မိုးစပါးသီးနှံစိုက်ပျိုးမှုတွင် အရေးကြီးသော ရွှေခရုကြိုတင် ကာကွယ်နိုင်ရန် သတိပေးချက်(Early Warning)
- ရွှေခရုကြိုတင်ကာကွယ်နှိမ်နင်းနည်းလမ်းများ - ကျရောက်သည့်အချိန် - ပျိုးပင်ငယ်စဉ်တွင် ကျရောက်သည်။ ရွေ့ပြောင်းစိုက်ပြီး (၁၀-၁၅) ရက် နှင့် တိုက်ရိုက်အစေ့ချ စိုက်ခင်းတွင် (၄-၃၀) ရက်အတွင်း ကျရောက်နိုင်ပါသည်။ - ဖျက်ဆီးပုံလက္ခဏာ - သီးနှံစုံစား သတ္တဝါဖြစ်ပြီး အပင်များပျောက်နေခြင်း (သို့) ပျိုးပင်ငယ်များကို ကိုက်ဖြတ် စားသောက်ထားသော အစိတ်အပိုင်းများ ရေပေါ်တွင် တွေ့မြင်နိုင်ပြီး ဥများအား အရွက်ပေါ်တွင် အစုလိုက်အပြုံလိုက်တွေ့မြင်ရသည်။ - ဘက်စုံကာကွယ်နှိမ်နင်းရေးနည်းလမ်းများ - (၁) ရွှေခရုကျရောက်လေ့ ရှိသောနေရာများတွင် ကုန်းမြင့်ပိုင်းများ၌ ဘောင်ပျိုးထောင်ပြီး ပျိုးသက် (၃၅- ၄၀) ရက်သားရှိမှ ရွေ့ပြောင်းစိုက်ပျိုးပါ။ - (၂) လူအင်အားဖြင့် ဖမ်းဆီးကောက်ယူဖယ်ရှားပါ။ (ဥမြုံ၊ အကောင်ငယ်၊ အကောင်ကြီးများကို ဖမ်းယူဖျက်ဆီးခြင်းသည် ၈၀% အောင်မြင်စေပါသည်။) - (၃) ရွှေခရုလှုပ်ရှားမှုနည်းစေရန် စပါးပင်သက်တမ်း အစောပိုင်းကာလများတွင် ရေစပ်စပ် (လက်မဝက်ခန့်) ထားရှိပါ။ - (၄) ရွှေခရုသည် ရေပေါ်ပိုင်းရှိ သဘာဝပေါက်ပင် ပင်စည်များတွင် ဥအုလေ့ရှိသဖြင့် ရေအိုင်စပ်၊ ကန်သင်းအနီး လယ်ကွက်ထောင့်တို့တွင် ဝါးခြမ်း၊ သစ်ကိုင်းငယ်များ နေရာအနှံ့ စိုက်ထားပြီး ဥအုချ ထားသော ပန်းရောင် ရွှေခရုအတွဲများကို အလွယ်တကူရှာဖွေ ဖျက်ဆီးပါ။ - (၅) ပိုတက်ရှ်မြေသြဇာ တစ်ဧကလျှင် (၁/၄)အိတ်ထည့်သွင်းပါ။ - (၆) တစ်ဧကလျှင် ထုံး(၁၅၀) ပိသာနှုန်းထည့်ပါ။ (ရေရှိလယ်ကွင်းတွင် ထည့်သွင်းရန် ဖြစ်သည်။ ထုံးကို ရေဖျော်ထည့်ပေးပါ။) - (၇) လယ်ကွက်တစ်နေရာတွင် သင်္ဘောရွက်၊ ဖရဲသီးအခွံ၊ ပိန္နဲခွံ၊ ကန်စွန်းရွက် စသည်များ ချထား ပြီး ခရုများလာရောက် စားသောက်ချိန်တွင် ကောက်ယူဖျက်ဆီးပါ။ - (၈) ရေထုတ်ပေါက်များတွင် ဆန်ကာ (သို့) ယင်းလိပ်စိပ်စိပ် ကာရန်ထားခြင်းဖြင့် အခြားဒေသမှ ခရုများ လယ်ကွက်အတွင်း မဝင်နိုင်သည့်အပြင် ရေလျော့ချချိန်တွင် ရေထုတ်ပေါက်၌ စုဝေးလာသော ခရုများအား ကောက်ယူဖျက်ဆီးပါ။ - (၉) လယ်ကွက်ပတ်လည်တွင် ပတ်မြောင်းတူးထားပြီး ရေမြောင်းအတွင်း စုဝေးလာ သော ခရုများအား ကောက်ယူဖျက်ဆီးပါ။ - (၁၀) ရေသွင်းရေထုတ်လွယ်သော ကွင်းတွင် ရုတ်တရက် ချက်ခြင်းပြည့်အောင်သွင်းပြီး ရေပြည့်သည်နှင့် ချက်ချင်းပြန်ထုတ်ပါ။ ရေအနက် (၁-၃) စင်တီမီတာခန့်သာ ထိန်းထားပါ။ - (၁၁) စိုက်ခင်းအတွင်းဘဲလွှတ်ကျောင်းပါ။ - (၁၂) စိုက်ခင်းအတွင်း တီလားဘီးယားငါး မွေးမြူပါ။ (ခရုအကောင်ငယ်များအား စားသောက်ရန်) - အသုံးပြုသင့်သော ခရုသတ်ဆေးများ - မက်တယ်ဒီဟိုက် (Metaldehyde) - နီကလိုဆမိုက် (Niclosamide) - ကာဘာရိုင်း (Carbaryl) - ကာတက်ဟိုက်ဒရိုကလိုရိုက် (Cartap hydrochloride) - မှတ်ချက်။ ။ခရုသတ်ဆေးများအားသတ်မှတ်နှုန်းထားအတိုင်းအသုံးပြုပါ။ ) - အထက်ပါဘက်စုံကာကွယ်နှိမ်နင်း နည်းလမ်းများအပြင် လူအင်အားဖြင့် ဖမ်းဆီး ကောက်ယူ ဖယ် ရှား ခြင်းသည် တောင်သူများ တညီတညွတ်တည်း လုပ်ဆောင်ပါက အလွန် အကျိုးရှိသော နည်းလမ်း ဖြစ်ပါ သည်။ ရွှေခရုကာကွယ်နှိမ်နင်းသည့် လှုပ်ရှားမှုများကို နံနက်ခင်းနှင့် ညနေပိုင်း များတွင်ပြု လုပ် သင့်ပါ သည်။ ရွှေခရု ကာကွယ်နှိမ်နင်း ရေးသည် တစ်ဦးတစ်ယောက်ကောင်း ဆောင်ရွက်ခြင်း ထက် စုပေါင်း ဆောင်ရွက်မှသာ ထိထိရောက်ရောက်ကာကွယ်နိုင်မည် ဖြစ်ပါသောကြောင့် လူထု လှုပ်ရှားမှု အသွင်ဖြင့်ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သင့်ပါသည်။ - သီးနှံကာကွယ်ရေးဌာန၏ မိုးစပါးသီးနှံစိုက်ပျိုးမှုတွင် အရေးကြီးသော ရွှေခရုကြိုတင် ကာကွယ်နိုင်ရန် သတိပေးချက်(Early Warning) ထုတ်ပြန်ခြင်းမှ ကောက်နှုတ်ချက် 
 
 
 
 
 
 
 
 
 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
