cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ကမ္ဘာကြီး၏ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုအန္တရာယ် စုပေါင်းကာကွယ်

. ကျန်းမာရေး
ကမ္ဘာကြီး၏ လေထုညစ်ညမ်းစေမှုသည် ၂၀၂၅ ခုနှစ်တွင် ၁၀ ဆတိုးမြှင့်လာနိုင်သည်ဟု သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့က ခန့်မှန်းထားပါသည်။
  • ကမ္ဘာကြီး၏ သဘာ၀ ပတ်ဝန်းကျင်တွင် မြေထု၊ လေထု၊ ရေထုတို့နှင့် ဝန်းရံနေသည်။ လူ၊ သတ္တဝါတို့နှင့် သစ်ပင်သီးနှံတို့သည်ကမ္ဘာကြီး၏ ပတ်ဝန်းကျင်တွင် ကျင်လည်ကျက်စား လှည့်ပတ်ရင်းပင် အသက်ရှင်သန် နေထိုင်ကြရသည်။ ကမ္ဘာကြီး၏ သဘာဝပတ်ဝန်းကျင် မြေထု၊ လေထု၊ ရေထုတို့သည် လူ၊ သတ္တဝါ၊ သီးနှံပင်တို့နှင့် အနီးကပ်ဆုံး ဝန်းကျင် ဖြစ်သည်။ ကမ္ဘာကြီး၏ သဘာဝပတ်ဝန်းကျင် တစ်ခုလုံး သန့်ရှင်းမှု မရှိဘဲ ညစ်ညမ်းနေမည်ဆိုပါက လူ၊ သတ္တဝါ၊ သီးနှံသစ်ပင်တို့အတွက် အနီးကပ်ဆုံး အန္တရာယ်ပေးနိုင်သော ရန်သူပင်ဖြစ်သည်။ သဘာ၀ ပတ်ဝန်းကျင် ညစ်ညမ်းမှုကြောင့် တရုတ်နိုင်ငံတွင် အရွယ်မတိုင်မီ သေဆုံးသူခြောက်ဦးအနက် တစ်ဦးသည် လေထုညစ်ညမ်းမှုကြောင့် ဖြစ်ရသည်ဟု ပြောပါသည်။


    လေထုညစ်ညမ်းမှုကြောင့် တရုတ်နိုင်ငံတွင် နှလုံး၊အဆုတ်နှင့် လေဖြတ်သည့် ရောဂါကြောင့် တစ်နှစ်လျှင် လူဦးရေ ၁ ဒသမ ၆ သန်းခန့် သေဆုံးနေရသည်ဟု ကင်ဘာလေ၊ ကယ်

    လီဖိုးနီးယား တက္ကသိုလ် ရူပဗေဒပညာရှင်များက ထောက်ပြထားသည်။ သို့အတွက် ကမ္ဘာကြီး၏ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကို ကာကွယ် ထိန်းသိမ်းလျှော့ချရန် မလွဲမသွေ လိုအပ်လာပါသည်။ ဤသို့ ကာကွယ်ထိန်းသိမ်းလျှော့ချရန်မှာ မည်သည့်အကြောင်းရင်းများကြောင့် သဘာ၀ ပတ်ဝန်းကျင် မြေထု၊ လေထု၊ ရေထုညစ်ညမ်းမှု ဖြစ်ရသနည်းဆိုသည်ကို သိရှိရန် လိုအပ်ပါသည်။


    မြေထုကို ညစ်ညမ်းမှုဖြစ်စေသော အကြောင်းရင်းများကို လေ့လာဆန်းစစ်ကြည့်မိပါသည်။ လူတို့၏ သုံးစွဲသောဆေးများ၊ လူသုံးကုန်ပစ္စည်းများ၊ စက်မှုသုံး ဓာတုဆေးဝါးများ၊ ဆောက်လုပ်ရေးသုံး ဓာတုဆေးများ၊ အပင်ရောဂါ၊ ပိုးမွှား၊ ပေါင်းများကို ကာကွယ်နှိမ်နင်းရန် အသုံးပြုသော ဓာတုဆေးများ၊ အပင်ဟော်မုန်းဆေးများ၊ မွေးမြူရေးလုပ်ငန်းသုံး ဆေးဝါးများ၊ မြို့ပြစည်ပင်သာယာသန့်ရှင်းရေးအတွက် အသုံးပြုသောဆေးဝါးများ၊ ကျန်းမာရေးလုပ်ငန်းများအတွက် အသုံးပြုသော ဆေးဝါးများကို မဆင်မခြင် အသုံးပြုခြင်း၊စနစ်တကျ မစွန့်ပစ်ခြင်း၊ ဓာတ်မြေသြဇာများကို အလွန်အကျွံ သုံးစွဲခြင်းများက မြေထုညစ်ညမ်းမှုကို အစပျိုးစေပါသည်။


    ဤသို့အသုံးပြုလျက်ရှိသော ဓာတုဆေးဝါးများကို စနစ်တကျ အသုံးပြုခြင်း၊ စွန့်ပစ်ခြင်းမရှိသဖြင့် အဆိုပါဓာတုဆေးများသည် မြေကြီးထုအတွင်းသို့ တစ်နေရာမှ တစ်နေရာသို့ ပျံ့နှံ့ရောက်ရှိပြီး မြေထုညစ်ညမ်းမှုကို သန္ဓေတည်စေပါသည်။ မြေထုသည် တဖြည်းဖြည်းနှင့်ဓာတုဆေးဝါးများဖြင့် ပြည့်ဝလာပြီး အဆိပ်သင့်မှုကို ဖြစ်စေပါသည်။ ဓာတုဆေးဝါးများဖြင့် ပြည့်ဝနေသော အဆိပ်သင့်မြေထုပေါ်တွင် နေထိုင်ကြရသော လူ၊ သတ္တဝါ၊ သီးနှံသစ်ပင်တို့သည် နေ့စဉ်နှင့်အမျှ မြေထုညစ်ညမ်းမှု၏ ခြိမ်းခြောက်မှုကို ခံစားနေကြရသည်။

    လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်လာမှု အကျိုးဆက်ကြောင့် ဓာတုဆေးများ ထုတ်လုပ်မှုသည်လည်း တဖြည်းဖြည်းနှင့် များပြားလာသည်။


    စာရင်းများအရ ဓာတုဆေး အမျိုးပေါင်း ၂၀၀၀ ကျော် ထုတ်လုပ်နေကြသည်ကို တွေ့ရှိရသည်။

    ယခုအခါတွင် ဓာတုပစ္စည်း အရေအတွက်ပေါင်း ၁၃ သန်းပင်ကျော်လာပြီဟု ပြောပါသည်။ ဓာတုဆေးများသည် အသုံးပြုပြီးပါကမြေတွင် မပြိုကွဲဘဲ ကြာရှည်တည်မြဲနေခြင်း၊ တစ်နေရာမှ တစ်နေရာသို့ မိုင်ပေါင်းများစွာ ရွေ့လျားနိုင်ခြင်း၊ စုဝေးဖွဲ့စည်းနေနိုင်ခြင်းသတ္တိများကြောင့် ရေရှည်ကာလတွင် မြေထုကို ညစ်ညမ်းမှုဖြစ်ပေါ်စေပါသည်။


    ကမ္ဘာမြေကြီး၏ ရေထုကို ညစ်ညမ်းမှုဖြစ်စေသောအခြေခံတရားများကို လေ့လာကြည့်မိပါသည်။ သဘာဝတ်ဝန်းကျင် ရေထုကို ညစ်ညမ်းမှုဖြစ်စေသည့် အကြောင်းတရားများမှာ ဓာတုဆေးဝါးများကို လက်လွတ်စပယ် စွန့်ပစ်ခြင်း၊ စနစ်တကျ အသုံးမပြုခြင်း၊ မြို့ပြအမှိုက်သရိုက်၊ အညစ်အကြေးများကို မဆင်မခြင် စွန့်ပစ်ခြင်း၊ စက်ရုံစွန့်ပစ်ရေဆိုးများ၊ အညစ်အကြေး စွန့်ပစ်ပစ္စည်းများကို စည်းကမ်းတကျ မစွန့်ပစ်ခြင်း၊ မြို့ပြသုံးရေဆိုးများ၊မိလ္လာရေများ စနစ်တကျမစွန့်ပစ်ခြင်းများက အစပျိုးနေသည်ကို တွေ့ရသည်။


    ကမ္ဘာ့ရေထု၏ ၂ ဒသမ ၅ ရာခိုင်နှုန်းသာ ရေသန့်ကျန်တော့သည်။ ကမ္ဘာ့လူဦးရေ သန်းပေါင်းများစွာ (သန်း ၇၀၀-၁၀၀၀ ခန့်ထိ) ရေချို၊ ရေသန့်ရှားပါးမှုဒဏ် ခံကြရမည်ဟု သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ပြောထားပါသည်။ နောင် ၂၀၂၅ ခုနှစ်တွင် ကမ္ဘာ့လူဦးရေ၏ သုံးပုံနှစ်ပုံသည် ရေသန့်ရှားပါးမှုဒဏ်ကို တွေ့ကြုံခံစားကြရမည်ဟု ခန့်မှန်းထားသည်။ ကမ္ဘာတွင်ရှိနေသော ရေချိုရေသန့် ပမာဏ၏ ၃၅ ရာခိုင်နှုန်းသည်

    စက်ရုံ၊ အလုပ်ရုံများ၊ အသုံးပြုဆေးဝါးများ၊ စိုက်ပျိုးမွေးမြူရေးသုံး ဓာတုဆေးဝါးများ၊ မြို့ပြစွန့်ပစ် အမှိုက်နှင့် အညစ်အကြေးများ၊မြို့ပြသုံး ရေဆိုးရေညစ်များ၊ မဆင်မခြင်စွန့်ပစ်မှု၊ စနစ်တကျအသုံးပြုမှုမရှိခြင်းတို့ကြောင့် ညစ်ညမ်းသောရေဘဝသို့ ရောက်ရသည်ဟု သဘာ၀ ပတ်ဝန်းကျင်အဖွဲ့က စွပ်စွဲပြစ်တင်ထားသည်။


    မက္ကဆီကိုနိုင်ငံရှိ စင်တီရေဂိုမြစ်ကို “အဆိပ်သင့်ခံနေရသော မြစ်များ“ ဟု ကင်ပွန်းတပ်ခံရခြင်းမှာ ရေဆိုးရေညစ်များ၊ မြို့ပြအမှိုက်များ၊ အညစ်အကြေးများကို စနစ်တကျ မစွန့်ပစ်ခြင်း၊ စနစ်ကျသော မိလ္လာစနစ်မရှိခြင်းများကြောင့် ဖြစ်ရသည်ဟုသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့က ထောက်ပြစွပ်စွဲထားသည်။ အရှေ့တောင် အာရှနိုင်ငံများတွင် ရေချိုရေသန့်၏ ၉၈ ရာခိုင်နှုန်းသည်ညစ်ညမ်းသောရေဖြစ်ရခြင်းမှာ ဓာတုပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ပေါင်းသတ်ဆေး၊ ကျန်းမာရေး၊ မွေးမြူရေးလုပ်ငန်းသုံး ဓာတုဆေးများကြောင့် ဖြစ်ရသည်ဟု ပြောပါသည်။


    စနစ်တကျ စွန့်ပစ်ခြင်းမရှိသော အထက်ဖော်ပြပါ ညစ်ညမ်းပစ္စည်းများ၊ ဓာတုဆေးဝါးများသည် စွန့်ပစ်သောနေရာမှ ရွေ့လျား၍ ချောင်း၊ မြောင်းများကို ဦးစွာ ညစ်ညမ်းမှုဘ၀ ရောက်စေသည်။ ချောင်း၊ မြောင်းများမှ ညစ်ညမ်းရေများသည် မြစ်များထဲသို့ စီးဝင်၍ မြစ်များ၏ရေကို ညစ်ညမ်းမှုကူးစက်စေပါသည်။ မြစ်ငယ်များမှ ညစ်ညမ်းရေများသည် မြစ်ကြီးများ၏ ရေများကို ညစ်ညမ်းရေများအဖြစ် ဖန်တီးသွားပါသည်။ ထိုမှတစ်ဆင့် ပင်လယ်သမုဒ္ဒရာ ရေပြင်ကြီးတစ်ခုလုံး ညစ်ညမ်းသွားပြီး အဆိပ်သင့်ခံရသောရေပြင်ကြီးဘဝသို့ ပြောင်းသွားကာ ရေထုညစ်ညမ်းမှုခရီး ဆုံးသွားပါသည်။


    ဤသို့သော အကျိုးဆက်ကြောင့် ရေနေ သတ္တဝါအားလုံး အဆိပ်ရှိရေထု၏ အဆိပ်သင့်ခံကြရသည်။ ငါးအမျိုးမျိုး၊ ပုစွန်အမျိုးမျိုး၊ ကဏန်းအမျိုးမျိုးတို့ အဆိပ်သင့်ခံရပြီး ၎င်း ငါး၊ ပုစွန်၊ ကဏန်းများကို စားသုံးကြရသော လူသားတို့ပါ အဆိပ်သင့်မှု ဒဏ်ကို ခံစားလာကြရသည်။ အထူးသဖြင့်စက်ရုံများမှစွန့်ပစ်သော ရေဆိုးရေညစ်များတွင် ပါဝင်လာသော ခဲ၊ ပြဒါး၊ ဆီလီနီယမ်၊ ကက်ဒ်မီယမ်၊ ကြေးနီ၊ သံ၊ သွပ်များကြောင့်ရေထုပိုမိုညစ်ညမ်းစေပြီး လူ၊ သတ္တဝါတို့ကို ကြီးစွာသောဒုက္ခပေးပါတော့သည်။ အမေရိကန်နိုင်ငံ၊ အနောက်ပိုင်းကမ်းခြေတွင်လည်း

    ကောင်း၊ အခြားပင်လယ်သမုဒ္ဒရာများတွင်လည်းကောင်း ရေနံတင်သင်္ဘောများ မကြာခဏတိမ်းမှောက်မှုများ ဖြစ်ပွားရာ ရေထုကိုညစ်ညမ်းစေပြီး ရေနေသတ္တဝါများနှင့် ရှားပါးဇီဝမျိုးစိတ်များစွာ ဆုံးရှုံးခဲ့ရသည့်ဖြစ်စဉ်များ အစဉ်ကြားသိနေရပါသည်။


    ကမ္ဘာကြီး၏ သဘာ၀ ပတ်ဝန်းကျင် လေထုကို ညစ်ညမ်းမှုဖြစ်စေသော အကြောင်းရင်းများကို ဆန်းစစ်ကြည့်မိပါသည်။ လေထုသည်လူ၊ သတ္တဝါ၊ သီးနှံသစ်ပင်တို့နှင့် အချိန်နှင့်အမျှ ထိတွေ့ဆက်စပ်နေသောအရာ ဖြစ်သည်။ သို့အတွက် လေထုကို အကြောင်းတစ်မျိုးမျိုးကြောင့် ညစ်ညမ်းမှုဖြစ်ပေါ်မည်ဆိုပါက လူ၊ သတ္တဝါ၊ သစ်ပင် သီးနှံတို့ကို ချက်ချင်းဆိုးကျိုး အန္တရာယ် ပေးနိုင်သည်။ အသက်အန္တရာယ် ထိပါးဆုံးရှုံးခံရသည်ထိပင် ကြုံတွေ့ခံစားရနိုင်ပါသည်။ လေထုကို ညစ်ညမ်းမှုဖြစ်စေသော အကြောင်းတရားများမှာဓာတ်ငွေ့သုံးကိရိယာများ၊ အငွေ့ပြန်စေသော အရည်များ၊ ဆေးများ၊ ဆေးလိပ်သောက်ခြင်းများ၊ ထင်း၊ ကျောက်မီးသွေးမီးဖိုများ၊စက်ရုံ၊ အလုပ်ရုံများက ထုတ်လွှတ်သော အခိုးအငွေ့များ၊ ယာဉ်၊ ယန္တရား၊ စက်ကိရိယာများက ထုတ်လွှတ်သော ဓာတ်ကြွင်းလောင်စာများ၊ တောမီး အကြီးအကျယ် လောင်ကျွမ်းမှုကြောင့် ဖြစ်ပေါ်လာသော မီးခိုး၊ မြူမှုန်အငွေ့များ၊ တောမီးလောင်၊ သစ်တောပြုန်း၊

    တောင်ကတုံးဖြစ်မှုကြောင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်စုပ်ယူမှု လျော့ကျပြီး လေထဲတွင် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ် စုဝေးလာမှုများ၊ စပါးစိုက်ခင်းများက ထုတ်လွှတ်သောမီသိန်းဓာတ်ငွေ့များ၊ ဓာတ်ငွေ့ပါ စပရေးဘူးများ၊ လေအေးစက်များ စသည့် ညစ်ညမ်းသောအခိုးအငွေ့၊ အမှုန်အမွှားများကြောင့် ဖြစ်ရသည်ကို တွေ့ရှိရသည်။


    တောမီးများ အကြီးအကျယ် လောင်ကျွမ်းခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးများမှာ လောင်ကျွမ်းခြင်းမှ ထွက်ပေါ်လာသော မီးခိုး၊ အမှုန်အမွှားများ လေထုအတွင်း ပျံ့နှံ့ခြင်း၊ သစ်တောများမရှိသဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ် စုပ်ယူမှုလျော့ကျစေပြီး လေထုအတွင်း ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့များနှင့် ပြည့်နှက်နေစေခြင်းများကြောင့် လေထုညစ်ညမ်းမှုကို ဖန်တီးစေသည်။ အင်ဒိုနီးရှားနိုင်ငံတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းခဲ့ရာ၎င်းင်းမှ မီးခိုးများ၊ အမှုန်အမွှားများသည် မလေးရှား၊ စင်ကာပူနှင့် ဘရူနိုင်းနိုင်ငံထိပင်အုပ်မိုးလွှမ်းမိုးခြင်းခံခဲ့ကြရသည်။ ၎င်းင်းအချိန်က အဆိုပါ နိုင်ငံများရှိ ပြည်သူလူထုများ တစ်လခန့်ကြာမျှ အသက်ရှူကျပ်ခြင်း၊ သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များ အသက်စတေးခံရခြင်းများ ကြုံတွေ့ခံစားခဲ့ကြရသည်။ ကမ္ဘာမြေထုတွင် သစ်တောများနှင့် ဖုံးလွှမ်းနေပါက အပင်အတွင်း ဇီဝဒြပ်ထု တစ်ဂရမ်ဖြစ်တည်ရန် ကာဗွန်ဒိုင်အောက်ဆိုဒ် ၁ ဒသမ ၆၃ ဂရမ်စုပ်ယူအသုံးပြုရသည်။


    ထို့နောက်ဇီဝကမ္မဖြစ်စဉ်အရ လေထုအတွင်းသို့ အောက်ဆီဂျင် ၁ ဒသမ ၈၅ ဂရမ် ပြန်လည်ထုတ်လွှတ်ပေးပါသည်။ သစ်တောဧရိယာ တစ်ဟက်တာတွင် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ ပမာဏ ၅၃ ဒသမ ၂ မက်ထရစ်တန် စုပ်ယူထားနိုင်သည်။ အမေရိကန်နိုင်ငံ Sacramento

    ဒေသတွင်းရှိ သစ်ပင်ပေါင်းခြောက်သန်းက ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ အသားတင်တန်ပေါင်း ၃၃၅၀၀၀ စုပ်ယူထားနိုင်သည်ဟု ပြောပါသည်။


    အပင်များရှိ အရွက်များသည် လေထုအတွင်းမှ ဓာတ်ငွေ့များအပြင် အမှုန်အမွှားများကိုလည်း စုပ်ယူထားနိုင်စွမ်း သတ္တိရှိသည်။ ၁၉၉၄ခုနှစ်က နယူးယောက်မြို့ရှိမြို့ပြသစ်ပင်များသည် လေထုကို ညစ်ညမ်းစေသော ဓာတ်ငွေ့များ၊ အခိုးအငွေ့များ၊ အမှုန်အမွှားများ စုစုပေါင်း ၁၈၂၁ မက်ထရစ်တန်စုပ်ယူထားနိုင်သည်ဟု ပြောပါသည်။ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ သန်းခန့်မျှ တန်ဖိုးရှိသည်ဟု ပြောပါသည်။ ဧရိယာ တစ်ခုအတွင်း သစ်တော၊ သစ်ပင်များဖြင့် ရာနှုန်းပြည့်ဖုံးလွှမ်းနေသော မြို့ပြ၌ လေထုညစ်ညမ်းမှုကို ဖြစ်စေသော အိုဇုန်းဓာတ် ၁၅ ရာခိုင်နှုန်း၊ ဆာလ်ဖာဒိုင်အောက်ဆိုဒ် ၁၄ ရာခိုင်နှုန်း၊ နိုက်ထရပ်အောက်ဆိုဒ် ရှစ်ရာခိုင်နှုန်း၊ ကာဗွန်ဒိုင်အောက်ဆိုဒ် သုညဒသမ ၀၅ ရာခိုင်နှုန်းနှင့် အမှုန်အမွှား ၁၃ ရာခိုင်နှုန်းတို့ကို စုပ်ယူဖယ်ရှားပစ်နိုင်သည်ဟု သုတေသီတို့က ပြောပါသည်။


    ဆီအုန်းစိုက်ပျိုးမှုကြောင့် သစ်တောများပြုန်းတီးလာသဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ စုပ်ယူမှုလျော့ကျစေပြီး ထုတ်လွှတ်မှုမြင့်မားလာကြောင်းရေးလ်နှင့် စတင်းဖို့တက္ကသိုလ်မှ သုတေသနပညာရှင်များက ထောက်ပြခဲ့သည်။ ၂၀၂၀ ပြည့်နှစ်တွင် ဆီအုန်းတိုးချဲ့စိုက်ပျိုးမှုကြောင့်ကမ္ဘာ့လေထုထဲသို့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ ၅၅၈ မီလီယန်မက်ထရစ်တန် ထုတ်လွှတ်သည်ဟု ပြောပါသည်။ အင်ဒိုနီးရှားနိုင်ငံ၊ကာလီမင်တန်ကျွန်းတွင် ၂၀၁၀ ပြည့်နှစ်က ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ ထုတ်လွှတ်မှု ၁၄၀ မီလီယန်တန် ရှိခဲ့ရာ ကားအစီးရေ၂၈ သန်းခန့် နှစ်စဉ် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ ထုတ်လွှတ်မှုနှင့် ညီမျှသည်ဟု သုတေသီတို့က ပြောသည်။


    လေထုအတွင်း ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ရောက်ရှိမှုကို အဘယ်ကြောင့် အရေးတကြီးပြောနေရပါသနည်း။ ကမ္ဘာ့ကောင်းကင်အပေါ်ရှိ အိုဇုန်းလွှာကို ပျက်စီးစေသော ကလိုရင်း၊ ဘရိုမင်း၊ ဖလူအိုရင်း၊ ဟိုက်ဒရိုဂျင် စသည်များအနက် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့သည် အဓိကဇာတ်လိုက်အဖြစ် ရပ်တည်နေသောကြောင့် ဖြစ်ပါသည်။ ယခု ရာသီဥတု အကြီးအကျယ်ဖောက်ပြန်ပြောင်းလဲ ဖြစ်ပေါ်နေခြင်းမှာ အိုဇုန်းလွှာ ပျက်စီးလာပြီး ကမ္ဘာကြီး ပူနွေးလာမှုမှ ပေးလိုက်သော ဘေးထွက် ဆိုးကျိုးကြီး တစ်ရပ်ပင် ဖြစ်ပါသည်။ ကမ္ဘာကြီး၏ လေထုညစ်ညမ်းစေမှုသည် ၂၀၂၅ ခုနှစ်တွင် ၁၀ ဆတိုးမြှင့်လာနိုင်သည်ဟု သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့က ခန့်မှန်းထားပါသည်။


    ဤသို့သော ကမ္ဘာကြီး၏ မြေထု၊ လေထု၊ ရေထု ညစ်ညမ်းမှုများ အဆမတန်တိုးမြှင့်လာမည်ဆိုပါက လူသား၊ သတ္တဝါ၊ သစ်ပင်သီးနှံအားလုံး လေလုံသော လှောင်ချိုင့် တစ်ခုအတွင်း ညစ်ညမ်းအဆိပ်ငွေ့များဖြင့် ဖိသတ်ခံရဘိအလား အလွန်ပင် ထိတ်လန့်ကြောက်မက်ဖွယ်လိလိပင် ဖြစ်ပါသည်။ သို့ပါ၍ ကမ္ဘာကြီး၏ သဘာ၀ ပတ်ဝန်းကျင် ညစ်ညမ်းမှု အန္တရာယ်ဖြစ်စေသည့် အထက်ပါအကြောင်းတရားများကို လူသားအားလုံး အသိတရားရှိရှိ၊ သတိရှိရှိဖြင့် ဝိုင်းဝန်း ကာကွယ်ကြရန် တိုက်တွန်းအပ်ပါသည်။


    အောင်ဆန်း(စိုက်ပျိုးရေး)

    မြန်မာတောင်သူကြီးများ ဂျာနယ်

    -------

    ဆောင်းပါးသစ်များအတွက် ထွက်တိုးကို Like, follow, share, Download https://htwettoe.com/download လုပ်ထားပါ။

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်။


  • article
likes12comments0
views2082