လက်ရှိပြောင်းစျေးကောင်းသော်လည်း မျိုးစေ့စျေးနဲ့ မြေဩဇာစျေးတွေကြီးနေလို့ တောင်သူတွေ စိုက်ရန် အခက်တွေ့နေ
ထိုင်းအဝယ်လိုက်၍ စျေးတက်လာသည့် ပြောင်းစျေးမှာ လတ်တလော စျေးငြိမ်နေကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင်မှ သိရသည်။
ဘုရင့်နောင်ပွဲရုံတွင် ဇွန်လ၁၃ ရက်နေ့ မှ လက်ရှိအချိန်ထိ ပြောင်းဆံ တစ်ပိဿာလျှင် ၁၄၀၀ မှ ၁၄၂၀ ဝန်းကျင်ဖြင့် စျေးငြိမ် လျက်ရှိကြောင်း သိရသည်။
လက်ရှိပြင်ပအရောင်းဝယ် ပြုလုပ်ရာတွင်လည်း ဖွင့်ဈေး ဟူ၍ ဈေးအတိအကျ သတ်မှတ် မပေးတော့ကြောင်း၊ စျေးကွက်တွင် ရောင်းလိုသော ပြောင်းပမာဏအလိုက်သာ ကြည့်၍ ဈေးဖွင့်လာတာမျိုး ရှိလာကြောင်း ပြောင်းလုပ်ငန်းရှင်တချို့ က ပြောသည်။
“ နိုင်ငံတကာ ပေါက်စျေးက ငြိမ်နေတယ်။ စျေးကို အတိအကျ သတ်မှတ် မထားကြပဲ ကြိုက်စျေး သူတို့ အဆင်ပြေတဲ့ စျေးနဲ့ အရောင်းအဝယ် လုပ်ကြတယ်။ ပြည်တွင်း တင်ပို့ရမှု အခက်အခဲတွေကြောင့်သာ ကျလိုက်တက်လိုက် ဖြစ်နေတယ်။ ကျသွားလည်း ၁၀၊ ၂၀ဘဲ။ ထိုင်းကနေ ပြောင်း၀ယ်နေတာ ရပ်လိုက်ရင် ပြောင်းဈေးကျသွားနိုင်ပါတယ်"ဟု ပြောင်း လုပ်ငန်း ရှင်တစ်ဦး ကပြောသည်။
နိုင်ငံတကာ စျေးအနေဖြင့် ပြောင်းတစ်တန်လျှင် ၂၅၀ မှ ၂၇၀ ဒေါ်လာ ဖြင့် အရောင်းအဝယ် ဖြစ်နေသည်မှာ ရက်၂၀ ခန့် ကြာနေပြီ ဖြစ်ကြောင်းလည်း စျေးကွက်မှ သိရသည်။
လက်ရှိပြောင်းမှာ တောင်သူ လက်ဝယ်တွင် မရှိတော့ကြောင်း သိရပြီး လှောင်လက်နှင့် ပွဲရုံ၊ ကုန်သည်များ အချင်းချင်းသာ အရောင်းအဝယ် လုပ်နေကြကြောင်းလည်း သိရသည်။
“ပြောင်းကတောင်သူတွေ လက်ထဲမှာ မကျန်တော့ဘူးပါဘူး။ စျေးတက်လည်း သူတို့ လှောင်ထားနိုင်တဲ့ သူတွေပဲ အကျိုးခံစားရတာ။ တောင်သူတွေက ငွေပြန်ပေါ်ဖို့ ပြောင်းရတာနဲ့ ရောင်းရတာ။ အခု ပြောင်းပြန်စိုက်ဖို့ ဆောင်ရွက်နေကြတယ်။ ပြောင်းမျိုးစေ့ စျေးနဲ့ မြေဩဇာ စျေးတွေ ကြီးနေလို့ တောင်သူတွေ အခက်တွေ့နေကြတယ်။ တချို့တောင်သူတွေဆို မစိုက်ကြတော့ဘူး။ တခြား သီးနှံ ပြောင်းစိုက်တယ်”ဟု ပြောင်း စိုက်တောင်သူ တစ်ဦးက ပြောသည်။
ထိုင်းနိုင်ငံအနေဖြင့် နှစ်စဉ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ဩဂုတ်လ ၃၁ အထိ၊ ၇ လတာ ကာလသာ အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့မှု ခွင့်ပြုထားခြင်း ဖြစ်ပြီး အခွန် ကင်းလွတ်ခွင့် ကာလမှာလည်း နီးနေပြီး ဖြစ်ကြောင်းသိရသည်။
ပြောင်းစျေးမှာ လက်ရှိ ဈေးကောင်းရရှိနိုင်သော်လည်း ထိုင်း နိုင်ငံတွင်းမှာ ဩဂုတ်လတွင် ပြောင်းများ စတင် ပေါ်လာချိန်တွင် ဈေးပြန်လည် ကျဆင်းနိုင်ကြောင်းလည်း ခန့်မှန်းကြသည်။
ပြည်တွင်း မတည်ငြိမ်မှုကြောင့် ပြောင်းကိုနယ်စပ် လမ်းကြောင်းများမှ တင်ပို့ ရန် အခက်အခဲရှိနေပြီး ပင်လယ်ရေကြောင်းလမ်းကိုသာ အဓိက အားထားတင်ပို့ရမည် ဖြစ်ကြောင်းသိရသည်။
AEG ကုမ္ပဏီ အနေဖြင့်လည်း ဇွန်လ ၂၄ ရက် နေ့ က ပြောင်းတစ်ပိဿာ လျှင် အေးသာယာတွင် ၁၂၁၀ ကျပ်၊ ရန်ကုန် သီလဝါ ဆိပ်ကမ်းတွင် ၁၄၁၀ ကျပ် ဖြင့် ထုတ်ပြန် ဝယ်ယူပေးခဲ့ပြီး ထပ်မံ၍ စျေးအား အသစ်တစ်ဖန် ပြန်လည် ပြင်ဆင်သတ်မှတ် အသိပေးထားခြင်း မရှိကြောင်းသိရသည်။
ဖိုးချဲ(AMIA)
---
သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe