေဖို့လိုတယ်။ မသန့်ရှင်းရင် ကျိုချက်ပြီးမှသုံးစွဲသင့်တယ်။ နေမကောင်းဖြစ်တဲ့အချိန် နာလန်ထ အချိန်တွေမှာ ရေကျက်အေးသောက်သင့်တယ်။ ရေဓာတ်မခန်းခြောက်အောင် ဓာတ်ဆားရည်သောက်သင့်တယ်။ မိုးတွင်းမှာ ရေဓာတ်ခန်းခြော က်နိုင်တာကြောင့် ရေနွေး၊ ကော်ဖီ၊ စွပ်ပြုတ်ရည်သောက်ကာ ခန္ဓာကိုယ် ရေဓာတ်မခန်းခြောက်အောင် ပြုပြင် သင့်တယ်။ မလိုအပ်တဲ့ အဆိပ်အတောက်များ ခန္ဓာကိုယ်က မြန်မြန်ထွက်သွားလို့ ကျောက်ကပ်သက်သာစေတယ်။

    ပင်လယ်စာကို ရှောင်သင့်ပါတယ်။ မိုးရာသီမှာ ကျန်းမာရေးအတွက် ဦးစားပေးစားသောက်ရတဲ့ အစားအသောက်တွေရှိနေသလို မဖြစ်မနေ ရှောင်ကြဉ်ရမယ့် အစားအစာလည်းရှိပါတယ်။ ပင်လယ်စာရှောင်သင့်ပါတယ်။ ငါး၊ ပုစွန်၊ ကဏန်း၊ ကင်းမွန်၊ ရေဘဝဲ ရှောင်သင့်တယ်။ ရေထဲမှာရှင်သန်နေတဲ့ ပိုးမွှားတွေက အစာအိမ်ဝေဒနာဖြစ်စေပါတယ်။

    အနူးလွန်အောင်ချက်ထားတဲ့၊ တူးမတက်ကြော်ထားတဲ့ ဆီများလွန်းတဲ့ အစားအသောက်တွေ ပိုရှောင်သင့်တယ်။ အလွယ်တကူ အသင့်အမြန်စားစနပ်(snack)များဖြစ်တဲ့ ဟမ်ဘာဂါ၊ ဆင်းဒဝှစ်၊ ပီဇာ၊ အာလူးချောင်းကြော်၊ လမ်းဘေးထမင်းဟင်း ရှောင်သင့်ပါ တယ်။ နို့ သို့မဟုတ် နို့နဲ့လုပ်ထားတဲ့ အစားအသောက်တွေစားရင် ပူပူနွေးနွေး ချက်ပြုတ်စားသင့်တယ်။ ရေခဲသေတ္တာထဲ သိမ်းဆည်း ထားတာဆိုရင် ပြန်နွှေးပြီးမှ စားသင့်ပါတယ်။

    သေသေချာချာ ဆေးကြောပြီးမှ ချက်ပြုတ်စားသောက်သင့်ပါတယ်။ အသီးအရွက်တွေ ဈေးကွက်ထဲမဝင်ခင် ဓာတ်မြေသြဇာ၊ ဓာတု ပိုးသတ်ဆေးတို့ ပါဝင်လာတတ်တယ်။ ဝမ်းကိုက်ပိုး၊ သန်ကောင်၊ တုတ်ကောင် မျက်စိနဲ့မမြင်ရတဲ့ အကောင်တွေ ပါလာတယ်။ အကောင်းဆုံးက ဈေးကဝယ်လာတဲ့ ပစ္စည်းကိုဆားရေထဲ ၁၅ မိနစ်ကြာစိမ်ထားသင့်တယ်။ အဲလိုစိမ်ပြီးရင် ရေနဲ့ကြာကြာ ဆေးကြော ပြီးမှ ချက်ပြုတ် သို့မဟုတ် သိုလှောင်သင့်ပါတယ်။ အစိမ်းစားတာထက် ရေနွေးဖျောပြီး ငါးပိရည်နဲ့ တို့စားတာမျိုး လုပ်သင့်ပါတယ်။ အသားစိမ်း၊ ငါးစိမ်းကို ကိုင်တွယ်တဲ့အခါ လက်၊ စဉ်းတီတုံးတို့ စင်ကြယ်အောင်ဆေးပြီးမှ စနစ်တကျခုတ်ထစ်ပြုပြင်သင့်တယ်။

    မိုးရာသီမှာ အပြင်စာကို တတ်နိုင်သလောက် လျှော့စားသင့်ပါတယ်။ မိုးတွင်းမှာ သတိထားသင့်တာက လမ်းဘေးမှာဖွင့်ထားတဲ့ အစားအသောက်တွေ ဝယ်ယူစားသောက်ခြင်းပဲဖြစ်တယ်။ စိုစွတ်နေတဲ့ ပတ်ဝန်းကျင်၊ အခါခါနွှေးထားတဲ့ဟင်းရည်၊ အချဉ်တို့ဟာ ကျန်းမာရေးနဲ့ မသင့်တော်ပါဘူး။ အစားအသောက်တွေကနေ ပါရာဆိုက်၊ ဘက်တီးရီးယား စတဲ့ကူးစက်ပိုးတွေ အလွယ်တကူ ဝင်တတ်ပါတယ်။ ပိုးကောင်တွေမျိုးပွားမှုကလည်း သာမန်အချိန်ထက် များတတ်ပါတယ်။ ဘေစင်တွေ၊ အသားလှီးဖြတ်တဲ့နေရာ၊ အသီးအရွက်နွှင်တဲ့နေရာတွေက အိမ်မှာမိသားစုအတွက်ပြင်ဆင်တာထက်ပိုပြီး လုပ်ကိုင်ရတာကြောင့် သန့်ရှင်းမှု အားနည်းတတ် ပါတယ်။ ဆိုင်ခင်းကျင်းပုံက ပါပုံမလာတဲ့အခါ ညစ်ပတ်တဲ့အစားအစာဖြစ်နေပါတယ်။

    မိုးရာသီမှာ အများဆုံးစားသောက်သင့်တာက စွပ်ပြုတ်ပူပူနွေးနွေး၊ ကွေကာအုပ်ပူပူ၊ နွားနို့ပူပူတို့ပဲဖြစ်တယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေအိမ်မှာ ချက်စားသင့်ပါတယ်။ အိမ်ပတ်ဝန်းကျင်သန့်ရှင်းရေး၊ မီးဖိုချောင်နဲ့ ရေခဲသေတ္တာ သန့်ရှင်း ရေးလည်း ပြုလုပ်သင့်ပါတယ်။ သင့်တင့်တဲ့ကိုယ်လက်အားကစား၊ အပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး၊ ရေကူး(၁၅-၄၅)မိနစ်လုပ်ကာ စွမ်းအားမြှင့် အစာအာဟာရများ စားသုံးမယ်ဆိုရင် မိုးရာသီဟာ ကျန်းမာပျော်ရွှင်စွာ နေထိုင်လို့ကောင်းပါတယ်။ ။

    ဒေါက်တာလွင်သန့်

    ကျန်းမာရေး

    -----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - https://bit.ly/htwettoev2 ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
likes10comments3
views159views2675