cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ကန်ပြင်ဆင်ခြင်းလုပ်ငန်း

. ငါးမွေးမြူရေးဆောင်းပါးများ
ယခင်နှစ်က မိမိမွေးမြူခဲ့သော ကန်များ ငါးများအားလုံး ဖမ်းဆီးပြီးသောအချိန်တွင် ကန်အတွင်းမှ ရေများကိုအားလုံး ဖယ်ထုတ်ပေးရမည်။ ထို့နောက် ကန်အောက်ခြေအားပတ်ကြားအက်အောင် နေလှန်းပေး ရမည်။ ထိုအတူ ကန်ဘောင် နိမ့်နေပါက ကန်ဘောင်မြင့်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးရပါမည်။
  • article
  • ငါးမွေးတောင်သူများသည် ယခုချိန် မိုးဦးကာလတွင် ကန်ပြင်ဆင်ခြင်းလုပ်ငန်းကိုဆောင်ရွက်ရပါ သည်။ ကန်ပြင်ဆင်ခြင်းလုပ်ငန်းတွင် နှစ်မျိုးရှိပါသည်။ မိမိမွေးမြူမည့် ကန်ဘောင်များ ကန်အတွင်းသား များကို ပြင်ဆင်ခြင်းနှင့် ရေဩဇာရရှိစေရန် ဆောင်ရွက်ခြင်းတို့ ဖြစ်ပါသည်။

    ယခင်နှစ်က မိမိမွေးမြူခဲ့သော ကန်များ ငါးများအားလုံး ဖမ်းဆီးပြီးသောအချိန်တွင် ကန်အတွင်းမှ ရေများကိုအားလုံး ဖယ်ထုတ်ပေးရမည်။ ထို့နောက် ကန်အောက်ခြေအားပတ်ကြားအက်အောင် နေလှန်းပေး ရမည်။ ထိုအတူ ကန်ဘောင် နိမ့်နေပါက ကန်ဘောင်မြင့်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးရပါမည်။ သို့မှ သာ ရေကြီးခြင်းနှင့် ရေလျှံခြင်းများကို ကာကွယ်ရာရောက်ပါသည်။ ရေသွင်း၊ ရေထုတ်မြောင်းများကို ပြန်လည် တူးဖော်ခြင်း ရေစီးရေလာကောင်းစေရန် ဆောင်ရွက်ပေးခြင်းများကို ဆက်လက်ဆောင်ရွက် ပေးရပါမည်။ အချို့သောကန်များတွင် တွတ်ပေါက်များ( ကြွက်များတွင်းခြင်း၊ ငါးရှဉ့် ငါးလင်းပန်းနှင့် ပတ်ကောင်များ တွင်းဖောက်ခြင်း) ရှိနိုင်သဖြင့် အဆိုပါအပေါက်များကိုပိတ်ဆို့ပေးရန်လည်း လိုအပ်ပါသည်။ အဆိုပါလုပ်ငန်းများကို လုပ်ဆောင်ပေးသဖြင့် မိမိတို့မွေးမြူသော ကာလအတွင်း ကန်တွင်း ရေများမစိမ့်ခြင်း နှင့်အတူ ရေသွင်းရေထုတ် အလျှင်အမြန်ရရှိစေခြင်းနှင့် ရေကြီးရေလျှံ မှုများရှိပါကလည်း ကာကွယ်ထားရှိခြင်းကို ဖြစ်စေပါသည်။

    ဒုတိယကန်ပြင်ဆင်ခြင်းလုပ်ငန်းမှာ ရေဩဇာရရှိစေရန် ဆောင်ရွက်ခြင်းဖြစ်ပါသည်။ ငါးမွေးမြူရေး ကာလတစ်လျှောက် ရေဩဇာရရှိရေးသည် အရေးကြီးသော လုပ်ငန်းဖြစ်ပါသည်။ ရေဩဇာကောင်းမွန်စေရန် နှင့် အမိုးနီးယား မဖြစ်ပေါ်စေရန် ကန်အောက်ခြေနှင့်ကန်အတွင်း အမှိုက်များ အညစ်အကြေးများကို ဖယ်ရှား‌ပေးရန်လိုအပ်ပါသည်။ အထူးသဖြင့် ကန်အောက်ခြေတွင် နုန်းထုများပါက နုန်းထု (၈)လက်မချန်ပြီး ကန်သောနုန်းများကို ဖယ်ရှားပေးရပါမည်။ အဆိုပါ နုန်းများကို ရာသီပင် စိုက်ပျိုးသောနေရာတွင် အသုံးပြုပါက ပိုမိုကောင်းမွန်စေပါသည်။ နုန်း(၈)လက်မ ချန်ထားခြင်းသည် ရေဩဇာအမြန်တက်လာစေရန် အထောက်အကူ ဖြစ်စေပါသည်။ နုန်း(၈)လက်မချန်ပြီးမှ ပတ်ကြားအက်အောင် အခြောက်ခံခြင်းက ပိုမိုကောင်းမွန်စေပါသည်။

    ကန်ပြင်ဆင်ခြင်းလုပ်ငန်းတွင် ထုံးပက်ခြင်းသည်လည်း အရေးပါလှပါသည်။ အချို့သောတောင်သူ များသည် မိရိုးဖလာထုံးပက်ခြင်းကို ကျင့်သုံးကြသော်လည်း ထုံးသုံးစွဲမှုနည်းပါးကြောင်း တွေ့ရှိရပါသည်။ ငါးကြီးထွားနှုန်းကောင်းစေရန် အတွက်နှင့် ကန်အတွင်းရှိ ပိုးမွှားများ ဘက်တီးရီးယားများ မပေါက်ဖွားစေရန် ၊ ကန်ရေကိုကြည်လင်စေရန် နှင့် ရေဩဇာတက်ခြင်းကို အထောက်အကူပြုစေရန်အတွက် တစ်ဧကလျှင် ထုံး (၂၄၈)ပိဿာ အထိပက်ပေးရပါမည်။ ပုစွန်မွေးမြူသူများအတွက် သတ်မှတ်နှုန်းအတိုင်း ထုံးပက်ခြင်းသည် ပုစွန်များအရေခွံလဲခြင်းကို လျှင်မြန်စေပါသည်။

    ထုံးပက်ပြီးပါက တစ်ပတ်အကြာထားပြီးမှ ရေသွင်းခြင်း ၊ မိုးရေခံခြင်းကို ဆောင်ရွက်ပါ။ ထုံးနှင့် ‌မြေ သား ထိတွေ့ဓါတ်ပြုစေရန် ဖြစ်ပါသည်။ ရေသွင်းပါကလည်း (၂)ပေ အထိသာသွင်းပြီး (၃)ရက်ကြာမှသာ လျှင်မြေဩဇာပက်ပေးရမည်။ (၃)ရက်ကြားသောအချိန်တွင် ကန်သည် ကြည်လင်လာပြီး မြေဩဇာပက် ပေးပါက အဆိုပါမြေဩဇာသည် နေအလင်းရောင်ရရှိပြီး ရေဩဇာဖြစ်စေသောအပင်မျှောလှေး နှင့် အကောင်မျှောလှေးများကို အလျင်အမြန်ပေါက်ဖွားလာစေပါသည်။ အဆိုပါ အချိန်တွင် ရေ၏ အရောင်သည် အစိမ်းနုရောင် (ငှက်ပျောညွှန့်ရောင်) ဖြစ်လာပါမည်။ ထိုအချိန်တွင် ကန်ကို ရေထပ်ဖြည့်ခြင်းကို ဆောင်ရွက်ပေးရပါမည်။

    မြေဩဇာထည့်သွင်းခြင်းမှာ (NPK) သုံးမျိုးစပ်မြေဩဇာသုံးပါက တစ်ဧကလျှင် (၇)ပိဿာမှ (၈) ပိဿာအထိ သုံးစွဲနိုင်ပါသည်။ ပုလဲ နှင့်တီစူပါ သုံးစွဲပါက တစ်ဧကလျှင် ပုလဲ (၁၂)ပိဿာ နှင့်တီစူပါ (၆) ပိဿာ ရောပြီး သုံးနိုင်ပါသည်။ ပဲဖတ်သုံးပါက တစ်ဧကလျှင် ပဲဖတ် (၅)ပိဿာမှ (၁၀)ပိဿာအထိ ထည့်သွင်းနိုင်ပါကြောင်း တင်ပြအပ်ပါသည်။

    ဦးဆန်းအောင်

    ထွက်တိုး

    ------

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    https://htwettoe.com/organization/4

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


likes9comments0
views208views2854