ပေါင်းပင်များနဲ့ ပေါင်းသတ်ဆေးများအကြောင်း
ကျွန်တော်တို့တောင်သူဦးကြီးများအနေနဲ့ ပေါင်းပင်ဆိုတာနဲ့ စိတ်တထင့်ထင့် ဖြစ်နေကြမှာပါ။ သီးနှံစိုက်ခင်းတစ်ခုမှာ ပိုးမွှားရောဂါ ကျရောက်ချင်မှကျရောက်မယ် ပေါင်းပင်ကတော့သေချာပေါက် ရောက်လာစမြဲပါပဲ။ ပေါင်းအမျိုးမျိုးကြောင့် ပဲ သီးနှံအထွက်နှုန်းကို ၁၀၀ ရာခိုင်နှုန်း အထိ လျော့ကျစေနိုင်ပါတယ်။ ပေါင်းပင်များကို ကာကွယ်နှိမ်နင်းနိုင်သော နည်းလမ်းအမျိုးမျိုး ရှိပါတယ်။ ပေါင်းပင်နှိမ်နင်းဖို့ရာ ပေါင်းပင်တွေက ဘယ်လိုပုံစံတွေရှိသလဲဆိုတာ ပထမဦးစွာ လေ့လာကြရအောင်ဗျာ။
ပေါင်းအမျိုးအစားများ-
(၁) မြက်မျိုးရင်းဝင်ပေါင်းများ
(၂)ရွက်ပြန့်ပေါင်းများ
(၃)မြက်မုန်ညင်းပေါင်းများ ဟူ၍သုံးမျိုးရှိပါတယ်။
(၁) မြက်မျိုးရင်းဝင်ပေါင်းများ - ဆိုသည်မှာ အရွက်များသည် သေးသွယ်ရှည်လျား၍ ထိပ်ပိုင်းတွင်ချွန်နေတက်ကြသည်။ ပင်စည်လုံးဝန်းပြီး ကန့်လန့်ဖြတ်ကြည့်ပါက အခေါင်းပေါက်ပါသည်။ အရွက်အကြောများသည်လည်း တစ်ခုနှင့်တစ်ခုအပြိုင် (ရွက်ကြောပြိုင်) ဖြစ်နေကြသည်။ ဥပမာ-စပါး၊ ကြံ၊ ဂျုံ သို့သောသီးနှံပင်များ။ မြက်သီး၊ လက်သဲခွမြက်၊ မြေဇာမြက်၊ ဆင်ငိုမြက် ကဲ့သို့သောမြက်ပေါင်းများ။
(၂)ရွက်ပြန့်ပေါင်းများ - ဆိုသည်မှာ အရွက်များသည် ရွက်ပြားကျယ်၍ ရွက်ပြားနှင့်ရိုးတံ ပါရှိကြသည်။ အရွက်ကြောများလည်း တစ်ခုနှင့်တစ်ခု ကွန်ယက်ပုံသဏ္ဌာန်(ရွက်ကြောယှက်) ရှိနေကြသည်။ ဥပမာ- ပဲမျိုးစုံ၊ ဖရဲသခွား၊ ငရုတ်၊ ဝါ ကဲ့သို့သောသီးနှံပင်များ။ လယ်ပဒူ၊ လယ်လေးညှင်း၊ မှိုနတို၊ ကြိတ်မှန်၊ ဗေဒါ၊ ငါးရံ့ပဒူ ကဲ့သို့သောပေါင်းပင်များ။
(၃)မြက်မုန်ညင်းပေါင်းများ - ဆိုသည်မှာ မြက်ကဲ့သို့သောအပင်များဖြစ်ပြီး ပင်စည်မှာ လုံးဝန်းမနေပဲ သုံးမြှောင့်ပုံသဏ္ဌာန် ရှိကြသည်။ ကန့်လန့်ဖြတ်ကြည့်ပါက အခေါင်းပေါက်မပါပါ။ စိုစွတ်သောမြေတွင် ပေါက်ရောက်မှုများသည်။ ဥပမာ-မြက်မုန်ညင်းဥနက်၊ မြက်မုန်ညင်းဝါ၊ မြက်ကွမ်းသီးလေး။
ကာကွယ်နှိမ်နင်းနည်းများ
၁။တားဆီးကာကွယ်ခြင်း
- ပေါင်းကင်းစင်သောမျိုးစေ့သုံးစွဲခြင်း။
၂။စိုက်ပျိုးနည်းဖြင့်ကာကွယ်ခြင်း
- ထယ်ထိုးထွန်မွှေပြုလုပ်ခြင်း၊ မျိုးရွေးချယ်ခြင်း၊ရေသွင်းရေထုတ်ပြုလုပ်ခြင်း၊ သီးလှည့်စိုက်ခြင်း။၃။ဇီဝနည်းဖြင့်ကာကွယ်ခြင်း
- တိရစ္ဆာန်အစာကျွေးခြင်း၊ လူများမှဆေးဝါးအဖြစ်သုံးစွဲခြင်း၄။တိုက်ရိုက်နှိမ်နင်းခြင်း
- ကိရိယာများသုံးစွဲခြင်း၊ စက်ကိရိယာများသုံးစွဲခြင်း၊ လက်ပေါင်းလိုက်ခြင်း၊ ဓာတုဆေးဝါးများသုံးစွဲခြင်း။
သီးနှံပင်များတွင် ပေါင်းနှိမ်နင်းရန်ကာလမှာ သီးနှံစိုက်ပျိုးပြီး တစ်လအတွင်း ပေါင်းပင်အရွက်(၃-၅)ရွက်ထွက်ချိန်အတွင်း နှိမ်နင်းပေးရန်လိုအပ်ပါသည်။
ထိုကာလကိုကျော်လွန်သွားပါက ပေါင်းနှိမ်နင်းရန်ခက်ခဲပြီး သီးနှံအထွက်နှုန်း လျော့ကျစေနိုင်ပါသည်။
ဓာတုပေါင်းသတ်ဆေးများသုံးစွဲခြင်းမှာ နောက်ဆုံးအဆင့် ကာကွယ်နှိမ်နင်းနည်းဖြစ်ပါသည်။
ဓာတုပေါင်းသတ်ဆေးသုံးစွဲခြင်းအကြောင်း အနည်းငယ်ပြောပြလိုပါတယ်ခင်ဗျာဓာတုပေါင်းသတ်ဆေးတွေကို ပေါင်းပင်မပေါက်မီဖျန်းသောပေါင်းသတ်ဆေးနှင့် ပေါင်းပင်ပေါက်ပြီးမှဖျန်းသောပေါင်းသတ်ဆေး ဟူ၍နှစ်မျိုးရှိပါတယ်။
ပေါင်းမပေါက်မီဖျန်းသောပေါင်းသတ်ဆေးများ-ပန်ဒီမီသလင်း၊ မက်တယ်လာကလော၊ အီမာဇီသပြာ၊ အာထရာဇင်း၊ အောက်စီဒိယာဇွန် ပေါင်းပင်ပေါက်ပြီးဖျန်းသောပေါင်းသတ်ဆေးများတွင်ထပ်မံခွဲခြားထားပါသေးတာက ရွေးချယ်ပေါင်းသတ်ဆေးနှင့် ရွေးချယ်မဲ့ပေါင်းသတ်ဆေး ဟူ၍နှစ်မျိုးနှစ်စားရှိပါတယ်။
ရွေးချယ်မဲ့ပေါင်းသတ်ဆေးဆိုသည်မှာ မည်သည့်ပေါင်းပင်ကိုမဆိုသေစေနိုင်သောအစွမ်းရှိကြသည်။ ထို့အပြင်သီးနှံပင်ကိုပါ သေစေနိုင်သောကြောင့် ဂရုစိုက်အသုံးပြုရန်လိုအပ်ပါသည်။ သီးနှံပင်မစိုက်မီ တစ်လကြိုတင် အသုံးပြုရန်သင့်လျော်ပါသည်။ ဥပမာ- ဂလိုင်ဖိုဆိတ်၊ ပါရာကွတ်
ရွေးချယ်ပေါင်းသတ်ဆေးဆိုရာတွင် ပေါင်းအမျိုးအစားရွေးချယ်၍ သေစေနိုင်သောပေါင်းသတ်ဆေးနှင့် သီးနှံအမျိုးအစားကို ရွေးချယ်ပက်ဖျန်းရသောပေါင်းသတ်ဆေး ဟူ၍ထပ်ရှိပါသေးတယ်။
မြက်ပေါင်းများကိုရွေးချယ်၍သေစေနိုင်သော ပေါင်းသတ်ဆေးတွင် များကို ရွက်ကြောယှက် သီးနှံစိုက်ခင်းများတွင် နှုန်းထားမှန်ကန်စွာဖြင့် အန္တရာယ်ကင်းစွာအသုံးပြုပေးနိုင်ပါသည်။
ဥပမာ- ဟလိုစီဖော့အာမီသိုင်း၊ ဖလူရာဇီဖော့ပီအီသိုင်း၊ ကွတ်ဇာလိုဖော့ပီအီသိုင်းသီးနှံအမျိုးအစားအလိုက်ရွေးချယ်ပေါင်းသတ်ဆေးများကတော့ များပြားစွာရှိကြပါတယ်။
စပါးအတွက်-ဘစ်ပိုင်ရီဘက်ဆိုဒီယမ်၊ ပရီတေလာကလော၊ တူးဖိုးဒီအေမင်း၊ ကွင်ကလိုရက်၊ ဘူတာကလော၊ အီသောက်စီဆာလ်ဖျူရန်၊ ဖီနောက်ဆာပရော့ပီအီသိုင်း၊ ဘန်ဆာလ်ဖျူရန်မီသိုင်း။
ပဲမျိုးစုံအတွက်-ပန်ဒီမီသလင်၊ အီမာဇီသပြာ၊ အောက်စီဒိုင်ယာဇွန်၊ ဖော်မီဆာဖန်
ဝါအတွက်- ပန်ဒီမီသလင်၊ ဒိုင်ယူရွန်
နှမ်းအတွက်-ပန်ဒီမီသလင်၊ အောက်စီဒိုင်ယာဇွန်
ပြောင်းအတွက်-ပန်ဒီမီသလင်၊ အာထရာဇင်း၊ တူးဖိုးဒီအေမင်း၊
(A.K.Z.M-2013)