စိုက်ပျိုးမြေကို စနစ်တကျ စိုက်ပျိုးထုတ်လုပ်ကြပါ (၁)
စိုက်ပျိုးရေးနဲ့ ဆက်စပ်တဲ့ ဘာသာရပ်တွေ အများကြီးရှိတဲ့အထဲက ပိုပြီးစိတ်ဝင်စားစရာကောင်းတာက မြေ (မြေဆီလွှာ)အကြောင်းပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံကို ဗြိတိသျှတို့ ဝင်ရောက်ချိန်ကလည်း ပထမဆုံးသိအောင်လုပ်တာက မြေအမျိုးအစားတွေ ခွဲခြားသိရှိအောင် တိုင်းတာတယ်။ စစ်ဆေးတယ်။ ပြီးတော့ မြေကို ကောင်းကောင်းအသုံးချပြီး စိုက်ပျိုးမွေးမြူရေးနဲ့သစ်တောတွေလုပ်သွားတယ်။ မြန်မာနိုင်ငံ ဒေသအနှံ့မှာ လယ်၊ ယာ၊ ကိုင်းကျွန်း၊ ဥယျာဉ်ခြံနဲ့ နှစ်ရှည်သီးပင်တွေ စိုက်ကြတယ်။ မြေကို အသုံးချပြီး ကုန်ထုတ်လုပ်ရေး လုပ်ကိုင်ကြတယ်။ စိုက်ပျိုးကြတဲ့ စနစ်တွေ မတူကြဘူး။ မိမိဒေသ၊ ရေ၊ မြေအနေအထားနဲ့ ရာသီဥတုကိုချိန်ဆပြီး ဝင်ငွေရအောင် မြေကိုမှန်မှန်ကန်ကန် နည်းမျိုးစုံနဲ့ အသုံးချကြသင့်ပါတယ်။ အခြေအနေတွေ ကွာခြားတာနဲ့အမျှ မြေ (စိုက်ပျိုးမြေ) ကို အသုံးချနည်းတွေ အမျိုးမျိုးကွဲပြားခြားနားသွားကြတာပါပဲ။
တချို့က သီးထပ်စိုက်တယ်၊ သီးညှပ်စိုက်တယ်၊ သီးလှည့် စိုက်ကြတယ်။ တချို့က မြေလှပ်ထားတယ်။ တချို့က မြေကို မသနား၊ အအားမထားဘဲ ခဏလေးတောင် အနားမပေးဘဲ ထပ်ကာထပ်ကာ စိုက်ကြတယ်။ တချို့ကျ ဘာသီးနှံမှမစိုက်ဘဲ မြေသိမ်းယူထားပြီး ခြံခတ်ထားကြတယ်။ ကျွန်တော်ပြောမှာက ဒီလို မြေသိမ်းထားပြီး မစိုက်ပျိုးတဲ့သူတွေ မဟုတ်ဘဲ စိုက်ပျိုးနေကြတဲ့ တောင်သူကြီးတွေကိုအဓိကပြောချင်တာပါ။ သီးနှံတစ်မျိုး စိုက်ပျိုးရိတ်သိမ်းအပြီးမှာ မြေကို အလွတ်မပေးဘဲ အဲဒီမြေကွက်ပေါ်မှာ နောက်ထပ်သီးနှံတစ်မျိုး ဆက်တိုက် စိုက်တာကို သီးထပ်စိုက်တာခေါ်ကြတယ်။
(မိုးစပါးအပြီး ဆောင်းသီးနှံ ပဲ၊ မြေပဲ၊ နှမ်းစိုက်ကြတာ)။ တစ်ချိန်ကတော့ မြစ်ဝကျွန်းပေါ်ဒေသ၊ ဧရာဝတီတိုင်းဒေသကြီးဟာမိုးကြိုကာလ ရေသွင်းပြီး ဂုန်လျှော်စိုက်တယ်။ ဝါခေါင်လထဲ ဂုန်လျှော်ခုတ်သိမ်းပြီးစပါးထပ်စိုက်တယ်။ စပါးပြီးတော့ ပဲစိုက်တယ်။ တစ်နှစ်သုံးသီးရတယ်။ အညာမှာကျတော့ ဆည်၊ ရေလှောင်တမံတွေရှိတော့ မိုးကြိုချည်မျှင်ရှည်ဝါ စိုက်ကြတယ်။
ပြီးတော့ မိုးစပါးစိုက်တယ်။ စပါးပြီးတော့ ပဲမျိုးစုံ၊ နေကြာ၊ နှမ်း စိုက်ကြတယ်။ သူလည်း တစ်နှစ်သုံးသီးရတယ်။ ဒီနေ့ကာလကတော့ တစ်သီးနဲ့ ရပ်တည်ဖို့မလွယ်ဘူး။ ဒါကြောင့် နှစ်သီး၊ သုံးသီး၊ တစ်ရာသီအတွင်းမှာ သီးထပ်စိုက်ကြရတယ်။
သီးထပ်စိုက်တာ ဝင်ငွေအပိုရပေမဲ့ စိုက်တဲ့သီးနှံရွေးချယ်ရာမှာ ရေ၊ မြေ အခြေအနေမပျက်ဘဲ ကောင်းလာဖို့ ဂရုပြုကြသင့်တယ်။ဥပမာ-စပါးပြီး စပါးစိုက်ကြတာ (မိုးစပါးပြီးရင် နွေစပါးစိုက်တာ) နှစ်စဉ်ဆက်တိုက်ဆိုရင် မြေဟာ ရေသွင်းစိုက်တာကြောင့် မြေကျွံ၊ ဒုံပေါက်၊ စိမ့်စမ်းဆွဲသွားတတ်တယ်။ ဒါကြောင့် စပါးပြီးစပါးစိုက်ချင်ရင် ကြားမှာ ပဲတစ်မျိုးကို အခြောက်စိုက်သီးနှံအဖြစ်
ခုခံကြားညှပ် သီးထပ်စိုက်ကြသင့်ပါတယ်။ သီးညှပ်စိုက်တာက စိုက်ခင်း၊ စိုက်ကွက်တစ်ခုတည်းမှာ သီးနှံနှစ်မျိုး၊ သုံးမျိုးရောပြီးစိုက်ကြတာဖြစ်တယ်။ ဒါလည်း သီးနှံတစ်မျိုးပျက်စီးခဲ့ရင် သီးနှံတစ်မျိုးက ဟန်ကျအောင် သေချာတဲ့သီးနှံတစ်မျိုးပါရှိသင့်တယ်။ ကိုယ့်ရေမြေအခြေအနေနဲ့ သီးနှံရွေးချယ်စိုက်ပျိုးပြီး အကောင်းဆုံးချိန်ဆနိုင်ဖို့လိုတယ်။ အညာဒေသမှာ မြေပဲနဲ့ ပဲစင်းငုံသီးညှပ်စိုက်ကြရင် မြေပဲပင်အတွက်ပြုစုအစာကျွေးလုပ်ကိုင်တာတွေက ညှပ်ပြီးရောစိုက်ထားတဲ့ ပဲစင်းငုံပင်ကိုဘာမှ မပြုစုရဘဲ အလိုလိုအကျိုးရှိသွားတယ်။
တချို့နှမ်းနဲ့ ပဲစင်းငုံ ရောစိုက်ကြတယ်။ နှမ်းကမသေချာဘူး။ မိုးရွာ၊ မရွာ ဆုတောင်းနေရတယ်။ ကိစ္စမရှိဘူး။ မိုးများ မိုးခေါင်လို့ နှမ်းခင်းပျက်လည်း ပဲစင်းငုံကျန်ခဲ့တော့ ငွေရမယ်။ ကိုင်းကျွန်းမြေတွေကျတော့ ပဲကြီးနဲ့ ပြောင်းဖူး ရောစိုက်တော့ ပဲကြီးပင်က နွယ်တက်တဲ့ပဲမျိုး စင်မလိုဘဲ ပြောင်းဖူးပင်ပေါ်နွယ်တက်တယ်။ပြောင်းဖူးရတဲ့အပြင် နွားစာလည်း ပြောင်းပင်ကရ
သေးတယ်။ ဒီလို သီးညှပ်စိုက်တဲ့စနစ်မှာတော့ အကြိုက်ဆုံးတွေ့မြင်ခဲ့ရတဲ့ဒေသကတော့ ဧရာဝတီတိုင်းဒေသကြီးထဲကဇလွန်၊ ဓနုဖြူမြို့နယ်ပဲ။ ဆည်ရေသောက်မဟုတ်ဘဲ မိုးရေသောက်ဒေသဖြစ်ပေမဲ့ မိုးစပါး အဓိကစိုက်ပျိုးပြီး စပါးရိတ်သိမ်းပြီးတာနဲ့ ပဲတီစိမ်း ဒါမှမဟုတ် မတ်ပဲနဲ့ ဆီထွက်နေကြာနှင့် သီးညှပ်စိုက်တယ်။ ကန်သင်းရိုးပေါ်မှာ ပဲကြီးနဲ့ ပြောင်းဖူးစိုက်သေး
တယ်။ ဒါကြောင့် တစ်နှစ်တည်းမှာ စပါး၊ ပဲတီစိမ်း၊ နေကြာ၊ ပဲကြီး၊ ပြောင်းဖူးမတူတဲ့သီးနှံငါးမျိုးအထိ ညှပ်စိုက်တာကိုဆောင်းရာသီကာလ အဲဒီဒေသတွေ ခရီးထွက်သွားတိုင်း မြင်တွေ့ရတာကတော့ နှစ်စဉ်ပါ။ ဒါကြောင့် ဆန်၊ ဆီ၊ ပဲ၊ နွားစာ ဝယ်မစားရဘဲ တစ်နှစ်စာ စိုက်ပျိုးထုတ်လုပ်ရရှိနေကြတာ ဖြစ်မှာပါ။
ကိုရဲ(စိုက်ပျိုးရေး)
မြန်မာတောင်သူကြီးများ ဂျာနယ်